← Chapters

အစွမ်းထက်လှသော

Vol. 21 Ch. 292

အစွမ်းထက်လှသော

Vol. 21 Ch. 292

ဟန်လိ၏ အမူအရာသည် ပြောင်းလဲမသွားပေ။ ထို့ကြောင့် သူမ၏အကြည့်၌ ဒေါသထွက်နေဟန် အထင်းသား ပေါ်လာ၏။ သို့သော် အဘိုးအိုကမူ ဟန်လိထံမှ အေးစက်စက်အငွေ့အသက်တစ်ခုကို ကောင်းစွာ ခံစားမိပေသည်။

အလန့်တကြားဖြစ်ကာ အဘိုးအိုရှောင်းက သူ့မြေးမကို သူ့နောက်သို့ အတင်းလှမ်းဆွဲပို့ရန် ဟန်ပြင်သည်။ သို့ပေမည့် ဟန်လိထံမှ ဖိအားကြောင့် အနီးအနားရှိ မိန်းမပျိုသည် ခြေလှမ်းရှစ်လှမ်းလောက်ထိ လွင့်ထွက်သွားရသည်။ သူမသည် နည်းနည်းလေးမျှ မခုခံနိုင်ပါ။

ကံကောင်းသည်မှာ ထိုအဘိုးအို၏ မျက်လုံးနှင့်လက်က လျင်သည်။ သူ့ပုံရိပ်က ဖြတ်ခနဲ မိန်းမပျိုနောက်သို့ ရောက်သွားပြီး သူမ၏ ပုခုံးနှစ်ဖက်ကို လှမ်းထိန်းကာ နောက်သို့ လန်ကျခြင်းကို ဟန့်တားပေးနိုင်သွားသည်။

ထိုအခိုက်တွင် အနှီမိန်းမပျို၏ မျက်နှာသည် စက္ကူအလား ဖြူရောနေလေပြီ။ သူမကိုယ်တိုင် ဟန်လိကျင့်ကြံခြင်း၏ ကြောက်မက်ဖွယ်အစွမ်းကို တွေ့ကြုံရပြီးနောက် ကြောက်လန့်ကာ အဘိုးဖြစ်သူထံ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

အဘိုးအိုမှာလည်း ထိုနည်းတူသာပင်။ သည့်မတိုင်ခင် သူသည် သူတို့မြေးအဘိုး ပူးပေါင်းတိုက်ခိုက်ပါက ဟန်လိလက်မှ ထွက်ပြေးနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သေးသည်။ သို့သော် အခုအခါတွင်မူ ယင်းအတွေးမှာ အဝေးလွင့်သွားခဲ့လေပြီ။

အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ကောင်းပုံကား သူ စိတ်ကူးနိုင်သည်ထက် ပိုလွန်နေ၏။ သူတို့သည် ကျင့်ကြံသူလေးများ လုံးလုံးလျာလျာ ရန်စမနိုင်သူများ ဖြစ်ကြလေ၏။

အဘိုးအိုသည် ချွေးစေး ပြန်နေပြီ။ သူသည် ဟန်လိကို သူ့မြေးမ၏ အကူအညီဖြင့် လှည့်ကွက် လုပ်ရန် ကြံစည်ထားခဲ့တာ အမှန်ပင်။

ထိုအဘိုးအိုသည် ဟန်လိကဲ့သို့ ကျွမ်းကျင်သူကို အရင်တုန်းက လုံးလုံး မမြင်ဖူးခဲ့ပေ။ ကျင့်ကြံဖို့သာ သိခဲ့သော ကျင့်ကြံခြင်းရူးရူးနေသူသာ ဖြစ်ခဲ့သည်။ ကံကောင်းသည်မှာ သူက အတွေ့အကြုံတော့များ၏။ ထို့ကြောင့် သူ့တုန်ပြန်မှုက ပုံမှန်ထက် ပိုမြန်ခဲ့သည်။

ဟန်လိထံမှ ဖိအားက အချိန်နှင့် ပို၍ ပြင်းထန်လာသည်ကို ခံစားမိသည့်အခါ အဘိုးအိုရှောင်းသည် တောင်းပန်တိုးလျှိုးသော လေသံဖြင့် မပြောဘဲ မနေနိုင် ဖြစ်လာရသည်။

