နှစ်ပေါင်းထောင်ချီလျှို့ဝှက်ချက်
Vol. 75 Ch. 1050
အခန်း (၁၀၅၀) နှစ်ပေါင်းထောင်ချီလျှို့ဝှက်ချက်
“ဒဏ္ဍာရီတွေအရတော့ ဒီပစ္စည်းကို ‘ကောင်းကင်အမြုတေကျောက်တုံး’ လို့ခေါ်တယ်”
ချောင်ကျယ်က ဖြည်းညင်းစွာဆိုသည်။
“ငါတောင် လူသားအထွတ်ထိပ်အဆင့်ရောက်ပြီးမှ ဒီအကြောင်းတွေကို သိခွင့်ရခဲ့တာ”
ရန်ကျောက်ကဲနှင့် ရန်တိတို့က ချောင်ကျယ်ကို အာရုံစူးစိုက်ကြည့်နေကြသည်။
ချောင်ကျယ်က အဝေးမှထွက်ပေါ်လာသည့်ပမာ လေသံဖြင့်...
“သတင်းအချက်အလက်တွေအရဆိုရင်တော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ‘ဝူလျန့်ထျန်းကျွင်း’ က အဲဒီ ‘ကောင်းကင်အမြုတေကျောက်တုံး’ကို ရှာဖွေနေတယ်တဲ့”
“ဒီရတနာကိုသာ သူရရှိသွားမယ်ဆိုရင်... သူ့နာမည်ကိုကြားတာနဲ့ ငါတို့လမ်းမှန်တာအိုကျင့်ကြံသူလောကရဲ့ လူသားအထွတ်ထိပ်အဆင့်အောက်ရှိတဲ့ ကျင့်ကြံသူတွေသာမက လူသားအထွတ်ထိပ်အဆင့်ရှိတဲ့သူတွေရော ၊ နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားတဲ့ နတ်ဘုရားတွေရော အန္တရယ်ကင်းမှာမဟုတ်တော့ဘူး”
“ကောင်းကင်အမြုတေကျောက်တုံး...”
ရန်ကျောက်ကဲ မျက်ခုံးများကိုတွန့်ချိုးရင်း စဉ်းစားလိုက်သည်။
ထိုအမည်က သူ့အတွက် အစိမ်းသက်သက် ထူးဆန်းလျှက် ရှိ၏။
မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော်မှာပင် ထိုအမည်ကို ကြားသိခဲ့ဖူးခြင်း မရှိခဲ့ပေ။
“ဒါပေမဲ့ ဒီသတင်းအချက်အလက်က တကယ်ရော မှန်ကန်ရဲ့လားဆိုတာ ငါတို့တွေ အခုထိ အတည်မပြုနိုင်သေးဘူး”
ချောင်ကျယ်က ဆက်ပြောသည်။
“ဒါပေမဲ့ ဒီကိစ္စက တကယ်ပဲ ခြိမ်းခြောက်နိုင်စွမ်းရှိတယ်ဆိုတာကို လူတစ်ယောက်ကတော့ မယုံကြည်ခဲ့ဘူး”
ရန်ကျောက်ကဲက...
“ယိုးမင်ဧကရာဇ် ယင်ထျန်းရှလား...”
ချောင်ကျယ်က...
