← Chapters

စိမ့်ဝင်မှု

Vol. 21 Ch. 293

စိမ့်ဝင်မှု

Vol. 21 Ch. 293

ဟန်လိသည် ထွက်သွားခါနီးအချိန် မနာလိုအားကျစွာဖြင့် ပြန်လှည့်ကြည့်ခဲ့သော မိန်းမပျို၏ ဟန်ပန်ကို အတော်လေး ရင်းနှီးပေသည်။

လီဟွာယွမ်က နဂါးကြီးကို ထိန်းချုပ်တာ ပထမဆုံး မြင်ခဲ့ဖူးချိန်က ထိုသို့ မနာလိုအားကျစွာ ကြည့်ခဲ့ဖူးပေသည်။

ထိုအတွေးဖြင့် ဟန်လိက ယင်းမိန်းမပျိုမှာ စိတ်ဝင်စားဖို့ ကောင်းသည်ဟု ခံစားမိသည်။

သူသည် မသိမသာ ပြုံးလိုက်ပြီးနောက် သစ်ပင်ထံမှ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် သူသည် မင်းသားအိမ်တော်၏ နံရံမြင့်ကြီးအတွင်း၌ ပြန်ပေါ်လာခဲ့သည်။

ယင်းအခိုက်တွင် ဟန်လိသည် ကိုယ်ယောင်ဖျောက်ခြင်းပညာရပ်ကို အသုံးပြု၍ သေမျိုးများထံမှ ဖုံးကွယ်ရုံသာမက ချီထိန်းချုပ်ခြင်း ပညာရပ်ကိုပါ အသုံးပြုခဲ့ပေသည်။ ကျင့်ကြံသူများသည် ချီကွယ်ဖျောက်ခြင်းပညာရပ်ကို အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက်မှသာ အသုံးပြုနိုင်သည်။

သူသည် မင်းသားနေအိမ်တော်အတွင်း မည်သူမျှ သတိမပြုမိဘဲ အစေခံများစွာကို ဖြတ်ခနဲ ဖြတ်ခနဲ ဖြတ်သန်းသွားလေသည်။ တအောင့်ကြာပြီးနောက်မှာ ဟန်လိသည် မင်းသားနေအိမ်တော်၏ အနောက်ဘက်ခြမ်းသို့ ရောက်လာသည်။ သူက စင်္ကြန်လမ်းထောင့်တစ်ခုရှိ တိုင်လုံးတစ်ခု နောက်မှာ သိုသိပ်စွာ ကွယ်ဝှက်နေလျက် အနီးအနားရှိ အရာရာကို အေးတိအေးစက် စောင့်ကြည့်နေသည်။

တအောင့်အကြာတွင် အတော်အတန် လှပသော အစေခံမိန်းတစ်ယောက် အနီးအနားကနေ ဖြတ်လျှောက်လာသည်။ ဟန်လိသည် သူ့လက်ချောင်းထိပ်ကနေ လက်သီးစုပ်ခန့် အဝါရောင်အလင်းလုံးတစ်ခုကို ရုတ်တရက် စေလွှတ်သည်။ ထိုအခါ အနှီမိန်းကလေးသည် တန့်ခနဲ ဖြစ်သွားကာ မြေပေါ် လဲကျမတတ် ဖြစ်သွားလေသည်။

သူမ လဲကျသွားသည့်အထိ စောင့်မနေဘဲ ဟန်လိက ခုန်ထွက်ကာ သူမကို လှမ်းဖမ်းပြီး တိုင်လုံးနောက်သို့ ပြန်ကွယ်ဝင်သည်။

ကျွမ်းကျင်စွာဖြင့် ဟန်လိသည် ထိုမိန်းကလေး၏ အားနည်းသော ခန္ဓာကိုယ်ကို ဆန့်ထုတ်စေကာ သူမကို သူနှင့် မျက်နှာချင်းဆိုင် ရှိစေသည်။ ထို့နောက်တွင် သူ့ပါးစပ်ကို ဟကာ စိတ်ဝိညာဉ်ချီကို ထွေးထုတ်သည်။ ၎င်းက သူမ၏ တင်းကြပ်စွာ မှိတ်ထားသော မျက်လုံးထဲ ဝင်ရောက်သွားသည်။

ထိုအခိုက်တွင် အစေခံမိန်းကလေး၏ မျက်တောင်သည် စလှုပ်ရှားလာပြီး တဖြည်းဖြည်း မျက်လုံးပွင့်လာသည်။

