မြေဆွဲအားနှာမောင်း
Vol. 44 Ch. 604
ချင်မူ လော့ဖူကောင်းကင်ဘုံအား ကြည့်လိုက်သည်။ အဝေးတွင် ပိရမစ်သဏ္ဍာန် ယဇ်ပလ္လင်များသည် မြေပြင်တစ်လျှောက် ထူမတ်နေပြီး ကြဲကြဲပါးပါး မြူခိုးငွေ့များအကြား တန်ခိုးရှင်သစ်ခုတ်သမားနှင့် ဖုရွေ့လော်တို့ တိုက်ခိုက်နေသော ယဇ်ပလ္လင်ကို ခပ်ရေးရေးမျှ မြင်နေရ၏။
ဥက္ကာခဲအလုံးကြီး၏အပေါ်မှ ကြည့်လျှင် လော့ဖူကောင်းကင်ဘုံမှာ ထောင်ထားသော ပန်းချီကားတစ်ချပ်နှင့် တူသည်။ လော့ဖူကောင်းကင်ဘုံ၏ နေရာအတော်များများမှာ အဖြူအမည်းမှအပ တခြားအရောင်များ မရှိသော်လည်း မီးတောင်တို့ ပေါက်ကွဲသည့်အခါ မီးရှူးမီးပန်းများ ဖောက်လိုက်သကဲ့သို့ မီးရောင်များ လင်းလက်သွားတတ်၏။ ထို့ကြောင့် ဤတောင်တန်းမြစ်ပြင်ပန်းချီကားမှာ ငြီးငွေ့ဖွယ်ပန်းချီကားတစ်ချပ် ဖြစ်မနေပေ။
တစ်ချက်တစ်ချက် ကြယ်များဆီမှ အပိုင်းအစများလည်း ပြုတ်ကျလာတတ်သည်။ မီးတန်းများက မီးမြွေများသဖွယ် ကောင်းကင်ယံမှ လူးလွန့်ဆင်းသက်လာတတ်သည်။ အမြန်နှုန်းမှာ အလွန်နှေးသယောင် ထင်ရသော်လည်း အမှန်တွင် ကြောက်စရာကောင်းလောက်အောင် မြန်၏။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ဖုရွေ့လော်တို့၏ ယဇ်ပလ္လင်က မိုင်တစ်ထောင်အကွာ၌ ရှိသောကြောင့် မြင်တော့မြင်ရသော်လည်း အစက်သေးသေးလေးသာ ဖြစ်နေသည်။
သို့သော် ထိုနေရာမှ အလင်းတန်းများ၊ မြူခိုးများမှာ ဖြာထွက်လာသည်ကို ချင်မူ မြင်နေရသည်။ အလင်းတန်းများသည် အသေးစားနေတစ်စင်းပမာ အလွန်စူးရှပြင်းထန်လှ၍ ဤနေရာမှပင် စူးရှနေသော အလင်းရောင်ကို ခံစားနေရသည်။
ကျားနတ်မင်းနှင့် အဘွားစစ်၏ တိုက်ပွဲမှာမူ ခမ်းနားကြီးကျယ်လှသည်။ နတ်ဘုရားလေးပါးစလုံး၏ လှုပ်ရှားမှုတိုင်းအား ရှင်းလင်းပြတ်သားစွာ မြင်နေရ၏။
ချင်မူ ခြေလှမ်းများကို ရပ်တန့်လိုက်သည့်အခါ ကျဲ့ဟွလီနှင့် ချီကျုံရီလည်း ပြိုင်တူရပ်လိုက်ကြသည်။ လူငယ်လေးသုံးယောက်သည် ဧရာမဥက္ကာခဲကြီးအပေါ်တွင် လှည့်ပတ်ကြည့်ရှုနေကြ၏။
