ရေတိမ်တွင်နဂါးအစစ်များကျက်စားမည်မဟုတ်
Vol. 75 Ch. 1046
အခန်း (၁၀၄၆) ရေတိမ်တွင်နဂါးအစစ်များကျက်စားမည်မဟုတ်
ရန်ကျောက်ကဲ၏ လက်ရှိအင်အားနှင့်ဂုဏ်သတင်းက ဝါဒတောင်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားလွန်းသည်။
တာဝန်ခန်းမ ၊ စည်းကမ်းထိန်းသိမ်းရေးခန်းမနှင့် သိုင်းပညာဆက်ခံသူခန်းမ တို့ကဲ့သို့ အရေးကြီးသော နေရာများတွင် ရာထူးယူလျှင်ပင် ရန်ကျောက်ကဲ၏အရည်အချင်းများ ဖြုန်းတီးပစ်သလို ခံစားရပေမည်။
တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ မဝေးတော့သောအနာဂတ်တွင် ရန်ကျောက်ကဲက ဝါဒတောင်၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာနိုင်ခြေ ရှိသည်။
ထိုသို့ဆိုလျှင် သူ့အနေဖြင့် သာမန်ကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်ရမည်ဖြစ်ပြီး အတွေ့အကြုံလည်းများလာမည် ဖြစ်၏။
မဟုတ်လျှင်လည်း ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် တန်ခိုးစွမ်းအားကို အခြေခံပြီး စွမ်းရည်ပိုမိုတိုးတက်လာစေရန် ကျင့်ကြံခြင်းတွင် အာရုံစိုက်နိုင်သည်။
“အင်အားကြီးသူက ကမ္ဘာကိုအုပ်စိုးသည်” ဟု ပြောလေ့ပြောထရှိကြသည်။
အင်အားစု (၂)ခု ထိပ်တိုက်တွေ့ချိန် ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ ယှဉ်ပြိုင်ကြသည့်အခါ အနိုင်မရှုံ မရေရာသည့်အခြေအနေများတွင် တန်ခိုးစွမ်းအားအနည်းငယ်မျှ နိမ့်ပါးသူက ကျဆုံးရမည်သာပင်။
ရန်တိသည်လည်း ဤနိယာမကိုပင် ကျင့်သုံးခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ရန်ကျောက်ကဲအတွက် တရားဝင်ကိုင်တွယ်ဖြေရှင်းရန် ကိစ္စမရှိသောကြောင့် သူ နောက်ထပ်လုပ်မည့်အလုပ်ကို လူတိုင်းအာရုံစိုက်ခံရသည်မှာ သဘာဝကျပေသည်။
ကျူတောပင်လယ်ဒေသတွင် ငြိမ်ငြိမ်သက်သက် ကျင့်ကြံနေမည်ဆိုပါက ကောင်းမည်ဖြစ်သည်။
သို့သော် သူက အခြားနေရာများသို့ သွားရောက်မည်ဆိုလျှင်တော့ တစ်ကမ္ဘာလုံး၏မျက်လုံးများက သူ့အပေါ် ကျရောက်လာပေမည်။
အရင်တစ်ချိန် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ခရီးထွက်ခဲ့စဉ်ကပင် အခြေအနေတစ်ခုလုံးအား မှောက်လှန်ပစ်ခဲ့သည်ဖြစ်ရာ လက်ရှိအချိန်တွင် သူ့ကိုထိန်းချုပ်နိုင်ရန် အမှန်တကယ်ပင် ခက်ခဲနိုင်သည်။
ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ်ကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး ဝါဒတောင်ခြေရင်းတွင် အရှုံးနှင့် ရင်ဆိုင်စေခဲ့သော်လည်း သူ ကိုယ်တိုင်နှင့် ဝါဒတောင်အန္တရယ်ကင်းရေးကိုတော့ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူ့အနေဖြင့် ဝါဒတောင်ကို ဆက်လက်ပြီး ခုခံကာကွယ်ပေးရပေမည်။
ဝါဒတောင်အနေဖြင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ၏အကူအညီမပါဘဲ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ခုခံကာကွယ်နိုင်ရန် လိုအပ်ပေသည်။
သို့သော် မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ နှင့် အနောက်တောင်ထိပ်တန်းအရှင်သခင် ပိုင်တောင်းတို့အုပ်စု ရှိနေသဖြင့် အရာအားလုံးက ပြောင်းလဲသွားမည် ဖြစ်သည်။
