← Chapters

ငါ ဆုတောင်းပါတယ်

Vol. 77 Ch. 1072

ငါ ဆုတောင်းပါတယ်

Vol. 77 Ch. 1072

( အရင်အပိုင်းက လျိုယွဲ့ပညာရပ်ကို လပြည့်ဝန်းပညာရပ်၊ ခန်ယဲ့ပညာရပ်ကို လမိုက်ညပညာရပ်လို့ ပြောင်းထားပါတယ် )

ကောင်းကင်ကြီး၏ အပြင်ဘက်ရှိ ဝမ်ရီရီမှာ အံကြိတ်ကာ အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြိမ်းဝါးလိုက်၏ " မဖြစ်သေးဘူး။ ဒီကမ္ဘာကြီးထဲမှာ လပြည့်ဝန်းပညာရပ်နဲ့ လမိုက်ညပညာရပ်ကို လေ့ကျင့်နိုင်တဲ့ ဒုတိယလူက ဝမ်ရီရီဆိုတဲ့ ငါပဲ ဖြစ်ရမယ် "

" မနက်ဖြန် ဆက်ပြီးတော့ လေ့ကျင့်တာပေါ့ "

သူမသည် ထိုသို့ ကြိမ်းဝါးလိုက်ပြီးနောက် သူမ၏ လက်ထဲရှိ ခြုံလွှာကြီးအား ကောင်းကင်ကြီးပေါ်၌ ပြန်လည်ဖုံးအုပ်လိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ ရှိနေသည့်ကမ္ဘာကြီးတစ်ခုလုံးမှာလည်း ချက်ချင်းဆိုသလိုပင် အမှောင်ဖုံးသွားရသည်။ ထို အမှောင်ထုကြီးနှင့်အတူ သက်ပြင်းချသံများလည်း အဆက်မပြတ် ပေါ်ထွက်လာတော့သည်။

" စုန်းမကြီး ပြန်သွားပြီဟေ့ "

" ကြောက်စရာကောင်းလိုက်တာနော်။ ဒီအကြောင်းကို သေချာ မှတ်တမ်းတင်ထားမှရမယ်။ တစ်ရက်ကျတော့ မှိုစားမျိုးနွယ်စုက စုန်းမကြီးတစ်ယောက် ရောက်လာပြီး ငါတို့ရဲ့ မျိုးနွယ်စုဝင်တွေကို ဝါးမျိုသွားခဲ့တာဆိုပြီးတော့... "

" ကိစ္စမရှိပါဘူး။ ငါတို့ရဲ့ မျိုးနွယ်စုထဲကနေ သူ့ရဲကောင်းတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ငါ ယုံတယ်။ သူက နတ်ဝိဇ္ဇာကြီးရဲ့ နေရာမှာ အစားထိုး၊ စုန်းမကြီးကို လက်ထပ်ပြီးရင် မှိုမျိုးနွယ်စုရဲ့ အထွတ်အထိပ်ကို ရောက်သွားမှာ "

" ဟားဟားဟား။ ဖြစ်နိုင်ပါ့မလားကွ။ ထားပါလေ။ လူတိုင်းက အဲလို တွေးနေမှတော့ ဝါလေးဆိုတဲ့ ငါလည်း ကြိုးစားကြည့်ရတာပေါ့ " မှိုပွင့်တစ်ပွင့် ဖြစ်နေသည့် ချန်ဟန်းမှာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောကာ ဆိုလိုက်၏။ သို့သော် အခြားသော မှိုပွင့်များမှာလည်း ထိုကဲ့သို့သော စကားများကို ပြောနေကြသည်သာဖြစ်သည်။ ထိုသို့ဖြင့် ခဏအကြာတွင်... မှိုပွင့်များမှာ ထို သူရဲကောင်းကိစ္စနှင့် ပတ်သတ်၍ ငြင်းခုံနေကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ချန်ဟန်းအား ဂရုစိုက်နေခြင်းမရှိပေ။ ယခုတွင် သူသည် ပြင်ပကမ္ဘာကြီးနှင့် လုံးဝအဆက်အသွယ်ပြတ်နေပြီး အချိန်စည်းမျဥ်းဥပဒေသအား နားလည်နိုင်ရန်သာ အာရုံအပြည့်စိုက်ထား၏။

