← Chapters

အဖြေရှာတွေ့သွားခြင်း

Vol. 8 Ch. 19

အဖြေရှာတွေ့သွားခြင်း

Vol. 8 Ch. 19

ဘာရွန်က သူ့အတောင်ပံခတ်ပြီး အသူရာစစ်သည်ကို လက်သီးနဲ့ထိုးတယ်။ အသူရာစစ်သည်က သူ့လက်ကိုမြှောက်ပြီး ပြန်လက်သီးနဲ့ထိုးတယ်။ ဘာရွန်ရဲ့မျက်နှာကို အသူရာစစ်သည်ရဲ့မျက်နှာကိုထိုးမိသွားပြီး ဘာရွန်ရဲ့လက်သီးကတော့ အသူရာစစ်သည်ရဲ့မျက်နှာကို ထိုးမိသွားတယ်။

ဘုန်း...

သူတို့ရပ်နေတဲ့ အက်ကွဲပြီးသားမြေပြင်က ထပ်ပြီး တစ်စစီကျိုးပဲ့သွားတယ်။ လက်သီးပြင်းအားက သာမန်လူတွေ တွေးစနိုင်တာထက် အများကြီးပိုလွန်နေပြီဖြစ်ပြီး ဘာရွန်ရဲ့လက်သီးချက်ကြောင့် အသူရာစစ်သည်ရဲ့အနောက်ဘက်မှာရှိနေသမျှ တိုက်တာအဆောက်အဦးတွေအကုန်လုံး ပျက်စီးသွားတော့တယ်။ အသူရာစစ်သည်ရဲ့လက်သီးချက်ကိုခံလိုက်ရတဲ့ ဘာရွန်နောက်က အဆောက်အဦးတွေလည်း အလားတူပဲ ပျက်စီးကုန်တယ်။

ဘာရွန့်မျက်နှာက လက်သီးချက်ကြောင့် စုတ်ပြတ်သွားပြီး အသူရာစစ်သည်ရဲ့ချပ်ဝတ်ခေါင်းစွပ်လည်း စုတ်ပြတ်သွားပြီ။ ဘာရွန်က မျက်လုံးပြူးပြီး နောက်ကိုပြန်ဆုတ်လိုက်တယ်။ အသူရာစစ်သည်ကတော့ ဘာရွန်ရဲ့လက်သီးချက်ကြောင့် နောက်ကို ဆုတ်ပေးလိုက်ရပြီးသားပါ။ သူက လက်ထဲမှာဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး စွမ်းအားစုစည်းနေတယ်။ ဓားရဲ့ဆိုးယုတ်ခြင်းအခိုးအငွေ့တွေ သိသိသာသာတိုးတက်လာပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံးကို မွန်းကျပ်တဲ့ခံစားချက်က စတင်ဖုံးလွှမ်းလာတယ်။

“ဆိုဖီယာ၊ ပိုးကောင်ဗိုလ်ချုပ်အားလုံးက အယ်ဖာတွေဖြစ်ပြီး ဘာရွန်က အယ်ဖာထိပ်ဆုံးအဆင့်ဆိုရင် မက်ဒါနာကရော အယ်ဖာထိပ်ဆုံးအဆင့်ပဲလား။”

ဖရာလီတာနဲ့ဆိုဖီယာက နောက်ကိုဖြည်းဖြည်းချင်းဆုတ်နေရင်းကနေ မေးလိုက်တယ်။ သူတို့က ဆိုးယုတ်ခြင်းအငွေ့အသက်တွေ တိုက်စားသွားတာ မခံရစေဖို့ အကောင်းဆုံးကြိုးစားရင်း နောက်ကိုပြန်ဆုတ်နေတယ်။ မက်ဒါနာရဲ့အသွင်သစ် အသူရာစစ်သည်က အငွေ့အသက်တွေက ပတ်ဝန်းကျင်မှာရှိနေတဲ့ အုတ်အပိုင်းအစတွေကိုပါ ဆွေးမြေ့စေပြီး ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲပစ်နေတယ်။ မီးတောက်တွေက အသွင်အပြင်သက်သက်ပဲမဟုတ်ဘူး။

“အေး၊ ဖီးနစ်ပုံစံနဲ့အခုဘာမှန်းမသိတဲ့ ပုံစံနှစ်ခုလုံးက အဲဒီအဆင့်ပဲ။ ဒါပေမဲ့ အဲဒီစွမ်းအားတွေကိုသုံးဖို့ သူ့ဘက်က ကြီးမားတဲ့ပေးဆပ်မှုတွေကိုလုပ်ဖို့လိုတယ်။ ဒီတော့ စစ်မှန်တဲ့ အယ်ဖာအဆင့်တော့ဟုတ်မနေဘူး။”