“အမှန်ပဲ ၊ အဲဒီနှစ်တုန်းက ယိုးမင်ဧကရာဇ်က ဝေးကွာတဲ့ ပြင်ပဗလာနယ်ထဲကို ခရီးထွက်တယ်ဆိုတာ ဟန်ပြသက်သက်ပဲ”
သူက ဆက်ပြောသည်။
“ယိုးမင်ဧကရာဇ်ရဲ့ တကယ့်ရည်မှန်းချက်ပန်းတိုင်က ‘ကောင်းကင်အမြုတေကျောက်တုံး’ ကို ရှာဖွေဖို့ပဲ”
“အဲဒီတုန်းက ဗုဒ္ဓဘာသာနဲ့ အမတခုံရုံးကြားက ပဋိပက္ခကလည်း အပြင်းထန်ဆုံးအချိန်ဖြစ်နေတာ ၊ အမတခုံရုံးက တန်ခိုးစွမ်းအားရှင်အများစက ဗုဒ္ဓဘာသာဝင်တွေနဲ့ တိုက်ပွဲဝင်နေကြတာ ၊ အတိုင်းအဆမရှိကောင်းကင်ဘုံအရှင်နဲ့ ဘုရားလောင်းကလည်း အချင်းချင်း တိုက်ပွဲထဲမှာ ချည်နှောင်ထားကြတယ်”
“နောက်ဆုံးတော့ ယိုးမင်ဧကရာဇ်က ကျားစွယ်တစ်ချောင်းကို သွားပြီးဆွဲနှုတ်ခဲ့တယ် ၊ ကောင်းကင်အမြုတေကျောက်တုံး အပိုင်းအစတစ်ခုကို သူ ရရှိသွားတယ်”
ထိုအချိန်မှ အဖြစ်အပျက်များကို ရန်ကျောက်ကဲ အခြေခံအားဖြင့် နားလည်သွားသည်။
သူက...
“ဒါပေမဲ့ အဲဒါကြောင့်ပဲ သူအသက်ဆုံးခဲ့ရတာ မဟုတ်လား”
ချောင်ကျယ်က...
“မှန်တယ်... အတိအကျပဲ”
သူက ဆက်ပြောသည်။
“ယိုးမင်ဧကရာဇ်သေဆုံးသွားပေမယ့် ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကတော့ အမတခုံရုံးလက်ထဲကို ရောက်မသွားခဲ့ဘူး”
“အမတခုံရုံးက ဒီကိစ္စကို ဒီအတိုင်းလွှတ်ထားဖို့ ဆန္ဒမရှိတာ သဘာဝကျတယ်လေ ၊ ဒီတော့ အထက်ဘုံကမ္ဘာတစ်ခုလုံး ကြီးမားတဲ့ဖိအားခံစားခဲ့ရပြီး ကြီးမားတဲ့တန်ဖိုး ပေးဆပ်ခဲ့ရတယ်”
ထုန်းမင်ဧကရာဇ် ဟူယွဲ့ရှင်းနှင့် သူမ၏အဆက်အနွယ်တို့က ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကို ရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် သူတို့အားလုံးမှာ အထက်ဘုံကမ္ဘာနှင့် အမတခုံရုံးမှ အလိုရှိသော တရားခံများ ဖြစ်ခဲ့ကြသည်။
ထို့အတူ အမတခုံရုံးမှ လူအချို့က ယိုးမင်ဧကရာဇ် ယင်ထျန်းရှ ကျန်ရစ်ခဲ့သော ရုပ်ကြွင်းတွင် သဲလွန်စများ ဖုံးကွယ်ထားနိုင်သည်ဟု သံသယရှိကြသည်။
ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစက ယိုးမင်ဧကရာဇ်ဂူဗိမာန် ၊ ယိုးမင်ဂမ္ဘီရစက်ဝန်းတို့နှင့် မသက်ဆိုင်ကြောင်း အခြေခံအားဖြင့် အတည်ပြုနိုင်သော်လည်း အမတခုံရုံးမှလူများကတော့ ယင်းကိုအပြည့်အဝ မယုံကြည်ကြပေ။
ထို့ကြောင့် ယိုးမင်ဧကရာဇ်နှင့် သူ၏အဆက်အနွယ်များအား မပတ်သက်ရန် အထက်ဘုံကမ္ဘာက သတိပေးတားမြစ်ခဲ့ခြင်း ဖြစ်သည်။
ချောင်ကျယ်က ရန်ကျောက်ကဲကိုကြည့်ရင်း...