သူ၏ ဘေးပတ်ပတ်လည်ရှိ တုန်ခါမှုလှိုင်းများမှာ အားပျော့နေကြသည့်တိုင်အောင် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားသည့်အထိ လွင်ပါးပျောက်ကွယ်သွားခြင်းမရှိသောကြောင့် သူသည် ၎င်းတို့အား ပို၍ပင်နားလည်လာ၏။ သို့သော်လည်း ဝမ်ရီရီတစ်ယောက် ထွက်ခွာသွားခဲ့ပြီဖြစ်ရာ သူသည် ထိုပညာရပ်အား ကြည့်ရှုခွင့်မရှိတော့သဖြင့် သူ၏ တိုးတက်မှုနှုန်းမှာလည်း ယခင်တုန်းကလောက် မြန်ဆန်နေခြင်း မရှိတော့ပေ။

သူ၏ တာအိုဂြိုဟ်၏ ပုံတူကူး စည်းမျဥ်းဥပဒေသမှာ အနည်းငယ် အသုံးဝင်ပါသော်လည်း အချိန်စည်းမျဥ်းဥပဒေသနှင့် ကြုံလိုက်ရချိန်တွင် ၎င်းအား ယခင်တုန်းကလို အပြည့်အဝ ပုံတူကူးနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။

ထိုသို့ဖြင့် ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ မမလေး ပြန်လည်ပေါ်ပေါက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။

သို့သော်... သူသည် အကြာကြီးစောင့်ဆိုင်းခဲ့ရ၏။ ဝမ်ရီရီမှာ ကျင့်ကြံခြင်းလေ့ကျင့်ရန် မေ့သွားခဲ့သည့်ပုံပင်။ ချန်ဟန်း၏ ပတ်ပတ်လည်ရှိ မှိုပွင့်များ အားလုံးနီးပါး ခြောက်သွေ့ညှိုးနွမ်းကာ သေဆုံးသွားကြပြီး မှိုပွင့်အသစ်များ ပေါ်ထွက်လာသည့်တိုင်အောင် ဝမ်ရီရီမှာ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိသေးပေ။

ဝမ်ပေါင်လဲ့မှာ ချန်ဟန်း၏ အတိတ်ဘဝထဲမှ ကံကြမ္မာအကြောင်း သိရှိထားခြင်းမရှိပေ။ သို့သော်လည်း ယခုတွင်မူ သူ နားလည်ထားသည့် အချိန်စည်းမျဥ်းဥပဒေသများ၏ အကျိုးသက်ရောက်မှုများကြောင့် ချန်ဟန်းမှာ အခြား မှိုပွင့်များကဲ့သို့ အသက်ကြီးလာခဲ့ခြင်း မရှိပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားထဲရှိ ခံစားချက်များမှာ ဗြောင်းဆန်လာရတော့သည်။ အဘယ်ကြောင့်ဆိုသော် ချန်ဟန်းတစ်ယောက် ထိုသို့ဖြစ်နေရခြင်းမှာ သူ့ကြောင့်သာဆိုပါက... အချိန်စည်းမျဥ်းဥပဒေသမှာ သူ၏ အတိတ်ဘဝထဲမှ ဖြစ်ရပ်များကို အမှန်တကယ် ပြောင်းလဲနိုင်စွမ်းရှိနေသည်ဟု သတ်မှတ်၍ ရသွားမည် မဟုတ်ပါလော။

သူသည် ၎င်းအား အပြည့်အဝ နားလည်ထားခြင်း မရှိသေးပါသော်လည်း အချက်တစ်ချက်ကိုမူ သဘောပေါက်သွားပြီ ဖြစ်သည်။ အချိန်စည်းမျဥ်းဥပဒေသဆိုသည်မှာ... ကမ္ဘာကြီးတစ်ခုလုံးကိုပင် လှုပ်ယမ်းပစ်နိုင်စွမ်းရှိသော စွမ်းအားတစ်မျိုးဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးရင်း ဝမ်ရီရီ ပြန်လည် ပေါ်ပေါက်လာမည့်အချိန်အား မျှော်လင့်တကြီးနှင့် စောင့်ဆိုင်းနေတော့သည်။ မှိုပွင့်ချန်ဟန်း၏ တွတ်မျိုးဆက်ထဲမှ မှိုပွင့်များ အရွယ်ရောက်လာသည့် အချိန်မှသာ ဝမ်ပေါင်လဲ့မှာ ဝမ်ရီရီအား မြင်လိုက်ရ၏။

