နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး
Vol. 75 Ch. 1047
အခန်း (၁၀၄၇) နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး
မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ က ရန်ကျောက်ကဲ ၊ ဝါဒတောင်တို့နှင့် မည်သည့်ရန်ငြိုးရန်စမှ မရှိပေ။
သူတို့ကြားတွင် တင်းမာမှုရှိသည်ဆိုလျှင် အချက် (၂)ချက်သာလျှင် ရှိနိုင်သည်။
ပထမတစ်ချက်မှာ ရန်ကျောက်ကဲပိုင်ဆိုင်သော “ယိုးမင်ဂမ္ဘီရစက်ဝန်း” ဖြစ်သည်။
ဒုတိယတစ်ချက်မှာ ရန်ကျောက်ကဲ၏မိခင် “ရွှယ်ချူးချင်” ဖြစ်သည်။
ထိုကိစ္စနှစ်ခုလုံးက ယိုးမင်ဧကရာဇ် ယင်ထျန်းရှ ၊ ထုန်းမင်ဧကရာဇ် ဟူယွဲ့ရှင်းတို့နှင့် ပတ်သက်ဆက်နွယ်နေသည်။ ထိုစဉ်အချိန်က သူတို့လုပ်ဆောင်ခဲ့သည့်အရာက မြေကမ္ဘာဧကရာဇ်ကို ဆန့်ကျင်သည့်ကိစ္စတစ်ခုခုဖြင့် ဆက်စပ်နေနိုင်ဖွယ် ရှိသည်။
ဤကိစ္စနှင့်ပတ်သက်ပြီး ယင်ဟွမ်ဧကရာဇ်က တိဟွမ်မြေကမ္ဘာဧကရာဇ်ဘက်တွင် ရပ်တည်ခဲ့ပုံရသည်။
အကယ်၍ ထိုပြဿနာက ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့် ပတ်သက်နေသည်ဆိုလျှင် ချီလင်ကမ်းပါးမှလူများအနေဖြင့် ရှေးယင်ကတည်းကပင် ရန်ကျောက်ကဲအား လာရောက်ရှာဖွေကြပေလိမ့်မည်။
ထို့ကြောင့် ရွှယ်ချူးချင်၏ မှန်းဆမရသော လှုပ်ရှားမှုများကို ခြေရာခံရန် ပို၍ဖြစ်နိုင်သည်။
ရွှယ်ချူးချင်ကိုယ်တိုင်က အရေးကြီးခြင်း မရှိပေ။ သူမလက်ထဲတွင် ရှိနေသည့် ရတနာပစ္စည်းအချို့ သို့မဟုတ် မသိနိုင်သော လျှို့ဝှက်ချက်တစ်ခုခုက ပိုပြီးအရေးကြီးခြင်း ဖြစ်နိုင်သည်။
ထို ရတနာပစ္စည်း သို့မဟုတ် လျှို့ ဝှက်ချက်သည်လည်း မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျွမ်းချန်’ ကို စိတ်ပူပန်စေသည့် ကိစ္စတစ်ခု ဖြစ်နိုင်သည်။
အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်၏ အရှင်သခင်သဘောမျိုး တာဝန်ထမ်းဆောင်နေသည့် ‘ဝမ်ကျန်းချန်’ မှာ ကျန့်ဟွမ်ဓားဧကရာဇ်ကိုယ်တိုင်က ရန်ကျောက်ကဲနှင့် ရန်တိအား ကူညီပေးထားသည့်အခါ သူ့အနေဖြင့် ချင်းယွမ်ဧကရာဇ်နှင့် ကျွမ်းရှန်ကို ကူညီပေးရုံမှတပါး အခြားလှုပ်ရှားမှု မပြုလုပ်နိုင်ခဲ့ပေ။
ဤသို့သောအခြေအနေအောက်တွင် သူ့အတွက် နှစ်ဘက်ကြား ရန်ငြိုးရန်စများကို အာရုံစိုက်နေစရာ မလိုပေ။
သူ့အနေဖြင့် အခြားကိစ္စများကို အာရုံစိုက်သင့်သည်။
“ဒီလိုတော့ ဖြစ်နိုင်ခြေရှိတယ် ၊ ကျွန်တော်တို့သားအဖနှစ်ယောက်က ကျန့်ဟွမ်ဓားဧကရာဇ်နဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး အထက်ဘုံကမ္ဘာမှာ နာမည်ကြီးလာတဲ့အခွင့်အရေးကို အသုံးချပြီး အမေ့ကိုလှည့်စားလို့ရတယ်”
ရန်ကျောက်ကဲက ရန်တိကိုအသံပို့လွှတ်စနစ်ဖြင့် စကားဆိုသည်။
“အရင်တုန်းက ကျန့်ဟွမ်ဓားဧကရာဇ်က အမေ့ကိုမထောက်ခံခဲ့သလို ကန့်ကွက်တာလည်း မရှိခဲ့ဘူး ၊ ဒါကြောင့် အခုချိန်မှာ ကျန့်ဟွမ်ဧကရာဇ်က သူ့ကိုကာကွယ်ပေးမယ်လို့ အမေသာ လွဲမှားယုံကြည်သွားပြီး ကျွန်တော်တို့ကိုလာရှာရင် ဒုက္ခရောက်နိုင်တယ်”
ရန်တိက အေးစက်သောလေသံဖြင့်...
