ရွှယ်ချူးချင်ကိုရှာဖွေနေရသည့်အကြောင်းရင်း
Vol. 75 Ch. 1049
အခန်း (၁၀၄၉) ရွှယ်ချူးချင်ကိုရှာဖွေနေရသည့်အကြောင်းရင်း
ရှီကျွင်းက တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးများကို မှေးမှိတ်ထားသည်။
ထိုခဏတွင် ထူးဆန်းသည့်သင်္ကေတစ်ခု သူ၏နဖူးထက်တွင် ထွက်ပေါ်လာသည်။
ထိုသင်္ကေတက သူ၏ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာပုန်းကွယ်နေသည့် စည်းတံဆိပ်ဖြစ်သည်။ ထိုအရာက ဧကရီ ‘ကျဲ့မင်ခုန်’ ၏ လှုံဆော်ပေးမှုဖြင့် အစစ်အမှန်အဖြစ် သိပ်သည်းခဲ့၏။
ကျဲ့မင်ခုန်က ရေခဲထဲတွင် အိပ်ပျော်နေသည့်ပမာ ရှိနေဆဲ ဖြစ်သည်။
သို့သော် ရေခဲရုပ်တုမျက်နှာပြင်ထက်တွင် တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်နေသည်။
အခြားဘက်မှာတော့ ရေခဲခေါင်းတလားအတွင်းမှ ယင်ယွီကျန်း၏ နဖူးထက်တွင်လည်း သင်္ကေတတစ်ခု ပေါ်လာသည်။ ထိုသင်္ကေတက ရှီကျွင်းနဖူးထက်မှ သင်္ကေတနှင့် တူညီခြင်း မရှိပေ။
သို့သော် ထိုသင်္ကေတနှစ်ခုလုံးမှ ထူးဆန်းပြီး ဆိုးရွားညစ်နွမ်းသော အငွေ့အသက်များ ထွက်ပေါ်နေကြသည်။
ရန်ကျောက်ကဲနှင့် အခြားသူများက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုသင်္ကေတများကိုလေ့လာရင်း စောင့်ဆိုင်းနေကြသည်။
ခဏအကြာတွင် ရေခဲရုပ်တုမျက်နှာပြင်ထက်မှ တောက်ပမှု တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ရှီကျွင်းနှင့် ယင်ယွီကျန်းတို့၏နဖူးထက်မှ အမှတ်အသားသည်လည်း ပျောက်ကွယ်သွားသည်။
“စိတ်မကောင်းစရာပဲ ၊ ဒါဘာလဲဆိုတဲ့အမှန်တရားကို ငါလည်း အတိအကျမသိနိုင်ဘူး”
မိန်းမပျိုဧကရာဇ်၏အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားပြီး...
“အစစ်အမှန်နတ်ဘုရားတစ်ပါးတောင် ဒီကိစ္စရင်းမြစ်ကို မသိနိုင်ဘူးဆိုတော့... ဒါကိုလုပ်ထားတဲ့ နတ်ဆိုးက အတော်လေး ထူးခြားတဲ့သူဖြစ်ရမယ် ၊ ဒါဆိုရင် သံသယဝင်စရာနယ်ပယ်က ပိုပြီးကျဉ်းမြောင်းသွားပြီ”
မိန်းမပျိုဧကရာဇ်က...
“မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒရော ဗုဒ္ဓဘာသာရောက နတ်ဆိုးများကို သုတ်သင်ရှင်းလင်းပစ်လေ့ရှိကြတယ် ၊ ဒါကြောင့် ငရဲကိုးထပ်က မဟာနတ်ဆိုးတွေ အများအပြား ပျက်ဆီးခဲ့ကြတယ်”
သူမက ဆက်ပြောသည်။
“မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက်တော့ ငရဲကိုးထပ်လည်း အတော်လေး ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ရတယ်”
နတ်ဆိုးများက သေဆုံးသွားသည့်တိုင် ပြန်လည်မွေးဖွားနိုင်စွမ်းရှိကြသဖြင့် မသေနိုင်သောတည်ရှိမှုများဟု ပြောဆိုကြသည်။ သို့သော် လောကတွင် ထာဝရတည်ရှိခြင်းဆိုသည်က အကြွင်းမဲ့မဖြစ်နိုင်ပေ။
“ငရဲကိုးထပ်မှာ လက်ရှိလှုပ်ရှားနေတဲ့ မဟာနတ်ဆိုးကြီးတွေက အရေအတွက် ကန့်သတ်ချက်ရှိတယ်”
မိန်းမပျိုဧကရာဇ်က ဖြည်းညင်းစွာဆိုသည်။
“ဒါပေမဲ့ နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းပစ်လိုက်ရင်တောင် သူတို့တည်ရှိမှုက ပျောက်ကွယ်သွားမှာမဟုတ်ဘူး ၊ သူတို့အနေနဲ့ နောက်ပိုင်းမှာ ပြန်လည်ရှင်သန်နိုင်ဖို့ အခွင့်အရေးတွေရှိနေတယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
ဤသည်က သူ၏ကနဥိးခန့်မှန်းချက်ဖြစ်ပြီး ယခုတော့ အတည်ပြုနိုင်ပြီ ဖြစ်သည်။
ရှီကျွင်းနှင့် ယင်ယွီကျန်းနောက်ကွယ်မှ တန်ခိုးစွမ်းအားမြင့်မားသူများက မည်သူများဖြစ်ကြောင်းကိုတော့ ရန်ကျောက်ကဲ သိရှိနိုင်ခြင်း မရှိပေ။
ရန်တိက နျဲ့ကျင်းရှန် ၊ ပိုင်တောင်းနှင့် ဝမ်ဖူတို့ (၃)ယောက်အား ကြည့်လိုက်ပြီး...
“ကျွင်းအာတို့သားအမိက ငါ့ရဲ့ဂိုဏ်းတူအစ်ကို နောက်ဆုံးကျန်ခဲ့တဲ့မျိုးဆက်ပါ ၊ အဲဒီ ဂိုဏ်းတူအစ်ကိုကွယ်လွန်သွားတဲ့နောက် သူ့ရဲ့မျိုးဆက်ကို အစွမ်းကုန်ဂရုစိုက်ပေးဖို့ ကတိပြုထားတယ်”
သူက ဆက်ပြောသည်။
“ဂိုဏ်းတူအစ်ကို’ယွဲ့’ ပြင်ပဗလာနယ်ထဲက ပြန်ရောက်လာရင် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို နည်းနည်းလောက်ဒုက္ခပေးလို့ ရနိုင်မလား”
ပိုင်တောင်းက...
“ဆရာဦးလေး’ရန်’ က ဖြောင့်မတ်ပြီး ဂိုဏ်းတူညီအစ်ကိုတွေအချင်းချင်းထားရှိတဲ့ဆက်ဆံရေးကို တန်ဖိုးထားတာပဲ ၊ ငါတို့ဆရာက နားလည်ပေးနိုင်မှာပါ”
နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးမျ ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ မှာ လွန်ခဲ့ပြီဖြစ်သော ဆရာဖြစ်သူ၏ သွေးသားမျိုးဆက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက အတတ်နိုင်ဆုံး ရန်တိနှင့် ရန်ကျောက်ကဲကို စောင့်ရှောက်ကာကွယ်ပေးမည် ဖြစ်၏။
ပိုင်တောင်းက...
“ဒီကိစ္စက ငရဲကိုးထပ်နဲ့သက်ဆိုင်တဲ့အတွက် ဆရာက သေချာပေါက် သတိထားမှာပါပဲ”
သူက ဆက်ပြောသည်။
“ဆရာဦးလေးနဲ့ မသက်ဆိုင်ဘူးဆိုရင်တောင် ဆရာကတော့ ဒီကိစ္စအတွက် စိတ်ပူပန်မှာပါပဲ ၊ ဒီကိစ္စထဲမှာ ငရဲကိုးထပ်က မဟာနတ်ဆိုးတွေ ပါဝင်ပတ်သက်နေတယ်လေ”
ဝမ်ဖူက...
“ဒါပေမဲ့ ဆရာပြန်မလာခင်အထိ ဒီကိစ္စ တခြားကိုပြန့်မသွားအောင် ထိန်းထားပေးပါ ဆရာဦးလေး’ရန်’”
ရန်ကျောက်ကဲ ၊ ရန်တိနှင့် ဝါဒတောင်မှလူများ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
ပိုင်တောင်းက...