ချန်ဟန်းမှာမူ အသက်အရွယ် အိုမင်းလာခဲ့ခြင်းမရှိသောကြောင့် ထိုကမ္ဘာကြီးထဲတွင် ဂုဏ်သတင်း ကျော်စောနေပြီ ဖြစ်သည်။ လူအများမှာ သူ့အား သူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားကြသလို သူကိုယ်တိုင်သည်လည်း သူသည် သူရဲကောင်းတစ်ယောက်ဖြစ်ရမည်ဟု ယုံကြည်နေ၏...

သို့သော် သူ ထိုသို့ ယုံကြည်နေရခြင်းမှာ သူ၏ နှလုံးသားထဲ၌ မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်သည့် တီးတိုးစကားသံတစ်သံကြောင့်လည်း ဖြစ်ပေသည်။ ထို့ကြောင့် ကောင်းကင်ကြီးထဲရှိ ခြုံလွှာကြီး နောက်ထပ်တစ်ကြိမ်ထပ်၍ ဖယ်ရှားခံလိုက်ရသည့်အချိန်တွင် ချန်ဟန်းမှာ ယခင်အကြိမ်တုန်းကအတိုင်း မလှုပ်မယှက် ရပ်တန့်သွားသည့်တိုင်အောင် မျက်လုံးများဖွင့်ကာ ကောင်းကင်ကြီးအား မော့ကြည့်လိုက်ဆဲပင်။

ဝမ်ပေါင်လဲ့မှာလည်း သူ၏ အမြင်အာရုံမှတစ်ဆင့် ဝမ်ရီရီအား လှမ်းကြည့်လိုက်၏။

သို့သော် ယခုအကြိမ်တွင်မူ ဝမ်ရီရီမှာ လပြည့်ဝန်းပညာရပ်အား လေ့ကျင့်ခဲ့ခြင်းမရှိဘဲ မျက်လုံးနီကြီးများဖြင့်သာ ကမ္ဘာကြီးထဲရှိ မှိုပွင့်များအား ငုံ့ကြည့်နေ၏။ ခဏအကြာတွင် သူမသည် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည် " ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်လောက်တုန်းက တော်တော်လေးကို ကြောက်ဖို့ကောင်းတဲ့ ဦးလေးကြီးတစ်ယောက် ရောက်လာပြီး ဖေကြီးနဲ့ စကားများခဲ့တာ။ သူ ဖေကြီးရဲ့ နည်းလမ်းတချို့ကို နားမလည်နိုင်ဘူးဆိုပြီး ပြောနေတာ ငါ ကြားခဲ့တယ်... "

" သူက နင်တို့တွေ အကုန်လုံးကို သတ်ချင်နေတာ... "

" ဒါပေမဲ့ ဖေကြီးက သူ ထွက်ပြေးသွားတဲ့အထိ သူ့ကို ဆုံးမလိုက်တာပဲ။ ဘာမှ စိတ်မပူပါနဲ့။ ငါ နင်တို့ကို စောင့်ရှောက်ပေးပါ့မယ် " ဝမ်ရီရီမှာ ထိုသို့ ဆိုလိုက်ပြီးနောက် အံကြိတ်ကာ နောက်သို့လှည့်သွား၏။ ထို့နောက် သူမသည် တစ်စုံတစ်ခုအား ရှာဖွေနေသည့် အမူအရာဖြင့် သူမ၏ ကစားစရာအရုပ်များဆီသို့ လျှောက်လှမ်းသွားသည်။

ဝမ်ပေါင်လဲ့မှာ ရင်ခုန်သံများ ဗြောင်းဆန်နေရပြီဖြစ်သည်။ အခြား မှိုပွင့်များမှာမူ သူမ၏ စကားများကို နားမလည်သောကြောင့်လား သို့မဟုတ် ၎င်းတို့၏ မှတ်ဉာဏ်များ ဖျောက်ဖျက်ခံလိုက်ရသောကြောင့်လားတော့ မသိပေ။ ၎င်းတို့မှာ သူမ၏ ပြောစကားများအား အဖက်မလုပ်ကြသည့်ပုံပင်။

သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းတို့နှင့် မတူသောကြောင့် ဝမ်ရီရီ၏ စကားများကိုကြားလိုက်ရသည်နှင့် ရင်ခုန်သံများ ဗြောင်းဆန်သွားရခြင်းဖြစ်၏။

" ဒီကမ္ဘာကြီးထဲမှာ ဘာတွေဖြစ်နေတာလဲ "

ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ ရင်ခုန်သံများ ဗြောင်းဆန်နေစဉ် ဝမ်ရီရီမှာ သူမ လိုက်ရှာနေခဲ့သည့်အရာအား ရှာတွေ့သွားသည့်ပုံဖြင့် ကောင်းကင်ကြီး၏ အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာ၏။ သူမ၏ လက်ထဲတွင်မူ ပုလင်းလေးတစ်လုံး ရှိနေသည်။

ဝမ်ရီရီအား မျက်ခြည်မပြတ် စောင့်ကြည့်နေသည့် ဝမ်ပေါင်လဲ့မှာ ထို ပုလင်းလေးအား မြင်လိုက်ရသည်နှင့် အံ့ဩတုန်လှုပ်ကာ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရတော့သည်။

" ဒါ... " ဝမ်ပေါင်လဲ့မှာ မှင်တက်နေရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုပုလင်းလေးအား ရင်းရင်းနှီးနှီး မြင်ဖူးနေသည်ဟု ခံစားနေရသောကြောင့်ပင်။ သို့သော် ဤ နေရာ၌ ထိုပုလင်းလေး ရှိနေသည့်အချက်မှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလွန်းနေ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ချက်ချင်း မျက်မှန်းတမ်းမိလိုက်သည့်တိုင်အောင် မယုံနိုင်လောက်အောင် ဖြစ်နေရဆဲပင်။

အဘယ်ကြောင့်ဆိုသော် ထိုပုလင်းလေးမှာ... လက်ရှိတွင် သူ၏ ခန္ဓာကိုယ်အစစ်ပေါ်ရှိ သိုလှောင်အိတ်ထဲတွင် ရှိနေသော... ဆုတောင်းပြည့်ပုလင်းလေး ဖြစ်နေသောကြောင့်ပင်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ မှင်တက်နေစဉ် ဝမ်ရီရီမှာ ဆုံးဖြတ်ချက်ပြတ်သားသည့် မျက်ဝန်းများဖြင့် ထို ပုလင်းလေးအား လက်ထဲ၌ ဆုပ်ကိုင်ထား၏။ သို့ဖြစ်ရာ သူမသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ပုံပင်။

" ဒါ ရုပ်ချောချော ဦးလေးကြီးတစ်ယောက် ပေးခဲ့တဲ့ လက်ဆောင်တစ်ခုပဲ။ ဒီပုလင်းလေးကိုသုံးပြီး ဆုတောင်းလို့ရတယ်တဲ့။ ငါ... နင်တို့တွေအကုန်လုံး ဘေးအန္တရာယ်ကင်းရှင်းပြီးတော့ ဘယ်သူမှ နင်တို့ကို အန္တရာယ်မပြုနိုင်ဖို့ ဆုတောင်းပါတယ် " ဝမ်ရီရီမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူမ၏ လက်ကို မြှောက်လိုက်၏။ ထိုအခါ ကောင်းကင်ကြီးထဲ၌ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာသည်။

ထို့နောက် သူမသည် ထို ဆုတောင်းပြည့်ပုလင်းလေးအား ထို အက်ကွဲကြောင်းကြီးထဲသို့ လှမ်းပစ်လိုက်တော့သည်။