ထိုမိန်းကလေး နိုးလာသည်နှင့် သူမက အေးစက်စက်ရွှေရောင်မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေတာကို မြင်ရသည်။

သူမသည် အလန့်တကြား ထအော်ရန် ဟန်ပြင်စဉ် ယင်းမျက်လုံးထံမှ ထူးခြားသော အဝါရောင်အလင်းတန်းများ ရုတ်တရက် ထိုးထွက်ကာ သူမ၏မျက်လုံးထဲ တိုက်ရိုက် ဝင်ရောက်သည်။

အစေခံမိန်းမပျိုလေးသည် သူမ၏ အမြင်အာရုံ ချက်ခြင်း ဝေဝါးသွားကာ ရွှေဝါရောင်အတိပြီးသွားသည့်နှယ် ခံစားမိသည်။ ထို့နောက်တွင် သူမသည် အသိစိတ် ဆုံးရှုံးသွားတော့သည်။ ဟန်လိသည် ထိုမိန်းကလေးကို နောက်တကြိမ် ထပ်ကြည့်ပြီး သက်ပြင်း မသိမသာ ချကာ သူမ၏မျက်နှာထက်မှ ချွေးစများကို သုတ်သည်။

သူသည် စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းပညာရပ်ကို အချိန်တိုအတွင်း အသုံးပြုနိုင်သော်လည်း ၎င်းပညာရပ်ကို ထုတ်ဖော်ခြင်းက အာရုံများစွာ စိုက်ရကာ အလွန်ပင်ပန်းပေသည်။ ထိုမှော်ပညာရပ်သည် အခြေခံတည်ဆောက်ခြင်း ပညာရပ်တစ်ခု ဖြစ်သည်ဟု သတ်မှတ်ထားခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။

ယင်းပညာရပ်က ပစ်မှတ်ကို အချိန်တိုအတွင်း ကျေးကျွန်တစ်ယောက်ကဲ့သို့ နာခံစေနိုင်မည် ဖြစ်သော်လည်း အကန့်အသတ်များစွာ ရှိပေသည်။ ထို့ကြောင့် သည်ပညာရပ်ကို ကျင့်ကြံသောသူ အရေအတွက်မှာ အမှန်တကယ် နည်းပါးသည်။

ဦးဆုံးအနေဖြင့် ယင်းပညာရပ်သည် သေမျိုးများပေါ်တွင်သာ အသုံးပြုနိုင်သည်။ ကျင့်ကြံသူများပေါ်၌ နည်းနည်းလေးမျှ သက်ရောက်မှု မရှိပေ။

နောက်တစ်ချက်မှာ ယင်းပညာရပ်ကို ကျင့်ကြံမည့်သူမှာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိရမည့်အပြင် သူတို့၏ စိတ်ဝိညာဉ်အာရုံကလည်း ပုံမှန်ထက် များစွာ သန်မာရလိမ့်မည်။ သို့ဖြစ်၍ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ အများစုသည် ဒီမှော်ပညာရပ်ကို မကျင့်ကြံနိုင်ကြပေ။

ယင်းသို့သော အခက်အခဲ အတားအဆီးနှစ်ခု ရှိနေ၍ ထိုပညာရပ်ကို စိတ်ဝင်တစား ကျင့်ကြံကြသော ကျင့်ကြံသူ အရေအတွက်မှာ နည်းပါးလှပေသည်။

သို့ပေမည့် ယင်းအခက်အခဲတို့က ဟန်လိအတွက်မူ ပြဿနာ မဟုတ်လေပေ။

ဟန်လိသည် သူ့အနေဖြင့် အခြေခံတည်ဆောက်ခြင်း ပညာရပ်များကို အကန့်အသတ်ဖြင့်သာ ဖမ်းဆုပ်နိုင်စွမ်း ရှိမည့်အပေါ် အစတုန်းက စိတ်ပူပန်ခဲ့ဖူးသည်။ အဝါရောင်မေပယ်တောင်ကြားရှိ ကောင်းကင်အသိပညာခန်းမသို့ သူ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ချိန်တုန်းက သည်မှော်ပညာရပ်၏ မန္တာန်များကို ဖတ်ကာ သိချင်စိတ်ဖြင့် မှတ်သားထားခဲ့သည်။ သူ ၎င်းကို ကျင့်ကြံဖို့ သူ့ လှိုဏ်ဂူထံ ပြန်ရောက်လာသည်နှင့် ၎င်းပညာရပ်ကို အခက်အခဲ နည်းနည်းလေးမျှ မရှိဘဲ ချောမွေ့စွာ ကျင့်ကြံနိုင်ခဲ့ပေသည်။ သို့အတွက်ကြောင့် ဟန်လိမှာ အံ့အားတသင့် ဖြစ်ခဲ့ရသည်။

