← Chapters

အရာအားလုံးစတင်ခဲ့ရာနေရာ

Vol. 75 Ch. 1055

အရာအားလုံးစတင်ခဲ့ရာနေရာ

Vol. 75 Ch. 1055

အခန်း (၁၀၅၅) အရာအားလုံးစတင်ခဲ့ရာနေရာ

အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ က အင်္ကျီလက်ကိုဝှေ့ယမ်းပြီး ထွက်ခွာသွားပြီ ဖြစ်သည်။

မြေပြင်သခင်လေး ချန်ခွန်းဟွာ မှင်တက်နေရာမှ သတိပြန်ဝင်လာပြီး ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။

“ပိုးသားဧကရာဇ်က တကယ်တော့... ကျွမ်းရှန် ဘယ်လိုများလုပ်လိုက်တာလဲ”

အစ်ကိုဖြစ်သူသာ ထိုကိစ္စကို စိတ်ဝင်စားသည့်မဟုတ် သူသည်လည်း အရမ်းသိချင်နေကြောင်း ဝန်ခံရမည် ဖြစ်သည်။

ဤသည်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကို ပြောင်းလဲစေနိုင်သည့် အဓိကပြဿနာတစ်ရပ်ဖြစ်သည် မဟုတ်ပါလား။

ပိုးသားဧကရာဇ်၏သတင်းက တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်သေဆုံးသည့်သတင်းထက်ပိုပြီး လွှမ်းမိုးနိုင်စွမ်း ကြီးမားသည်။

စိတ်မကောင်းစရာမှာ သူကတော့ အစ်ကိုဖြစ်သူ ချန်ချန်းဟွာကဲ့သို့ ဤကိစ္စရပ်များတွင် ပေါ့ပေါ့ပါးပါး ပါဝင်နိုင်ခြင်း မရှိပေ။

ချန်ခွန်းဟွာ ပိုးသားဧကရာဇ်၏ တောက်ပသည့်ပုံရိပ်ကို ပြန်လည်တွေးတောလိုက်မိသည်။

“သူ့ကို ဖိအားပေးတဲ့ တစ်ခုခုများ ရှိနေတာလား”

ထို့နောက် သူက မည်သူမှမသိအောင် ကျောက်စိမ်းကျွန်းပေါ်ရှိ တောင်အနောက်ဘက်မှ ထွက်ခွာလာခဲ့သည်။

ထိုအချိန်...

နတ်ဆိုးမိန်းမပျို၏အလောင်းက အနက်ရောင်မီးခိုးများအဖြစ် ပြောင်းလဲသွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။

‌‌အမတကူးပြောင်းခြင်း အလယ်ဆင့်ရှိသည့် ကျောက်စိမ်းကျွန်းသခင်၏ ရုပ်အလောင်းမှာလည်း ကျင့်ကြံခြင်းဖောက်ပြန်သွေဖယ်ပြီး သေဆုံးသွားရသည့်ပမာ လုပ်ကြံဖန်တီးထားသည်။

သိုင်းကျင့်ကြံသူတစ်ယောက် ဆယ်စုနှစ် ၊ ရာစုနှစ်နှင့်ချီပြီး တံခါးပိတ်ကျင့်ကြံသည်မှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။

ကျောက်စိမ်းကျွန်းပေါ်မှ သိုင်းကျင့်ကြံသူများအနေဖြင့် သူတို့၏ အမတကူးပြောင်းခြင်းအဆင့် အကြီးအကဲ (၃)ယောက် တံခါးပိတ်ကျင့်ကြံရာနေရာတွင် သေဆုံးနေကြောင်း တွေ့ရှိခဲ့လျှင်ပင် ကျင့်ကြံခြင်း မအောင်မြင်ဘဲ အတူတကွ သေဆုံးသွားသည်ဟုသာ ယုံကြည်ကြရပေလိမ့်မည်။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်လွှားနာမည်ကျော်ကြားပြီး ဘဲစာပင်လယ်ဒေသကို စိုးမိုးအုပ်ချုပ်ခဲ့သော ကျောက်စိမ်းကျွန်းသည် ယနေ့နောက်ပိုင်းမှာတော့ ဆုတ်ယုတ်ကျဆင်းသွားရတော့မည် ဖြစ်သည်။