“မင်းရဲ့အမေက ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကို အမှတ်မထင်ရခဲ့တာလို့ အစပိုင်းက ငါတို့ထင်ခဲ့ကြတာ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မင်း ယိုးမင်ဂမ္ဘီရစက်ဝန်းကိုရခဲ့တာ မင်းအမေကြောင့် ဖြစ်နိုင်ခြေရှိတယ် ၊ ဆိုတော့... ကြည့်ရတာ ထုန်းမင်ဧကရာဇ်နဲ့ ယိုးမင်ဧကရာဇ်က ဟိုးအရင်ကတည်းက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်နိုင်တယ်”
ချောင်ကျယ်က ဖြည်းညင်းစွာ သက်ပြင်းတစ်ချက်ချရင်း...
“ထုန်းမင်ဧကရာဇ်အကြောင်းကိုတော့ ငါလည်း သိပ်မသိဘူး ၊ အထက်ဘုံကမ္ဘာမှာ သူ့အကြောင်းက ကြီးမားတဲ့တားမြစ်ချက်တစ်ခုပဲ ၊ သူ့ရဲ့အယူအဆ အတော်များများကလည်း တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ မကိုက်ညီဘူး”
“ကြည့်ရတာ... အမတခုံရုံးနဲ့ပတ်သက်ပြီး သူတို့ရဲ့ ရပ်တည်ချက်မတူညီတာကြောင့် ဖြစ်မယ်ထင်တယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို လက်ဖြင့်ဖိကပ်ရင်း...
“ဒီတော့ ခင်ဗျားပြောသလိုဆိုရင် တိဟွမ်မြေကမ္ဘာဧကရာဇ်က အမတခုံရုံးနဲ့ အဆင်ပြေချင်တဲ့သဘောထားကို လက်ကိုင်ထားတာလား”
ချောင်ကျယ်က...
“အဲဒီလောက်တော့ မဟုတ်ဘူး ၊ ဒါပေမဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်က အန္တရယ်တွေကို သဘောမကျဘူးလေ”
သူက ဆက်ပြောသည်။
“မဟာကပ်ဘေးကြီးကြောင့် ငါတို့ လမ်းမှန်တာအိုဝါဒရဲ့ စန်းချင်း (၃)ပါး အဆက်အနွယ်တွေဟာ အများကြီးဆုတ်ယုတ်သွားကြတယ်”
“ခွန်လွန်အထင်ကရ (၉)ပါး အထက်ဘုံကမ္ဘာကို တည်ထောင်ပြီးကတည်းက ဒီနေ့ ငါတို့မြင်တွေ့ရတဲ့ တည်ငြိမ်တဲ့အခြေအနေရဖို့ စွန့်လွှတ်အနစ်နာခံမှုတွေ အများအပြား ပြုလုပ်ခဲ့ရတယ် ၊ နောက်ဆုံးမှာတော့ ဧကရာဇ် (၃)ပါးရဲ့ ဦးဆောင်မှုအောက်မှာ ပြန်လည်ရှင်သန်မှု ရရှိလာခဲ့တာ သိပ်မကြာသေးပါဘူး ၊ ဒီတော့... အဲဒီလိုအောင်မြင်မှုအတွက် ဂုဏ်ပုဒ်ကျေးဇူး တစ်စိတ်တစ်ပိုင်းက တိဟွမ်မြေကမ္ဘာဧကရာဇ်ဆီရောက်သွားခဲ့တာ သဘာဝကျပါတယ်”
ရန်တိက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဒီကောလဟလသာအမှန်ဖြစ်မယ်ဆိုရင် အတိုင်းအဆမဲ့ကော်းကင်ဘုံအရှင်သာ ကောင်းကင်အမြုတေကျောက်တုံးကို အပြည့်အဝရရှိသွားရင် ငါတို့ တည်ထောင်ထားခဲ့သမျှအရာအားလုံး တစ်ညအတွင်း ပြာမှုန်တွေလို ပျောက်ကွယ်သွားနိုင်တာပေါ့”
ချောင်ကျယ်က ညင်သာစွာဖြင့်...
