← Chapters

ချိမင်ခေတ်က အလောင်း

Vol. 44 Ch. 606

ချိမင်ခေတ်က အလောင်း

Vol. 44 Ch. 606

ကောင်းကင်သံသရာကြယ် အသတ်အဖြတ်ဝင်္ကပါထဲတွင် ချီကျုံရီနှင့် ကျဲ့ဟွလီမှာ ချင်မူ့အသံကို ကြားလိုက်လျှင်ချင်း နှစ်ယောက်လုံး သွေးအန်လိုက်ကြရသည်။ ချင်မူ့ကြောင့် သွေးအန်ခြင်းမဟုတ်၊ ကောင်းကင်သံသရာကြယ် အသတ်အဖြတ်ဝင်္ကပါက တောက်ပလင်းထိန်နေသော နဂါးငွေ့တန်းအဖြစ် ရုတ်တရက် ပြောင်းလဲသွား၍ ဖြစ်သည်။

အသတ်အဖြတ်ဝင်္ကပါ အသက်ဝင်သွားသည်နှင့် လွင့်မျောနေသည့် ကြယ်သဲမှုန်များက ကြီးမားလာပြီး ကြယ်အလင်းရောင်တို့သည် တစ်ရောင်နှင့် တစ်ရောင် ဆွဲငင်ရင်း ဆက်သွယ်သွားကြ၏။ ရှုပ်ထွေးဆန်းပြား‌သော ကောင်းကင်နတ်သိုင်းအမှတ်အသားများက ကြယ်ရောင်သံကြိုးများအသွင် ဖွဲ့တည်လိုက်ကာ သူတို့နှစ်ယောက်အား တရစပ် တိုက်ခိုက်တော့သည်။

ထိုအချိန်တွင် နဂါးငွေ့တန်း၏အလယ်ရှိ ဘူးအသေးလေးက ဧရာမလေးထောင့်ဘူးကြီးတစ်ဘူး ဖြစ်လာပြီး နဂါးငွေ့တန်းထဲတွင် နိမ့်ချည်၊ မြင့်ချည် လွင့်မျောနေသည်။ အလင်းတန်းများက ဧရာမတိုင်လုံးကြီးပမာ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလာပြီး ကြယ်များနှင့် ထွေးယှက်ဆက်နွှယ်သွားသည်။

ဤအသတ်အဖြတ်ဝင်္ကပါမှာ သူတို့ ခုခံနိုင်သောအရာ မဟုတ်ပေ။

“နှစ် ၃၅၀၀၀၀ ... ဒီဂဏန်း အတုလား အစစ်လား”

နှစ်ယောက်လုံး သွေးတပွက်ပွက် အန်နေကြရပြီး အံတင်းတင်းကြိတ်လျက် မိမိကိုယ်ကို ကာကွယ်နေကြရသည်။ “ဘယ်လိုပဲဖြစ်ဖြစ် တတ်နိုင်သမျှ အကုန်စမ်းကြည့်ရမယ်”

သူတို့က ဦးနှောက်များကို အပြင်းအထန် အသုံးချကာ ကြယ်လမ်းကြောင်းများနှင့် ကြယ်အလင်းတန်းလမ်းကြောင်းများကို တွက်ချက်ကြည့်ကြသည်။ နှစ်ယောက်သား ကြယ်သံကြိုးများကို ရှောင်၍ လျင်မြန်စွာ ရွေ့လျားနေကြ၏။ ဤသို့ဖြင့် အသတ်အဖြတ်ဝင်္ကပါသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ရှိ ကြယ်များမှာလည်း ကျုံ့သွားကြကာ ကြယ်သဲမှုန်လေးများအဖြစ် တိတ်ဆိတ်စွာ ပြန်လည်လွင့်မျောနေကြလေသည်။

ချီကျုံရီနှင့် ကျဲ့ဟွလီတို့၏ နဖူးမှ ချွေးစက်များ လိမ့်ဆင်းကျလာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အသတ်အဖြတ်ဝင်္ကပါ၏ အလယ်ရှိ ဘူးအသေးလေးအား သူတို့ လှမ်းယူရန် ပြင်လိုက်သည့်အချိန် ချင်မူက ၎င်းအရှေ့တွင် ရပ်နေပြီဖြစ်သည်။