ကျောက်စိမ်းကျွန်းမှ အကြီးအကဲ (၃)ယောက်လံဒး အသံတစ်ချက်မထွက်ဘဲ သေဆုံးသွားခဲ့ရပြီ မဟုတ်ပါလား။

ချန်ခွန်းဟွာ ဘဲစာပင်လယ်မှ ထွက်ခွာလာပြီးနောက် မြောက်ပိုင်းသို့ဦးတည်ကာ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ ပြန်လာခဲ့သည်။

အထက်ရပ်ထိပ်တန်းအရှင်သခင်၏ စိတ်နေစိတ်ထားက မှန်းဆမရနိုင်သလို လှုပ်ရှားမှုများကလည်း ခန့်မှန်းရခက်သည်။ ထို့အတူ နေရာအတည်တကျ နေထိုင်ခြင်းလည်း မရှိလှပေ။

အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်မှ သူ၏ကျောက်ဂူအိမ်တော်အား ညီဖြစ်သူ ချန်ခွန်းဟွာကိုသာ ပေးအပ်ထားခဲ့သည်။

‘ချန်’ ဒုတိယသခင်လေးသည်လည်း ခရီးများအဆက်မပြတ် ထွက်လေ့ရှိသူဖြစ်သည့်တိုင် အချိန်အများစုကတော့ ခွန်လွန်တောင်တွင် နေထိုင်လေသည်။

ခွန်လွန်တောင်ဆိုသည်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ ဗဟိုချက်နေရာဖြစ်ပြီး ဝိညာဉ်စွမ်းအား အကြွယ်ဝုံး နေရာတစ်ခု ဖြစ်သည်။

နယ်မြေ (၈)ခုတွင် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်က အခြားနေရာများထက် ပိုမိုသာလွန်သည်ဟု ဆိုရမည်။ ကောင်းကင်ဘုံမှ ကောင်းချီးပေးသောနေရာတစ်ခုပမာ ကျင့်ကြံခြင်းတွင် ထိရောက်မှုပိုမိုကြီးမားသော နေရာတစ်ခု ဖြစ်သည်။

‘ချန်’ ဒုတိယသခင်လေး ခွန်လွန်တောင်သို့ ပြန်ရောက်သည်နှင့် သတင်းတစ်ခု ကြားလိုက်ရသည်။

“ရန်ကျောက်ကဲက ခွန်လွန်တောင်ကို ရောက်နေပြီလား”

သတင်းစကားကိုနားထောင်ရင်း ချန်ခွန်းဟွာ တွေးလိုက်မိသည်။

“ကျန့်ဟွမ်ဓားဧကရာဇ် အထက်ဘုံကမ္ဘာကို ပြန်မလာသေးဘဲ သူက ခွန်လွန်တောင်ကို ဘာလာလုပ်တာလဲ ၊ ပိုးသားဧကရာဇ်အတွက်လား... ဒါမှမဟုတ် တခြားသူတွေအတွက်လား ၊ သူ့အမေကိစ္စကြောင့် ရောက်လာတာများလား”

***

ရန်ကျောက်ကဲကတော့ ခွန်လွန်တောင်တန်း၏ များပြားလှစွာသော တောင်များကြားတွင် မတ်တတ်ရပ်လျှက် ရှိသည်။

ပတ်ဝန်းကျင် ဝိညာဉ်စွမ်းအားစီးဆင်းမှုကို အာရုံခံစားရင်း ရန်‌ကျောက်ကဲ ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။

“တာအိုဝါဒရဲ့ ဗဟိုအချက်အချာတောင်ထွတ်ဖြစ်တဲ့ ခွန်လွန်တောင်အမည်ကို အမွေဆက်ခံခဲ့တဲ့ဒီနေရာက တကယ့်ကို ထူးခြားတာပဲ”