ဆိုဖီယာက ပါးစပ်ကနေ စီးကျနေတဲ့ သွေးတွေကို သုတ်လိုက်ရင်း ပြောလိုက်တယ်။ မက်ဒါနာရဲ့နဂိုဝတ်စုံက အခုအထိ S အဆင့်ထက် နည်းနည်းသာနေရုံပဲ ရှိပါတယ်။ ပုံမှန်ပုံစံနဲ့ ပိုးကောင်ဗိုလ်ချုပ်တွေကို ယှဥ်တိုက်လို့ အနိုင်မရနိုင်ဘူး။ ဒါကြောင့်မလို့ သူတို့တွေနဲ့မတူဘူး။ ထူးဆန်းတဲ့ အခြေအနေတစ်ခုလို့ပြောရမယ်။

ပန်းသီးလေးကတော့ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့ ဖရန့်ကိုကျောပေါ်တင် သစ်နွယ်တွေနဲ့ပတ်ပြီး ခါးမှာသစ်နွယ်တွေကို စီးချည်လိုက်တယ်။ သူကလည်း ဆိုဖီယာတို့ဘေးမှာရပ်နေပါတယ်။ အဲဒီအချိန်မှာပဲ ပေါ်တယ်တစ်ခုပွင့်လာပြီး ဇွန်ဘီမလေးထွက်လာတယ်။

“သခင်...” ကောင်မလေးက ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ အသူရာစစ်သည်ကိုကြည့်လိုက်တယ်။ အဲဒီမျက်လုံးတွေက မျှော်လင့်ချက်ကုန်ဆုံးသွားမှုကို ဖော်ပြနေပါတယ်။

“သင်္ဘောပျံလည်း ပြန်ဆုတ်သွားပြီမဟုတ်လား။” ဆိုဖီယာက ဖရာလီတာကို မေးလိုက်တော့ ဖရာလီတာကလည်း ခေါင်းညိတ်ပြတယ်။ ဆိုဖီယာက ပြုံးလိုက်ပြီး “ငါတို့လည်းဆုတ်ဖို့ပြင်ကြစို့၊ မက်ဒါနာက သူ့ကို အနိုင်ရတဲ့အထိတိုက်နိုင်မယ့်ပုံမပေါ်ဘူး။” ဆိုဖီယာရဲ့စကားကြောင့် ဖရာလီတာအံ့ဩသွားတယ်။

ရွှမ်း... သိပ်မကြာခင်မှာပဲ မက်ဒါနာက ဓားကိုဝေ့ယမ်းလိုက်တယ်။ အသူရာစစ်သည်ရဲ့စွမ်းအားကို စိတ်ဝင်တစားနဲ့မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့တဲ့ ဘာရွန်က စွမ်းအားကိုရှောင်ရှားဖို့မကြိုးစားဘဲ လက်နှစ်ဖက်ကို ကြက်ခြေခတ်သဏ္ဍာန်ပြုပြီး တိုက်ရိုက်ခံဆောင်တယ်။

ဝုန်း....

မက်ဒါနာက ဓားကိုဒေါင်လိုက်ခုတ်ချလိုက်တယ်။ ခရမ်းရောင်မီးတောက်ဓားက ကောင်းကင်ကြီးတစ်ခုလုံးကို နှစ်ခြမ်းခွဲချလိုက်သလိုပဲ ကောင်းကင်ပေါ်က တိမ်တိုက်အားလုံး ထက်ခြမ်းကွဲထွက်သွားတယ်။ ဓားကမီးတောက်တွေက ခရမ်းရောင်အလင်းစွမ်းအားလှိုင်းအဖြစ်ပြောင်းသွားပြီး ဘာရွန်ကို ထိမှန်တယ်။ ဘာရွန်ရဲ့လက်ကို ဓားချက်က တိခနဲပိုင်းဖြတ်ပစ်လိုက်ပြီး ရင်ဘတ်ကိုစွမ်းအားလှိုင်းတွေက လာမှန်တယ်။ ဘာရွန်က သူ့ကိုယ်သူ ပိုးကောင်အပြည့်ပုံစံပြောင်းလိုက်ပြီး ဆက်ခုခံပေမဲ့ မီတာငါးရာနီးနီးကြီးနဲ့ကျယ်ကောင်ကြီးက ဓားချက်ကြောင့်နောက်ကိုရွေ့နေဆဲပါ။ သူ့ဆီကနေ အားရနေတဲ့ ရယ်သံကျယ်ကြီး ထွက်လာတယ်။

တစ်ဖက်မှာတော့ အသူရာစစ်သည်က ဒူးထောက်ကျသွားပြီး လုံးဝလဲမကျအောင်လို့ ဓားကိုမြေပေါ်စိုက်ချလိုက်တယ်။ ဆိုဖီယာကတော့ ဘာလုပ်ရမလဲဆိုတာသိနေပြီးသားပါ။

“သွားကြစို့။” သူနဲ့ဖရာလီတာက မက်ဒါနာရဲ့ကိုယ်ကို တစ်ဖက်တစ်ချက်စီကနေ ဆွဲမလိုက်ပြီး ဇွန်ဘီမလေးက ပေါ်တယ်ကိုကျယ်ကျယ်ပွင့်ပေးလိုက်ပါတယ်။ ပန်းသီးလေးကလည်း နောက်ကနေလိုက်လာတယ်။ မကြာခင်မှာပဲ သူတို့တွေ တိုက်ပွဲမြေပြင်ကနေ ပျောက်ကွယ်သွားလေရဲ့။

....