ချီကျုံရီမှာ ထိတ်ပျာစွာဖြင့် ရှေ့တစ်လှမ်း လှမ်းလိုက်ပြီး ချီနှင့်သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။ သူ အံ့အားသင့်သွားသည်။

ကြယ်ရောင်သံကြိုးတစ်ချောင်းက သူ့ကို ဖြတ်ရိုက်ခဲ့သောကြောင့် သူ့ပခုံးပေါ်တွင် ဒဏ်ရာကြီးတစ်ခု ပွင့်ထွက်သွားခဲ့သည်။ ဤဒဏ်ရာက အလိုအလျောက် ကျက်မသွားဘဲ သွေးများစီးကျလာသည်။ သွေးစက်များက သံပလ္လင်ထက်ရှိ အလောင်းဆီသို့ လွင့်မျောသွားနေ၏။

သူ ကျဲ့ဟွလီကို လှမ်းကြည့်လိုက်မိသည်။ ကျဲ့ဟွလီလည်း သူ့နည်းတူ ဒဏ်ရာရထားပြီး သူ၏ချီနှင့်သွေးများကိုလည်း မထိန်းချုပ်နိုင်ပေ။ သွေးစက်များက ခြောက်ကပ်နေသော အလောင်းဆီသို့ မျောလွင့်သွားနေသည်။

ပထမဆုံးသွေးစက်က အလောင်း၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။

ပတ်ဝန်းကျင်မှာ ရုတ်တရက် ငြိမ်သက်သွားပြီး ထူးဆန်းစွာ တိတ်ဆိတ်သွား၏။

“အားးးးးးးးးးးး”

သံရှည်ဆွဲအော်သံကြီး အလောင်း၏ပါးစပ်မှ ထွက်လာပြီးနောက် ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ လိုက်ပါလာသည်။ နှစ်ယောက်လုံး ခေါင်းမွှေးများထောင်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအား အလျင်အမြန် ချုပ်လိုက်ကြသော်လည်း ချီစွမ်းအင်များ လျော့ကျသွားသည်ကို ခံစားလိုက်ကြရသည်။

“ထူးဆန်းတယ်”

ကျဲ့ဟွလီက တမုဟုတ်ချင်း ဆုံးဖြတ်ချက်ချကာ နန်းဆောင်အပြင်သို့ ပြေးထွက်သွားသည်။ ချီကျုံရီမှာ ဝင်္ကပါထဲရှိ ချင်မူ့ဆီသို့ ကြည့်ကာ တွန့်ဆုတ်နေ၏။ ထို့နောက် သူလည်း အံတင်းတင်းကြိတ်ကာ နန်းဆောင်အပြင်သို့ ထွက်လိုက်သည်။

ချီကျုံရီက အပြင်ရောက်သည်နှင့် အင်္ကျီလက်အိုး ခါလိုက်၏။ ရှေးဟောင်းသစ်ပင်တစ်ပင် ပေါ်လာပြီး ရွှေရောင်မီးတောက်မီးလျှံများ ဖြန့်ကျက်ကာ တံခါးအား ပိတ်လိုက်သည်။

နှစ်ယောက်သား မြွေနဂါးများသဖွယ် တောင်အောက်ပြေးဆင်းသွားကြသဖြင့် ပုံရိပ်များသာ ကျန်ရစ်ခဲ့လေသည်။

ချင်မူလည်း ခေါင်းမွှေးများ ထောင်နေပြီး ဘူးအသေးလေးကို ကပျာကယာ လှမ်းယူကာ ပြေးလိုက်သည်။

စောစောက ကျဲ့ဟွလီနှင့် ချီကျုံရီတို့၏ ချီနှင့်သွေးတို့သည် အလောင်းဆီသို့ ပျံသန်းသွားပြီး အလောင်း၏ ခေါင်းနှစ်လုံးအပေါ် ကျရောက်သွား၏။ ထိုခေါင်းနှစ်လုံးဆီမှလည်း ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်လာသည်။ ခေါင်းသုံးလုံးက ဖြည်းဖြည်းချင်း လှည့်လာကာ သူ့ဆီသို့ လှမ်းကြည့်လေသည်။