ဤနေရာ၌ ကောင်းကင်သည် မြင့်မားနေပြီး မြူခိုးများလည်း ကြဲပါးနေသဖြင့် သူတို့အား လွတ်လွတ်လပ်လပ် ဖြစ်သွားသလို သက်တောင့်သက်သာ ခံစားရစေသည်။ ရုတ်တရက် ဂြိုဟ်ကြီးတစ်လုံးက ဤဥက္ကာခဲကြီးဘက်သို့ ရွေ့လျားလာ၏။ ဂြိုဟ်ကြီးမှာ အလွန်ကြီးမားသည့်အပြင် အချိန်မရွေး ပြိုကျလာတော့မည့်အလား ထင်ရ၏။
ဂြိုဟ်ကြီး ရွေ့လျားလာနေစဉ် ကောင်းကင်မှာ တွန့်လိပ်သွားပြီး မြေပြင်တွင်လည်း အက်ကွဲကြောင်းများ ဖြာထွက်နေသည်။ တောင်များ၊ ချိုင့်များ လျင်မြန်စွာ ပေါ်ထွက်လာနေရာ ထိုမြင်ကွင်းမှာ အတိုင်းထက်အလွန် ကြောက်စရာလှ၏။
အဝေးတွင် ကျားနတ်မင်း၊ အဘွားစစ်၊ မုတူလော်နှင့် ယွီလော်ရှတို့က မြောက်တက်လာခဲ့သည့် မြေပြင်ပေါ် ခုန်တက်ကာ တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြသည်။
“လော့ဖူကောင်းကင်ဘုံ ဘာကြောင့် အခုလို အခြေအနေဖြစ်သွားတာလဲ ကျဲ့ဟွလီ သိလား” ချင်မူ စပ်စုကြည့်လိုက်သည်။
ကျဲ့ဟွလီက တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။ “အကြောင်းရင်းကိုတော့ ဆရာဖုရွေ့လော် တစ်ခါပြောတာ ကြားဖူးတယ်... ဆန်းကြယ်ကြယ်တွေ ဘက်နေမှန်းမသိ ပေါ်လာပြီး လော့ဖူကောင်းကင်ဘုံအပေါ်မှာ ရပ်သွားတယ်တဲ့... အဲဒီနောက်ပိုင်း ဟင်းလင်းပြင် လိမ်ခေါက်ကုန်ပြီး ကပ်ဆိုက်လာတယ်... အဲဒီနေ့ကစပြီး လော့ဖူကောင်းကင်ဘုံက နေဖို့ မသင့်တော်တော့တာပဲတဲ့”
သူ ပြောသည့် ဆန်းကြယ်ကြယ်များ ဆိုသည်မှာ ကောင်းကင်ယံရှိ ဂြိုဟ်အပဲ့များဖြစ်သည်။ သူတို့၏နေရာဆီမှ ကြည့်လျှင် ၎င်းတို့သည် မတန်မဆ ကြီးမားနေပြီး ဂြိုဟ်များအပေါ်ရှိ တောင်တန်းများကိုပင် မြင်နေရ၏။
“ငါ့ဆရာနဲ့ ငါက မျိုးနွယ်မတူပေမယ့် အိမ်ကို လွမ်းနေတဲ့ သူ့နှလုံးသားကို ငါ ခံစားမိတယ်”
သူက အလေးအနက် ပြောသည်။ “ဆရာဖုရွေ့လော် ပြောပုံအရဆို... သူက အစတုန်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးဘုရင် မဟုတ်ဘူး... မူလနတ်ဆိုးဘုရင် ရှိတယ်... သူက မိစ္ဆာနတ်ဘုရားတွေကို ခေါ်သွားပြီး လော့ဖူကောင်းကင်ဘုံအပေါ်က ဂြိုဟ်တွေကို ဖျက်စီးဖို့ ထွက်သွားခဲ့တာ... ဒါပေမဲ့ တစ်ယောက်မှ ပြန်မလာခဲ့ဘူး... ဆရာဖုရွေ့လော် ပြောတာတော့ အဲဒီဆန်းကြယ်ကြယ်ဆီ သူ လိုက်သွားတော့ အကုန်လုံး သေနေကြပြီတဲ့”
ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ “ဒါဆို ဘာလို့ ဖုရွေ့လော်က ဒီဆန်းကြယ်ကြယ်တွေကို မဖျက်စီးဘဲ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို နှစ်နှစ်သောင်းတိုင်အောင် တိုက်ခိုက်ပြီး မိစ္ဆာနတ်ဆိုးတွေရော၊ လူသားတွေရော သေစေခဲ့တာလဲ”
ကျဲ့ဟွလီက ခေါင်းယမ်းကာ ပြောလိုက်သည်။ “အဲဒါက အရေးကြီးတဲ့ လျှို့ဝှက်ချက်ပဲ... သူ အသေးစိတ် မပြောပြခဲ့ဘူး”
ချင်မူ ချီကျုံရီဆီသို့ ကြည့်ကာ စပ်စုကြည့်လိုက်၏။ “နောင်တော်ချီက ကောင်းကင်နတ်ဘုံကမလား.... ဒီဆန်းကြယ်ကြယ်တွေနဲ့ပတ်သက်ပြီး တစ်ခုခု သိထားလား”
ချီကျုံရီ တစ်စုံတစ်ခု ပြောတော့မည့်အချိန် ဂြိုဟ်ကြီးက သူတို့ခေါင်းအပေါ်သို့ ရောက်လာပြီဖြစ်သည်။ သုံးယောက်သား ခန္ဓာကိုယ်များ တမုဟုတ်ချင်း ပေါ့ပါးသွားသလို ခံစားလိုက်ရ၍ ထိတ်လန့်သွားကြ၏။
ချင်မူက ဓားစက်လုံးကို ကမန်းကတန်း ထုတ်ကာ တိုင်လုံးကြီးသဏ္ဍာန် ဖွဲ့တည်လိုက်သည်။ သူက ဟန်ချက်ထိန်းရန် ဓားတိုင်လုံးကြီးကို သူတို့ခြေထောက်အောက်ရှိ ဥက္ကာခဲကြီးထဲသို့ စိုက်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျဲ့ဟွလီ၏ မိစ္ဆာဓားမကလည်း ဥက္ကာခဲကြီးဆီသို့ စိုက်ချလိုက်သလို၊ ချီကျုံလီ၏ ခြေထောက်ကလည်း ငှက်ခြေသည်းများအသွင် ပြောင်းကာ ဥက္ကာခဲကြီးအား ဆွဲကုပ်ရန် ပြင်နေသည်။ သူက ဆန်းကြယ်ဂြိုဟ်ကြီး၏ မြေဆွဲအားဖြင့် စုပ်ယူမခံရအောင် မြဲမြံစွာ ကုပ်ထားရန် ကြိုးစားနေကြ၏။
ထို့နောက် သူတို့နဖူးမှ ချွေးများကျလာကြသည်။
ချင်မူ၏ဓားတိုင်လုံးမှာ ဥက္ကာခဲဆီမှ ပြန်ကန်ထွက်သွားသည်။ ကျဲ့ဟွလီ၏မိစ္ဆာဓားမလည်း ဥက္ကာခဲကြီးထဲသို့ မထိုးဖောက်နိုင်ပေ။ ချီကျုံရီ၏ ငှက်ခြေသည်းများက အလွန်သန်မာသော်လည်း ဥက္ကာခဲကြီးမှာ အလွန်ခိုင်ခံ့မာကြောနေသဖြင့် သူ၏ခြေသည်းများပင် ကျိုးမတတ် ဖြစ်သွားသည်။
ဝေါ
မြေဆွဲအားမှ မိုးကြိုးမီးပွားများ ထွက်လာပြီး နှာမောင်းတစ်လုံး ဖွဲ့တည်လိုက်သည်။ ဆွဲအားနှာမောင်းတစ်ချက်၏ အဝှေ့တွင် သူတို့သုံးယောက်သား လေပေါ် မြောက်တက်သွားတော့သည်။