ခုချိန်တွင်မူ သူက ယင်းမှော်ပညာရပ်ကို ထိုမိန်းကလေးအပေါ် အသုံးပြုခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူ အောင်မြင်ခဲ့၏။

ဘေးပတ်လည်သို့ သတိထားကာ တချက်လှမ်းကြည့်ပြီးနောက် ဟန်လိသည် သူ့လက်ချောင်းကို ညင်ညင်သာသာ ဆန့်ထုတ်သည်။ သူ့လက်ချောင်းထိပ်ပေါ်တွင် နို့နှစ်ရောင်အလင်းလုံးငယ်တစ်ခု ပေါ်လာသည်။ ၎င်းကို အစေခံမိန်းကလေးငယ်၏ ဦးခေါင်းထံ ဖိချသည်။ အလင်းလုံးက သူမ၏ နဖူးထဲ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

မိန်းကလေးက အသိပြန်ဝင်လာပြီး ဟန်လိကို စကားတခွန်းမှ မဆိုလေဘဲ မမှိတ်မသုန်ဖြင့် ကြည့်နေလေ၏။

“မင်းတို့ရဲ့ အကြီးအကဲချုပ် နောက်ခံကဘာလဲ။ သူ မင်းသားနေအိမ်တော်ထဲ ဘယ်အချိန်တုန်းက ဝင်ရောက်ခဲ့တာလဲ။ သူ မကြာခဏ ဘယ်ကို သွားတတ်လေ့ ရှိလဲ။ မင်းသားနေအိမ်တော်ရဲ့ အပြင်ဘက်မှာ သူက ဘယ်သူတွေနဲ့ တွေ့ဆုံလေ့ ရှိလဲ…”

ဟန်လိသည် အစေခံမိန်းကလေးကို မေးခွန်းများ ဆက်တိုက် မေးသည်။

သူက သည်အစေခံမိန်းကလေးကို မေးမြန်းကြည့်ခြင်းမှာ ညစာစားပွဲ ကျင်းပတုန်းက မင်းသားရှင်းသည် မင်းသားငယ်ကို သွားရှာရန် ခိုင်းစေခဲ့သောကြောင့်ပင်။ သို့ဖြစ်၍ သူမ၏ အဆင့်အတန်းမှာ မနိမ့်လှပုံ ပေါ်သည်။ သူသာ သူမကို အသုံးပြုပါက ခိုင်မာသော သတင်းအချက်အလက်တချို့ကို ရနိုင်ဖို့များသည်။

“သခင်ပြောတဲ့ အကြီးအကဲချုပ်က ဘယ်အကြီးအကဲကိုများ ပြောတာပါလဲ…”

အစေခံမိန်းမပျိုလေးသည် အမူအရာကင်းမဲ့စွာဖြင့် ထိုသို့ ပြန်မေးသည်။

“မင်းသားနေအိမ်မှာ အကြီးအကဲချုပ် တစ်ယောက် မကရှိလို့လား…”

စဉ်းစားလိုက်ပြီး ဟန်လိသည် နည်းနည်းအံ့အားသင့်ဟန်ဖြင့် မေးသည်။

“အိမ်တော်မှာက မင်သားရဲ့ အရေးကိစ္စတွေကို ဂရုစိုက်ပေးရတဲ့ အကြီးအကဲချုပ်တွေ အများအပြား ရှိပါတယ်။ ဥပမာ…ဝယ်ခြမ်းရေး ကိစ္စတွေမှာ တာဝန်ရှိတဲ့ အကြီးအကဲချုပ်လီ၊ အိမ်တော်ကို ကြီးကြပ်ရတဲ့ အကြီးအကဲချုပ် တိတို့ပါ…”

အစေခံမိန်းကလေးက ထိုသို့ ဆက်ပြောပြသည်။

“အိမ်တော်ရဲ့ ဂိတ်တံခါးဝမှာ ဧည့်သည်တွေကို ကြိုဆိုရတဲ့ အကြီးအကဲချုပ်ကကော…”