ရွှေစင်ထက်ယံအရှင်သခင်၏အဆက်အနွယ် ၊ အထက်ဘုံကမ္ဘာရှိ ဧကရာဇ် (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ကျန့်ဟွမ်ဓားဧကရာဇ်၏တူဖြစ်သူ ရန်ကျောက်ကဲသည် အထက်ဘုံကမ္ဘာ၏ အခြေအနေအများစုအား အလွယ်တကူ လွတ်လပ်စွာ ဖြတ်သန်းနိုင်မည် ဖြစ်၏။
တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်ဧကရာဇ်တို့က သူတို့၏ရပ်တည်ချက်ကို ထုတ်ဖော်မပြသရွေ့ ချင်းယွမ်ဧကရာဇ်သည်လည်း စိတ်လိုက်မာန်ပါ ပြုမူဝံ့မည် မဟုတ်ပေ။
သို့ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် ဝါဒတောင်တွင် အချိန်ပြည့်စောင့်ကြည့်နေစရာမလိုဘဲ လွတ်လပ်စွာ လှုပ်ရှားနိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့သားအဖ၏ ဘဝနောက်ခံ ၊ ကျန့်ဟွမ်ဓားဧကရာဇ်နှင့်ဆက်ဆံရေးအခြေအနေများအပြင် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန် ကျဆုံးသွားခြင်းတို့က ဤနှစ်ပိုင်းတစ်လျှောက် ထိတ်လန့်စရာအကောင်းဆုံး သတင်းများဖြစ်သည်မှာ သေချာသည်။
ရန်ကျောက်ကဲ ချင်းယွမ်ဧကရာဇ်ကို ခုခံတားဆီးနိုင်ခြင်းနှင့် ရန်တိက တောင်ပိုင်းထိပ်တန်းအရှင်သခင်ကို သတ်ဖြတ်နိုင်ခြင်းတို့က လူအများစု အဖြေရှာရန်ခက်ခဲသလို လက်ခံရန်လည်းခက်ခဲသည့် ထူးဆန်းသောကိစ္စတစ်ခု ဖြစ်ခဲ့သည်။
ရန်ကျောက်ကဲနှင့် ရန်တိ၏ ကံကြမ္မာကောင်းကို လူတိုင်းအားကျခဲ့ကြသော်လည်း ထို ကံကြမ္မာကောင်းတစ်ခုတည်းဖြင့် ဝါဒတောင် မြင့်တက်သွားမည်ဟု မည်သူမှ မခံစားခဲ့ရပေ။
ရန်တိနှင့် ရန်ကျောက်ကဲတို့မှာ ဒဏ္ဍာရီထဲမှတန်ခိုးစွမ်းအားရှင်တစ်ပါး၏ အဆက်အနွယ်များဖြစ်သည်ဟု လူအများစုက တွေးထင်ခဲ့ကြသည်။
လက်ရှိတွင် ဝါဒတောင်၏ နောက်ထပ်ခြေလှမ်းကို လူအများက စိုးရိမ်လျှက် ရှိကြ၏။
ကျူတောပင်လယ်ဒေသ ရေတိမ်ပိုင်းတွင် နဂါးအစစ်များ မွေးမြူရန် ခက်ခဲမည်မှာ ထင်ရှားသည်။
ဝါဒတောင်ဖွင့်ပွဲအခမ်းအနား တိုက်ပွဲအရ ဝါဒတောင်က ကျင်းထင်တောင်ထက်ပင် ပိုမိုအင်အားကောင်းနေသည်။ သို့ဖြစ်ရာ သူတို့ဘာဆက်လုပ်ကြမလဲဆိုသောမေးခွန်းက လူတိုင်း၏စိတ်ကိုလေးလံစေသည်။
အထူးသဖြင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန် သေဆုံးသွားခဲ့ပြီး စက်ဝန်းတောင်တိုက်ပွဲတွင်လည်း အရည်အချင်းရှိသူများစွာ ဆုံးရှုံးခဲ့သော ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းက ပိုမိုစိုးရိမ်ပူပန်လေသည်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အခြေအနေများက မလွဲမသွေ ပြောင်းလဲတော့မည် ဖြစ်သည်။
ဝါဒတောင်က အနောက်ဘက်သို့ ရွှေ့ပြောင်းလာပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အရှင်သခင်ဖြစ်လာရန် အခြေအနေများအပေါ်တွင် အခွင့်ကောင်း ယူမည်လား။
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်ဧကရာဇ်တို့က ဘယ်လိုအတွေးရှိနိုင်မလဲ”
ဝါဒတောင်ဖွင့်ပွဲအောင်မြင်စွာပြီးဆုံးခဲ့ပြီး ဧည့်သည်တော်များအားလုံးကို လိုက်ပါပို့ဆောင်ပြီးနောက် ဝါဒတောင်နှင့် နီးစပ်သော ထိပ်တန်းပုဂ္ဂိုလ်အချို့သာလျှင် တောင်ပေါ်တွင် ကျန်ရှိခဲ့ကြသည်။
ရန်ကျောက်ကဲက...