လူငယ်လေးသုံးယောက်က ပျာယာခတ်မသွားဘဲ သိုင်းကွက်ကိုယ်စီ ထုတ်ဖော်ကာ မိုးကြိုးမီးပွားများဖြင့် ဖွဲ့တည်ထားသော မြေဆွဲအားနှာမောင်း၏ အတွင်းမှ ထွက်ရန် ကြိုးစားကြသည်။ ချင်မူက နွားခေါင်းလူကိုယ် အင်္ဂါဂြိုဟ်အရှင်သခင်အသွင် ပြောင်း၍ အမြွှာမီးနဂါးနှစ်ကောင်ကို စီးနင်းလိုက်သည်။ မီးနဂါးနှစ်ကောင်က သူ့ကို သယ်လျက် တရှိန်ထိုး ပြေးလေသည်။
ကျဲ့ဟွလီက ဓားမမြှောက်လိုက်ပြီး ဓားမရောင်များသည် ဆွဲအားနှာမောင်းအား တဖျတ်ဖျတ် ခုတ်ထစ်နေ၏။
အခြားတစ်ဖက်တွင် ချီကျုံရီက ခေါင်းကိုးလုံးမီးငှက်အသွင်ဖြင့် တောင်ပံများခတ်ကာ ပျံသန်းနေသည်။ သူ၏အလျင်က ချင်မူနှင့် ကျဲ့ဟွလီထက်ပင် ကြောက်ခမန်းလိလိ မြန်လေသည်။
သို့သော် သုံးယောက်လုံးသည် အငယ်မျိုးဆက်၏ ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်သော်လည်း ဤဆွဲအားနှာမောင်းထဲမှ လွတ်အောင် မရုန်းထွက်နိုင်ကြပေ။ နှာမောင်းက သူတို့ကို ကောင်းကင်ထက်သို့ စွေ့သယ်သွားပြီး မြင့်သထက် မြင့်သွား၏။
‘တယ်တော်လိုက်တဲ့ အစ်ကိုကြီးကျား.... ငါတို့ကို ဒီဥက္ကာခဲဆီ ပို့လိုက်ရတယ်လို့... အခုတော့ ဆန်းကြယ်ကြယ်ရဲ့ မြေဆွဲအားကြောင့် ငါတို့အားလုံး အမြင့်ကြီးရောက်နေပြီ’
ချင်မူ့နဖူးမှ ချွေးများ ကျလာပြီး သူက ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်ကာ ပတ်ဝန်းကျင်ရှိ လေများအား ရင်ခေါင်းထဲသို့ စုပ်သွင်းလိုက်၏။
သူ့အနေဖြင့် မြေဆွဲအားနှာမောင်းဆီမှ မရုန်းထွက်နိုင်သည့်အတွက် ဤနှာမောင်း အားနည်းသွားမည်ကိုသာ စောင့်ရလိမ့်မည်။ အပြင်အာကာသ၌ လေမရှိသောကြောင့် လေကို ရင်ခေါင်းထဲ၌ ဦးစွာသိမ်းထားရန် လိုအပ်သည်။
ကံကောင်းစွာနှင့် သူ၏အစွမ်းအစများက အားမနည်းသောကြောင့် ရင်ခေါင်းအတွင်းတွင် လေများစွာ ထည့်ထားနိုင်လိုက်သည်။ တစ်ရက်တာ အသက်ရှူစရာမလိုအောင် လုံလောက်သဖြင့် အပြင်အာကာသသို့ ရောက်သွားလျှင်ပင် အသက်အန္တရာယ် မစိုးရိမ်ရပေ။