ဟန်လိသည် မျက်မှောင်ကြုတ်ကာ ထိုသို့ မေးလိုက်၏။

“သူကတော့ အကြီးအကဲချုပ်ဝမ်ပါ။ သူဟာ အာဏာအရှိဆုံး အကြီးအကဲချုပ်ပဲ…”

“ကျုပ် ပြောချင်တာ အဲ့လူပဲ…” ဟန်လိသည် အနည်းငယ် ပူပန်ဟန်ဖြင့် ထပ်ပြောသည်။

သူသည် သူမ၏စိတ်ကို မှော်ပညာရပ်ဖြင့် မည်မျှ ကြာကြာ ထိန်းချုပ်နိုင်မည်ကို မသိပေ။ သူ့အတွက် အရေးကြီးဆုံး ကိစ္စများကို အရင်ဆုံး ခပ်မြန်မြန် မေးမြန်းရမည်သာ။ မဟုတ်ပါက သူသည် ၎င်းအစေခံမိန်းကလေး သတိဝင်လာသည့်နောက် ပို၍ ခွန်အား စိုက်ထုတ်နေရလိမ့်မည်။

“အိမ်တော်ရဲ့ ရှေ့စီနီယာတွေ အပြောအရတော့ အကြီးအကဲချုပ်ဝမ်ဟာ မင်းသားနဲ့အတူ ကြီးပြင်းခဲ့ပြီး မင်းသားရဲ့ ပညာသင်ကြားစဉ်ကာလမှာ အတူရှိခဲ့တဲ့သူ ဖြစ်တယ်တဲ့။ သူ မင်းသားနောက်ကို သူ လိုက်ခဲ့တာ နှစ်ငါးဆယ်၊ ခြောက်ဆယ်လောက်တော့ ရှိရောပေါ့။ တားမြစ်မြို့ကို မင်းသားနဲ့အတူ တစ်လတစ်ခါ လိုက်လံတာကလွဲလို့ သူဟာ အိမ်တော်အပြင်ဘက်ကို ပုံမှန်ဆို ထွက်လေ့မရှိသလို၊ အပြင်ဘက်က ဘယ်သူနဲ့မှလည်း ပတ်သတ်ဆက်ဆံတာ မရှိဘူး…။ သူသာ တစ်ယောက်ယောက်နဲ့တွေ့ခဲ့ရင်လည်း အဲ့လူဟာ မင်းသားရဲ့ မိတ်ဆွေကောင်းတွေထဲကပဲ ဖြစ်လိမ့်မယ်…”

“မင်းသားငယ်နဲ့ သူ့ကြားက ပတ်သတ်မှုကတော့ နည်းနည်း ထူးခြားတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက မင်းသားငယ်ရဲ့ အထိန်းတော်ရှိက ကြားခဲ့ဖူးတာကတော့ သူဟာ ဒေါသကြီးတယ်တဲ့။ အကြီးအကဲဝမ်နဲ့ မင်းသားငယ်ကြား ဆက်ဆံရေးကလည်း သိပ်မကောင်းလှဘူး။ သူဟာ အကြီးအကဲဝမ်ကို လူမြင်ကွင်းရှေ့မှာတောင် ရိုက်ခဲ့ဖူးသေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်နှစ်တုန်းက မင်းသားငယ်ရဲ့ စိတ်နေစရိုက်ဟာ အံ့ဩဖို့ ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့တယ်။ သူဟာ အလွန်အမင်း ယဉ်ကျေးတဲ့သူတစ်ယောက် ဖြစ်လာရုံသာမက အကြီးအကဲချုပ်ဝမ်အပေါ်လည်း အတော့်ကို လေးစားပြီး သူ့ရဲ့ ဂျူနီယာအဖြစ် ခံယူတဲ့ပွဲတစ်ပွဲကိုတောင် ကျင်းပခဲ့သေးတယ်။ ဒီအတွက်လည်း မင်းသားရှင်းဟာ သူ့သားအတွက် အတော်လေး ကျေနပ်ခဲ့တယ်။ သူတို့ကို နတ်ဘုရားတွေ ချီးမြှောက်တာလို့တောင် ပြောခဲ့သေးတာ…”

အစေခံမိန်းကလေးက ထိုသို့ ထပ်ပြောသည်။ ဟန်လိက သည်စကားကို ကြားသည့်အခါ သူ့အမူအရာသည် ပြောင်းလဲမသွားပေ။ သူ့စိတ်ထဲ၌ အေးတိအေးစက် ပြုံးသည်။