“တိဟွမ်မြေကမ္ဘာဧကရာဇ်က ပြင်ပဗလာနယ်ထဲမှာ ရှိနေသေးပေမယ့် မြေကမ္ဘာထိပ်တန်းအရှင်သခင်က အထက်ဘုံကမ္ဘာမှာပဲရှိနေတယ် မဟုတ်လား”
“ယင်ဟွမ်ဧကရာဇ်က ခွန်လွန်တောင် ၊ နတ်ဘုရားအနားယူတောင်ကြားမှာ တံခါးပိတ်ကျင့်ကြံနေတယ်”
ယခု မိန်းမပျိုဧကရာဇ်သည်လည်း ရေခဲအတွင်းပြန်လည်ဝင်ရောက်ကာ တံခါးပိတ်ကျင့်ကြံနေမည် ဖြစ်သည်။ ပြင်ပကမ္ဘာမှ အဖြစ်အပျက်များကို သိရှိသည့်တိုင် ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ပေ။
ရန်ကျောက်ကဲက ကျောက်စိမ်းကျောက်ဆောင်မှ တပည့် (၃)ယောက်ကို ကြည့်လိုက်ရင်း...
“ဒီအတိုင်းဆို ဆရာဦးလေး’ယွဲ့’ ရဲ့ ဆုံးဖြတ်ချက်ကို ကျန်တဲ့ဧကရာဇ် (၂)ပါးက သဘောတူတယ်ဆိုတဲ့ အဓိပ္ပါယ်လား”
အနောက်တောင်ထိပ်တန်းအရှင်သခင် ပိုင်တောင်းက...
“ဧကရာဇ်တွေကတော့ အချင်းချင်း အေးအေးဆေးဆေးပဲ နေကြလေ့ရှိပါတယ် ၊ မင်းနဲ့ ဆရာဦးလေး’ရန်’ အဆင်ပြေနေသရွေ့ ဆရာကလည်း ချင်းယွမ်ဧကရာဇ်ကို အခက်တွေ့အောင်လုပ်မှာ မဟုတ်ပါဘူး”
ရန်ကျောက်ကဲ ၊ ရန်တိ ၊ ယွမ်ကျန်းဖုန်းနှင့် ဝါဒတောင်မှ အခြားလူများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အတွေးနက်သွားကြသည်။
“ကျန့်ဟွမ်ဓားဧကရာဇ်နဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်တို့က ကိစ္စရပ်အတော်များများမှာ အမြင်မတူကြဘူး”
ယခုအချိန်တွင် တိဟွမ်မြေကမ္ဘာဧကရာဇ်သည်လည်း ရန်တိကိစ္စကို သိရှိပြီး ဖြစ်ပေလိမ့်မည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်၏အဆက်အနွယ်များက အတိအကျကို သတိမပြုမိသည့်တိုင် ရွှေစင်ထက်ယံအရှင်သခင်၏ အဆက်အနွယ်များ ဤကမ္ဘာသို့ရောက်ရှိနေကြောင်းကို သိရှိနေနိုင်သည်။
ရန်တိ တဖြည်းဖြည်း အင်အားကြီးမားလာသည်ကို နှောက်ယှက်ခြင်းမရှိကြောင်း သေချာစေရန်အတွက် ကျန့်ဟွမ်ဓားဧကရာဇ်နှင့် ဟွမ်တိမြေကမ္ဘာဧကရာဇ်တို့ကြားတွင် သဘောတူညီမှုနှင့် အပေးအယူတစ်ခု ရှိနေနိုင်သည်။
ယိုးမင်ဧကရာဇ် ယင်ထျန်းရှနှင့် ပတ်သက်ပြီး တိဟွမ်မြေကမ္ဘာဧကရာဇ်၏ဆုံးဖြတ်ချက်ကို ကျန့်ဟွမ်ဓားဧကရာဇ်က မထောက်ခံခဲ့သော်လည်း ဆန့်ကျင်ခြင်း မရှိခဲ့ပေ။
ခွန်လွန်အထင်ကရ (၉)ပါးဆိုသည်က ဒဏ္ဍာရီအဖြစ် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ အထက်ဘုံကမ္ဘာရှိ အလယ်ဆင့်နှင့် အဆင့်နိမ့်သိုင်းကျင့်ကြံသူများနှင့် သာမန်လူများများဆိုလျှင် လူအနည်းငယ်သာလျှင် သူတို့အကြောင်း သိရှိကြတော့သည်။
ဤတွင် ထင်သာမြင်သာရှိသောအရာအချို့က ဤကိစ္စနှင့်ပတ်သက်ပြီး အလုံးစုံသိရှိမှုကို လျော့ပါးစေရန် ကြိုးကိုင်သည့်ကိစ္စများကို သေချာပေါက် လုပ်ဆောင်ထားပေမည်။