ချီကျုံရီနှင့် ကျဲ့ဟွလီလည်း အသက်ပြင်းပြင်းရှူနေကြသည်။ သူတို့သည် သာမန်လူထက် ဉာဏ်ကောင်းကြသူများ ဖြစ်သည့်အလျောက် ချင်မူ့အတိုင်း အရေးကြီးသည့်အချက်ကို လျင်မြန်စွာ တွေးမိလိုက်ကြ၏။
မြေဆွဲအားနှာမောင်း သူတို့ကို အပေါ်သို့ စွေ့သယ်သွားသည်နှင့်အမျှ အောက်ရှိ ဥက္ကာခဲနှင့် လော့ဖူကောင်းကင်ဘုံမှာ ဝေးသထက် ဝေး၍ ကျန်ခဲ့သည်။
ချင်မူ့နဖူးမှ ချွေးများစွာ ကျနေသည်။ အဘယ်ကြောင့်ဆိုသော် ... သူတို့၏ခေါင်းပေါ်၌ မရေမတွက်နိုင်သော မိုးကြိုးတန်းများ လူးလာကူးခတ်နေချေသည်။
ဂျိမ်း
မိုးကြိုးတစ်တန်းက ရုတ်တရက် ရွေ့လာပြီး သူ့ဆီသို့ ပစ်ချလိုက်၏။ ၄င်းက ပတ်ဝန်းကျင်ရှိ မိုးကြိုးတန်းများကိုလည်း ညှို့ယူလိုက်သဖြင့် တမုဟုတ်ချင်း မိုးကြိးပင်လယ်တစ်စင်း ဖွဲ့တည်လာတော့သည်။
ချင်မူ ဓားပျံများဖြင့် သူ့ခန္ဓာကိုယ်ကို ကပျာကယာ ဝန်းရံလိုက်သည်။ ရုတ်တရက် ဓားပျံများက သုံးကိုက်အရွယ် သံလုံးအကြီးအသွင် ပေါင်းစည်း၍ ချင်မူ့ကို လွှမ်းခြုံကာ မိုးကြိုးပင်လယ်အား ဟန့်တားလိုက်၏။
မိုးကြိုးတန်းများက သံလုံးကို တဒုန်းဒုန်း ဝင်ဆောင့်နေ၍ သံလုံးမှာ ခြစ်ခြစ်တောက် ပူပြင်းလာပြီး အချိန်မရွေး အရည်ပျော်ကျတော့မည့်အလား ဖြစ်နေသည်။
အခြားတစ်ဖက်တွင် ချီကျုံရီနှင့် ကျဲ့ဟွလီလည်း အခြေအနေမကောင်းပေ။ မိုးကြိုးများက သူတို့သုံးယောက်လုံးအား အလုံးအရင်းဖြင့် ပစ်ချနေကြသည်။
တခဏကြာသော် မိုးကြိုးတန်းများ လွင့်စင်သွား၍ ချင်မူ ဓားစက်လုံးအား အလျင်အမြန် သိမ်းလိုက်သည်။ မြေဆွဲအားနှာမောင်းက ရှိနေဆဲဖြစ်ပြီး လူးလွန့်နေသော မြွေကြီးတစ်ကောင်သဖွယ် သူတို့ကို လည်ဝိုက်နေသေးကြောင်း မြင်လိုက်ရ၏။ တစ်ချက်တစ်ချက် အလွန်စူးရှတောက်ပသည့် အလင်းတန်းများ ဖြာထွက်လာပြီး တစ်စက္ကန့်တိုင်း အရောင်တစ်ရောင် ပြောင်းလဲသွားတတ်သည်။
ချင်မူ ခေါင်းမော့လိုက်သည့်အခါ ရင်ထဲ လေးလံသွားလေသည်။ သူတို့သုံးယောက်စလုံး လော့ဖူကောင်းကင်ဘုံမှ ထွက်လာခဲ့ပြီး ဆန်းကြယ်ကြယ်၏ ကောင်းကင်ထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။
‘သေစမ်း...’