ထိုအကြီးအကဲချုပ်ဝမ်သည် သံသယရှိဟန် ကောင်းလှသော်လည်း အခု မင်းသားငယ်၏ ပြောင်းလဲသွားသော စိတ်နေစရိုက်ကြောင့် ဟန်လိအဖို့ သူတို့နှစ်ယောက်ကြား၌ လူမသိသော ပတ်သတ်မှုတချို့ ရှိနေမှာ သေချာသလောက် ရှိသွားလေပြီ။

ထို့အပြင် သည်နှစ်ယောက်မှာ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်ကို အန္တရာယ်အာရုံ ခံစားမိစေသည်ဖြစ်၍ သူတို့သည် သာမန်သေမျိုးများ မဟုတ်နိုင်တာ သေချာနေလေပြီ။ အကြီးအကဲချုပ်ဝမ်၏ ဆန်းကြယ်သော နောက်ခံကြောင့် ဟန်လိသည် သည့်ထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း မထောက်လှမ်း၊မစူးစမ်းသင့်ဟု ခံစားမိသည်။

သူသည် အကြီးအကဲချုပ်သည် မိစ္ဆာတာအိုဂိုဏ်းများမှ ဟုတ်၊မဟုတ်ကိုသာ သေချာစေချင်တာ ဖြစ်သည်။ တဖက်သူသည် မည်သည့်လျှို့ဝှက်ချက်များကို ကိုင်ဆုပ်ထားသည်ဖြစ်စေ၊ လမ်းမှန် သို့မဟုတ် မိစ္ဆာပဲ ဖြစ်နေပါစေ သူ အရေးမစိုက်ပေ။

တတ်နိုင်သမျှ ဟန်လိသည် ဒုက္ခ သွားရှာမည့် သူမျိုး မဟုတ်ပါ။

အစေခံမိန်းကလေး၏ အပြောအရ အကြီးအကဲချုပ်ဝမ်နှင့် မင်းသားငယ်တို့သည် မိစ္ဆာတာအိုနှင့် မပတ်သတ်ဖို့ များသည်ဟု ဟန်လိ တွေ့ရှိရသည်။

တကယ်တော့ မင်းသားငယ်၏ ပြောင်းလဲမှုသည် အခုနှစ်ပိုင်းမှ မဟုတ်ခဲ့ပေ။ အကယ်၍သာ မိစ္ဆာတာအိုဂိုဏ်းများကသာ လွန်ခဲ့သော ဆယ်နှစ်တည်းက အစီအစဉ်များ စချမှတ်ခဲ့လျှင်တော့ ဟန်လိအဖို့ ဆွံ့အရုံသာ ရှိတော့သည်။

ထိုသို့တွေးကာ ဟန်လိသည် သက်ပြင်းချ၍ အမိန့်ပေးသည်။ “အင်မောတယ်အရှင်ဝူ ဘယ်နေရာမှာ နေနေတာလဲ။ ကျုပ်ကို အဲ့နေရာ ခေါ်သွားပါ…”

“အရှင် သဘောအတိုင်းပါ…”

အစေခံမိန်းကလေးသည် နာနာခံခံဖြင့် လျှောက်သွားသည်။ ဟန်လိသည် သူ့ကိုယ်သူ ဖုံးကွယ်လျက် သူမနောက်ကနေ တိတ်တဆိတ် လိုက်ပါသွားသည်။

မိန်းကလေး၏ လမ်းညွှန်မှုကြောင့် ဟန်လိသည် ခြံဝန်းရှစ်ခုလောက်ကို ဖြတ်ကျော်လာခဲ့ပြီးနောက်မှာ အေးဆေးဆိတ်ငြိမ်သော ခြံဝန်းတစ်ခုနား ရောက်လာသည်။ ထိုအခိုက်တွင် အစေခံမိန်းကလေးသည် ရပ်၏။

ဖက်…ဖက်…။

ရုတ်တရက် ဟန်လိက အစေခံမိန်းကလေး၏ နောက်ကျောကို အဖြူရောင်အလင်းနှင့် ပြည့်နေသော လက်ဝါးဖြင့် နှစ်ကြိမ် ရိုက်လိုက်သည်။ ထို့နောက်တွင် သူ့ပုံရိပ်သည် ဖြတ်ခနဲဖြစ်ကာ သစ်ပင်ကြီးတစ်ပင်နောက်သို့ တဟုန်ထိုး ရောက်ရှိသွားသည်။