ကျန့်ဟွမ်ဓားဧကရာဇ်က ဆရာဖြစ်သူ ရွှေစင်ထက်ယံအရှင်သခင်အပေါ် လေးစားမှုပြသသည့်တိုင် ယိုးမင်ဧကရာဇ်ကိစ္စနှင့်ပတ်သက်ပြီး အပြင်ပန်းတွင် ဆန့်ကျင်ခြင်း မပြုခဲ့သေးပေ။ ဤသည်မှာလည်း ဧကရာဇ်များကြား သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်။
ယခု နှစ်ပေါင်းနှစ်ထောင်ကျော် ကြာခဲ့ပြီးသည့်နောက် ရန်တိမှာ ထိုက်ယိဟွာတိမ်တိုက်မှာ မွေးဖွားလာပြီး အရွယ်ရောက်ကြီးပြင်းလာကာ အထက်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဤမှတစ်ဆင့် အထက်ဘုံကမ္ဘာ၏အခြေအနေ မည်သို့ဖြစ်လာမည်နည်း။
ဝမ်ဖူက...
“ဆရာက ချင်းယွမ်ဧကရာဇ်ကို မသတ်ဘူးဆိုရင်တော့ ယင်ဟွမ်ဧကရာဇ်က ကြားဝင်စွက်ဖက်မှာမဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ပြောရရင်တော့ ယင်ဟွမ်ဧကရာဇ်က တစ်လောကလုံးကအရာအားလုံးကို လျစ်လျူရှုထားတယ်လို့ ဆိုနိုင်တယ် ၊ ယေဘူယျအားဖြင့်တော့ သူက တိဟွမ်မြေကမ္ဘာဧကရာဇ်ရဲ့ဆုံးဖြတ်ချက်တွေကိုပဲ ထောက်ခံပေးလေ့ရှိပြီး သူ့ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်ပြောဆိုတာရှားတယ်”
ယင်ဟွမ်ဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ်သည်လည်း နက်ရှိုင်းသည့်ခင်မင်ရင်းနှီးမှု မရှိကြပေ။
နတ်ဘုရားအဆင့်ရောက်ရှိပြီးဖြစ်သော ဧကရာဇ်များအားလုံးက မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ကျဆင်းသွားခဲ့သော တာအိုဝါဒအပေါ် အလွန်တန်ဖိုးထားကြသည်။
ထူးခြားအခြေအနေအချို့မှလွဲပြီး ဧကရာဇ် (၃)ပါးက သူတို့အသက်ကိုထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားကြသည်။
ဝမ်ဖူ၏စကားကိုနားထောင်ရင်း ရန်ကျောက်ကဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤအကြောင်းအရာများကို နားထောင်ပြီးနောက် ယိုးမင်ဧကရာဇ် ယင်ထျန်းရှနှင့် ထုန်းမင်ဧကရာဇ် ဟူယွဲ့ရှင်းတို့နှင့်ပတ်သက်သည့် အခြေအနေမှန်ကို သူ အမှန်တကယ် သိချင်လာသည်။
သို့သော် ဝါဒတောင်မှလူများအပြင် ဝမ်ဖူနှင့် အခြားသူများလည်း နေရာတွင်ရှိနေသဖြင့် မိခင်ဖြစ်သူအကြောင်းနှင့် အမတခုံရုံးကိစ္စရပ်များကို နောက်ပိုင်းမှ သီးသန့်မေးမြန်းမည်ဟု ရန်ကျောက်ကဲ ဆုံးဖြတ်လိုက်သည်။ ထိုအကြောင်းများက လောလောဆယ်တွင် ပြောဆို၍ မဖြစ်နိုင်ပေ။
ထိုအချိန် ဝမ်ဖူက စကားဆိုလာသည်။
“ဆရာဘိုးဘိုးနဲ့ အတိတ်ကပတ်သက်ဆက်နွယ်မှုတွေကြောင့် ယင်ဟွမ်ဧကရာဇ်ကလည်း ဘယ်ဘက်ကိုမှ ရပ်တည်မပေးခဲ့ဘူး ၊ ဒါပေမဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာတော့ ပြောရခက်တယ်”
သူက တည်ကြည်လေးနက်သော လေသံဖြင့်...