ချင်မူ ခေါင်းကြိမ်းသွား၏။ ထိုစဉ် ဆန်းကြယ်ကြယ်ပေါ်တွင် စိမ်းစိုနေသော တောင်တန်းများကို မြင်လိုက်ရ၍ သူ စိတ်အေးသွားသည်။ ဤနေရာတွင် သစ်ပင်များ ရှိနေသည့်အတွက် လေလည်း ရှိလိမ့်မည်။ လူသားများ အသက်ရှူရန် သင့်တော်မည်လားကိုတော့ သူ မသိပေ။
ဝေါ.....
သုံးယောက်သား မြေဆွဲအားနှာမောင်းထဲမှ ခါထုတ်ခံလိုက်၍ ဒလိမ့်ခေါက်ခွေး ပြုတ်ကျသွားကြသည်။ အတော်ဝေးဝေးရောက်မှ ဟန်ချက်ထိန်းလိုက်နိုင်ကြ၏။
လူငယ်လေးသုံးယောက်မှာ ကောင်းကင်ယံတွင် ရပ်ကာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။ ချီကျုံရီ၏ ခေါင်းကိုးလုံးက ယမ်းခါနေပြီး တဖြည်းဖြည်း သူ၏လည်ပင်းထဲသို့ နစ်မြုပ်သွားကာ ခေါင်းတစ်ခေါင်းတည်း ကျန်ခဲ့၏။ ထို့နောက် သူ့ရုပ်သွင်က လူပုံစံ ပြန်ဖြစ်လာသည်။
“လော့ဖူကောင်းကင်ဘုံဆီ ဘယ်လိုပြန်ကြမလဲ..”
သုံးယောက်သား လော့ဖူကောင်းကင်ဘုံရှိရာသို့ လှမ်းကြည့်လိုက်သည့်အခါ ခေါင်းကိုက်သွားကြ၏။ လော့ဖူကောင်းကင်ဘုံကား ပျောက်ကွယ်သွားချေပြီ။
မှန်သည်၊ လော့ယူကောင်းကင်ဘုံကား အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားပြီး မည်းမှောင်နေသော အာကာပြင်သာ ကျန်ခဲ့သည်။
ဤဆန်းကြယ်ကြယ်သည် လော့ဖူကောင်းကင်ဘုံ၏ အပြင်အာကာသ၌ လည်ပတ်နေခြင်း ဖြစ်ပြီး လော့ဖူကောင်းကင်ဘုံ၏ ကောင်းကင်ဆီသို့ မည်သည့်အချိန်မှ ပြန်ရောက်တော့မည်ကို မသိနိုင်ပေ။
ချင်မူ တွက်ချက်ရေးကိရိယာများ အလျင်အမြန် ထုတ်၍ ကြယ်ပတ်လမ်းကို တွက်ချက်ကြည့်သည်။ ဤကြယ် လော့ဖူကောင်းကင်ဘုံသို့ ပြန်ရောက်မည့်အချိန်အား တွက်ပြီးသည့်အချိန်တွင် သူ မှင်သက်သွား၏။
သူက အာကာသထဲသို့ မော့ကြည့်လိုက်သည်။ အာကာသထဲရှိ ကြယ်များသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့်မတူပေ။ ဆိုလိုသည်က သူ တာအိုဂိုဏ်းမှ သင်ယူခဲ့သော အက္ခရာသင်္ချာမှာ အမှိုက်ဖြစ်သွားချေပြီ။ သူ့အနေဖြင့် ပတ်လမ်းကြောင်းများအတိုင်း ရွေ့လျားနေသည့် နက္ခတ်တာရာများကို စောင့်ကြည့်ရင်း ဤဆန်းကြယ်ကြယ်၏ ပတ်လမ်းအား တွက်ချက်နိုင်သော်လည်း အနည်းဆုံး တစ်နှစ်ကြာလိမ့်မည်။