ခေါင်းသုံးလုံး၏ မျက်တွင်းပေါက်ထဲရှိ ခြောက်ကပ်နေသော မျက်လုံးများပင် တဖြည်းဖြည်း သွေးရောင်သမ်းလာပြီး တစတစ ပြူးထွက်လာနေသည်။

ချင်မူမှာ ကောင်းကင်သံသရာကြယ်ဝင်္ကပါ၏အပြင် ရောက်နေပြီဖြစ်ပြီး နန်းဆောင်၏တံခါးဝဆီသို့ သွားနေသည်။ ထိုစဉ် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်က သူ့ဆီသို့ လဲကျလာ၏။

“ချီမျိုးရိုးနဲ့ကောင်”

ချင်မူ ဘူးလေးကို ချိုင်းအောက်ညှပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားစက်လုံးအား ဆုပ်ကိုင်လိုက်သည်။ ဓားစက်လုံးကို တစ်ချက်လှုပ်ခါလိုက်သည့်အခါ မရေမတွက်နိုင်သော ဓားပျံလေးများ ထွက်လာပြီး ‘တောင်တန်းများနှင့်မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားကွက်’ဖြင့် ရှေးဟောင်းသစ်ပင်ကြီးထံ ပိုင်းချလိုက်၏။

ချီကျုံရီက ကောင်းကင်နတ်သိုင်းကို အလောတကြီး ထုတ်လွှတ်ခဲ့သောကြောင့် ရှေးဟောင်းသစ်ပင်မှာ သိပ်မခိုင်မာပေ။ သူ့ကို တခဏ ဟန့်တားနိုင်ရုံသာ ရှိသည်။ မဟုတ်လျှင် ချင်မူအနေဖြင့် ကပ်ဘေးဓားကိုပင် ထုတ်လွှတ်ရလိမ့်မည်။

‘တောင်တန်းများနှင့်မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသောဓား’က ရှေးဟောင်းသစ်ပင်ကြီးအား ပိုင်းဖြတ်နိုင်လိုက်၏။ သို့တိုင်အောင် ဓားမရောင်များက ‘တောင်တန်းများနှင့်မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသောဓား’ကို ဖြိုခွဲကာ သူ၏မျက်နှာဆီသို့ ပြေးဝင်လာသည်။

‘ကျဲ့ဟွလီ’

ချင်မူ ဒေါသထွက်သွားပြီး ကျဲ့ဟွလီ၏ဓားမချက်များအား ရှောင်တိမ်းလိုက်သည်။ သူက ခန္ဓာကိုယ်ကို လှည့်၍ ဓားကို ဝှေ့ယမ်းကာ တာအိုဓား၏ ဒုတိယဓားကွက် ထုတ်လွှတ်လိုက်၏။

‘စွမ်းအင်ငါးရပ်နှင့် ဒြပ်စင်သုံးပါး ပေါင်းစည်း၍ အထက်ဘုံသို့ တက်လှမ်းစဉ် တိမ်ပျံလှည်းများ ဖြတ်သန်းသွားသည်’ ဓားကွက်က ကျဲ့ဟွလီ၏ ဓားမချက်များအား ဖြိုခွင်းလိုက်သည်။

နန်းဆောင်၏တံခါးကို ပိတ်ထားသော ကောင်းကင်နတ်သိုင်းများ မရှိတော့ပေ။

ချင်မူက အားယူ၍ ရှေ့သို့ ခုန်လိုက်ကာ နန်းဆောင်အပြင်သို့ ရောက်သွား၏။ သူ့မျက်နှာအပေါ်တွင် အပြုံးတစ်ခု တစတစ ဖြစ်ထွန်းလာသည်။

သို့တိုင်အောင် သူ့ခန္ဓာကိုယ်မှာ လေလယ်တွင် ရုတ်တရက် တောင့်တင်းသွား၏။

ချင်မူ၏အပြုံးမှာ ပျောက်ကွယ်သွားပြီး ကြောက်လန့်နေသောအမူအရာ ဖြစ်လာတော့သည်။

သူ့ခြေထောက်နှစ်ဖက်လုံး လေတွင် ဝဲနေသဖြင့် မြေကြီးကို လှမ်းထိမရပေ။ ကောင်းကင်နတ်သိုင်းအား မည်မျှထုတ်ဖော်စေကာမူ အသုံးမဝင်ဖြစ်နေ၏။

