← Chapters

ခွန်လွန်တောင်သို့

Vol. 75 Ch. 1051

ခွန်လွန်တောင်သို့

Vol. 75 Ch. 1051

အခန်း (၁၀၅၁) ခွန်လွန်တောင်သို့

ယိုမင်ဧကရာဇ်ဂူဗိမာန်ထဲတွင် ’များစွာသော နည်းလမ်းများကို အရပ်ရပ်သို့ပျံ့နှံ့သွားစေပါ...’ ဆိုသောစကားလုံးများက ခေတ်အဆက်ဆက် ဖြတ်သန်းသွားပုံရသည်။

ဝမ်းနည်းကြေကွဲမှုများစွန်းထင်းနေသည့်တိုင် နောင်တဆိုသည်မှာ ရှိခဲ့ဟန် မပေါ်ပေ။

ပြီးတော့ အမတခုံရုံးနယ်မြေတွင် အမတခုံရုံးမှ ဧကရာဇ်နှစ်ပါးကို ယိုးမင်ဧကရာဇ်က သိုင်းကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သော အလင်းပုံရိပ်ခြေရာများ ကျန်ရစ်ခဲ့သေးသည်။

“ငါတို့အားလုံးက ကျင့်ကြံသူတွေပါ... တာအိုကိုဖယ်ရှားလိုက်တဲ့အခါ လူတစ်ယောက်ရဲ့အစစ်အမှန်ကို တွေ့မြင်ရမှာဖြစ်တယ်”

ရန်ကျောက်ကဲစိတ်ထဲ ယိုးမင်ဧကရာဇ်၏ပုံရိပ်အား ပြန်လည်မြင်ယောင်လာမိသည်။

အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အဖြူရောင်ဝတ်ရုံကိုခြုံကာ နက်မျောင်သောဆံနွယ်များ ၊ အဖြူရောင်မျက်ခုံးမွှေးများဖြင့် အရပ်မြင့်မြင့် ခန့်ညားသော ယိုးမင်ဧကရာဇ်၏ရုပ်ပုံကို အလေးအနက် တွေးတောလိုက်မိသည်။

ထိုသူနှင့် အဆက်အသွယ်ရှိသူမဟုတ်လျှင်တောင်မှ ၊ အရာအားလုံးက သမိုင်းတွင် အမှုန်အမွှားဖြစ်သွားလျှင်တောင်မှ ယိုးမင်ဧကရာဇ်က ဂုဏ်ယူစရာကောင်းပြီး ဖြောင့်မတ်ဟန်ရှိသည်ဟု ခံစားနေရဆဲပင်။

လူသားများက ကိုယ်လိုရာဆွဲပြီးတွေးခေါ်တတ်ကြသည်။

ထို့ကြောင့် တစ်ချိန်ကအဖြစ်အပျက်တစ်ခုအပေါ်အခြေခံပြီး လူတစ်ယောက်နှင့်ပတ်သက်၍ ကောက်ချက်ဆွဲရန်မှာ မလွဲမရှောင်သာ ဘက်လိုက်မှုများ ပါဝင်လာနိုင်သည်။

ယိုးမင်ဧကရာဇ် ယင်ထျန်းရှ မည်သို့သောလူစားမျိုးဖြစ်ကြောင်း မှတ်ချက်ပြုရန် ရန်ကျောက်ကဲအနေဖြင့်လည်း ခက်ခဲလှသည်။

ယခု သူကိုယ်တိုင်တွင်လည်း ယိုးမင်ဂမ္ဘီရစက်ဝန်းပိုင်ဆိုင်ထားပြီး မိခင်ဖြစ်သူသည်လည်း ဤပြဿနာတွင် ပါဝင်ပတ်သက်နေသည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် ထိုင်ကြည့်မနေနိုင်တော့ပေ။

ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်အား တစ်ချက်ပွတ်သပ်လိုက်ရင်း...

“ယိုးမင်ဧကရာဇ် ကျဆုံးသွားတာတော့အမှန်ပဲ...”

သူက ဆက်ပြီးမေးခွန်းထုတ်လိုက်သည်။

“ဆိုတော့... ကျွန်တော့်အမေရဲ့ ဘိုးဘေးဆရာသခင် ထုန်းမင်ဧကရာဇ်ကရော ဘာဖြစ်သွားတာလဲ”

ချောင်ကျယ်က...