ထို အက်ကွဲကြောင်းကြီး ပေါ်ပေါက်လာသည်နှင့် ပြင်ပကမ္ဘာထဲရှိ အငွေ့အသက်တစ်မျိုးမှာ အထဲသို့ တိုးဝင်လာသဖြင့် ကမ္ဘာကြီးတစ်ခုလုံးမှာ တုန်ရီသွားရ၏။ အက်ကွဲကြောင်းကြီးထဲသို့ ပစ်ထည့်ခံလိုက်ရသည့် ဆုတောင်းပြည့်ပုလင်းလေးမှာမူ အရွယ်အစား သေးငယ်သွားကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကမ္ဘာကြီးထဲသို့ ဝင်ရောက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေရသည့်တိုင်အောင် ကောင်းကင်ကြီးပွင့်သွားပြီး ပြင်ပကမ္ဘာထဲမှ အငွေ့အသက်များ တိုးဝင်လာချိန်တွင် သူ၏ အသိစိတ်ဖြင့် အက်ကွဲကြောင်းကြီး၏ အပြင်ဘက်သို့ ခုန်ထွက်ကာ ပြင်ပကမ္ဘာကြီးအား ကြည့်ရှုချင်စိတ်များ ပေါ်ပေါက်လာဆဲပင်။

သို့သော် သူ၏ ဆန္ဒအတိုင်း ဖြစ်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ နတ်ဘုရားအသိစိတ်ဖြင့် ပြေးထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ချန်ဟန်းမှာ သူ့ကိုယ်သူ သူရဲကောင်းတစ်ယောက်အဖြစ် အမှန်တကယ် ယုံကြည်နေသည့် အမူအရာဖြင့် ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး အော်ဟစ်လိုက်သောကြောင့်ပင်။

" စုန်းမကြီး။ ငါ့ကို လက်ထပ်ပါ။ ငါက မှိုပွင့်မျိုးနွယ်စုရဲ့ သူရဲကောင်းပဲ။ ငါက စုန်းမကြီးနဲ့ လက်ထပ်၊ နတ်ဝိဇ္ဇာကြီးရဲ့ နေရာမှာ အစားထိုးပြီးတော့ မှိုပွင့်မျိုးနွယ်စုရဲ့ အထွတ်အထိပ်ကို တက်လှမ်းဖို့ ကံပါလာပြီးသား "

ထိုစကားသံကြီးကြောင့် ဘေးပတ်ပတ်လည်ရှိ မှိုပွင့်များမှာ စိတ်လှုပ်တရှား ဖြစ်သွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း မှင်တက်သွားရသည်သာ ဖြစ်သည်။ ကောင်းကင်ကြီး၏ အပြင်ဘက်တွင် ရှိနေသည့် ဝမ်ရီရီမှာလည်း ဆွံ့အသွားရသည့်ပုံပင်။ သူမသည် ချန်ဟန်းအား အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေ၏။

သို့သော် မည်သူမှ စကားမပြောနိုင်ခင်မှာပင် ဝမ်ရီရီ၏ ဖခင်မှာ သူမ၏ ဘေး၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ သူသည် အဖြူရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီး ဖြစ်ပေသည်။ သူသည် ဆုတောင်းပြည့်ပုလင်းလေး၏ အငွေ့အသက်များနှင့် ကောင်းကင်ကြီးထဲ၌ ပေါ်ပေါက်လာသည့် အက်ကွဲကြောင်းအား အာရုံခံမိသွားသဖြင့် ရောက်ရှိလာသည့်ပုံပင်။

ထိုအခါ သူသည် အက်ကွဲကြောင်းကြီးထဲသို့ ပစ်ထည့်ခံလိုက်ရသည့် ဆုတောင်းပြည့်ပုလင်းလေးနှင့် အသံကုန်အော်ဟစ်နေသည့် ချန်ဟန်းအား မြင်လိုက်ရ၏။ ထို့အပြင် သူသည် ချန်ဟန်း၏ ခန္ဓာကိုယ်ထဲ၌ ပုန်းကွယ်နေသော ဝမ်ပေါင်လဲ့ကိုလည်း မြင်လိုက်ရသေးသည်။

" ဒီတစ်ခေါက်လည်း မင်းပဲကိုးကွ " သူ၏နှုတ်မှ ထိုစကားသံကြီးထွက်ပေါ်လာသည်နှင့် မျက်လုံးဖြင့် မမြင်နိုင်သည့် စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်၌ စုဆုံသွား၏။ ၎င်းမှာ အရာအားလုံးကို ချေမှုန်းပစ်နိုင်စွမ်းရှိသော လေပြင်းတစ်ချက်ကဲ့သို့ပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံလိုက်ရပြီး ဦးရေခွံတစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရ၏။ သူ၏ အသိစိတ်မှာလည်း တစ်စစီ ကြေမွပျက်စီးသွားတော့မည့်ပုံပင်။ ထိုကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေတောနိုင်စွမ်း မရှိတော့ဘဲ သူ၏ လက်ကျန်အသိစိတ်များကို အသုံးပြုကာ ရေရွတ်လိုက်တော့သည်။