ချင်မူ လေထဲတွင် အဝတ်အစားများကို သပ်သပ်ရပ်ရပ် လုပ်ကာ ဘူးအသေးလေးအား လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ကိုင်လိုက်သည်။

ထိုအခါမှ သူ့ခြေထောက်မှာ မြေကြီးနှင့် ထိသွား၏။ ချင်မူက ကျောက်စိမ်းဘူးလေးကို အပေါ်မြှောက်ကာ အလေးအနက် ပြောလိုက်သည်။ “အသက်ချမ်းသာပေးပါခင်ဗျာ”

ထိုစဉ် သူ့လက်နှစ်ဖက်လုံး ပေါ့သွားပြီး ဘူးလေးက မြောက်တက်သွားသည်။ ချင်မူ ခေါင်းကြည့်လိုက်သည့်အခါ ဘူးလေးသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အလောင်း၏ အရှေ့သို့ ဆင်းသက်သွားကြောင်း မြင်လိုက်ရ၏။

“အားးးးးးးး “

အလောင်းမှာ အလောင်းမဟုတ်ပေ။ ချီနှင့်သွေးများ ခမ်းခြောက်ပြီး ချီစွမ်းအင် ကုန်ခမ်းသွားသောကြောင့်သာ သူ၏အခြေအနေက မသေ၊ မရှင် ရှိနေခြင်း ဖြစ်၏။ သို့သော် ချီကျုံရီနှင့် ကျဲ့ဟွလီ ဒဏ်ရာသွား၍ သွေးစက်များ သူ့ပါးစပ်ထဲ ဝင်သွားခဲ့သည့်အချိန်တွင် သူ၏အသက်ဓာတ်ကား ပြန်လည်ကျွမ်းလောင်လာခဲ့ချေပြီ။

သူ့လည်ချောင်းမှ ခြောက်ကပ်ကပ် အော်သံကြီးများ ထွက်လာပြီး ရုပ်ခန္ဓာ၏ လုပ်ဆောင်ချက်များကို ထိန်းညှိနေသည့်အလား ထင်ရသည်။ အရိုးများ တွန်းတိုက်နေသကဲ့သို့ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများလည်း ကြားရသည်။

“အားးးးးးးးးး.... ရေ.... သွေး”

ချင်မူ ကပျာကယာ ရေတစ်ဘူးထုတ်ကာ ‌လေးလေးစားစား ဆက်သလိုက်သည်။ အနောက်ကမ္ဘာမြေ၏ မီးကန္တာရအဖြစ်အပျက်ပြီးကတည်းက သူ့ထောင်ကျယ်အိတ်ထဲတွင် ရေသန့်များ ဆောင်ထားလေ့ရှိခဲ့၏။

အလောင်းက လက်ကို ခက်ခက်ခဲခဲ မြှောက်နေပြီး အလွန်နှေးကွေးနေသည်။

“ဆရာကြီး၊ ကျွန်‌တော့်ကို ခွင့်ပြုပါ”

ချင်မူက ရှေ့တိုးသွားပြီး ရေဘူးကို ရိုရိုသေသေ ဖွင့်ကာ အလောင်း၏ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ အလောင်းက ရေတစ်ဘူးသောက်ပြီးနောက် သူ၏ညာဘက်ခေါင်းဆီမှ အက်ကွဲကွဲအသံ ထွက်လာသည်။ “ရေ”

ချင်မူ ရေတစ်ဘူးထုတ်ကာ ညာဘက်ခေါင်း၏ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ သူ သောက်ပြီးသည့်အခါ နောက်တစ်ဘူးထုတ်၍ ဘယ်ဘက်ခေါင်း၏ နှုတ်ခမ်းနား တေ့ပေးလိုက်၏။