“ပြဿနာက... အဲဒီကိစ္စ တကယ်လား တကယ်မဟုတ်ဘူးလားဆိုတာ ဘယ်သူမှအတည်မပြုနိုင်တာပဲ”
သူက ဆက်ပြောသည်။
“ကောင်းကင်အမြုတေကျောက်တုံးက အမှန်တကယ်ရှိကောင်းရှိနိုင်တယ် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ အမတခုံရုံးက အဲဒါကိုလိုချင်နေတာလည်း အမှန်ပါပဲ”
ရန်ကျောက်ကဲက...
“ဒါပေမဲ့ သူ့ရဲ့အကျိုးသက်ရောက်မှုက ယိုးမင်ဧကရာဇ်ပြောသလိုပဲ ဖြစ်နိုင်သလား”
ချောင်ကျယ်က ခေါင်းခါယမ်းရင်း...
“ယိုးမင်ဧကရာဇ်က အားလုံးအကျိုးအတွက်လုပ်ခဲ့တာလား ၊ ဒါမှမဟုတ် သူ့ကိုယ်ပိုင် အကျိုးအမြတ်အတွက် လုပ်ခဲ့တာလား ၊ ဘယ်သူမှမသိနိုင်ဘူးလေ”
“သူက လမ်းမှန်တာအိုကျင့်ကြံသူအားလုံးရဲ့ကိုယ်စား ကိုယ်ကျိုးမငဲ့ဘဲ ၊ သူ့ရဲ့ ယိုးမင်ဂမ္ဘီရဂိုဏ်းနဲ့ သိုင်းပညာရပ်တွေအားလုံးကို စတေးခံတယ်ဆိုရင်တောင်မှ ရန်သူက သူ့ကိုအရူးလုပ်ပြီး လုပ်ကြံဇာတ်မဖန်တီးဘူးလို့ အာမခံနိုင်တဲ့အရာ မရှိသေးဘူး ၊ သူက သူများတွေလှည့်စားခံရတာလည်း ဖြစ်နိုင်တယ်”
ထိုစကားပြောရင်း ချောင်ကျယ်၏အတွေးများ ပျံ့လွင့်သွားပုံရသည်။
“ဒါကြောင့် တချို့က သူ့ကိုထောက်ခံကြတယ် ၊ တချို့ကတော့ သူ့ကိုမထောက်ခံဘဲ ဝေဖန်ကြတယ်”
ရန်ကျောက်ကဲက ရေရွတ်လိုက်သည်။
“ဒါဖြင့် ဒီလိုဖြစ်ရတာ အမတခုံရုံးက ယိုးမင်ဧကရာဇ်ကိုလုပ်ကြံတာလို့ သံသယဝင်နေကြတာလား”
ရန်တိနှင့်ရန်ကျောက်ကဲတို့ မျက်မှောင်ကြုံ့ရင်းဖြင့်ပင် ချောင်ကျယ်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
တာအိုဝါဒ စန်းချင်း (၃)ပါး အဆက်အနွယ်များအားလုံးအတွက် အတိုင်းအဆမရှိသော အကျိုးပြုလုပ်ရပ်ကို လုပ်ဆောင်ခဲ့သဖြင့် ယိုးမင်ဧကရာဇ်၏လုပ်ရပ်က ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဟု ဆိုနိုင်ပါသည်။
သို့သော် သူ၏ကိုယ်ကျိုးအတွက် ဖြောင့်မတ်သောအကြောင်းပြချက်အား ရှာတွေ့ခဲ့ခြင်းလည်း ဖြစ်နိုင်လေရာ ယိုးမင်ဧကရာဇ်က တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးသူလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အဆုံးစွန်သောအရာများဖြင့် အခြားသူများကိုပင်ဆွဲထည့်ကာ သူကိုယ်တိုင်လည်း ဆိုးရွားစွာ အဆုံးသတ်ခဲ့ရခြင်း ဖြစ်နိုင်၏။
ပိုဆိုးသည်မှာ အမတခုံရုံးက ထောင်ချောက်ဆင်သဖြင့် ယိုးမင်ဧကရာဇ် ဤသို့ဖြစ်ရခြင်းလား မပြောနိုင်ပေ။
အမတခုံရုံး၏ထောင်ချောက်အတွင်း ခြေလှမ်းကျွံဝင်မိသဖြင့် ယိုးမင်ဧကရာဇ် ယင်ထျန်းရှ အသက်ဆုံးရုံသာမက အထက်ဘုံကမ္ဘာတစ်ခုလုံး ပိတ်မိသွားပြီး အားနည်းသည့် ခံစစ်အနေအထားသို့ တွန်းပို့ခံလိုက်ရခြင်း ဖြစ်နိုင်သည်။
သို့သော် ဤသို့သောဖြစ်ရပ်များအားလုံးကို အတည်ပြုရန် နည်းလမ်းမရှိပေ။