ကျောင်းထဲကိုရောက်မှပဲ ဆိုဖီယာ အသက်ကိုဝဝရှုနိုင်တော့တယ်။ ဖရာလီတာလည်း ဝတ်စုံထဲကထွက်ပြီး နယူးယောက်မြို့ရဲ့ခုခံကာကွယ်ရေးစနစ်ကို အသက်သွင်းလိုက်တယ်။ ရန်သူတွေ သူတို့နောက်ကို ဆက်လိုက်လာမလာ မသိနိုင်ဘူးလေ။ ဖရာလီတာက ခုထိဝတ်စုံမချွတ်သေးဘဲ လင်ဒါရှိနေတဲ့ နေရာကိုသွားနေတာတွေ့တော့ မျက်လုံးပြူးသွားတယ်။ သူတို့ကိုစောင့်နေတဲ့ ဖလေရာတို့အုပ်စုလည်းပဲ မက်ဒါနာရဲ့အသူရာစစ်သည်ပုံစံကြောင့် အတော်လေး အံ့ဩကုန်ကြပါတယ်။

“ဆိုဖီယာ၊ သူပုံစံသစ်ရသွားတာလား။” ဖလေရာက ပြေးလာပြီးမေးတော့ နတ်သူငယ်မလေး ခေါင်းခါလိုက်တယ်။

“မဟုတ်ဘူး၊ ဒီပုံစံက တစ်ခါပဲသုံးလို့ရတဲ့ပုံပဲ။ ဒါကြောင့် သူအသည်းအသန်ဖြစ်နေတာပဲ။” ဆိုဖီယာက ပြောလိုက်ပြီး မြက်ခင်းပြင်ပေါ်မှာ ထိုင်နေရာကနေ တဖြည်းဖြည်းထလိုက်တယ်။ ဖရာလီတာနဲ့ဖလေရာတို့လည်း နောက်ကနေလိုက်ကြတယ်။

မက်ဒါနာကတော့ သူ့ဝတ်စုံဖန်သားပြင်က ထောင့်မှာ စနစ်ကပြထားတဲ့ အချိန်နောက်ပြန်ရေတဲ့ဂဏန်းတွေကို ကြည့်လိုက်တယ်။ တစ်မိနစ်ပဲ အချိန်ရတော့တယ်။ နဂိုကတည်းက ယာမီက သူ့ကိုတစ်ခါပဲအခွင့်အရေးရမယ်လို့ ပြောခဲ့ပြီးသား။

သူက စမ်းသပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီးတဲ့နောက် လင်ဒါရဲ့အေးခဲခေါင်းတလားကိုဖွင့်လိုက်ပြီး လက်ကိုမြှောက်လိုက်တယ်။ ခရမ်းရောင်ဆိုးယုတ်ခြင်းအငွေ့အသက်တွေက အဆက်မပြတ်ခုန်နေတဲ့ နှလုံးသားတစ်စုံအဖြစ်ဖွဲ့စည်းသွားပြီးတဲ့နောက် မက်ဒါနာက အဲဒီနှလုံးသားကို လင်ဒါရဲ့ဗလာကျင်းနေတဲ့ နှလုံးနေရာမှာ အစားထိုးလိုက်တယ်။

နောက်ကနေကြည့်နေတဲ့ ဖရာလီတာတို့က အေးခဲနေတဲ့ လင်ဒါရဲ့သွေးတွေ အဲဒီနှလုံးကြောင့် စတင်ပြီးစီးဆင်းလာတာကို မြင်နေရတယ်။ တစ်ဖက်မှာတော့ မက်ဒါနာရဲ့ဝတ်စုံက အားအင်ကုန်ခမ်းသွားတဲ့ပုံစံနဲ့ ပုံမန်ငွေရောင်စစ်သည်အဖြစ်ကို ပြောင်းသွားတယ်။ မက်ဒါနာက ဝတ်စုံကိုချွတ်လိုက်တော့ သူ့ကိုယ်ပေါ်မှာ မီးလောင်ဒဏ်ရာတချို့ရှိနေပြီး အကြီးဆုံးတစ်ခုက သူ့ညာဖက်ပါးပြင်ပေါ်မှာပါ။

“ဒီဒဏ်ရာတွေက...” ဖရာလီတာက ဆိုဖီယာကိုမေးလိုက်တော့ ဆိုဖီယာက လေးနက်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပြီး ဖရာလီတာရဲ့သံသယကို အတည်ပြု