ဘယ်ဘက်ခေါင်းမှာ ရေကို ခဲရာခဲဆစ် သောက်နေရလေသည်။ ချင်မူက တစ်ချက်ချောင်းကြည့်လိုက်ပြီး ရင်ထဲတွင် အံ့အားသင့်သွား၏။ ရေသောက်ပြီးသော ခေါင်းနှစ်ခေါင်းမှာ တဖြည်းဖြည်း အသွေးအသားများ ပြည့်လာနေသည့်အတွက် ဤနတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် ချီနှင့်သွေးများ စီးဆင်းနေဟန်တူသည်။

ထို့နောက်တွင် ပက်ကြားအက်နေသော မြေပြင်ပမာ ခြောက်ကပ်နေခဲ့သည့် သူ၏သွေးကြောများအပေါ် မိုးရွာချလိုက်သကဲ့သို့ သွေးများ စီးဆင်းသွားသောအသံ ထွက်လာသည်။

‘ဒီအလောင်းက ... အလောင်းမဟုတ်ဘူးပဲ... လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀၀၀ က အဆင့်မြင့်သိုင်းပညာရှင်တစ်ဦး ဖြစ်လိမ့်မယ်... သူက ထူးဆန်းတဲ့ ကျင့်စဉ်တစ်ခုနဲ့ အခုလို အသွေးအသားခမ်းခြောက်အောင် လုပ်ပြီး ဒီတောင် စုပ်ယူတာမခံရအောင် လုပ်ခဲ့တာပဲ... သူ့ကျင့်စဉ်က ထူးဆန်းသား’ ချင်မူ တွေးလိုက်မိသည်။

အလောင်း၏မျက်နှာများက ဖြည်းဖြည်းချင်း ပြည့်ဖြိုးလာ၍ သူ၏မျက်နှာသွင်ပြင်ကို ချင်မူ မြင်လာရသည်။ သူ့မျက်နှာမှာ အရိုးပေါ်အရေမတင်နေတော့ပေ။

သို့ရာတွင် ရုပ်ခန္ဓာမှာ များစွာအားနည်းခြောက်ကပ်နေသောကြောင့် ရေသောက်ရုံမျှဖြင့် မူလအနေအထားသို့ ပြန်မရောက်နိုင်ပေ။ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်ကိုတော့ ချင်မူ မြင်နေရသေးသည်။

“ဆရာကြီး...”

ချင်မူ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အလောင်း၏ မျက်ခွံများ ပွင့်လာကြောင်း တွေ့လိုက်ရသည်။ သူ၏မျက်တွင်းပေါက်များအထဲ နစ်မြုပ်နေသော မျက်လုံးများကလည်း တစတစ ဖောင်းကြွလာသည်။ များစွာမကြာလိုက်ဘဲ မျက်လုံးအိမ်များအား ပြတ်သားစွာ မြင်နေရ၏။

“အခုက ဘယ်နှစ်လဲ” ထိုလူက အားနည်းဖျော့တော့စွာ မေးရင်း လက်တစ်ဖက်မြှောက်၍ ဘူးအသေးလေးကို ယူကာ ဒူးပေါ် တင်လိုက်သည်။

ချင်မူ တခဏ တွန့်ဆုတ်သွားပြီး ဖြေလိုက်သည်။ “အခုက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နှစ်ပါ.. ဘယ်နှစ်လဲဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဟုတ်လား”

ခေါင်းသုံးလုံး လက်ခြောက်ဖက်နတ်ဘုရားမှာ ထရပ်ချင်သော်လည်း မထနိုင်ပေ။ သူက ဟောဟဲလှိုက်လျက် အသက်ရှူရင်း မေးသည်။ “ခိုင်ဧကရာဇ်ခေတ် မဟုတ်ဘူးလား.... ခိုင်ဧကရာဇ်ခေတ်လည်း ပျက်သုဉ်းသွားပြီလား”

ချင်မူ အမှန်တိုင်း ပြောပြလိုက်သည်။ “ခိုင်ဧကရာဇ်ခေတ်က လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကတည်းက ပျက်သုဉ်းသွားခဲ့ပါပြီ... ဆရာကြီးက လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းက အိပ်ပျော်သွားပြီး ပြန်နိုးလာတာ ဖြစ်လောက်ပါတယ်... ဆရာကြီးက ဘာလို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ ပိုင်နက်ဆီ ရောက်လာတာလဲ... ဒါက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ လော့ဖူကောင်းကင်ဘုံပါ... ကောင်းကင်နတ်ဆိုးမျိုးနွယ် ပျက်စီးခြင်းကပ်ဘေးကို ရင်ဆိုင်နေတာလည်း ဒီဂြိုဟ်ကြောင့်ပါပဲ... သူတို့က အခု ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကျူး‌ကျော်နေတယ်.... ဆရာကြီးရဲ့ ဂြိုဟ်က....”