" ဉာဏ်အလင်းပွင့်စေသော်၊ ကောင်းကင်တာအို အကျဉ်းသား၊ ခန္ဓာရှိသမျှ ဘေးဒုက္ခကို ခံစားကြရပေ၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာကို အာရုံပြုပါ။ ကျင့်ကြံခြင်းလမ်းက စောင့်နေသည် "

၎င်းမှာ တာအိုဂါထာတော် ဖြစ်ပေသည်။

သူ ထို တာအိုဂါထာတော်အား ရွတ်ဖတ်လိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် တိုက်ခတ်နေသည့် အရာအားလုံးအား ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်းရှိသော လေပြင်းများမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့မှာ ထိုလေပြင်းများ ရပ်တန့်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချန်ဟန်းနှင့် သူ၏ ကြားရှိ ချိတ်ဆက်မှုအား ချက်ချင်း ဖြတ်တောက်လိုက်၏။ ထို့ကြောင့် ခဏအကြာတွင် ကံကြမ္မာဂြိုဟ်ပေါ်ရှိ မြူခိုးများထဲ၌ တင်ပျဉ်ခွေထိုင်နေသော သူ၏ ခန္ဓာကိုယ်အစစ်မှာ မျက်လုံးများ ပြန်ပွင့်လာပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားတော့သည်။

ထို့နောက် သူသည် သွေးတစ်ပွက် အန်ထွက်လာ၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ပျက်စီးသွားတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်နေပြီဖြစ်သလို သူ၏ ခန္ဓာကိုယ်မှာလည်း စတင်ကွဲအက်လာပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ ခြေလက်များသာမက သူ၏ အတွင်းကလီစာများပါ အသိစိတ်ဝင်လာကြပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားချင်နေသည့်ပုံ ပေါက်နေတော့သည်။

ထို့အပြင် အသွေးအသားများဖြင့် ဖွဲ့စည်းထားသည့် အမျှင်အတန်းများမှာလည်း သူ၏ ခန္ဓာကိုယ်ထဲမှ ထိန်းမနိုင်သိမ်းမရ ထိုးထွက်လာကြ၏။

သူ၏ ပါးစပ်ထဲမှ အန်ထွက်လာသည့် သွေးများမှာမူ မရေမတွက်နိုင်လောက်အောင် များပြားသည့် လူပုလေးများအသွင် ပြောင်းလဲသွားကြပြီး အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားကြ၏။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သောဖြစ်ရပ်မျိုးနဲ့ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြုံဖူးခြင်းဖြစ်သည်။ သို့သော် သူသည် ထို အဖြူရောင်ဆံပင်နှင့် လူကြီးမှာ ပစ္စုပ္ပန်တွင် ရှိနေသည့် သူ့အား ဘာမှ မလုပ်ခဲ့ကြောင်း သိထား၏။ သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ၌ ရှိနေခဲ့စဉ်တုန်းက ထိုလူကြီး၏ တွန်းထုတ်ခြင်းကို ခံလိုက်ရခြင်းသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ထိုစွမ်းအားများကို တောင့်ခံနိုင်စွမ်းမရှိခဲ့ပေ။ ဆေးလုံးများ သောက်သုံးရုံနှင့်လည်း သူ၏ ဝေဒနာများမှာ ပျောက်ကင်းသက်သာသွားမည်မဟုတ်ပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ လုံးဝ သေဆုံးသွားရတော့မည်ဖြစ်ကြောင်း အာရုံခံမိလိုက်သည်နှင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ဆုတောင်းပြည့်ပုလင်းလေးအား ထုတ်ယူလိုက်၏။

ထို့နောက် သူသည် သူ၏ လက်ကျန် စိတ်စွမ်းအားများကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်မသွားအောင် ထိန်းသိမ်းထားရင်း အသံကုန်အော်ဟစ်လိုက်တော့သည် " ငါ့ရဲ့ ဒဏ်ရာတွေအကုန်လုံး ပျောက်ကင်းသွားဖို့ ဆုတောင်းပါတယ် “

All Chapters