ပေးလိုက်တယ်။ “ဆိုးယုတ်ခြင်းစွမ်းအားမီးတောက်က မက်ဒါနာကို တိုက်စားထားတာပဲ။ ဖီးနစ်လိုပဲ သူ့မှာ ယာမီရဲ့မူလမြူတန့်စွမ်းအားရှိမနေဘူးလေ။”

မက်ဒါနာက တိတ်ဆိတ်စွာနဲ့ လင်ဒါကိုခေါင်းတလားထဲကနေ ထုတ်လိုက်ပြီး သူ့ပေါင်ပေါ်ကိုခေါင်းဆုံးစေတယ်။ လူတိုင်းရဲ့မျက်စိရှေ့မှာပဲ လင်ဒါရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေသဘာဝအတိုင်းပြန်ကျက်သွားပြီး သူ့မျက်နှာမှာ သွေးရောင်သန်းလာတယ်။ သိပ်မကြာခင်မှာပဲ သူ့မျက်ခုံးတွေလှုပ်ခါလာတယ်။ ဒီမြင်ကွင်းကို ကြည့်နေတဲ့ မက်ဒါနာရဲ့မျက်လုံးတွေ စိုစွတ်လာပြီး မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာတယ်။ သူ့ဆီကနေ ငိုသံသက်သက်ကို သူကြားနေရတယ်။

လင်ဒါက မျက်လုံးကိုဖွင့်လိုက်တော့ မက်ဒါနာရဲ့မီးလောင်ဒဏ်ရာနဲ့ပါးပြင်ကို မြင်လိုက်ရပြီး သူ့ရဲ့လက်ကိုမြှောက်ကာ ဒဏ်ရာတွေကိုထိကိုင်လိုက်တယ်။

“ဒီဒဏ်ရာတွေက...”

“နင့်ကိုဆုံးရှုံးသွားရသလောက်တော့ မနာကျင်ဘူး။” မက်ဒါနာက လင်ဒါရဲ့စကားကို ဖြတ်ပြောလိုက်ပြီး သူ့နှုတ်ခမ်းကို စွဲစွဲမက်မက် အနမ်းပေးလိုက်တယ်။ ပုံမှန်ဆိုရင် တစ်စုံတစ်ယောက် ဒီလိုအခွင့်အရေးမျိုးရသွားတဲ့အတွက် ဒေါသထွက်နေရမယ့် ဖရာလီတာတို့အုပ်စုက အခုသူတို့နှလုံးသားထဲမှာ ထူးဆန်းတဲ့နွေးထွေးမှုတစ်ခု ရောက်ရှိလာတယ်လို့ ခံစားရပြီး ဒေါသမထွက်မိကြဘူး။

....

“ဘာရွန်...” ဥစာကီက လုံးဝပျက်စီးသွားပြီဖြစ်တဲ့ ဝါရှင်တန်ဒီစီမြို့ကြီးပေါ်ကို ဆင်းသက်လိုက်ပြီး သူ့ရှေ့က ရင်းနှီးနေတဲ့ လူရိပ်ကို ကြည့်လိုက်ပါတယ်။ သူ့အဖိုးရဲ့ခန္ဓာကိုယ်ရှိပေမဲ့ သူ့အဖိုးမဟုတ်တဲ့သူပါ။ အခုဘာရွန်က သူ့ရင်ဘတ်မှာရှိနေတဲ့ ခပ်နက်နက်ဒဏ်ရာကိုကြည့်ပြီး အရူးတစ်ယောက်လိုရယ်မောနေတယ်။

ဥစာကီက ဘာရွန်နဲ့အတူ ရေဂင်ကိုရှာဖို့ထွက်လာတာဖြစ်ပေမဲ့ ဘာရွန်ပြန်သွားပြီးတဲ့နောက်မှာ နေရာမှာဆက်မနေဖို့ ဆုံးဖြတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြန်လာခဲ့တာပါ။ ဘာရွန်က အရယ်ရပ်လိုက်တယ်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေလည်း အလျင်အမြန်ကျက်သွားတယ်။ ဆိုးယုတ်ခြင်းအငွေ့အသက်တွေက သူ့ဒဏ်ရာတွေကို လွယ်လွယ်ကူကူမကျက်စေဖို့ တားဆီးခဲ့ပေမဲ့ အကြာကြီးတော့ မတားဆီးနိုင်ခဲ့ပါဘူး။ အဖြတ်ခံရတဲ့ သူ့လက်တွေ ပြန်ပေါက်လာပြီဖြစ်ပြီး ရင်ဘတ်က သာမန်လူတွေကို ချက်ချင်းသေစေနိုင်တဲ့ ဒဏ်ရာလည်းပြန်ကျက်သွားပြီ။