ထို့ကြောင့် အငြင်းအခုံများ ဖြစ်လာကြပြီး ကောင်းကင်အမြုတေကျောက်တုံးနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွင်း ဆွဲသွင်းခံလိုက်ရသော ရွှယ်ချူးချင်မှာလည်း ရုန်းထွက်နိုင်ခြင်း မရှိတော့ပေ။
ယိုးမင်ဧကရာဇ်နှင့် ထုန်းမင်ဧကရာဇ်တို့၏ ရည်ရွယ်ချက်က မည်သို့ပင်ရှိစေကာမူ သူတို့က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ အကြံအစည်များကို ဖျက်ဆီးလိုက်သည်ကတော့အမှန်ဖြစ်သည်။ သို့သော် ယိုးမင်ဧကရာဇ်ကွယ်လွန်သွားသည့်တိုင် ဤကိစ္စအား အထက်ဘုံကမ္ဘာမှ တာဝန်ယူရမည့်ကိစ္စတစ်ခုအဖြစ် သတ်မှတ်မထားခဲ့ပေ။
အထက်ဘုံကမ္ဘာ၏ မူဝါဒများကို ဦးဆောင်ခဲ့သော ၊ ဧကရာဇ် (၃)ပါးတွင် အကြီးအကဲဖြစ်သော တိဟွမ်မြေကမ္ဘာဧကရာဇ်က ယိုးမင်ဧကရာဇ်နှင့် ထုန်းမင်ဧကရာဇ်၏ရည်ရွယ်ချက် မည်သို့ရှိသည်ကို ယုံကြည်ရန် အရေးမကြီးပေ။ သူ့အနေဖြင့် အမတခုံရုံးကိုသာ ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။
အထူးသဖြင့် ယိုးမင်ဧကရာဇ် ရှာတွေ့ခဲ့သည်ဆိုသော ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစက မည်သည့်နေရာတွင်မှ ရှာမတွေ့သည့်အခါ အခြေအနေက ထိုသို့ပင် ဖြစ်လာခဲ့ရသည်။
ထို့ကြောင့် ယိုးမင်ဧကရာဇ်၏ရုပ်ကြွင်းက တားမြစ်ချက်တစ်ခုဖြစ်လာခဲ့ပြီး အမတခုံရုံးအပေါ် အမြဲတမ်း အမြင်မကြည်လင်ခဲ့သော ထုန်းမင်ဧကရာဇ်သည်လည်း အထက်ဘုံကမ္ဘာသမိုင်းကြောင်းတွင် အမှောင်ချထားခြင်း ခံခဲ့ရသည်။
တစ်ဆက်တည်းပင် ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကို လက်ဝယ်ကိုင်ဆောင်ထားသည်ဟု သံသယရှိသော ရွှယ်ချူးချင်က အထက်ဘုံကမ္ဘာမှအလိုရှိသော တရားခံပြေး ဖြစ်ခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ ဤကိစ္စနှင့်ပတ်သက်ပြီး အထက်ဘုံကမ္ဘာတွင် မတူကွဲပြားသော အမြင်များရှိသည်က အတိအကျပင် ဖြစ်၏။
အချို့က ရွှယ်ချူးချင်ကိုဖမ်းဆီးရန် အပြင်းအထန်ကြိုးစားနေချိန် အချို့က ထိုအချက်ကို ဆန့်ကျင်ခဲ့ကြပြီး အချို့ကတော့ ဘာမှမမြင်ဟန် မသိချင်ယောင် ဆောင်ခဲ့ကြသည်။
အထက်ဘုံကမ္ဘာမှ တရားခံပြေးတစ်ယောက်အဖြစ် လိုက်လံဖမ်းဆီးခံနေရပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည့်တိုင် ရွှယ်ချူးချင်၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလွန်းခြင်းမရှိသေးပေ။
သို့ဖြစ်ရာ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ သူမကို အမှန်တကယ် ရှာဖွေဖမ်းဆီးချင်သည်ဆိုလျှင် ခက်ခဲမည် မဟုတ်ပေ။
သူမ လွတ်မြောက်နေရသောအကြောင်းရင်းမှာ သူမ ရှောင်တိမ်းရန် အချိန်နှင့်နေရာ လုံလောက်စွာပေးခဲ့ကြသော သူမဘက်မှ ထောက်ခံပြီး ကူညီချင်သူများ ရှိနေသောကြောင့် ဖြစ်၏။
ချောင်ကျယ်က ရန်ကျောက်ကဲကိုကြည့်ရင်း...