“အဲဒီလိုဖြစ်နိုင်ခြေရှိတာ အမှန်ပဲ ၊ ဒါပေမဲ့ အဲဒီလိုဖြစ်လာမယ်လို့ စိတ်ကူးနေတယ်ဆိုရင်တော့ အိပ်မက်သာမက်နေလိုက်တော့”
“သူတို့ဘက်က ဆရာဦးလေး’ယွဲ့’ နဲ့ တိုက်ရိုက်တော့ ပဋိပက္ခအဖြစ်ခံမယ်မထင်ဘူး”
ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်းဆိုသည်။
“အဲဒီအစား ကျွန်တော်တို့သိခွင့်တောင်မရလိုက်ဘဲ အမေ့ကိုလမ်းကဖြတ်ပြီး တိုက်ခိုက်မှာကိုပဲ ၊ အရင်က အမေဘယ်မှာရှိလဲဆိုတာ သူတို့မသိနိုင်ဘူးလေ ၊ သူတို့ကို မသိအောင်ထားလိုက်တာ အကောင်းဆုံးပဲ”
ရန်တိ၏မျက်ဝန်းများတွင် အေးစက်သောအလင်းရောင်များ တောက်ပလာပြီး ခဏမျှ စဉ်းစားလိုက်သည်။
“သူတို့က ငါတို့ကိုစောင့်ကြည့်နေသလို ငါတို့ကလည်း သူတို့ကို စောင့်ကြည့်နေမှာပဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“သေချာတာပေါ့”
ထိုစဉ်...
အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူက...
“တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်ဧကရာဇ်တို့ တိုက်ရိုက်ဝင်မစွက်ဘူးဆိုရင်... ဝါဒတောင်ကို ဆန့်ကျင်မယ့်သူ ဘယ်သူမှမရှိဘူး ၊ တောင်ပိုင်းမီးတောက်နယ်မြေမှာ အာဏာတည်ထောင်ဖို့ အခွင့်အရေးရနိုင်တယ်”
သူက ဆက်ပြောသည်။
“အခုချိန်ကစပြီး နောက်ထပ်နှစ်ပေါင်း (၁၀၀)ကြာရင် လမ်းဆယ်သွယ်စိတ်စွမ်းအားအစီအရင် တည်ဆောက်ရဦးမယ် ၊ ထင်မထားတဲ့ ကြီးကြီးမားမား ဖြစ်ရပ်တွေ ဖြစ်မလာဘူးဆိုရင် တောင်ပိုင်း ‘ကျွမ်းရှန်’ ရဲ့သေဆုံးမှုက အထက်ဘုံကမ္ဘာအခြေအနေကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး”
အနာဂတ်တွင် ဝါဒတောင်နှင့် ကျင်းထင်တောင်က ပြဿနာရှာမည်ကို ရှောင်ရှားရန်အတွက် ဝူထုန်တောင်စောင်းမှ အဆက်အနွယ်များမှာ အခြားနေရာတစ်ခုသို့ပင် လုံးလုံးရွှေ့ပြောင်းသွားခြင်း ဖြစ်နိုင်သည်။
ရန်တိက...