ပိုးဖလံနဲ့ယင်ကောင်တို့လည်း ထိတ်လန့်ခြင်းကြီးစွာနဲ့ ဘာရွန်နဲ့ဘုရင်မနား ချဥ်းကပ်လာတယ်။ ဘာရွန်က သူတို့ကိုဂရုစိုက်ပုံမပေါ်ဘဲ အစောပိုင်းက နာကျင်မှုကို တမ်းတနေပုံရပြီး ဥစာကီက ဘာကြောင့်မှန်းမသိ စိတ်သက်သာတဲ့မျက်နှာမျိုးနဲ့ရပ်နေတာ တွေ့ရတယ်။

“အံ့ဩစရာပဲ၊ ဖြုတ်လောက်ပဲရှိတဲ့ ဒီကမ္ဘာပေါ်က လူသားတစ်ယောက်မှာ ဒီလောက်ကြီးတဲ့ စွမ်းအားတွေ ကိန်းအောင်းနေတယ်ပေါ့။ ကျုပ်တို့ရှာနေတဲ့ အိုမီဂါစွမ်းအားကို ရှာတွေ့ပြီလို့ထင်တယ်။ သိပ်ကောင်းတယ်။”

ဘာရွန်ရဲ့မျက်လုံးထဲမှာ လောဘအရိပ်အယောင်တွေနဲ့ ပြည့်နှက်လာတယ်။ အဲဒီနောက် ဘုရင်မရှေ့မှာ ဒူးထောက်လိုက်ပြီး “အရှင်မ၊ ကျုပ်တို့ရှာနေတဲ့ အိုမီဂါစွမ်းအားအရင်းအမြစ်ကို တွေ့ပြီလို့ထင်ပါတယ်။ အဲဒါက စောင့်ရှောက်သူသားရဲလေးကောင်ကိုယ်တိုင်ပဲ။ သူတို့အစွမ်းကို အဲဒီဓားနဲ့ပေါင်းစပ်လိုက်ရင် အိုမီဂါစွမ်းအားဖြစ်တည်လာလိမ့်မယ်။”

ဥစာကီ၊ ပိုးဖလံနဲ့ယင်ကောင် သုံးယောက်လုံး မျက်ခုံးပင့်လိုက်တယ်။ ဥစာကီက သေချာစဥ်းစားလိုက်ပြီးတဲ့နောက် သက်ပြင်းချပြီး ဘာရွန်ကိုဖျောင်းဖျပါတယ်။

“အခုရေဂင်ထွက်သွားပြီဆိုတော့ ငါတို့မှာဗိုလ်ချုပ်နှစ်ယောက်နဲ့မင်းပဲရှိတော့တာနော် ဘာရွန်။ အခုသူတို့ဘာလုပ်နိုင်လဲ မင်းတွေ့တာပဲ။ မင်းကိုပြန်ပြီးတိုက်နိုင်စွမ်းရှိတယ်။ ငါက လောလောဆယ် မင်းထက်တောင်ပိုအားနည်းနေသေးတယ်။ သူတို့ကို ငါအစွမ်းအပြည့်ရပြီးမှ ယှဥ်တိုက်လို့ရမှာ။”

ဒါပေမဲ့ ဘာရွန်က ခေါင်းခါလိုက်တယ်။ ဒူးထောက်ရုံတင်မဟုတ်တော့ဘဲ မြေပြင်ကို နဖူးနဲ့ထိလိုက်ပါတယ်။ အားပါပါနဲ့ဆောင့်ချလိုက်တာမလို့ မြေပြင်က တုန်ခါသွားပြီး အသံကျယ်ကျယ်တစ်ချက်ထွက်လာတယ်။ အနားက ဖုန်မှုန့်တွေလဲ လေထဲလွှင့်လာပြီး ပိုးဖလံက သူ့နှာခေါင်းထဲမဝင်အောင်လို့ လက်နဲ့ယမ်းထုတ်လိုက်ရတယ်။

“အရှင်မ၊ အဲဒီငွေရောင်စစ်သည်က စောင့်ရှောက်သူတွေရဲ့စွမ်းအားကို ပေါင်းစည်းဖို့ကြိုးစားနေတယ်ဆိုတာ ဆက်စပ်ပြီးတွေးဖို့ မခက်ခဲတော့ပါဘူး။ မက္ကဆီကိုနဲ့လန်ဒန်မှာ ကျုပ်တို့ဗိုလ်ချုပ်တွေကို သတ်သွားတာ ဖီးနစ်ပုံစံဖြစ်နေတဲ့ ငွေရောင်စစ်သည်ပါ။ ဖီးနစ်က ကိုင်းတိုပိုင်သင့်တာဖြစ်ပေမဲ့ အခုသူ့ဆီမှာပါ။”

နောက်တော့ ဘာရွန်က အခုထိရပ်နေသေးတဲ့ တခြားနှစ်ယောက်ကို ဒေါသနဲ့ကြည့်လိုက်တော့ ပိုးကောင်ဗိုလ်ချုပ်နှစ်ယောက်လည်း ရပ်မနေရဲတော့ဘဲ အတူဒူးထောက်ပြီး မြေပြင်နဲ့နဖူးကိုထိထားလိုက်တယ်။ အခုသူတို့ကြောက်သင့်တာက ဘာရွန်ပါ။ သူတို့ဘုရင်မမဟုတ်ပါဘူး။