“အခု မင်းတို့ကို ကျန့်ဟွမ်ဓားဧကရာဇ်က ကာကွယ်ပေးထားတယ်ဆိုပေမယ့် တကယ်လို့ မင်းတို့မိသားစု ပြန်လည်ပေါင်းစည်းမယ်ဆိုရင် သိုသိုသိပ်သိပ်လုပ်တာ အကောင်းဆုံးပဲ ၊ ရွှယ်ချူးချင်ကိစ္စက လူသိခံလို့မဖြစ်ဘူး”
သူက ဆက်ပြောသည်။
“ပြီးတော့ မင်းလက်ထဲမှာ ယိုးမင်ဂမ္ဘီရစက်ဝန်း ရှိနေတာအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ် ၊ ဒီရတနာက မင်းကို ဘေးဆိုးတွေ ယူဆောင်လာနိုင်တယ်”
“လွန်ခဲ့တဲ့နှစ်ပိုင်းက အမတခုံရုံးနဲ့ ဗုဒ္ဓဘာသာကြားကပဋိပက္ခက အတော်လေး ပြင်းထန်ခဲ့တယ် ၊ ဒါကြောင့် မင်းကို ဘယ်သူမှ အာရုံမစိုက်နိုင်ခဲ့ကြဘူး ၊ ဒါပေမဲ့ သူတို့ကြားကတိုက်ပွဲ အထွတ်ထိပ်အဆင့်ရောက်ပြီး ပြန်လျော့ကျသွားတဲ့အချိန်ရောက်သွားရင် အမတခုံရုံးက ငါတို့ကို စောင့်ကြည့်လာနိုင်တယ်”
“ကျန့်ဟွမ်ဓားဧကရာဇ်ကြောင့် မင်းအပေါ်မှာ ဖိအားတွေလျော့သွားတာမှန်ပေမယ့် သတိလက်လွတ်နေထိုင်လို့တော့ မရဘူး”
ချောင်ကျယ်က သူ၏အသက်အရွယ်နှင့် ကြီးမားသော အတွေ့အကြုံများမှတစ်ဆင့် စကားပြောဆိုအကြံပေးသည်ကို သိလိုက်ရတော့ ရန်ကျောက်ကဲက လေးစားစွာပင် ခေါင်းညိတ်ပြလိုက်သည်။
ပြီးမှ...
“အရှေ့တောင်ထိပ်တန်းအရှင်သခင်လည်း ယိုးမင်ဧကရာဇ်ကို ပုဂ္ဂိုလ်ရေးအရ ယုံကြည်ပြီး လေးစားတယ်မဟုတ်လား”
ချောင်ကျယ်က အေးဆေးစွာဖြင့်...
“အနည်းဆုံးတော့ ငါတို့တွေက လမ်းမှန်တာအိုဝါဒ လျှောက်လှမ်းနေတဲ့သူတွေအချင်းချင်းပဲလေ”