“ယိုးမင်ဧကရာဇ်နဲ့ယှဉ်လိုက်ရင် ထုန်းမင်ဧကရာဇ်နဲ့ပတ်သက်တဲ့သတင်းက ပိုပြီးနည်းတယ် ၊ သူ သေဆုံးသွားတာလား အသက်ရှင်နေသေးတာလား မသိပေမယ့် အထက်ဘုံကမ္ဘာမှာ သူ မရှိတော့တာ သေချာတယ်”

ဤစကားက အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူ ပြောသည့်စကားနှင့် ကိုက်ညီသည်။

ရန်ကျောက်ကဲက တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်ရင်း...

“ဒါဆို ထုန်းမင်ဧကရာဇ်ရဲ့တပည့် ၊ အမေ့ရဲ့ ဆရာကရော ဘယ်မှာလဲ”

ချောင်ကျယ်က...

“သူ သေသွားပြီလို့တော့ သတင်းကြားတယ် ၊ ဒါပေမဲ့ အခြေအနေအတိအကျကိုတော့ငါ မသိဘူး”

သူက ဆက်ပြောသည်။

“အရင်တုန်းက အဖမ်းခံရမှာကိုရှောင်တိမ်းရင်း သေဆုံးသွားတဲ့ပုံပဲ ၊ ဒါပေမဲ့ ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကတော့ ဘယ်မှာမှ ရှာလို့မတွေ့ခဲ့ဘူး ၊ မင်းအမေလည်း အဲဒါကြောင့်ပဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ”

ရန်ကျောက်ကဲနှင့်ရန်တိတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မည်သည့်စကားမှ မဆိုကြပေ။

ယိုးမင်ဧကရာဇ်က ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကို အများအတွက် ရယူခဲ့သည်လား ၊ ကိုယ်ကျိုးအတွက်ရယူခဲ့သည်လား မသေချာပေ။

ရွှယ်ချူးချင်ကို ဖမ်းဆီးရန်ကြိုးစားနေသူများမှာလည်း အများအတွက်လား ၊ ထိုကျောက်တုံးအပိုင်းအစကို လိုချင်မက်မော၍လား ပြောရခက်သည်။

ထိုရတနာပစ္စည်းအား မည်သို့အသုံးပြုရမည်ကို မသိနိုင်သော်လည်း နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သော ရတနာပစ္စည်း၏တန်ဖိုးက နိမ့်ကျမည် မဟုတ်ပေ။

အရှေ့တောင် ထိပ်တန်းအရှင်သခင် ချောင်ကျယ်အား ကျေးဇူးတင်စကားဆိုပြီးနောက် ရန်ကျောက်ကဲတို့သားအဖ မိမိတို့နေထိုင်ရာသို့ ပြန်လာခဲ့ကြသည်။

လမ်းတွင် ရန်တိက ဖြည်းညင်းသောလေသံဖြင့်...

“မင်း ထင်တဲ့အတိုင်း မှန်တယ်ဆိုရင် တူမလေး’စစ်ခုန်’ က ချူးချင်နဲ့ ပတ်သက်နေတာပဲ ၊ ဒါဆိုရင် ကောင်းကင်အမြုတေကျောက်တုံးနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက...

“ဒါပေမဲ့ သံသယဝင်စရာတော့ကောင်းတယ်”

သူက ဆက်ပြောသည်။

“ဂိုဏ်းတူညီမလေး စစ်ခုန်နဲ့ တူတဲ့သူတွေက အများကြီးပဲ ၊ ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာတောင် အနည်းဆုံး (၄)ယောက်လောက် ရှိတယ်”

ရန်ကျောက်ကဲက တွေးနေရင်းမှ...

“အထက်ဘုံကမ္ဘာက အရမ်းကျယ်ပြောလွန်းတယ် ၊ အနည်းဆုံး စစ်ခုန်ချင်းနဲ့တူတဲ့သူ (၁၈၀၀)လောက် ရှိနိုင်တယ်”

ထိုသို့ပြောရင်း ရန်ကျောက်ကဲ ပြုံးလိုက်မိသည်။

ကမ္ဘာပေါ်တွင် သွေးမတော်သားမစပ်ဘဲ အမွှာများပမာ ရုပ်ချင်းဆင်တူသူ များစွာရှိကြသည်။

“ဒါပေမဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့သူတွေ ရာနဲ့ချီပြီးရှိလာရင်တော့ အတော်လေး ထူးဆန်းမှာပဲ”