“တောင်ပိုင်း’ကျွမ်းရှန်’ က ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ ၊ ဝူထုန်တောင်စောင်းက ငါတို့ကို အန္တရယ်ပြုဖို့ လျှို့ ဝှက်ကြံစည်တာမျိုး မလုပ်ဘူးဆိုရင် ငါတို့ဂိုဏ်းကလည်း သူတို့ကိုချောင်ပိတ်မရိုက်ပါဘူး ၊ သူတို့အားလုံးကိုလည်း ရှင်းပစ်ဖို့ ကြိုးစားမှာမဟုတ်ဘူး”
သူက ဆက်ပြောသည်။
“သူတို့ဘက်က နောက်ဆုတ်ပေးမယ်ဆိုရင် သူတို့ အဆက်အနွယ်တစ်ခုလုံးကို အဆုံးသတ်ပစ်ဖို့ စိတ်ကူးမရှိပါဘူး”
ဤကိစ္စကို သာမန်လူများမသိကြသည့်တိုင် သူတို့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်ရှိသူများကတော့ နားလည်သဘောပေါက်ကြသည်။
ပိုင်တောင်းက...
“ဒါပေမဲ့ ဆရာဦးလေး’ရန်’ နဲ့ ဂိုဏ်းတူညီလေး’ရန်’ တို့နှစ်ယောက်လုံးက အမတကူးပြောင်းခြင်းအဆင့်မှာတင် လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်နေပါပြီ”
“ကျင့်ကြံခြင်းအဆင့် လိုအပ်နေသေးပေမယ့် တန်ခိုးစွမ်းအားကတော့ ပြည်နယ်တစ်ခုကို အုပ်စိုးဖို့ လုံလောက်ပါတယ်”
သူက ဆက်ပြောသည်။
“အရှေ့မြောက်’လျို’ ပြောသလိုပဲ... အခု ထိပ်တန်းအရှင်သခင် (၁၀)ယောက်မှာ တစ်ယောက်သေဆုံးသွားတာက အကြောင်းအရာတွေကို အများကြီးမထိခိုက်စေပါဘူး ၊ ပြီးတော့ မကြာခင်မှာ အဲဒီနေရာကို အစားထိုးလာမယ့်လူတွေလည်း ရှိမှာပါပဲ”
“အဲဒီလိုဖြစ်မလာဘူးဆိုရင်တောင်မှ ဆရာဦးလေး’ရန်’ နဲ့ ဂိုဏ်းတူညီလေး’ရန်’ တို့က နှစ်ပေါင်း (၁၀၀)အတွင်းမှာ လူသားအထွတ်ထိပ်အဆင့်ကို တက်ရောက်နိုင်မှာ သေချာပါတယ်”
ချောင်ကျယ်နှင့် လျိုကျန်းကူတို့ကလည်း ထိုစကားကို ခေါင်းညိတ်သဘောတူလိုက်ကြသည်။
တကယ်တော့ တစ်စုံတစ်ယောက်က လူသားအထွတ်ထိပ်အဆင့်သို့ ချက်ချင်းတက်ရောက်ပြီး ကျွမ်းရှန်၏ရာထူးကို သိမ်းပိုက်ခဲ့မည်ဆိုလျှင်တောင်မှ ရုတ်တရက်ဆန်သည့်အခြေအနေများကြောင့် အဆင်ပြေလှမည် မဟုတ်ပေ။
ကျင်းထင်တောင်နှင့် ရင်းနှီးမှုကိုထောက်ထားသဖြင့် ဝါဒတောင်က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် အာဏာတည်ထောင်ရန် မရည်ရွယ်ခဲ့ပေ။
သို့သော် သူတို့အနေဖြင့် အခြားသောပြည်နယ်တစ်ခုတွင်လည်း သွားရောက်ရပ်တည်ရန် မဖြစ်နိုင်ပေ။
တောင်ပိုင်းထိပ်တန်းအရှင်သခင် အသစ် ရွေးချယ်ခံရသည့်တိုင် ဝူထုန်တောင်စောင်းမှ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရပါမည်နည်း။
ပြီးတော့ ထို အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်မှာ တူညီသော အဆက်အနွယ်မှ ဖြစ်ကြသည်။
အသစ်တက်လာမည့် ထိပ်တန်းအရှင်သခင်ကို မဆိုထားနှင့် ကျန်ရှိသည့် ထိပ်တန်းအရှင်သခင် (၉)ယောက်တွင် အထက်ရပ်ထိပ်တန်းအရှင်သခင်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင်မှလွဲပြီး ကျန်ရှိသော ထိပ်တန်းအရှင်သခင်များအတွက် ကိုင်တွယ်ရ ခက်ခဲမည့် ကိစ္စသာ ဖြစ်သည်။
“ခြွင်းချက်မရှိတာတော့ မဟုတ်ပါဘူး”
ချောင်ကျယ်နှင့် လျိုကျန်းကူတို့နှစ်ယောက်လုံး ပိုင်တောင်းဘေးနားမှ အနက်ရောင်ဝတ်လူငယ်ကိုလှမ်းကြည့်ရင်း စိတ်လှုပ်ရှားစွာ တွေးလိုက်ကြသည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့သည်လည်း ပိုင်တောင်းဘေးနားတွင်ထိုင်နေသည့် အနက်ရောင်ဝတ်လူငယ်ကို လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲက...