ခေါင်းသုံးလုံး လက်ခြောက်ဖက်နတ်ဘုရားမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရသည်။ “ငါက ချိမင်ခေတ်ရဲ့ အသက်ရှင်ကျန်သူတွေထဲက တစ်ယောက်ပဲ.... ပုန်းအောင်းနေခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်‌အောင် ကြာပြီ.... ငါတို့တိုင်းပြည်ဆီ ပြန်ချင်လို့ ပုန်းနေတဲ့နေရာကနေ ထွက်လာပြီး ချိမင်ဘိုးဘေးမြေကို ပြန်ဖို့ ပြင်ခဲ့ကြတယ်... လမ်း‌ရောက်တော့ အခုခေတ်က ခိုင်ဧကရာဇ်ခေတ်ဖြစ်နေပြီဆိုတဲ့ အကြောင်း ကြားလိုက်ရပြီး ရန်သူတွေနဲ့ တွေ့ခဲ့ရလို့ ဒီနေရာကို ထွက်ပြေးလာခဲ့ကြရတာပဲ”

“ရန်သူတွေတဲ့လား” ချင်မူ မှင်သက်သွားသည်။

ခေါင်းသုံးလုံး လက်ခြောက်ဖက်နတ်ဘုရားက တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ချိမင်ခေတ်ကို ဖျက်စီးခဲ့တဲ့ ရန်သူတွေပေါ့.... ခိုင်ဧကရာဇ်ခေတ် ဖျက်စီးခံလိုက်ရတာလည်း သူတို့ပဲ ဖြစ်လိမ့်မယ်... ဟီးဟီး ခိုင်ဧကရာဇ်ခေတ် မတိုင်ခင် ချုံဧကရာဇ်ခေတ် ရှိခဲ့တယ်လို့တောင် ကြားခဲ့သေးတယ်...”

သူက ခေါင်းယမ်းနေသည်။ “ငါက ချိမင်ခေတ်၊ ချိမင်နတ်ဘုရားမျိုးနွယ်တစ်ယောက်ပဲ.... အရင်တုန်းက သေခြင်းရှင်ခြင်းကို ထိန်းချုပ်ရတဲ့ ချိမင်ကောင်းကင်နတ်ဘုံရဲ့ အာဏာပါးကွပ်မှူးပေါ့... ပြစ်မှုကျူးလွန်ခဲ့တဲ့ ဘယ်နတ်ဘုရားမဆို နတ်ဘုရားစီရင်ရာစင်မြင့်ထက်မှာ သေဘေးကမလွတ်နိုင်ဘူး”

ချင်မူ အော်လိုက်မိသည်။ “အဲဒါဆို... ဒီတောင်က...”

“ဒီတောင်က တောင်မဟုတ်ဘူး... နတ်ဘုရားစီရင်ရာစင်မြင့်ပဲ”

ချိရှီအမည်ရှိ ခေါင်းသုံးလုံး လက်ခြောက်ဖက်နတ်ဘုရားက စကားပြောရပ်ပြီး အသက်ဝဝရှူလိုက်သည်။ “နတ်ဘုရားတွေကို စီရင်သတ်ဖြတ်ပေးတဲ့ နတ်ဘုရားစီရင်ရာစင်မြင့်... ဒီစင်မြင့်က ပြစ်မှုကျူးလွန်တဲ့ နတ်ဘုရားပေါင်းမြောက်များစွာရဲ့ သွေးတွေကို စုပ်ယူခဲ့တယ်... အချိန်ကြာလာတော့ ကျိန်စာကြီးတစ်ခု ဖြစ်လာပြီး ငါတောင်မှ ကျိန်စာရဲ့လက်ကနေ လွတ်မှာမဟုတ်ဘူး... ကောင်းကင်နတ်ဆိုးတွေနဲ့ တိုက်ခိုက်ခဲ့တုန်းက ငါလည်း ဒဏ်ရာရသွားတော့ နတ်ဘုရားစီရင်ရာစင်မြင့်က ငါ့ကို စတင်စုပ်ယူခဲ့တယ်... အဲဒါကြောင့် ငါ့ကိုယ်ငါ ချိတ်ပိတ်ပြီး အိပ်စက်လိုက်ရုံအပြင် မရှိခဲ့တာ... လာ ငါ့ကို ထူပေးပါဦး”