တာအိုဝါဒ၏တောင်ထွတ်ကြီး (၅)ခုတွင် ခွန်လွန်တောင်၏အနေအထားက နဂိုကပင် ကွဲပြားသည်။ အခြားသော တောင်ထွတ်များနှင့် အတိုင်းအတာတစ်ခုအထိတော့ ကွဲထွက်နေသည် အမှန်ပင်။

ရှေးယခင်အချိန်က ခွန်လွန်တောင်ဆိုသည်မှာ စန်းချင်း (၃)ပါးအဆက်အနွယ်မှ ယွိချင်အဆက်အနွယ် တည်ထောင်သူ ယွမ်စီထျန်းကျွင်းနေထိုင်ခဲ့သော တာအိုနယ်မြေ ဖြစ်ခဲ့ဖူးသည်။

မဟာကပ်ဘေးကြီးမတိုင်ခင်က ယွိချင်အဆက်အနွယ်များ ခွန်လွန်တောင်တစ်ခွင် အုပ်စိုးခဲ့ကြသည်။

စိတ်မကောင်းစရာမှာ မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် လွန်လွန်တောင်သည်လည်း သမိုင်းထဲတွင် ထင်ကျန်ရစ်ခဲ့တော့သည်။

အထက်ဘုံကမ္ဘာကို ပြန်လည်တည်ထောင်ပြီးမှသာ ခွန်လွန်တောင်ကိုလည်း နောက်တစ်ကြိမ် ထပ်မံဖန်တီးခဲ့ကြသည်။ ထို့ကြောင့် လက်ရှိ ခွန်လွန်တောင်ကို ခွန်လွန်တောင်သစ်ဟု ခေါ်ဆိုကြ၏။

နျဲ့ကျင်းရှန် ၊ ဝမ်ဖူနှင့် အခြားသူများ ရှင်းပြချက်အရ ခွန်လွန်‌တောင်သစ်၏ မူလအစမှာ ခွန်လွန်အထင်ကရ (၉)ပါး ဖြစ်သည်။

ထို ခွန်လွန်အထင်ကရ (၉)ပါးမှ အများစုမှာ မဟာကပ်ဘေးကြီးမတိုင်ခင် ယွိချင်အအဆက်အနွယ်များမှ ဆင်းသက်လာသည့် သိုင်းပညာများကို ကျင့်ကြံသူများ ဖြစ်ကြသည်။

ကျန့်ဟွမ်ဓားဧကရာဇ်၏ဆရာဖြစ်သော ရန်ကျောက်ကဲ၏အဘိုး ‘ရန်ရှင်းထန်’ ဆိုလျှင် နတ်ဘုရားများ အုပ်စိုးသည့်ခေတ်ကာလ ၊ ယွိချင်အဆက်အနွယ် နတ်ဘုရား (၁၂)ပအါးထဲမှ တစ်ပါးဖြစ်သော တာအိုဆရာ’ယွိတင်’၏ သိုင်းပညာရပ်များကို ခြေရာခံနိုင်ခဲ့သည်။

တာအိုဆရာ’ယွိတင်’ က တာအိုဝါဒ၏ အကြီးမြတ်ဆုံးတစ်ယောက်ဖြစ်ပြီး ယွိချင်အဆက်အနွယ်ဓားတာအိုတွင် အောင်မြင်မှုများစွာ ရရှိခဲ့သူ ဖြစ်၏။

ထို့ကြောင့် ရန်ကျောက်ကဲ၏အဘိုး ‘ရန်ရှင်းထန်’ သည် အဟောင်းထဲမှ အသစ်ကို တီထွင်ဆန်းသစ်ကာ ဓားတာအိုကို ထုတ်ဖော်ပြီး ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ အား တီထွင်နိုင်ခဲ့သည်။

“မဟာကပ်ဘေးကြီးမတိုင်ခင်က ငါ ခွန်လွန်တောင်ကို တစ်ခါမှ မရောက်ဖူးပေမယ့်... ဒီ ခွန်လွန်တောင်သစ်ရဲ့ ဝိညာဉ်စွမ်းအား ကြွယ်ဝမှုက မဟာကပ်ဘေးကြီးမတိုင်ခင် အသင်္ချေကမ္ဘာရဲ့ ပျမ်းမျှအဆင့်ကိုတောင် ကျော်လွန်နေတယ် ၊ ခွန်လွန်တောင်သစ်နဲ့ယှဉ်နိုင်တဲ့ ကျောက်ဂူအိမ်တော်နဲ့ နယ်မြေတွေ အနည်းငယ်ပဲ ရှိတယ်”