ချင်မူ့ရင်ထဲတွင် အေးစက်သွား၏။ “ဒီဆန်းကြယ်ကြယ်ပေါ်မှာ တစ်နှစ်က ဘယ်လောက်ကြာတာလဲ.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တစ်လလား... တစ်နှစ်လား... နှစ်တစ်ရာလား.... နှစ်ထောင်ပေါင်းများစွာလား”
ချီကျုံရီက ဘေးဘီဝဲယာသို့ ကြည့်ကာ မျက်လုံးများတောက်ပသွားသည်။ သူက အဝေးသို့ လျှောက်သွားပြီး ပြောသည်။ “ဒီနေရာမှာ စစ်ပွဲဖြစ်ခဲ့ဖူးတဲ့ ခြေရာလက်ရာတွေ ရှိနေတယ်... တစ်ချက်လောက် သွားကြည့်ကြစို့... ထွက်သွားနိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှာတွေ့လောက်ပါတယ်”
ချင်မူနှင့် ကျဲ့ဟွလီလည်း ခပ်သုတ်သုတ် လိုက်သွားသည့်အခါ စစ်ပွဲ၏ အပျက်အစီးများကို မြင်လိုက်ရသည်။ ဤစစ်ပွဲကား နတ်ဘုရားတို့၏ စစ်ပွဲဖြစ်လိမ့်မည်။ တောင်ထိပ်များမှာ တိတိရိရိ ပြားကပ်နေပြီး လက်ဝါးသဏ္ဍာန် ရေကန်များ မြင်တွေ့ရ၏။ အသားတို့ ဆွေးမြည့်သွား၍ အရိုးဖြူဖြူများသာ ကျန်တော့သော အလောင်းကြီးများလည်း ပြန့်ကြဲနေကြသည်။
အဝေးတွင် မြင့်မားသော တောင်တစ်လုံးအပေါ်၌ နန်းဆောင်တစ်ခု မားမားမတ်မတ် ရပ်တည်နေသည်။ နန်းဆောင်မှာ အလွန်ခံ့ညားထည်ဝါပြီး အနည်းငယ်မျှ မပျက်စီးခဲ့ပုံရ၏။
ချင်မူ အတန်ငယ် မှင်သက်သွားသည်။ သူက ခြေလှမ်းများကို ရပ်၍ ကောင်းကင်သို့ အလျင်အမြန် ခုန်တက်လိုက်သည်။
ချီကျုံရီနှင့် ကျဲ့ဟွလီလည်း သူ့ကို မြင်လျှင် ကောင်းကင်သို့ ကပျာကယာ ပျံတက်ကာ သတိအနေအထားဖြင့် ကြည့်လိုက်ကြသည်။
“နောင်တော်ချင် အန္တရာယ်တွေ့လို့လား” ချီကျုံရီက မျက်လုံးများမှေးကျဉ်း၍ မေး၏။
ချင်မူက မဖြေဘဲ အပေါ်စီးမှနေ၍ အောက်ရှိ မြေပြင်အနေအထားအား ငုံ့ကြည့်နေသည်။ သူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွား၏။
ဤဆန်းကြယ်ကြယ်၏ မြေပြင်အနေအထားကို ရင်းနှီးနေချေသည်။
ပရမတ္တလှေ၏ အပြင်ရှိ တောင်ကြားလမ်းဖြစ်ရပ်အား သူ ပြန်တွေးမိလိုက်သည်။ ထိုစဉ်က တည်ဆောင်သူဂိုဏ်းသခင်၏ ဒယ်အိုးထဲမှ သဲဝါဝါများ စီးမျောထွက်လာကာ မြေပုံများ ရေးဆွဲပြခဲ့သည်။ ဤဆန်းကြယ်ကြယ်၏ မြေပြင်အနေအထားက ထိုမြေပုံများအနက်မှ တစ်ခု ဖြစ်၏။