“ဒီကညီငယ်လေး... ဖြစ်နိုင်ရင် မင်းအမေနဲ့အတူ ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ကို လိုက်ခဲ့စေချင်တယ်”
သူက ဆက်ပြောသည်။
“မဟာနတ်ဆိုးသင်္ကေတက ဘယ်အချိန်မှာ အသက်ဝင်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ”
ခွန်လွန်တောင်သို့ ရောက်ရှိပြီးမှ ကျန့်ဟွမ်ဓားဧကရာဇ် ပြန်ရောက်မလာခင် တစ်စုံတစ်ခု ထူးခြားမှုဖြစ်လာပါက အနီးအနားတွင်ရှိနေသော ရေခဲဧကရီကို အကူအညီတောင်းနိုင်သည်။
အကယ်၍ ရေခဲဧကရီ မကူညီနိုင်လောက်အောင် ပြဿနာက ပြင်းထန်လွန်းသဖြင့် ရွေးချယ်စရာမရှိပါက ခွန်လွန်တောင်တွင် တံခါးပိတ်ကျင့်ကြံနေသော ယင်ဟွမ်ဧကရာဇ်အား ကူညီပေးပါရန် ရိုးရှင်းစွာပင် တောင်းဆိုနိုင်သည်။
ရန်တိက...
“ကျောက်စိမ်းကျောင်ဆောင်အတွက် ဒုက္ခဖြစ်မှာစိုးရိမ်မိတယ် ၊ ပြီးတော့ မင်းတို့တွေ အန္တရယ်ဖြစ်မှာ ကြောက်မိတယ်”
ဝမ်ဖူက ခေါင်းခါယမ်းရင်း...
“ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်”
သူက ဆက်ပြောသည်။
“တကယ်လို့ ကပ်ဘေးတစ်ခုခုဖြစ်ရင်တောင် ခွန်လွန်တောင်မှာက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ထက် ပိုပြီး ခံနိုင်ရည်ရှိလိမ့်မယ် ၊ မိန်းမပျိုဧကရာဇ်လည်းရှိသလို ယင်ဟွမ်ဧကရာဇ်ကိုလည်း အကူအညီတောင်းလို့ရတယ် ၊ ဒီတော့ ပျက်ဆီးဆုံးရှုံးမှုလည်း နည်းပါးနိုင်တယ်”
ရန်တိက ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူတို့အားလုံးကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...
“ဒါဖြင့်လည်း မင်းတို့ကိုအနှောက်အယှက်ပေးရတော့မယ်”
ပိုင်တောင်းက...
“ပြဿနာမရှိပါဘူး ဆရာဦးလေး”
ဟု အလျင်စလိုပြောလိုက်သည်။
ရေခဲရုပ်တုထဲတွင် အလုံပိတ်ထားသည့် မိန်းမပျိုဧကရာဇ်ကလည်း တိတ်ဆိတ်ခြင်းဖြင့် သဘောတူညီမှုကို ပြသလိုက်သည်။
ရှီကျွင်းက ဝါဒတောင်နှင့်ခွဲခွာရန် ဝန်လေးနေသော်လည်း ဤသည်က သူနှင့် သူ၏မိခင်အကျိုးအတွက်ဖြစ်ကြောင်း စဉ်းစားမိသည့်အခါ မည်သည့်စကားမှမဆိုတော့ဘဲ အစီအစဉ်အတိုင်း သဘောတူလိုက်သည်။
ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ကိစ္စ ဆွေးနွေးပြီးနောက် စကားဝိုင်းသည်လည်း ပြီးဆုံးသွားခဲ့သည်။
***
ထို့နောက်မှာတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့သားအဖက ဧည့်သည်တော်များနားနေဆောင်သို့သွားရောက်ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်ထံသို့ သီးသန့်သွားရောက်တွေ့ဆုံကြသည်။
သူတို့ရောက်လာသည်ကိုတွေ့သည်နှင့် ချောင်ကျယ်က ရောက်လာရသည့်ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
ရန်ကျောက်ကဲက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“အခုရောက်လာတာက အမေ့ကိစ္စနဲ့ပတ်သက်လို့ပါ ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို သတင်းနည်းနည်းလောက် မေးချင်လို့”
ချောင်ကျယ်က ရန်တိကို တစ်ချက်လှမ်းကြည့်ရင်း...