“ကျေးဇူးပြုပြီးတော့ ကျုပ်တို့ရဲဘော်တွေအတွက် လက်စားချေပေးဖို့နဲ့ နောက်ရဲဘော်တွေမသေစေဖို့ သားရဲတွေကို ဦးအောင်ဖမ်းခွင့်ပေးပါ။”

ဘာရွန်က ရှေ့ကဦးဆောင်ပြောတာနဲ့ ကျန်တဲ့နှစ်ယောက်ကလည်း လိုက်ပြီးပြောရတယ်။ အခုဘာရွန်က တောင်းဆိုနေတဲ့ပုံစံပေါ်ပေမဲ့ တကယ်က ဘုရင်မကို အကျပ်ကိုင်နေတာပါ။ ဥစာကီက နှုတ်ခမ်းကိုကိုက်ထားမိတယ်။ ဒီအခြေအနေကို သူဘာမှလုပ်လို့မရဘူးလား။

“အရှင်မ၊ ရန်သူက သုံးနှစ်မပြည့်ခင် အဲဒီသားရဲတွေကို စုစည်းပြီးသွားရင် ကျွန်တော်တို့ စစ်ရှုံးပါလိမ့်မယ်။ ကျေးဇူးပြုပြီးတော့ ဆုံးဖြတ်ချက်ချပေးပါ။”

ဥစာကီက လေပူတွေကို မှုတ်ထုတ်လိုက်ပြီးတော့ ဘာရွန်ကို ကြည့်လိုက်တယ်။ သူဆုံးဖြတ်ပြီးသွားပြီ။

ကြည့်ရတာ ဒီကိစ္စအတွက် သူတခြားဆင်ခြေတွေ ပေးလို့မရတော့တဲ့ပုံပဲ။

“ကောင်းပြီလေ၊ မင်းတို့ကို သားရဲတွေကိုဖမ်းဖို့တာဝန်ပေးမယ်။ ဒါပေမဲ့ ရေဂင်ကို ပြန်မဖမ်းနိုင်မချင်း ငါတို့ဘက်က အရေအတွက်အားနည်းနေလိမ့်မယ်။”

ဘာရွန် ပြုံးလိုက်ပြီး အခုလိုလျှောက်တင်ပါတယ်။ “အရှင်မအဲဒီအတွက် စိတ်ပူစရာမလိုပါဘူး။ ပုန်းနေတဲ့ ရေဂင်ကိုရှာရင်း နောက်ပိုးကောင်ဗိုလ်ချုပ်တွေကို ဆင့်ခေါ်လို့ရတယ်။ ပျစားပိုးနဲ့သစ်ကိုင်းကောင်တို့ မွေးဖွားလာတော့မယ်လို့ ကျုပ်အာရုံရနေတယ်။”

ဥစာကီက သက်ပြင်းချလိုက်တယ်။ ဘာရွန်ကတော့

ဆက်ပြီးတော့ သူ့အစီအစဥ်ကို ဆက်ပြီးပြောနေပါတယ်။ “ပြီးတော့ ရန်သူတွေက အရှင်မ ထင်ထားသလောက် အင်အားမကောင်းပါဘူး။ ဒီနေ့တိုက်ပွဲမှာ အရင်တိုက်ပွဲတွေကလိုမျိုး ကျားဖြူနဲ့နဂါးပြာပါ ပါခဲ့မယ်ဆိုရင် ကျုပ်မရောက်လာခင်ကတည်းက ပိုးဖလံနဲ့ယင်ကောင် သေနေလောက်ပါပြီ။”

“နင်ဆိုလိုတာက....”

“ပထမတစ်ချက်က စောင့်ရှောက်သူတွေက အမြဲအတူရှိနေတာမဟုတ်ဘူး။ တစ်နည်းအားဖြင့် သူတို့အုပ်စုက ထင်ထားသလိုစည်းရုံးမနေဘူး။ ဒုတိယတစ်ချက်က အတူရှိနေတဲ့အချိန်တွေမှာ ငွေရောင်စစ်သည်ဆီ သူတို့စွမ်းအားတွေ ချက်ချင်းလွှဲမပေးခဲ့ဘူး။ ဒီတော့ ချက်ချင်းလွှဲပေးဖို့မဖြစ်နိုင်တဲ့ အကြောင်းအရင်းတစ်ခုရှိကိုရှိရမယ်။ ကျုပ်တို့အရှင်မအရွယ်ရောက်တာကို စောင့်နေရသလိုပေါ့။”

ပိုးဖလံနဲ့ယင်ကောင်တို့က ဒူးထောက်နေရတာကြာပြီမလို့ စကားများနေတဲ့ ဘာရွန်ကိုမကျေမနပ် ကြည့်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့ဘာမှလုပ်လို့မရဘူး။ ပိုးဖလံက တိတ်တိတ်လေးခေါင်းခါပြီး ‘ထင်ထားတဲ့အတိုင်းပဲ ဘိုးတော်ကြီးတွေက ပရိယာယ်ကြွယ်လွန်းတယ်။’လို့ တွေးလိုက်တော့ ဘာရွန်က သူ့အတွေးကိုသိနေတဲ့အလား မျက်စောင်းထိုးလိုက်လေရဲ့။

....