မြေပုံပေါ်တွင် နန်းဆောင်တစ်ခု၏ သင်္ကေတ ရှိနေခဲ့သည့်အတွက် တောင်ပေါ်က နန်းဆောင်သည် ထိုနန်းဆောင်ဖြစ်လိမ့်မည်။
‘အစ်ကိုကြီး ဒီကို ရောက်လာခဲ့တာလား... ဒီမှာများ ရှိနေလောက်မလား’
ချင်မူ စိတ်ပြန်ထိန်းလိုက်သည်။ တည်ထောင်သူဂိုဏ်းသခင်က ဒယ်အိုးထဲရှိ သဲဝါဝါများဖြင့် မြေပုံများစွာ ရေးဆွဲပြခဲ့ပြီး ပထမမြေပုံမှတစ်ဆင့် မဟာမြို့ပျက်ထဲတွင် ပုန်းနေခဲ့သော အကြီးအကဲချင်းဟွမ်ကို ချင်မူ ရှာတွေ့ခဲ့သည်။ အကြီးအကဲချင်းဟွမ်ကြောင့် နဂါးမျိုးနွယ်၏ ဘာသာစကားပြဿနာကို သူ ဖြေရှင်းနိုင်ခဲ့၏။
ဤမြေပုံတွင် မည်သည့်အရာကို ရှာတွေ့လိမ့်မည်နည်း။
“မှားသွားတာပါ”
ချင်မူက ရှက်ရွံ့သွားဟန်ဖြင့် မျက်နှာနီရဲသွားပြီး သူတို့နှစ်ယောက်အား ပြောလိုက်သည်။ “နတ်ဘုရားတစ်ပါးရဲ့ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်တွေ ရှိနေသေးတယ် မှတ်နေတာ... အခုတော့ ဘာမှမဟုတ်တော့ပါဘူး.. ရှေ့ဆက်သွားကြစို့”
ချီကျုံရီနှင့် ကျဲ့ဟွလီက မယုံသေးပေ။ ချီကျုံရီက ချောင်းဟန့်လိုက်သည်။ “ဒီနေရာက ဆန်းကြယ်ကြယ်ဆိုတော့ ဘာတွေဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး... နောင်တော်ချင် တစ်ခုခု တွေ့လိုက်ရရင် ထုတ်ပြောတာ အကောင်းဆုံးပဲ... အတူတူ ပူးပေါင်းမှ ဒီနေရာကနေ ငါတို့ ထွက်သွားနိုင်... အမ်”
ချီကျုံရီက နီးသထက် နီးလာနေသော တောင်ကို ကြည့်ကာ တွေဝေသွားသည်။ ကျဲ့ဟွလီ၏အကြည့် လင်းလက်သွား၏။ “နောင်တော်ချီ တစ်ခုခု တွေ့လိုက်လို့လား”
“ဒီတောင်က ရင်းနှီးနေတယ်မထင်ဘူးလား” ချီကျုံရီက ခပ်တိုးတိုး မေးလိုက်သည်။
ကျဲ့ဟွလီ တောင်ကို ကြည့်လိုက်ပြီး ရင်ထဲတွင် လှုပ်ရှားသွား၏။ သူက ခေါင်းညိတ်လိုက်သည်။ “ကောင်းကင်နတ်ဘုံက အထွတ်အမြတ်နတ်တောင်နဲ့ သိပ်ဆင်တယ်... ဒါမဲ့ ဒီတောင်က အစစ်မဟုတ်လောက်ဘူး”
ချီကျုံရီက ရှေ့ရှိ ချင်မူ့ဆီသို့ လှမ်းကြည့်ကာ ပြုံးလိုက်သည်။ “သူ့ကို မပြောဘဲ နေကြစို့.. ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး အနိုင်ယူရမယ်”
၎
င
၎
၎