အတွေးနှင့်အတူ ရန်ကျောက်ကဲ အတော်လေး စိတ်ဝင်စားသွားသည်။

“မြောက်ပိုင်းကုန်းမြင့်တောင်ထွတ် ၊ နန်ကောင်းတောင်ထွတ်နဲ့ နတ်ဘုရားအနားယူတောင်ကြားဆိုရင် မဟာကပ်ဘေးကြီးမတိုင်ခင်က နတ်ဘုရားနယ်မြေတွေနဲ့တောင် ယှဉ်နိုင်စွမ်း ရှိတယ်”

ယခု...

ရန်ကျောက်ကဲက နျဲ့ကျင်းရှန်တို့အုပ်စုနှင့်အတူ ‘နတ်ဘုရားအနားယူတောင်ကြား’ အနီးတွင် မတ်တတ်ရပ်နေခြင်း ဖြစ်သည်။

ခွန်လွန်တောင်ကို မြောက်ပိုင်းနှင့်တောင်ပိုင်း ပိုင်းခြားထားပြီး တောင်၏ ပင်မတောင်ထွတ်မှာ တိဟွမ်မြေကမ္ဘာဧကရာဇ်၏ တာအိုနယ်မြေတည်ရှိရာ နန်ကောင်းတောင် ၊ ချီလင်ကမ်းပါး ဖြစ်သည်။

မြောက်ပိုင်းရှိ ပင်မတောင်ထွတ်ကတော့ ကျန့်ဟွမ်ဓားဧကရာဖ်၏တာအိုနယ်မြေဖြစ်သော မြောက်ပိုင်းကုန်းမြင့်တောင်ထွတ် ၊ ကျောက်စိမ်းကျောက်ဆောင် ဖြစ်သည်။

ဤ တောင်မြင့်ကြီးများနှင့် တောင်ထွတ်များအပြင် အဆိုပါဧရိယာတစ်ဝိုက်တွင် အခြားတောင်များနှင့် ချိုင့်ဝှမ်းများစွာလည်း တည်ရှိသည်။

နတ်ဘုရားအနားယူတောင်ကြားသည်လည်း ခွန်လွန်တောင်ရှိ ချိုင့်ဝှမ်းများထဲမှ တစ်ခုဖြစ်သည်။ ဝိညာဉ်စွမ်းအားအလွန် ပေါကြွယ်ဝသည်မှလွဲပြီး ၎င်းနေရာရှုမျှော်ခင်များက အလွန်သာမန်ဖြစ်ကာ တစ်မူထူးခြားခြင်း မရှိပေ။

ဤနေရာက အထက်ဘုံကမ္ဘာ ဧကရာဇ် (၃)ပါးတွင် အလျှို့ဝှက်အဆန်းကြယ်ဆုံးနှင့် အသိုသိပ်ဆုံးဖြစ်သော ‘ယင်ဟွမ်ဧကရာဇ်’ တံခါးပိတ်ကျင့်ကြံရာ နေရာဖြစ်၏။

ယင်ဟွမ်ဧကရာဇ်က တိဟွမ်မြေကမ္ဘာဧကရာဇ်ကဲ့သို့ပင် ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သို့သော် နောက်ပိုင်းနှစ်များမှာတော့ သူက သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့သည်။

ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့အကြားတွင် သူက အထက်ဘုံကမ္ဘာတွင်ပင် နေထိုင်လေ့ရှိသော ရှားပါးဧကရာဇ်တစ်ပါး ဖြစ်၏။ သူ၏နေပုံထိုင်ပုံက သိုသိပ်လွန်းသဖြင့် အုပ်စိုးရှင် (၅)ပါးလောက်ပင် လွှမ်းမိုးနိုင်စွမ်းမရှိဟု လူအများယုံကြည်သည်အထိပင် ဖြစ်ရသည်။