ဂရင်းလန်းကျွန်းဆွယ်။ လူသူကင်းဝေရာဒေသတစ်ခု။

ဖရက်က လက်ထဲမှာကိုင်ထားတဲ့ မိုးကြိုးဓားနဲ့အတူ အတောင်ပံကိုအားပြုပြီး အသံလွန်နှုန်းနဲ့ပြေးနေရပါတယ်။ သူ့နောက်ကနေ ဧရာမကြောင်နက်က ပိုမြန်တဲ့နှုန်းနဲ့လိုက်လာနေပြီး တဖြည်းဖြည်းနဲ့ ဘေးချင်းယှဥ်နိုင်လုနီးပါးဖြစ်နေပါပြီ။

“အသံထက်သုံးဆလောက်ပြေးနိုင်ရုံနဲ့တော့ မင်းချစ်တဲ့ကောင်မလေးကို ကာကွယ်နိုင်မှာမဟုတ်ဘူးနော်။

ကောင်လေး၊ သေလိုက်တော့။”

ကြောင်နက်က ဖရက်ကိုလိုက်မီသွားပြီး ဖရက်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးချလိုက်တယ်။ သူ့နောက်မှာတော့ ဧရာမကျားဖြူပုံရိပ်ကြီးရှိနေပြီး စောင့်ရှောက်သူတစ်ယောက်ရဲ့ပုံစံဝက်စွမ်းအားပြည့်ပါဝင်နေတဲ့ လက်သီးပါ။

ဘောင်း....

ဖရက်က မိုးကြိုးဓားနဲ့ခံဆောင်ပြီး လက်သီးချက်ကို လမ်းကြောင်းလွှဲလိုက်ရပြီ။ သူ့ခန္ဓာကိုယ်က နှမ်းတောထဲကို လွင့်ထွက်သွားပေမဲ့ အရှိန်ကိုပြန်ထိန်းလိုက်နိုင်တယ်။ တစ်ဖက်မှာတော့ ကြောင်နက်က နောက်ထပ်လက်သီးချက်တွေနဲ့ ဖရက်ကိုဖိအားပေးတယ်။

ဓားနဲ့လက်သီးက စက္ကန့်တစ်ခုရဲ့အစိတ်အပိုင်းလေးတစ်ခုစာအတွင်းမှာပဲ အကြိမ်ရာပေါင်းများစွာယှဥ်မိကြပြီး နှစ်ယောက်လုံးနောက်ဆုတ်လိုက်ရပါတယ်။ သူတို့ရပ်နေတဲ့ နေရာကြားမှာ ဘာဆီးနှင်းမှရှိမနေတော့ဘဲ အက်ကွဲနေတဲ့ မြေပြင်သာရှိတော့တယ်။

“ဟား....” ကြောင်နက်ရဲ့ခန္ဓာကိုယ်က ကြီးထွားလာပြီး ဧရာမကျားဖြူကြီးဖြစ်သွားပြီ။ ဖရက်က ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ခေါင်းပေါ်ကို မြှောက်လိုက်တယ်။ သူ့မျက်လုံးတွေကိုတော့မှိတ်ထားပြီး သူမြင်ခဲ့တဲ့ ခေါင်းစွပ်နက်နဲ့ပလ္လင်ပေါ်က အဖိုးကြီးနဲ့သစ်ပင်ကို ပြန်မြင်ယောင်ကြည့်ပါတယ်။

သူ့မိုးကြိုးဓားက စွမ်းအားတွေက ပိုမိုကျယ်ပြန်လာပြီး ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပါတယ်။ မိုးကြိုးစီးကြောင်းတွေက သစ်ပင်ကြီးတစ်ခုပမာဖြစ်လာပြီး မိုးကြိုးတန်းတွေက ကျားဖြူကြီးပေါ်ကို ဆက်တိုက်ပြုတ်ကျပြီးပေါက်ကွဲတယ်။ ပြီးတော့ မိုးကြိုးတိုင်းက ဖရက်ရဲ့နဂိုမိုးကြိုးနယ်မြေထဲက အစွမ်းအထက်ဆုံးဓားချက်တွေထက် အနည်းဆုံးနှစ်ဆပိုကြမ်းတမ်းနေတယ်။

[Ultimate Skill: Yggdrasil] ဖရက်က သူ့ရဲ့တိုက်ကွက်သစ်ကို ဒီလိုပေးထားတယ်။ စွမ်းအင်ကုန်ကျမှု တအားများပေမဲ့ သူက အခုအဲဒီအကွက်ကြောင့်ဖြစ်လာမယ့် မောပန်းမှုဒဏ်ကို သည်းခံနိုင်ဖို့ကြိုးစားနေသူပါ။

ဗျစ်... ဗျစ်... ဗျစ်... ဖောက်... ဖောက်... ဘရောက်...