“စီနီယာ…ကျေးဇူးပြုပြီး ကျနော်တို့ကို ခွင့်လွှတ်ပေးပါ။ ဒီတစ်ယောက်ရဲ့ မြေးမက ငယ်ရွယ်လန်းပါသေးတယ်။ သူမဟာ ဘာကမြင့်လဲ၊ ဘာကနိမ့်လဲကို မသိတာပါ။ စီနီယာ…ကျေးဇူးပြုပြီး စိတ်လျော့ပေးပါ…”

ဟန်လိသည် ထိုအဘိုးအိုကို အေးစက်စက် တချက်လှမ်းကြည့်၏။ ရုတ်တရက် သူ့ထံမှ ထုတ်လွှတ်နေသော ဖိအားသည် ရပ်တန့်သွားသည်။ ချက်ခြင်းလက်ငင်း အဘိုးအိုတို့ ခံစားနေရသော ဖိအားက လုံးဝ ကွယ်ဝှက်သွားလေသည်။

ထိတ်လန့်တကြားဖြစ်နေသော မိန်းမပျိုကမူ ဟန်လိကို လှမ်း၍ ခိုးကြောင်ခိုးဝက် ကြည့်ပြီး သူမအကြည့်ကို ချက်ခြင်း ရှောင်ဖယ်ပစ်သည်။ သူမသည် ဟန်လိကို တိုက်ရိုက် မကြည့်ဝံ့တော့ပေ။

ခုလက်ရှိ သူမ၏ အပြုအမူမှာ အစောပိုင်းကနေ ကွာခြားသွားခဲ့တာ မိုးနှင့်မြေလောက်ပင်။

သို့ပေမည့် သည်ငယ်ရွယ်လှပသော မိန်းမပျိုလေး၏ ထိတ်လန့်တကြား ဖြစ်နေပုံက ချစ်ခင်စဖွယ်ကောင်းပုံ ပေါ်နေလေ၏။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် တစ်စုံတစ်ခုကို ခံစားမိရသည်။ သူ့အနေဖြင့် မထိရက်မကိုင်ရက်အောင် လှသော မိန်းမတစ်ယောက်ကို တွေ့တာ အခုက ပထမဆုံးပင်။ သည်မိန်းမပျိုလေး၏ ဟန်ပန်က သူ့စိတ်နှလုံးကို လှုပ်ရှားစေနိုင်ခဲ့တာတော့ အမှန်သာ။ သူသည် အကြိမ်ကြိမ် လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

ထိုမိန်းမပျိုလေး၏ ရုပ်သွင်ဟန်ကို သေချာ ကြည့်ပြီးနောက်မှာ သူမသည် အသက်ဆယ့်ငါးနှစ်လောက်သာ ရှိမည့်ဟန် တူသော်လည်း မြင်ရတွေ့ရခဲသော အလှပဂေးလေးတစ်ယောက် ဖြစ်ချေသည်။ သူမ အရွယ်ရောက်ကာ အလှအသွေးစုံတာ နှစ်အနည်းငယ်သာ ရှိလောက်အုံးမည်။ ထိုအလှက ယောက်ျားသားများကို ရူးသွားစေနိုင်လောက်သည်။

ဟန်လိ၏ ထိုကဲ့သို့ ခပ်စူးစူးအကြည့်ကြောင့် အဘိုးအိုသည် စိတ်ထဲကနေ ဒေါသ ဖြစ်မိနေသည်။

“ငါ့မြေးမကြောင့်များ သူ ဒီကို ရောက်လာခဲ့တာလား။ သူက ငါ့မြေးမလေးရဲ့ အလှကို ကြွေသွားတာလား။ မကောင်းတော့ဘူး။ ဒီလူရဲ့ စွမ်းအားနဲ့ဆို ငါတို့ သူ့ကို ခုခံနိုင်မှာ မဟုတ်ဘူး..”