ချင်မူ ရှေ့လျှောက်သွားပြီး သူ့ကို ထူပေးလိုက်သည်။ ချိရှီ၏လက်ဝါးက လည်ပင်းနားရှိ သူ၏ပခုံးနေရာကို ဆုပ်ကိုင်ကာ ယိုင်ယိုင်နဲ့နဲ့ဖြင့် ထလာသည်။

ချင်မူ နာကျင်မှုကို တောင့်ခံကာ ပြောလိုက်၏။ “ဆရာကြီး နာတယ်”

ချိရှီက မကြားဟန်ပြုကာ သူ့ပခုံးကို ဖိ၍ ပန်းချီဆီသို့ လျှောက်သွားသည်။ သူက ပန်းချီထဲရှိ ကောင်းကင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်၏။ “ဘိုးဘေးမြေ... ဘိုးဘေးမြေက ဒီမှာပဲ... ငါ အခုထိ မသေသေးတော့ ပြန်လို့ရသေးတယ်... သူတို့ ငါ သတင်းပို့မှာကို စောင့်နေလိမ့်မယ်... မင်း သိလား... ဒီနတ်ဘုရားစီရင်ရာစင်မြင့် သိပ်ဆိုးသွမ်းရက်စက်တဲ့ အကြောင်းရင်းက.... ကောင်းကင်နန်းဆောင်ကောင်းကင်ရတနာထဲက နတ်ဘုရားစီရင်ရာစင့်မြင့်အတိုင်း တည်ဆောက်ထားတာမလို့ပဲ... ဒီစင်မြင့်ကို ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက် ပိုင်တယ်”

ချင်မူ အံ့အားသင့်သွားသည်။ “ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်...”

ရုတ်တရက် သူ့ပခုံး ဆစ်ခနဲ နာကျင်သွားသည်။ ချိရှီ၏ လက်သည်းများက သူ့အရေပြားထဲ ထိုးဖောက်သွား၍ သွေးများစိမ့်ထွက်သွားသည်ကို ချင်မူ ခံစားလိုက်ရသည်။ သူ၏ချီစွမ်းအင်နှင့် သွေးတို့သည် ချိရှီ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေ၏။

ချိရှီ၏မျက်နှာက တဖြည်းဖြည်း လန်းဆန်းလာသလို၊ အသက်ရှူနှုန်းလည်း တည်ငြိမ်လာသည်။ သူက ရယ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်.... ဒါက နတ်ဘုရားစီရင်ရာစင်မြင့်ကို ထိန်းချုပ်တဲ့ ဘူးလေးပဲ... ဒီဘူးကို ဖွင့်လိုက်တာနဲ့ ဟီးဟီး.... မင်း ဒီဘူးလေးကို ယူသွားနိုင်တော့မလို့ တော်သေးတယ်”

သွေးများစွာ ဆုံးရှုံးလိုက်ရခြင်းကြောင့် ချင်မူ မူးဝေလာသည်။ သူ့အကြည့်များ လှုပ်ခတ်သွား၏။ “ဆရာကြီး၊ ကျွန်တော် တကယ် နာနေပြီ... သွေးလည်း ထွက်နေပြီ... နတ်ဘုရားစီရင်ရာစင်မြင့်က ကျွန်တော့်ချီနဲ့ သွေးတွေကို စုပ်ယူနေပြီထင်တယ်”