“ဟယ်…၊ ဒါက ကြီးမြတ်တဲ့ အင်မောတယ်အရှင်ရဲ့ နေအိမ်မဟုတ်လား…။ ငါ ဒီမှာ ဘာလာလုပ်နေတာလဲ…”

အစေခံမိန်းကလေးသည် အစွမ်းကုန်အားအင်သုံး၍ မျက်တောင်နှစ်ခါ ခတ်ကာ ရုတ်တရက် စူးခနဲ အော်ဟစ်လိုက်သည်။ သူမ၏မျက်လုံးထဲရှိ ငေးတိငေးကြောင်ဖြစ်မှုကို ဆက်၍ မတွေ့ရတော့ပေ။

“အပြင်မှာ ဘယ်သူ လာပြီး ဆူညံဆူညံ လုပ်နေတာလဲ။ ဒီတာအိုသခင်က ဒီကို မလာဖို့၊ ကျင့်ကြံတာကို မနှောက်ယှက်ဖို့ ညွှန်ကြားထားတယ် မဟုတ်ဘူးလား…”

တာအိုသခင် အဘိုးအို၏ စိတ်ဆိုးနေသော အသံသည် ခြံဝန်းထဲရှိ အခန်းတစ်ခုထဲကနေ ထွက်ပေါ်လာသည်။

အစေခံမိန်းကလေးက ထိုစကားကို ကြားသည့်အခါ သူမ၏ မျက်နှာသည် ကြောက်ရွှံ့မှုကြောင့် ဖြူရောသွားသည်။ သူမသည် ဒီနေရာတွင် ဘာကြောင့် ရောက်နေမှန်း မစဉ်းစားနိုင်တော့ဘဲ ထပြေးတော့သည်။

ကျွီ…။ တံခါး ပွင့်လာ၏။

ဆံဖြူတာအိုသခင်သည် လှမ်းထွက်လာသည်။ သို့သေသာ် ခြံဝန်းထဲ၌ မည်သူ့ကိုမျှ မတွေ့သည့်အခါ သူ့မျက်နှာထက်တွင် စဉ်းစားခက်ဟန် ဖြစ်ပေါ်သွားသည်။

ဘာလဲဟ။ တစ်ယောက်ယောက် စကားပြောသံ ငါ ကြားလိုက်ပါတယ်။ မင်းသားက ငါ့ကို လာရှာတယ်လို့ ထင်နေတာ။ အလိုက်ကန်းဆိုးမသိတဲ့ ဘယ်သူကများ ငါ ကျင့်ကြံနေတာကို လာနှောက်ယှက်ရတာလဲကွ…”

ထိုအဘိုးအိုသည် ခြံဝန်းထဲတွင် ရပ်ကာ ဘေးပတ်လည်သို့ ကြည့်ရှုုသည်။ ထို့နောက်တွင် သူသည် စိတ်ဆိုးဆိုးဖြင့် သူ့အခန်းထဲ ပြန်ဝင်သွားသည်။

သူက တံခါးပြန်ပိတ်ပြီး အခန်းထဲ ကြည့်မိသည့်အခါ ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။

သူသည် စားပွဲပေါ်တွင် ထိုင်ကာ သူ့ကို မချိပြုံးပြုံး၍ ကြည့်နေသော ဟန်လိကို မြင်ရသည်။

“မင်း ဘယ်သူလဲ…” တာအိုသခင်သည် ခပ်သွက်သွက် မေး၏။ သူ့အမူအရာမှာလည်း ပြောင်းလဲသွားသည်။

ထို့နောက်တွင် သူက သူ့လက်ကို ပင့်မြှောက်ကာ မီးလုံးတစ်လုံးကို ဆင့်ခေါ်သည်။

“ကျုပ် လိုချင်တာက မင်းကိုပဲ။ စိတ်မပူနဲ့။ ကျုပ်က မင်းကို လက်လွတ်စပယ်တော့ ထိခိုက်စေမှာ မဟုတ်ဘူး…”

ဟန်လိသည် ထိုတာအိုသခင်၏ မီးလုံးကို မမြင်မတွေ့လေသည့်နှယ် ပြုံး၍ ပြောလိုက်သည်။ သူ့စကားလုံးများထဲတွင် နည်းနည်းလေးမျှ ရန်လိုနေဟန် မပါပေ။

All Chapters