ထိုအတွေးဖြင့် အဘိုးအိုသည် စိတ်ပူပန်လွန်းလာသည်။

“မင်းတို့နှစ်ယောက်က မင်းတို့ရဲ့ ဂိုဏ်းကို မထုတ်ဖော်ချင်မှတော့ မင်းတို့ဟာ လေလွင့်ကျင့်ကြံသူတွေ ဖြစ်ဖို့များတယ်။ ငါ မင်းတို့ကို ခက်ခဲအောင် မလုပ်တော့ဘူး။ ငါ ဒီကို လာခဲ့တာဟာ အရောင်းအဝယ် တစ်ခု လုပ်ချင်လို့ပဲ။ အဲ့တာပြီးရင် မင်းတို့ ထွက်သွားနိုင်ပြီ…”

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှာ ဟန်လိက ဖြည်းဖြည်းချင်း ပြောလာသည်။

“အရောင်းအဝယ် တစ်ခုလား…”

ထိုအဘိုးအို အံ့အားတသင့် ဖြစ်သွားလေပြီ။ သူ အစောလေးတုန်းက ထင်နေသကဲ့သို့ မဟုတ်မှန်း ခံစားမိသည်။

“အမှန်ပဲ။ မင်း ပိုင်ဆိုင်ထားတဲ့ အရာတစ်ခုနဲ့ ကျုပ်က အလဲအလှယ် လုပ်ချင်တာ…”

ဟန်လိက မင်သေသေဖြင့် ပြန်ဖြေသည်။

ထိုအဘိုးအိုက သည်စကားကို ကြားသည့်အခါ သူက မိန်းမပျိုထံ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားပြီး တွေးမိပြန်သည်။

“သူက ငါ့မြေးနဲ့ အလဲအလှယ်တစ်ခု လုပ်ချင်နေတာများလား…”

သို့သော် သူ ထိုသို့ ထပ်တွေးမိသည့်အခါ မဖြစ်နိုင်လောက်မှန်း သိသည်။ အကြောင်းမှာ အစောပိုင်းတုန်းက တဖက်သူသည် သူ့မြေးမကို အကြိမ်အနည်းငယ်လောက် ကြည့်ခဲ့သော်ငြားလည်း နောက်ထပ် ထပ်မကြည့်လာတော့ပေ။

ထိုသို့တွေးမိမှ အဘိုးအိုလည်း နည်းနည်း စိတ်အေးသွားပြီး တလေးတစားဖြင့် လေးလေးနက်နက် ပြန်ပြောသည်။

“စီနီယာ ဘာကိုများ မျက်စိကျသလဲ ကျနော် မသိပါဘူး။ ကျနော်တို့ဟာ ဂျူနီယာတွေ ဖြစ်နေတဲ့အတွက် စီနီယာလိုချင်တာကို ပေးရမှာပါ။ ဒါပေမဲ့ ဒီအဘိုးအိုက စီနီယာ ဘာကို လိုချင်တာလဲ တကယ် မသိတာပါ…”

ဟန်လိသည် တဖက်သူက လိမ္မာပါးနပ်စွာ ပြောဆိုလာသည်ကို မြင်သည့်အခါ သူက ပြုံးယောင်သမ်းမိသည်။

“ခန်းမထဲမှာ မင်း အသုံးပြုခဲ့တဲ့ ကျင့်ကြံခြင်းပညာရပ်က ဘာလဲ။ မင်းဟာ ချီစုဆောင်းခြင်းအဆင့် တာအိုသခင်ဆိုတဲ့သူ မင်းရဲ့ အဆင့်အတန်းအမှန်ကို မမြင်နိုင်အောင်လို့ မင်းရဲ့ စိတ်ဝိညာဉ်ချီကို ဖုံးကွယ်ထားနိုင်စွမ်း တကယ် ရှိခဲ့တာပဲ…”

ဟန်လိက သူ လိုချင်တာကို တိုက်ရိုက်မပြောသေး၊ ထိုအစား မေးခွန်းတစ်ခုကိုသာ အေးအေးဆေးဆေး မေးသည်။