“အင်း... မင်းက လူသားအထွတ်ထိပ်အဆင့်ကိုမရောက်သေးပေမယ့် ထိုက်ယိဟွာတိမ်တိုက်ရှိနေတဲ့အတွက် အဆင်ပြေနိုင်ပါတယ် ၊ ဒါပေမဲ့ ... မင်းက...”
သူက ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး မည်သို့မှမတတ်နိုင်စွာ သက်ပြင်းချလိုက်သည်။
“အရှေ့တောင်ထိပ်တန်းအရှင်သခင် စိုးရိမ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်”
ရန်ကျောက်ကဲက ပြုံးရင်းဆိုသည်။
“ဒါပေမဲ့ ယိုးမင်ဂမ္ဘီရက်ဝန်းကြောင့်လား... ဒါမှမဟုတ် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ရဲ့ နောက်ဆုံးပညာရပ်ဖြစ်တဲ့ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ ကြောင့်လားတော့မသိဘူး ၊ ကျွန်တော် အမတခုံရုံးနယ်မြေကို ခရီးထွက်ခဲ့ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတဲ့အမည်ကို ကြားသိခဲ့ရပေမယ့် မူမမှန်တာ ဘာတစ်ခုမှ မခံစားခဲ့ရဘူး”
“ပြီးတော့ ကျွန်တော့်ကိုယ်ထဲမှာလည်း ယုံကြည်ခြင်းစွမ်းအားနဲ့မွေးဖွားလာတဲ့ အလင်းရောင်ဖြစ်ပေါ်လာတာမျိုး မရှိခဲ့ဘူး”
ထိုစကားကိုကြာတော့ ချောင်ကျယ် အတော်လေး အံ့အားသင့်သွားပြီး...
“ယိုးမင်ဂမ္ဘီရပညာ(၁၂)ရပ်ကို ကျင့်ကြံထားတဲ့ ယိုးမင်ဂမ္ဘီရဂိုဏ်းသားတွေလည်း လူသားအထွတ်ထိပ်အဆင့်အောက်ဆိုရင် ဒါကို ခံနိုင်ရည်စွမ်း မရှိကြဘူး ၊ ယိုးမင်ဂမ္ဘီရစက်ဝန်းက အပြည့်အဝ အမတမှော်ဝင်ပစ္စည်းမဖြစ်သေးပေမယ့် ဒီလိုမျိုး သက်ရောက်မှုရှိနေသလား မသိနိုင်ဘူး”
ရန်ကျောက်ကဲက...
“ကျွန်တော်လည်း သေချာတော့ မပြောနိုင်ဘူး ၊ ဒါပေမဲ့ ဒီ အမတခုံရုံးနဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရင်က တကယ့်ကို အံ့သြစရာကောင်းတဲ့အရာမျိုးလား”
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဝူလျန့်ထျန်းကျွင်းဆိုတဲ့နာမည်ကို ကြားသိမိရုံနဲ့ ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ သူ့ရဲ့အရိပ်ထင်ကျန်ခဲ့ပြီး ယုံကြည်မှုအလင်းတန်းကို ဖြစ်တည်စေတာလား”
သူက ဆက်ပြောသည်။
“ဘုရားလောင်းတောင် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့တာပဲ ၊ အဲဒီလိုမျိုး လွှမ်းမိုးနိုင်စွမ်း မရှိခဲ့ပါဘူး”
ရန်ကျောက်ကဲနှင့် ချောင်ကျယ်တို့၏ ယခင်ဆက်ဆံရေးများမှတစ်ဆင့် ဗုဒ္ဓဘာသာနယ်မြေများအကြောင်းကိုလည်း သိရှိပြီးနေပြီ ဖြစ်သည်။ ထို့ကြောင့် ဘုရားလောင်းဆိုသည့်စကားကို ကြားသိရခြင်းများက အံ့သြစရာ မဟုတ်တော့ပေ။
ရန်ကျောက်ကဲ၏မေးခွန်းကို ချောင်ကျယ်လည်း သိပ်ပြီးမဖြေတတ်ပေ။
“အမတခုံရုံးနယ်မြေတွေက အဲဒီလိုမျိုးလွှမ်းမိုးနိုင်စွမ်းသာ မရှိဘူးဆိုရင် သူတို့ရဲ့သတင်း ပျံ့နှံ့မှာကို တားမြစ်ပိတ်ပင်စရာတောင် မလိုဘူး”
သူက ဆက်ပြောသည်။
“တကယ်တော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့သတင်းတွေကို ငါတို့တွေ ကန့်သတ်ပိတ်ပင်ထားတယ်ဆိုတာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ အမတခုံရုံးကြောင့်လည်း ဖြစ်တယ်”
“အမတခုံရုံးနဲ့ သုခဘုံက ပဋိပက္ခအများကြီးရှိတယ် ၊ သူတို့က ပင်ကိုယ်အားဖြင့်တူညီကြတယ်ဆိုပေမယ့် ဘယ်လိုမှညှိနှိုင်းမရတဲ့ ရန်သူတွေပဲ ၊ ဒါကြောင့် သူတို့နဲ့ပတ်သက်တဲ့အချက်အလက်အားလုံးကို ကန့်သတ်ထားရတာပဲ”
ချောင်ကျယ်က အနည်းငယ် ခေါင်းမော့ရင်း...