“ဂိုဏ်းတူအစ်ကို’နျဲ့’ က အချိန်မရွေး လူသားအထွတ်ထိပ်အဆင့်ကို တက်ရောက်နိုင်တဲ့သူ မဟုတ်လား”
အနက်ရောင်ဝတ်လူငယ်၏ အေးစက်သောမျက်နှာထက်တွင် နွေးထွေးသောအပြုံးတစ်ချက် ပေါ်လာသည်။
“အခုတောင် အဆင့်တက်မယ်ဆိုလည်း ရပါတယ် ၊ ဒါပေမဲ့ နည်းနည်းထပ်စောင့်လိုက်ဦးမယ်”
သူက ဆက်ပြောသည်။
“ငါ ဒီကိုလာတာ ဆရာဦးလေး’ရန်’ နဲ့ ဂိုဏ်းတူညီလေး’ရန်’ ကို ဂုဏ်ပြုဖို့ ဝါဒတောင်ကို ရောက်လာတာပါ ၊ ဒါပေမဲ့ ငါတို့ ကျောက်စိမ်းကျောက်ဆောင်က ထိပ်တန်းအရှင်သခင်တစ်ယောက်ရဲ့ ရာထူးကိုယူပြီး ပြည်နယ်တစ်ခုကိုအုပ်စိုးဖို့ အရမ်းလောဘမကြီးပါဘူး”
သူ၏လေသံက ပေါ့ပါးပြီး ပုံမှန်အတိုင်းစကားပြောဆိုသည့်ပမာ သာမန်ဆန်လွန်းသည်။ သို့သော် ကြားရသူတိုင်းအတွက် မြေပြန့်လွင်ပြင်တစ်လျှောက် မိုးခြိမ်းသံကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသည်ကို ခံစားနိုင်သည်။
သို့ပေသိ ရန်ကျောက်ကဲ ၊ ရန်တိ ၊ ယွမ်ကျန်းဖုန်းအပါအဝင် ဝါဒတောင်မှ အခြားသူများကတော့ ဤသည်ကို အံ့သြစရာဟု မထင်ခဲ့ကြပေ။
ချင်းယွမ်ဧကရာဇ်တို့အုပ်စု ဝါဒတောင်သို့လာရောက်တိုက်ခိုက်စဉ်က မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ ကိုသာ အစပိုင်းတွင် အာရုံစိုက်ခဲ့ကြသည်။
သို့သော် ပိုင်တောင်းတို့အုပ်စု ရောက်လာသည့်အခါ ချင်းယွမ်ဧကရာဇ်က ပုံမှန်အတိုင်း တည်ငြိမ်နေသော်လည်း ကျွမ်းရှန် ၊ လန်ချင်းနှင့် အခြားသူများကတော့ အလွန်သတိထားသည့်အမူအရာများ ပြောင်းလဲသွားကြသည်။
ဤသည်မှာ သူတို့ထက်အဆင့်အတန်းမြင့်မားသော ကျောက်စိမ်းကျောက်ဆောင် အဆက်အနွယ်များကို သတိပြုသည်ဆိုခြင်းထက် သူတို့၏ သိုင်းပညာများကို သတိထားခြင်း ဖြစ်လေသည်။
သူတို့သတိအထားဆုံးကတော့ တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိသော အနက်ရောင်ဝတ်လူငယ်ပင် ဖြစ်သည်။
“လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) က ရှောင်ကျန့်နတ်ဓားရှင် ၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ကောင်းကင်သခင်လေး...”