မျက်နှာကြော တင်းကြောင်း ပြသပြီးနောက် ဟန်လိသည် လေသံပျော့ဖြင့် ထပ်ပြောခဲ့တာ ဖြစ်သည်။ အကြမ်းနည်းကော၊ အပျော့နည်းကော အသုံးပြုခြင်းသည် ကောင်းမွန်သော နည်းဗျူဟာ မဟုတ်လား။

ဟန်လိ၏ အမေးကို ကြားသည့်အခါ မြေးအဘိုးနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မကြည့်မိဘဲ မနေနိုင် ဖြစ်သွား၏။ သူတို့၏ မျက်လုံးထဲတွင်လည်း သံသယအရိပ်အယောင်တို့ ဖြစ်ပေါ်နေပြီး ချီတုံချတုံ ဖြစ်နေလေသည်။ ထို့နောက်မှာ သူတို့က ပြောလာ၏။

“စီနီယာ…ကျနော် အသုံးပြုခဲ့တဲ့ ကျင့်ကြံခြင်းပညာရပ်ကို ကျနော်လည်း တကယ် မသိပါဘူး…”

အံဩဖို့ကောင်းလေ၏။ ထိုစကားကြောင့် ဟန်လိသည် ဒေါသမထွက်သွားခဲ့ပေ။ ထိုအစား သူက အဘိုးအိုကို ခိုင်မာသောအကြည့်ဖြင့် လှမ်းကြည့်သည်။ ထိုမြေးအဘိုးသည် သူ့ကို ရှင်းပြချက် ပေးရမည်ဟူသော အကြည့်မျိုးပင်။ ထို့နောက်တွင် အဘိုးအိုက သတိထားကာ ဆက်ပြောသည်။

“ကျနော် အသုံးပြုခဲ့တဲ့ ကျင့်ကြံခြင်းပညာရပ်ဟာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ အမည်မဲ့တာအိုစာအုပ်တစ်အုပ်ပါ။ ဒီစာအုပ်ထဲမှာ ဒီချီထိန်းသိမ်းခြင်းမှော်ပညာရပ်ရဲ့ အမည်ကိုတောင် မဖော်ပြထားပါဘူး။ ကျနော်တို့က ဒါကို ဒီအတိုင်းပဲ လေ့ကျင့်ခဲ့တာပါ…”

“အမည်မဲ့တာအိုစာအုပ် ဟုတ်လား…”

“အဲ့စာအုပ်ကို ဘယ်ကရခဲ့တာလဲ။ မင်းရဲ့ ဂိုဏ်းကနေ လက်ဆင့်ကမ်း ရခဲ့တာလို့တော့ ကျုပ်ကို လာမပြောနဲ့…”

ထိုအဘိုးအို၏ စကားကို ကြားသည့်အခါ ဟန်လိမျက်နှာထက်တွင် စိတ်ဝင်စားဟန် ဖြစ်ပေါ်လာသည်။ ဟန်လိ ပြန်ပြောသော စကားများထဲ၌ လေးနက်သော အဓိပ္ပာယ် ပါဝင်နေသည်။

ထိုမှော်ပညာရပ်ကသာ ဂိုဏ်းတစ်ခုအတွင်း လက်ဆင့်ကမ်းခဲ့သော ပညာရပ်သာ ဖြစ်ခဲ့ပါက ကျင့်ကြံခြင်းဂိုဏ်းမျးသည် ၎င်းအတွက် အသည်းအသန် တိုက်ခိုက်ကြပေလိမ့်မည်။ သို့သော် ဟန်လိသည် အရင်တုန်းက ယင်းကဲ့သို့သော ကျင့်ကြံခြင်းပညာရပ်ကို လုံးဝ မကြားဖူးခဲ့ပေ။

“စီနီယာထင်တာ မှန်ပါတယ်။ ဒီတာအိုစာအုပ်ဟာ ကျနော့်မြေးက မထင်မရှားတောင်တစ်လုံးရဲ့ လှိုဏ်ဂူတစ်ခုထဲမှာ တွေ့ခဲ့တဲ့ စာအုပ်ပါ။ ချီထိန်းသိမ်းခြင်းမန္တာန်ကလွဲရင် ကျုပ်တို့လည်း ဒီစာအုပ်ရဲ့ တခြားဘယ်အရာကိုမှ နားမလည်နိုင်ခဲ့ပါဘူး။ စီနီယာ ဒါကို လိုချင်တယ်ဆိုရင်တော့ ကျနော့် နေအိမ်ကို ပြန်ပြီး စီနီယာကို ပေးနိုင်ပါတယ်…”