မိုးကြိုးတွေက ကျားဖြူရဲ့ကိုယ်ကို အဆက်မပြတ်ထိမှန်ပြီး ပေါက်ကွဲကုန်တယ်။ သူတို့တိုက်ပွဲရှိနေတဲ့ ကီလိုမီတာဆယ်ချီတဲ့ နေရာကြီးတစ်ခုလုံးမှာ နှင်းတွေရှိမနေတော့ဘဲ အရည်ပျော်ကုန်ပြီ။

“မင်းကိုမိပြီကွ။” ဖရက်အပြင်းအထန်ခုခံနေတဲ့ကြားက ကျားဖြူဟာ အနားကိုကပ်လာနိုင်ပြီး ဖရက်ကိုဖမ်းဖို့ လက်နဲ့ရိုက်ချလိုက်တယ်။ ဖရက်က မြေပြင်ကို သူ့ဓားနဲ့ပစ်ဖောက်ပြီးခွဲဖြစ်လိုက်တယ်။ အဲဒီနောက် အတောင်ကိုဖြန့်ပြီး ပေါက်ကွဲအားကြောင့်ဖြစ်လာတဲ့ တိုက်လေကိုပင့်တင်အားအဖြစ်သုံးပြီး ကြောင်နက်ရဲ့တိုက်ကွက်ကနေရှောင်ထွက်လိုက်တယ်။

နောက်ခနနေတော့ သူ့လက်ထဲမှာ မိုးကြိုးလေးတစ်လက်ရှိနေပြီဖြစ်ပြီး မိုးကြိုးစွမ်းအင်မြားတစ်ခုကိုလည်း ဖွဲ့စည်းလိုက်တယ်။ သူက မယ်လီနဲ့အတူဖန်တီးခဲ့တဲ့ မိုးကြိုးမြားချက်ရဲ့စွမ်းအားကို တမ်းတနေဆဲပါ။

ရွှတ်...

ဖရက်က လေးကြိုးကိုလွှတ်လိုက်တယ်။ လေးညို့ကနေထွက်တာနဲ့ မိုးကြိုးက အလင်းတန်းတစ်ခုလို ပြောင်းလဲသွားပြီး ကျားဖြူဆီ ပြေးဝင်သွားတယ်။ ကျားဖြူက လက်နဲ့ရိုက်ချပေမဲ့ ပေါက်ကွဲထွက်သွားပြီး ပေါက်ကွဲမှုက သူ့အမြင်ကို ရှုပ်ထွေးသွားစေပါတယ်။

ဖရက်က အဲဒီအခွင့်အရေးကို အကောင်းယူပြီးတော့

လက်နှစ်ဖက်နဲ့ကိုင်မှရမယ့် မိုးကြိုးဓားကြီးတစ်လက်ကိုဖန်တီးကာ ငွေရောင်စစ်သည်ရဲ့လှုပ်ရှားမှုတွေကို အတုယူပြီးစလှုပ်ရှားတယ်။

“အံ့ဩစရာပဲ၊ မင်းက မင်းသိတဲ့ တိုက်ခိုက်ရေးသမားကောင်းတွေရဲ့တိုက်ကွက်တွေကို လိုက်တုပပြီး ငါ့ကိုအနိုင်ယူဖို့ကြိုးစားနေတာပဲ။ ဟားဟားဟား။”

ကျားဖြူက ဖရက်ရဲ့ဓားချက်ကို လက်တစ်ဖက်တည်းနဲ့ ထပ်တားလိုက်ရင်း ရယ်မောလိုက်တယ်။ ဖရက်ကတော့ အတားဆီးခံထားရတဲ့ မိုးကြိုးဓားကို နှစ်ပိုင်းခွဲပစ်လိုက်ပြီး တစ်ခြမ်းနဲ့ကြောင်နက်ရဲ့လက်ဝါးကို ခုခံထားကာ နောက်တစ်လက်နဲ့ကြောင်ရဲ့လက်ဖျံကို ခုတ်ချလိုက်တယ်။ ကြောင်နက်ဆီကနေ သွေးစက်ချို့ထွက်လာပြီး သူအံ့ဩလို့မဆုံးတော့ဘူး။ ဖရက်ကတော့ အေမီရဲ့ဓားနှစ်လက်သိုင်းကိုပုံတူယူပြီး ဆက်တိုက်ဖို့အသင့်ပြင်ပြီးနေပြီ။

All Chapters