ယင်ဟွမ်ဧကရာဇ်က ဤနှစ်များတစ်လျှောက် အထက်ဘုံကမ္ဘာနှင့်ပတ်သက်သည့်ကိစ္စရပ်များတွင် သူ၏သဘောထားအမြင်ကို ထုတ်ဖော်ပြောဆိုလေ့ မရှိပေ။ အချိန်အများစုတွင် သူက ဆိတ်ဆိတ်နေခြင်း ၊ သို့မဟုတ် တိဟွမ်မြေကမ္ဘာဧကရာဇ်၏ဆုံးဖြတ်ချက်များကို ထောက်ခံခြင်းသာ ပြုလုပ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များကတော့ ဧကရာဇ်တစ်ပါး၏ဖြစ်တည်မှုကို ဘယ်သောအခါမှ မေ့လျော့လိမ့်မည် မဟုတ်ပေ။

ဧကရာဇ် (၃)ပါး၏ အကြီးအမှူးဖြစ်သော တိဟွမ်မြေကမ္ဘာဧကရာဇ်က အထက်ဘုံကမ္ဘာမှ ကိစ္စရပ်များကို ဆုံးဖြတ်ချက်ချလေ့ ရှိသည်။ ဤသည်မှာ သူ၏တန်ခိုးစွမ်းအား မြင့်မားလွန်းသည်ကတစ်ကြောင်း ၊ ယင်ဟွမ်ဧကရာဇ်ကလည်း သူလုပ်သမျှ ထောက်ခံသည်ကတစ်ကြောင်းကြောင့် ဖြစ်နိုင်သည်။

ရန်ကျောက်ကဲ ခွန်လွန်တောင်သို့ရောက်လာသည့်အခါ အဘိုးဖြစ်သူ ရန်ရှင်းထန်နှင့် ဆရာဦးလေး’ယွဲ့ကျန့်ပေ’ တို့၏ ဆက်ဆံရေးကြောင့် သူ့အနေဖြင့် ချီလင်ကမ်းပါးနှင့် နတ်ဘုရားအနားယူတောင်ကြားသို့ သွားရောက်ဂါရဝပြုရန် လိုအပ်ခဲ့သည်။

‌လောလောဆယ်တွင် တိဟွမ်မြေကမ္ဘာဧကရာဇ်က အထက်ဘုံကမ္ဘာတွင် မရှိသဖြင့် ချီလင်ကမ်းပါးသို့သွားရောက်ရန် မလိုအပ်သေးပေ။

ထို့ကြောင့် နျဲ့ကျင်းရှန်နှင့် ဝမ်ဖူတို့ဦးဆောင်ပြီး မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်သို့မသွားရောက်မီ နတ်ဘုရားအနားယူတောင်ကြားသို့ ဦးတည်လိုက်ကြသည်။

ရန်ကျောက်ကဲအနေဖြင့် ယင်ဟွမ်ဧကရာဇ်ကို ဝင်ရောက်တွေ့ဆုံရန်မလိုအပ်ဘဲ စည်းမျဉ်းအတိုင်းဂါရဝပြုရန်သာ လိုအပ်သည်။

နတ်ဘုရားအနားယူတောင်ကြားတွင် အခြွေအရံအနည်းငယ်မှတပါး အခြားမည်သူမှ မရှိပေ။

ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၂)ပါးတို့တွင် တိဟွမ်မြေကမ္ဘာဧကရာဇ်တွင် ဝမ်ကျန်းချန်ကဲ့သို့ တပည့်များရှိပြီး ကျန့်ဟွမ်ဓားဧကရာဇ်တွင်လည်း နျဲ့ကျင်းရှန် ၊ ပိုင်တောင်းနှင့် ဝမ်ဖူတို့ကဲ့သို့ တပည့်များရှိကြသည်။