ဤစကားက အထက်ဘုံကမ္ဘာတွင် အလွန်ကျယ်ပြန့်သော စကားတစ်ခွန်း ဖြစ်သည်။
ထို့အပြင် အခြားသော နာမည်ကျော်ကြားသည့် စကားတစ်ခွန်းလည်း ရှိသေးသည်။
“နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး ၊ သိုင်းဂိုဏ်း (၈)ဂိုဏ်းကို အလင်းပေးသည့်လူငယ်...”
ဆိုသည့် စကားဖြစ်သည်။
ထို စကားနှစ်ခွန်းလုံး၏ နောက်ဆုံးအပိုင်းများမှာ တူညီသောပုဂ္ဂိုလ် ‘ကောင်းကင်သခင်လေး’ ကို ကိုယ်စားပြုပြောဆိုခြင်း ဖြစ်ပြီး ကောင်းကင်သခင်လေးက လက်ရှိ အထက်ရပ်ထိပ်တန်းအရှင်သခင် ဖြစ်သည်။
ချန်ချန်းဟွာ လူသားအထွတ်ထိပ်အဆင့်သို့ မရောက်ရှိခင်အချိန် အထက်ဘုံကမ္ဘာတစ်လွှားသို့ ခရီးလှည့်လည်ပြီး ထိပ်တန်းသိုင်းဂိုဏ်း (၈)ခုကို အသိပညာသင်ပြကာ အလင်းပေးခဲ့သည်။ ၎င်းတို့၏ သိုင်းပညာရပ်များ ပိုမိုကောင်းမွန်လာစေရန် ကူညီပေးခဲ့သည်။
ဤ ထိပ်တန်းသိုင်းဂိုဏ်းကြီး (၈)ဂိုဏ်းက အထက်ဘုံကမ္ဘာတစ်လွှားပျံ့နှံ့နေသော သိုင်းဂိုဏ်းများဖြစ်ပြီး ယခုဆိုလျှင် နာမည်ကျော်ကြားသော သိုင်းဂိုဏ်းများ ဖြစ်နေကြပေပြီ။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျောက်စိမ်းလွင်ပြင်ဒေသမှ သုံးပေတောင်သည်လည်း ထိုထိပ်တန်းသိုင်းဂိုဏ်းများထဲမှတစ်ခု ဖြစ်၏။
ဤ ထိပ်တန်းသိုင်းဂိုဏ်း (၈)ခုလုံးက ထိပ်တန်းအဆင့် သိုင်းပညာရပ်များကို ပိုင်ဆိုင်ထားပြီး နယ်ပယ်အသီးသီးတွင် မတူညီသော သိုင်းပညာရပ်များကို ပိုင်ဆိုင်ထားသည်။ ထိုသိုင်းဂိုဏ်းများတွင် သိုင်းပညာကို နက်ရှိုင်းစွာကျွမ်းကျင်သူများသည်လည်း တိမ်တိုက်များပမာ များပြားကြသည်။
သို့သော် ထိုသိုင်းဂိုဏ်း (၈)ခုလုံး ယနေ့ခေတ်တွင် အောင်မြင်ထွန်းကားသော အခြေအနေသို့ ရောက်ရှိသွားသည်မှာ ချန်ချန်းဟွာ၏ သင်ပြပေးမှုကြောင့်သာ ဖြစ်ပေသည်။
ထိုစဉ်အချိန်က ချန်ချန်းဟွာက ငယ်ရွယ်သေးပြီး လူသားအထွတ်ထိပ်အဆင့် မရောက်ရှိသေးသော်လည်း ထို ထိပ်တန်းသိုင်းဂိုဏ်းကြီး (၈)ဂိုဏ်းက သူ့ကို အုပ်စိုးရှင်အဖြစ် အထင်ကြီးလေးစားကြသည်။
ထို့ကြောင့် ချန်ချန်းဟွာသည် “သိုင်းဂိုဏ်း (၈)ဂိုဏ်းကို အလင်းပေးသည့်လူငယ်” ဆိုသော အံ့ဖွယ်ဂုဏ်သတင်းကို ပိုင်ဆိုင်ထားခဲ့သည်။
ဒုတိယစကား၏ အစပိုင်းဖြစ်သော “နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး” ဆိုသည်က အခြားတစ်ယောက်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ထိုသူ၏အမည်မှာ နျဲ့ကျင်းရှန် သို့မဟုတ် နတ်ဘုရားများကို တုန်လှုပ်စေသော’နျဲ့’ ဖြစ်သည်။