“ဒီတစ်ခေါက်ကိစ္စမှာ နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါးက ဘယ်သူမှ တိုက်ရိုက်ဝင်မစွက်ပေမယ့် သူတို့က ကျွမ်းရှန်နဲ့ ချင်းယွမ်ဧကရာဇ်နောက်မှာ နည်းနည်းတော့ ရပ်တည်ပေးနေသေးတယ်”
“မင်းဆက်မြစ်ကို ရပ်တန့်စေတဲ့ ရတနာပစ္စည်းက မြေကမ္ဘာထိပ်တန်းအရှင်သခင်ရဲ့ ‘အသက်မြေလွှာ’ ဖြစ်ဖို့များတယ်”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း ပေါ့ပါးသည့်လေသံဖြင့်...
“အိုး... အသက်မြေလွှာလား”
ဝမ်ဖူက ဆက်ရှင်းပြသည်။
“ငါတို့ ခွန်လွန်တောင်ကထွက်လာတော့ နှင်းဖန်သားတောင်မှာ မြစ်ဖျားခံတဲ့ မင်းဆက်မြစ်ရဲ့ ဝိညာဉ်စွမ်းအားစီးဆင်းမှု မူမမှန်တာကို တွေ့လိုက်ရတယ်”
“အဲဒါကြောင့် နှင်းဖန်သားတောင်ကိုသွားစစ်ဆေးကြည့်တော့ ရေအရင်းအမြစ်ကို ပိတ်ဆို့ထားတာ တွေ့လိုက်ရတယ် ၊ အဲဒီပြဿနာကိုဖြေရှင်းပြီးတော့မှ မြစ်ကြောင်းကိုပိတ်ဆို့ထားတဲ့ ရတနာပစ္စည်းက အတော်လေးထူးခြားတယ်ဆိုတာ မိန်းမပျိုဧကရာဇ် သိခဲ့ရတယ် ၊ ဘာလို့လဲဆိုတော့ ပြဿနာကိုဖြေရှင်းပြီးတာနဲ့ အဲဒီအရာက သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့လို့ပဲ”
“ဒါပေမဲ့... ဒီလိုမျိုးအစွမ်းထက်တဲ့ ရတနာပစ္စည်းက နည်းနည်းပဲရှိတယ် ၊ မိန်းမပျိုဧကရာဇ်လိုလူမျိုးတောင် ဒီလိုရတနာပစ္စည်းမျိုးကို ထိန်းသိမ်းမထားနိုင်ဘူး ၊ ဒီတော့ ပိုင်ရှင်ဘယ်သူလဲဆိုတာ သိသာတယ်လေ”
ဝမ်ဖူက...
“လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်လို့သာ အားလုံးက အပေါ်ယံ မသိချင်ယောင်ဆောင်နေကြတာ”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း ထိုအကြောင်းကို စဉ်းစားနေသည်။
ရုတ်တရက် သံသယတစ်ခု သူ့စိတ်ထဲဝင်ရောက်လာသည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်သည်လည်း တစ်စုံတစ်ခု လှုပ်ရှားမှုပြုရန် ကြံစည်နေလေသလား။