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဘာလို့အဲဒီလောက်ထူးဆန်းရသလဲဆိုတာတော့ ငါလည်း မသိဘူး”
ရန်တိက...
“ငါနဲ့ ချူးချင်ဆုံတွေ့တုန်းကဆိုရင်... ငါတို့နှစ်ယောက်လုံးက သိုင်းသူတော်စင်ဖြစ်ဖို့တောင် အဝေးကြီးလိုသေးတယ် ၊ လူသားအထွတ်ထိပ်အဆင့် ရော်ကဖို့ဆိုတာတော့ ပြောမနေနဲ့တော့... ဒီတော့.. သူ...”
ချောင်ကျယ်က...
“သူကတော့ ခြွင်းချက်အဖြစ်နဲ့ထူးခြားတဲ့အခြေအနေမှာ ရှိနေတယ်”
သူက ဆက်ပြောသည်။
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတဲ့နာမည်ကိုကြားလည်း အန္တရယ်မကျရောက်အောင်ကာကွယ်ပေးတဲ့ ရတနာပစ္စည်းတစ်ခု သူ့မှာရှိတယ် ၊ အဲဒီရတနာပစ္စည်းက သူတို့ဂိုဏ်းက ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းထားတဲ့ ရတနာတစ်ခုပဲ”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“အိုး... ဒီလိုရတနာပစ္စည်းမျိုးက အတော်ရှားပါးမှာပဲ”
ချောင်ကျယ်က ခေါင်းညိတ်ရင်း...
“မြစ်ဝါပန်းချီကားတစ်ဝက်လေ”
ရန်ကျောက်ကဲက လက်ဖဝါးနှစ်ခုပွတ်သပ်ရင်း...
“ဒါဖြင့် မအံ့သြတော့ပါဘူး”
မြစ်ဝါမြစ်နှင့် ခန်းမကိုးခုပန်းချီကားဆိုသည်က မရေမတွက်နိုင်သော ဒဏ္ဍာရီများကို ထင်ကျန်စေသည့် ထိပ်တန်းအဆင့် ရတနာပစ္စည်း ဖြစ်သည်။
သို့သော် မဟာကပ်ဘေးကြီး မတိုင်ခင်ကတည်းက ထိုပစ္စည်း ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့သော် မိခင်ဖြစ်သူထံတွင် မြစ်ဝါပန်းချီကားတစ်ဝက်ရှိနေမည်ဟု တစ်ခါမှ တွေးထင်မထားခဲ့ပေ။
ရန်ကျောက်ကဲက တိတ်ဆိတ်စွာခေါင်းညိတ်ရင်း...
“ကျွန်တော့်အမေ ဘာတွေဖြစ်ခဲ့တာလဲ... ပြီးတော့ ယိုးမင်ဧကရာဇ်နဲ့ အမေ့ရဲ့ ဘိုးဘေးဆရာသခင် ထုန်းမင်ဧကရာဇ်တို့က အမတခုံရုံးနဲ့ဘယ်လိုပတ်သက်ခဲ့တာလဲ”
“ပြောရရင်တော့ အရှည်ကြီးပဲ”
ချောင်ကျယ်က စိတ်ရှုတ်ထွေးသည့်မျက်နှာအမူအရာဖြင့် ဆိုသည်။
“တိုတိုပြောရရင်တော့... ဒါတွေအားလုံးက ပစ္စည်းတစ်ခုကြောင့် ဖြစ်ရတာပဲ”