ထိုအဘိုးအိုက ကျေကျေနပ်နပ်ပြုံး၍ ထိုသို့ ပြောသည်။

ဟန်လိသည် သူ့စကားများကို ကြားသည့်အခါ ကျေနပ်သွားပြီး ပြောလိုက်သည်။

“အေးဆေးပေါ့။ ကျုပ်က အလကား မယူပါဘူး။ မင်းတို့ အရင်ဆုံး နေအိမ်ပြန်ပြီး စဉ်းစားရင်း ကျုပ်ကို စောင့်နေ။ ဒီစာအုပ်နဲ့ လဲလှယ်ဖို့ မင်းတို့ လိုချင်တဲ့အရာကို သေချာ စဉ်းစားပါ…”

ဟန်လိ၏ အသံမှာ အလွန်တည်ငြိမ်သည်။ သို့သော် သူက ထိုစကားများကို ပြောပြီးနောက် ရုတ်တရက် သူ့လက်ချောင်းကို ဆန့်ကာ တောက်ထုတ်သည်။ ထိုအခါ အစိမ်းရောင်အလင်းတန်းငယ်နှစ်ခုသည် သူ့လက်ချောင်းကနေ ထိုးထွက်သွားသည်။ ချက်ခြင်းပင် ယင်းအလင်းတန်းတို့သည် မြေးအဘိုး၏ ခန္ဓာကိုယ်များထဲ ပျံသန်းဝင်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။

“စီနီယာ…ခင်ဗျား…” ထိုအဘိုးအိုသည် အလန့်တကြား ဖြစ်ကာ ဒေါသလည်း ထွက်သွားမိသည်။ သူ့စကားပြောပြီးပြီးချင်း ဟန်လိက သူတို့နှစ်ယောက်ကို အခုကဲ့သို့ ပြုမူလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက မည်သို့ ဖြစ်မည်ကို မသိသော်ငြားလည်း ကောင်းသည့်အရာ မဟုတ်မှန်းတော့ သေချာသိသည်။ အမျိုးသမီးငယ်လည်း အလန့်တကြား အထိတ်တလန့် ဖြစ်သွားလေ၏။

“စိတ်ပူဖို့ မလိုဘူး။ ဒါက ခြေရာခံအမှတ်အသားပါ။ ဒါနဲ့ဆိုရင် ငါက မင်းတို့ကို တိတိကျကျ ရှာနိုင်ပြီး မင်းတို့ မြေးအဘိုးကို အချိန်မရွေး လာရှင်းပစ်နိုင်တယ်…”

ဟန်လိသည် မထူးခြားနားစွာ ရှင်းပြသည်။

သူ့စကားများကို ကြားသည့်အခါ အဘိုးအိုသည် သက်ပြင်းချကာ စိတ်ထဲကနေ ခါးသီးစွာ ရယ်မောမိသည်။

ထိုစီနီယာကား ဘာယိုပေါက်ကိုမှ မချန်ထားခဲ့ပေ။ သူတို့အတွက် နည်းနည်းလေးမျှ လွတ်လမ်း မပေးခဲ့ပေ။

သူတို့၏ခန္ဓာကိုယ်၌ ယင်းခြေရာခံအမှတ်အသားများ ရှိနေခဲ့လျှင် သူတို့က အခြေအနေကို အသာစီးယူ ထွက်ပြေးဖို့ ကြိုးစားခဲ့လျှင်ပင် ဝေးဝေးသို့ မရောက်နိုင်ဖို့ များနေလေပြီ။

သို့ပေမည့် အဘိုးအိုရှောင်းသည် ဟန်လိ၏ သည်အပြုအမူနောက်ကွယ်မှ အကြောင်းရင်းကို ကောင်းကောင်း နားလည်သည်။