ချင်းယွမ်ဧကရာဇ်တွင် ချင်ရှုကျီ ၊ တာအိုဆရာ ‘ချန်းလန်’ တို့ကဲ့သို့ အဆက်အနွယ်များရှိပြီး ပိုးသားဧကရာဇ်တွင်လည်း သမီးဖြစ်သူ ‘ဖုထင်’ အပြင် အခြားသော တပည့်တပန်းများစွာ ရှိသည်။

မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ အပါအဝင် အခြားသော အုပ်စိုးရှင် (၃)ပါးတွင်လည်း တပည့်သားမြေး အဆက်အနွယ်များ ရှိကြသည်။

အဆက်အနွယ်နှင့် တပည့်သားမြေးများ မရှိသူဆို၍ ယင်ဟွမ်ဧကရာဇ်တစ်ပါးတည်းသာလျှင် ရှိသည်။

ရန်ကျောက်ကဲတို့အုပ်စု  နတ်ဘုရားအနားယူတောင်ကြားမှထွက်ခွာပြီးသည်နှင့် မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်သို့ ထွက်ခွာလာကြသည်။

အနောက်တောင်ထိပ်တန်းအရှင်သခင် ပိုင်တောင်းကတော့ အစောပိုင်းကတည်းကပင် အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ်သို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နျဲ့ကျင်းရှန်နှင့် ဝမ်ဖူတို့က ရန်ကျောက်ကဲအား ခေါ်ဆောင်လာခဲ့သည်။

ဤနှစ်များတစ်လျှောက် ကျောက်စိမ်းကျောက်ဆောင်၏အရေးကိစ္စများကို များသောအားဖြင့် ဝမ်ဖူကသာ စနစ်တကျ ကိုင်တွယ်ခဲ့သည်။

နျဲ့ကျင်းရှန်ကတော့ ကျင့်ကြံခြင်းဖြင့် အချိန်ကုန်ဆုံးလေ့ ရှိသည်။

ကျောက်စိမ်းကျောက်ဆောင်သို့ရောက်ရှိသည်နှင့် ဘိုးဘေးများ၏ ကမ္ဗျည်းတိုင်များကို အရင်ဆုံး အရိုအသေပေး ပူဇော်ကြသည်။

အဘိုးဖြစ်သူ ‘ရန်ရှင်းထန်’ ၏ ကမ္ဗျည်းတိုင်ကိုတွေ့မြင်တော့ ရန်ကျောက်ကဲ အတော်လေး စိတ်လှုပ်ရှားသွားမိသည်။

ရှီကျွင်းတို့သားအမိအား အခြေချပြီးသည်နှင့် နျဲ့ကျင်းရှန်က ရန်ကျောက်ကဲကို နှုတ်ဆက်ပြီး ကျင့်ကြံရန် ထွက်ခွာသွားသည်။

ဝမ်ဖူကတော့ ရန်ကျောက်ကဲကိုခေါ်ဆောင်ကာ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်မှ ဆင်းသက်လာခဲ့ပြီး ခွန်လွန်တောင် မြောက်ဘက်ရှိ တောင်ကြားတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

ထိုနေရာကို ‘ထုန်းမင်တောင်ကြား’ ဟု ခေါ်ဆိုသည်။

ရှေးယခင်တစ်ချိန်က ရွှယ်ချူးချင်၏ ဘိုးဘေးဆရာသခင် ‘ထုန်းမင်ဧကရာဇ်’ ဟူယွဲ့ရှင်း နေထိုင်ခဲ့‌သော ကျောက်ဂူအိမ်တော် တည်ရှိရာနေရာ ဖြစ်သည်။

ဟုတ်ပေ၏။

ဤသည်က လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က အဖြစ်အပျက်များ ဖြစ်သည်ပင်။

ယခုတော့ ဤနေရာက အမျိုးမျိုးသောလူပေါင်းများစွာ၏ မရေမတွက်နိုင်သောအကြေိမ်ပေါင်းများစွာ လာရောက်စုံစမ်းစစ်ဆေးခြင်းခံရသဖြင့် ပျက်ဆီးယိုယွင်းနေပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကတော့ အရာအားလုံး အစပြုခဲ့ရာ ဤနေရာတွင် ရှာဖွေရန် ဆုံးဖြတ်ထားလေသည်။

All Chapters