သူက လုန်ရွှယ်ကျီးနှင့် ချန်ချန်းဟွာတို့ထက်အသက်ငယ်ရွယ်ပြီး ထိုသူနှစ်ဘောက်ပြီးလျှင် အထက်ဘုံကမ္ဘာတွင် ထူးခြားသောပါရမီရှင်အဖြစ် လူသိအများဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူက ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ် ၊ ကျောက်စိမ်းကျောက်ဆောင်မှ ကျန့်ဟွမ်ဓားဧကရာဇ်၏ နောက်ဆုံးတပည့်လည်း ဖြစ်သည်။
နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး ၊ နတ်ဘုရားများကို တုန်လှုပ်စေသော’နျဲ့’ ။
ကောလဟလများအရဆိုလျှင်တော့ ကျန့်ဟွမ်ဓားဧကရာဇ်က မတော်တဆ မိဘမဲ့ကလေးတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။
ထိုကလေးငယ်ကိုတွေ့သည်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်၏ဓားအိမ်အတွင်းမှ ဓားသွားက တဟုန်ထိုး တုန်လှုပ်သွားခဲ့သည်။
ဤသို့သောထူးဆန်းသည့်ဖြစ်ရပ်ကြောင့် ကျန့်ဟွမ်ဓားဧကရာဇ် စူးစမ်းချင်စိတ်ဖြစ်ပေါ်လာပြီး ထိုကလေးငယ်ကို ကျောက်စိမ်းကျောင်ဆောင်သို့ ခေါ်ဆောင်လာပြီး ပျိုးထောင်ပေးခဲ့သည်။ ထိုအတောအတွင်းမှာပင် နျဲ့ကျင်းရှန်၏ အရည်အချင်းများက ကျန့်ဟွမ်ဓားဧကရာဇ်ကိုပင် တုန်လှုပ်စေခဲ့သည်။
နတ်ဘုရားများကို တုန်လှုပ်စေသော’နျဲ့’ ဆိုသော သူ၏ဂုဏ်ပုဒ်နှင့်လျော်ညီစွာ သူ၏ဓားသိုင်းစွမ်းက ကမ္ဘာလောကတစ်ခုလုံးရှိ လူသားများသာမက ဝိညာဉ်များကိုပါ တုန်လှုပ်စေခဲ့သည်။
နျဲ့ကျင်းရှန်က အနောက်မြောက်ထိပ်တန်းအရှင်သခင် ‘လျန်ကျူးလင်’ နှင့် တစ်ကြိမ် သရေကျခဲ့ဖူးသည်။ သူက ပေါ့ပေါ့ပါးပါးပင် ယှဉ်ပြိုင်ရင်း သရေကျသည့် သိုင်းပြိုင်ပွဲကို ထိန်းထားခဲ့ခြင်း ဖြစ်သည်။
သူတို့ကိုယ်တိုင်မှာလွဲပြီး ထိုတိုက်ပွဲ၏ သေခြင်းရှင်ခြင်း မည်သို့အဆုံးသတ်မည်ကို မည်သူမှ မသိနိုင်ပေ။
နောက်ပိုင်းတွင် လျန်ကျူးလင်က စကားတစ်ခွန်းပြောခဲ့ပြီး ထိုစကားက အထက်ဘုံကမ္ဘာတစ်ခွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။
ထိုစကားမှာ...
“ကျန့်ဟွမ်ဓားဧကရာဇ်၏အဆက်အနွယ် ၊ နတ်ဘုရားများကို တုန်လှုပ်စေသော’နျဲ့’ က ထိပ်ဆုံးတွင်စိုးစံသည်”
ဆိုသော စကားပင် ဖြစ်၏။
ထိုစဉ်အချိန်က နျဲ့ကျင်းရှန်သည် သိုင်းသူတော်စင် အဋ္ဌမအဆင့်တွင်သာ ရှိနေပေသေးသည်။