တဖက်သူက ထိုသို့ မပြုလုပ်ထားပါက အဘိုးအိုသည် သူ့မြေးကို ခေါ်ကာ ချက်ခြင်း ထွက်ပြေးသွားနိုင်ခြေ များသည် မဟုတ်လား။

တကယ်တော့ ကျွမ်းကျင်သူတစ်ယောက်နှင့် အရောင်းအဝယ် ပြုလုပ်ရခြင်းမှာ အန္တရာယ် များလှသည်။ အထူးသဖြင့် ပိုသန်မာသူ၏ စိတ်အခြေအနေပေါ် မူတည်နေသည်။

သို့သော် ခုချိန်၌ သူတို့အဖို့ သည်အရောင်းအဝယ်ကို လုပ်၊မလုပ် ရွေးချယ်စရာ မရှိလေပေ။

တဖက်သူက စာအုပ်ကို ရယူပြီးနောက်မှာ သူတို့ကို မသတ်ဖို့သာ မျှော်လင့်နိုင်တော့၏။

ဟန်လိနှင့် အခုလောက် အချိန်တိုလေး စကားပြောခဲ့ချိန်အတွင်း အဘိုးအိုရှောင်းသည် ဟန်လိ၏ စိတ်နေစိတ်ထားကို ဖမ်းမိနိုင်စွမ်း မရှိခဲ့ပါ။ တဖက်သူ၏ မှော်စွမ်းအားက နက်ရှိုင်းလှသည်ကိုသာ သူ သိသည်။ သူ ဒုက္ခများစွာ ရောက်သွားနိုင်လောက်တာကိုသာ သူ သိသည်။

“ကောင်းပါပြီဗျ။ ဒီဂျူနီယာတွေက စီနီယာ ရောက်လာမှာကို စောင့်နေပါ့မယ်…”

ထိုအဘိုးအိုသည် မည်သို့မျှ မဖြစ်လေဟန် ဆောင်ကာ တလေးစားဖြင့် ထိုသို့ ပြောသည်။

“ကောင်းပြီ။ ကျုပ် ဒီညကျရင် အဲ့စာအုပ်ကို လာယူမယ်။ မင်းတို့ အကောင်းဆုံး ပြုမူနေကြ…”

ဟန်လိက ထိုသို့ ပြောနေလျက်ဖြင့် သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဝေဝါးလာ၏။ ကောင်းကောင်း ပြုမူနေကြ ဟူသော စကားလုံး သူ၏ ပါးစပ်မှ ထွက်လာပြီးသည်နှင့် သူကား သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ဟန်လိ၏ ဆန်းကြယ်လှသော ကျွမ်းကျင်မှုကို ထုတ်ပြတာ မြင်သည့်အခါ အဘိုးအိုရှောင်း၏ မျက်နှာသည် သေလောက်အောင် ဖြူရောသွားလေသည်။

သူသည် စိတ်ပျက်လက်ပျက်ဖြင့် သူ့မြေးမကို ခေါ်ကာ နေအိမ်သို့ ဖြည်းဖြည်းချင်း ပြန်လျှောက်သွားတော့သည်။

သို့ပေမည့် ထိုအဘိုးအိုသည် ဟန်လိက တစ္ဆေကဲ့သို့ လှုပ်ရှားမှုမျိုး အသုံးပြုတာကို မြင်သည့်အခါ၌ သူမ၏ မျက်လုံးထဲ မနာလိုအားကျမှု လင်းလက်သွားတာကိုတော့ သဘောမပေါက်ခဲ့ပေ။ အဘိုးဖြစ်သူက သူမကို လှမ်းခေါ်မှ သူမသည် တုန့်ပြန်၏။ သူမက အိပ်မက်ကနေ နိုးထသွားသည့်နှယ်။

မိန်းမပျိုသည် အဘိုးဖြစ်သူနောက်သို့ လိုက်လာခဲ့ရင်း ဟန်လိ ပျောက်ကွယ်သွား‌သော နေရာထံ ခေါင်းလှည့်ကာ ပြန်ကြည့်သည်။

All Chapters