ချိရှီ၏မျက်နှာသည် ပိုမိုပြည့်ဖြိုးလာ၏။ သူက အပြုံးတစ်ခုဖြင့် ပြောသည်။ “မင်း သွေးထွက်နေတာ မှန်တယ်... ဒါပေမဲ့ နတ်ဘုရားစီရင်ရာစင်မြင့်က မင့်သွေးတွေကို စုပ်ယူနေတာမဟုတ်ဘူး... ငါ သောက်လိုက်တဲ့ ရေက ငါ့ချီနဲ့သွေးတွေကို ပြန်ဖြည့်ဖို့ မလုံလောက်ဘူးလေ... ငါ့အတွက် တစ်ယောက်ယောက်ရဲ့ သွေးတွေ လိုတယ်... အဟွတ်ဟွတ် အဟွတ်ဟွတ်”

သူက ရုတ်တရက် ကျယ်လောင်စွာ ချောင်းဆိုးလိုက်သည်။

“ဆရာကြီး ဘာဖြစ်လို့လဲ”

ချင်မူက စိုးရိမ်စွာ မေးနေသည်။ “ဆရာကြီး အဆင်ပြေရဲ့လား... မူးနေလား... လည်ချောင်း ယားနေလား”

ချိရှီမှာ သူ့ကို လွှတ်ပေးလိုက်မိပြီး လက်လေးဖက်ဖြင့် သူ့ခေါင်းသူ ခပ်နာနာ ရိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး ကျန်လက်နှစ်ဖက်က ဘူးအသေးလေးကို လှမ်းဆုပ်လိုက်၏။

ချင်မူက စိုးရိမ်ပူပန်‌နေသောမျက်နှာဖြင့် ပြောနေသည်။ “ဆရာကြီး... ရေဓာတ်ခမ်းသွားလို့လား.. ကျွန်တော့်မှာ ရေတွေ ရှိသေးတယ်... တစ်ကျိုက်လောက် သောက်ဦးမလား... အိုင်းရား၊ ကျွန်တော် မေ့သွားတာပဲ... ရေထဲမှာ တခြားဆေးတွေ ထည့်ထားမိတာဗျာ”

ချင်မူ ခြေဆောင့်နင်းကာ ပြောလိုက်၏။ “ဘယ်လိုလုပ်ရပါ့”

သူက ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ ချိရှီမှာ သူ့ကို လှမ်းဖမ်းလိုက်သော်လည်း မမိလိုက်ဘဲ ကြမ်းပြင်ပေါ် ဒူးတစ်ဖက်ထောက်လျက် လဲကျသွားသည်။

“ရေဘူးထဲမှာ သွေးကြဲဆေးတွေ ထည့်ထားခဲ့မိတာလေ... တကယ်ပါပဲ”

ချင်မူက လက်ဝါးကို လက်သီးဖြင့် ရိုက်ကာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။ “ဒီအဆိပ်မျိုးက သွေးနဲ့ ထိသွားရင် သွေးကို ကြဲသွားအောင် လုပ်ပေးနိုင်တယ်... ဒုက္ခပါပဲ ဒါကိုမှ မေ့ရတယ်လို့... ဆရာကြီး အဆင်ပြေရဲ့လား”

ချိရှီမှာ မလှုပ်မယှက် ဒူးထောက်နေသည်။ သူ့မျက်လုံးများသည် ချင်မူ့ဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားလာ၏။

ချင်မူက သူ့မျက်လုံးများကို မကြည့်ဘဲ သူ ဆုပ်ကိုင်ထားသော ဘူးအသေးလေးအား ယူလိုက်သည်။ “ဆရာကြီးရဲ့ ကျင့်စဉ်စွမ်းအင်က အားကောင်းလွန်းတော့ ဒီအဆိပ်ကို ဖြေနိုင်မှာပါ ဟုတ်တယ်နော်... အဲဒီလိုဆိုမှတော့ ကျွန်တော် မ‌နှောင့်ယှက်တော့ပါဘူး... နှုတ်ဆက်ခဲ့ပါတယ်” ထို့သို့ပြောပြီးနောက် သူ ပြေးထွက်သွားတော့သည်။

ချိရှိ၏မျက်လုံးများက လည်သွားပြီး အလင်းတန်းနှစ်တန်း ပစ်လွှတ်လိုက်သည်။ နန်းဆောင်ထဲတွင် အပေါက်ကြီးနှစ်ပေါက် ပေါက်သွားလေ၏။

All Chapters