စစ်ခုန်ချင်းနှင့်ဆင်တူသူများက ယောကျ်ားလေး ၊ မိန်းကလေး ကွဲပြားမှုရှိသော်လည်း မျက်နှာသွင်ပြင်က အတူတူပင် ဖြစ်သည်။

ရုပ်သွင်ကအလည်း အလွန်အမင်း ထူးခြားထင်ရှားပြီး လူအများ အာရုံမစိုက်မိလောက်သော သာမန်ရုပ်သွင်မျိုး မဟုတ်ကြပေ။

ထို့ပြင် သူတို့ သိုင်းပညာကျင့်ကြံမည်ဆိုပါက အတွင်းပိုင်းကြယ်တာရာချီစွမ်းအား ကျင့်ကြံအောင်မြင်ပြီး သိုင်းပညာရှင်အဆင့်သို့ရောက်ရှိသည်နှင့် အလွန်ထူးခြားသောအစွမ်းအစကို တုန်လှုပ်ဖွယ်ရာ တွေ့မြင်ရပေမည်။

ရန်ကျောက်ကဲ ၊ ရန်တိ ၊ နျဲ့ကျင်းရှန် ၊ ချန်ချန်းဟွာ ၊ လုန်ရွှယ်ကျီးတို့လောက် အရည်အချင်းမရှိသော်လည်း ခွန်လွန်တောင်မှ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါး၏ တပည့်များဖြစ်လာမည်ဆိုပါက လူအများချီးကျူးခံထိုက်သူတစ်ယောက် သေချာပေါက်ဖြစ်လာမည် အမှန်ပင်။

ထိုသို့သောသူများ ရာနှင့်ထောင်နှင့်ချီပြီးရှိခဲ့ပါလျှင်...။

ဟုတ်ပေ၏။

ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသူများ ၊ သိုင်းပညာမကျင့်ကြံဘဲ သာမန်ဘဝနှင့်နေထိုင်သွားသူများလည်း ရှိကောင်း ရှိနိုင်သည်။

အထက်ဘုံကမ္ဘာတွင် လည်ပတ်နေသောအချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ပိုမိုမြန်ဆန်သည်ဖြစ်ရာ သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်မလာဘူးဆိုလျှင် သူတို့ဘဝက တဖြည်းဖြည်းအသက်ကြီးပြီး စစ်ခုန်ချင်းအသက်အရွယ်တွင် သေဆုံးသွားကြပေလိမ့်မည်။

သို့သော် တာအိုဝါဒ ပြန်လည်ရှင်သန်နိုးထလာစေရန် သန္နိဋ္ဌာန်ပြုထားသည့် အထက်ဘုံကမ္ဘာက ပင်ကိုယ်စွမ်းရည်မြင့်မားသူများကို အမြဲတမ်းအလေးထားလေ့ ရှိသည်။ အမှန်တကယ် ထက်မြက်သည်ဆိုပါက တိမ်မြုပ်နေမည် မဟုတ်ပေ။

စစ်ခုန်ချင်းနှင့်ဆင်တူသူများသည် သူမကဲ့သို့ပင် သိုင်းဆရာသခင်ဖြစ်မလာခင်မှာပင် စွမ်းရည်နှင့်အလားအလာမြင့်မားမှုများကို ပြသနိုင်မည်ဖြစ်ရာ လွဲချော်နိုင်ခြေ အလွန်နည်းပါးသည်။

သို့ဆိုလျှင် အထက်ဘုံကမ္ဘာတွင် “စစ်ခုန်ချင်း” များ ရာနှင့်ထောင်နှင့်ချီပြီးရှိနေလျှင် ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့က ပုံမှန်မဟုတ်သောအခြေအနေကို လျစ်လျူရှုနိုင်မည်မဟုတ်ဟု ရန်ကျောက်ကဲ တွေးကြည့်မိသည်။

“အောက်ဘုံကမ္ဘာတွေမှာ ပြန့်ကျဲနေတာများလား... အထက်ဘုံကမ္ဘာမှာ နှစ်ယောက်ပဲ တွေ့ရသေးတယ်”

ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ကျူတောပင်လယ်ဒေသရှိ မြောက်ပင်လယ်ဓားခန်းမတွင်တစ်ယောက် တွေ့ရှိခဲ့သည်။

အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ၊ အထီးကျန်တိမ်တိုက်တောင် ၊ ချင်းဟွာကျောင်းတော်မှ အရှေ့ပိုင်းထိပ်တန်းအရှင်သခင်၏အဆက်အနွယ် လီချန်က ဒုတိယတစ်ယောက် ဖြစ်သည်။

ဟုတ်ပေ၏။

ဤကိန်းဂဏန်းက ရန်ကျောက်ကဲမျှော်မှန်းထားသည်ထက် အများကြီး လျော့နည်းနေသလို အခြားသူများ၏ စိတ်အာရုံကိုလည်း စွဲဆောင်နိုင်လောက်အောင် များပြားခြင်း မရှိပေ။

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“အခြေအနေတွေ မရှင်းလင်းမချင်း ဂိုဏ်းတူညီမလေး’စစ်ခုန်’ ကို သိုသိုသိပ်သိပ်နေခိုင်းတာ အကောင်းဆုံးပဲ”

သူက ဆက်ပြောသည်။

“ဆရာဦးလေး’ယွဲ့’ က ကျွန်တော်တို့ကို ကာကွယ်ပေးထားတော့ ဖိအားအရမ်းနည်းသွားတာမှန်ပေမယ့် ပိုပြီးတော့လည်း အာရုံစိုက်ခံလာရတယ်”

“အရှေ့ပိုင်းထိပ်တန်းအရှင်သခင်က ကျွန်တော်တို့ကို ရှုံးသွားတာဆိုတော့ သူက တခြားသူထက်ပိုပြီး ကျွန်တော်တို့ကို အာရုံစိုက်နေလိမ့်မယ် ၊ သူများတွေ ဂိုဏ်းတူညီမလေး’စစ်ခုန်’ ကို မြင်သွားတာက အရေးမကြီးဘူး ၊ အရှေ့ပိုင်းထိပ်တန်းအရှင်သခင် သူ့ကိုတွေ့သွားပြီး ဝါဒတောင်ကတပည့်မှန်းသိသွားရင် တစ်ခုခုကို ဆက်စပ်စဉ်းစားမိမှာပဲ”

ရန်တိက မျက်မှောင်ကြုံ့ရင်း...

“ဒါပေမဲ့ သူ ဒီအတိုင်းကြီး တောင်ပေါ်မှာပဲနေရတော့လည်း နည်းနည်းတော့ အခက်တွေ့မှာပေါ့”

ရန်ကျောက်ကဲက...

“ဒါပေမဲ့ သူများပစ်မှတ်ထားပြီး ဖမ်းခေါ်သွားတာထက်ဆာရင် ပိုကောင်းပါတယ် ၊ သူ့ကို ဖမ်းသွားတဲ့သူက ဘယ်သူလဲဆိုတာသိရင် ထိပ်တိုက်ရင်ဆိုင်ပြီး ပြန်တောင်းလို့ရတဘ် ၊ ဘယ်သူလုပ်မှန်းမသိရင်တော့ ဘယ်တော့မှ ပြန်ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး”

အထီးကျန်တိမ်တိုက်တောင် ၊ ချင်းဟွာကျောင်းတော်မှ လီချန်ကို ရန်ကျောက်ကဲ ဖမ်းဆီးခေါ်ဆောင်လာခဲ့စဉ်က အရှေ့တောင်ထိပ်တန်းအရှင်သခင်က မည်သူလုပ်မှန်းပင် မသိရှိခဲ့ပေ။ လီချန်သည်လည်း အခြားသောတပည့်များကဲ့သို့ပင် ရွှယ်ချူးချင် ခေတ္တပုန်းအောင်းရာနေရာတွင် အသက်သေဆုံးသွားသည်ဟုပင် သူက ထင်မှတ်ခဲ့သည်။

အခြားသူများကို ပြန်ပေးဆွဲသည့်အခါ ပျော်စရာကောင်းသော်လည်း ရန်သူက ကိုယ့်လူကို ပြန်ပေးဆွဲသည့်အခါ ပျော်စရာကောင်းနိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲ မေးစေ့ကို ပွတ်သပ်ရင်း...

“ကျွန်တော်တို့ ဂိုဏ်းတူညီမလေး’စစ်ခုန်’ ကို အသုံးချပြီး လူတစ်ယောက်ကို ထောင်ချောက်ဆင်လို့တော့ရနိုင်တယ် ၊ ဒါပေမဲ့ အဲဒီလိုလုပ်တာက ဂိုဏ်းတူညီမလေး’စစ်ခုန်’ အပေါ် တရားမျှတမှုရှိမှာ မဟုတ်ဘူး”

ရန်တိက...

“ထောင်ချောက်ဆင်ဖို့ မေ့ထားလိုက်... အခုလိုအခြေအနေမှာ တူမလေး’စစ်ခုန်’ တောင်ပေါ်မှာပဲ နေသင့်တယ်”

“တောင်ပေါ်မှာပဲ သိုင်းပညာကျင့်ကြံတာကို ဇောက်ချပြီးလုပ်ပါစေ ၊ သူ့ကို သိုင်းပညာဆက်ခံသူခန်းမ တာဝန်တွေ လွှဲပြောင်းပေးဖို့ နဂိုကတည်းက ဆန္ဒရှိခဲ့တာ”

ရန်တိက ဆုံးဖြတ်ချက်ချလိုက်သည်။

“သူ့ကို အခုပဲ သိုင်းပညာဆက်ခံသူခန်းမရဲ့ အကြီးအကဲ ခန့်အပ်လိုက်တော့ ၊ ဒါဆို အားလုံးရဲ့မျက်စိအောက်မှာပဲ သူ နေရလိမ့်မယ် ၊ ဘာထိခိုက်မှုမှမရှိတော့ဘူးပေါ့”

“ဂိုဏ်းတူညီမလေး’ဖူ’ က သိုင်းပညာဆက်ခံသူခန်းမရဲ့ ပထမအဆင့် အကြီးအကဲရာထူးကို သူ့ကိုပေးလိုက်ရင် ရပြီ”

ထို့နောက် သူက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...

“မင်းရော ဘယ်လိုလဲ ၊ ဘာတွေပြင်ဆင်ပြီးထားပြီလဲ ၊ မကြာခင် ခရီးထွက်တော့မှာ မဟုတ်လား”

ရန်ကျောက်ကဲက...

“ပြင်ဆင်မှုတွေအားလုံး လုပ်ပြီးနေပါပြီ ၊ ဒါပေမဲ့ ခွန်လွန်တောင်ကို ရောက်ရင်တော့ အခြေအနေအပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် အပြောင်းအလဲတွေလုပ်ရဦးမယ်”

ရန်ကျောက်ကဲနှင့် ဝါဒတောင်တို့ ဘာဆက်လုပ်ကြမည်ကို လူတိုင်းက ခန့်မှန်းနေကြသည်။

တကယ်တော့ ယခုကိစ္စများပြီးဆုံးသည့်နောက်တွင် ရန်ကျောက်ကဲက သူ၏ဂိုဏ်းမှခွဲထွက်ပြီး သီးခြားလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် စီစဉ်ထားသည်။

ရန်တိက ဝါဒတောင် ဖွံ့ဖြိုးတိုးတက်ရေးကိုတာဝန်ယူပြီး တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သို့ ဦးတည်ဝင်ရောက်မည် ဖြစ်၏။

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် အရှေ့ပိုင်း ၊ မင်းဆက်မြစ်စီးဆင်းရာ မြစ်ဝှမ်းဒေသတွင် ရန်ကျောက်ကဲ ချမှတ်ခဲ့သော အခြေခံအုတ်မြစ်များကြောင့် ဝါဒ‌တောင်အနေဖြင့် ပိုမိုလွယ်ကူစွာ အခြေချနိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲကတော့ နျဲ့ကျင်းရှန်နှင့် ဝမ်ဖူတို့အုပ်စုနှင့်အတူ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင်သို့ ခရီးထွက်မည် ဖြစ်သည်။

မိခင်ဖြစ်သူ ရွှယ်ချူးချင်ကို လျှို့ဝှက်ရှာဖွေရမည်ဖြစ်ပြီး ရန်ကျောက်ကဲကိုယ်တိုင် စီစဉ်ထားသည့် အကြံအစည်အချို့လည်း ရှိနေသေးသည်။

“မြောက်ဖေးတောင်ထွတ်က နောက်ဆုံးပေးပို့တဲ့သတင်းအရတော့ ပိုးသားဧကရာဇ်က အခုချိန်ထိ အဲဒီကိုပြန်ရောက်မလာသေးဘူးတဲ့”

ရန်ကျောက်ကဲ မချိပြုံးတစ်ချက်ပြုံးလိုက်သည်။

“ပိုးသားဧကရာဇ် ဘာတွေများ ရင်ဆိုင်နေရသလဲ မသိဘူး”

All Chapters