ထွက်ပြေးရင်းအစီအစဉ်ဆွဲ
Vol. 75 Ch. 1056
အခန်း (၁၀၅၆) ထွက်ပြေးရင်းအစီအစဉ်ဆွဲ
ထုန်းမင်တောင်ကြားသို့ အခြားသူများက အကြိမ်ပေါင်းများစွာ စစ်ဆေးမွှေနှောက်ခဲ့ပြီး ဇောက်ထိုးလှန်ထားပြီးပြီ ဖြစ်သည်။
တောင်ကြားအတွင်းမှ ပစ္စည်းပစ္စယများကိုလည်း စစ်ဆေးရန်အတွက် တစ်ခုပြီးတစ်ခု သိမ်းယူသွားရုံသာမက ဤနေရာ၏ ရှုမျှော်ခင်းနှင့် ပတ်ဝန်းကျင်အနေအထားများကိုပါ ပြောင်းလဲပစ်လိုက်ကြသည်။
မြေကြီးသည်ပင် သုံးပေအနက်အထိ တူးထားသည်ဟု ပြောဆိုနိုင်သည်။
ဝမ်ဖူ၏စကားများအရ မရေမတွက်နိုင်သော စစ်ဆေးစုံစမ်းမှုများကြောင့် ထုန်းမင်တောင်ကြား၏လက်ရှိ မြေပြင်သွေးကြောများနှင့် ဝိညာဉ်စွမ်းအားစီးဆင်းမှုများမှာ အရင်ကနှင့် လုံးဝမတူတော့ဘဲ ပြောင်းလဲနေသည်ဟု ဆိုသည်။
ဝမ်ဖူက...
“ဒီနေရာက နှစ်ပေါင်းများစွာ ဖျက်ဆီးခံခဲ့ရတယ် ၊ ဒါပေမဲ့ မင်းရဲ့အမေက လိမ္မာပါးနပ်တဲ့သူဆိုတော့ အရင်က ဘယ်သူမှမရိပ်မိခင် ဒီနေရာမှာ အချိန်တစ်ခုအထိနေထိုင်ဖို့ ခိုးပြီး ပြန်လာခဲ့သေးတယ်”
သူက ဆက်ပြောသည်။
“သူလည်းပြန်ထွက်သွားရော ဒီနေရာကို နောက်တစ်ကြိမ်ထပ်ပြီး ရှာဖွေမှုတွေ လုပ်ကြပြန်တယ်လေ”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ဒါကို နားလည်နိုင်ပါတယ်”
မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ အပါအဝင် အခြားသူများက ရွှယ်ချူးချင်ကို အမတခုံရုံး၏ဖိအားနှင့် လိုအပ်ချက်ကြောင့်မဟုတ်ဘဲ ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
ဤသည်မှာ သူတို့ကိုယ်တိုင်သည်လည်း ကောင်းကင်အမြုတေကျောက်တုံးကို စိတ်ဝင်စားသောကြောင့် ဖြစ်၏။
ကောင်းကင်အမြုတေကျောက်တုံးက ယင်ထျန်းရှနှင့် ဟူယွဲ့ရှင်းတို့ပြောသည့်အတိုင်း အမှန်တကယ် ဟုတ်သည်လားဆိုသည်ကိုအသာထား ၊ အနည်းဆုံးတော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးမှ ရယူလိုသော ရတနာပစ္စည်းတစ်ခုဖြစ်သည် အမှန်ပင်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ဤရတနာပစ္စည်း၏တန်ဖိုးက မနည်းနိုင်ပေ။
ထိုရတနာပစ္စည်းအား ကိုယ်တိုင်သိမ်းဆည်းထားရန်အတွက်ဖြစ်စေ ၊ အခြားသူများကိုပေးအပ်ရန်အတါက်ဖြစ်စေ ရှာဖွေလိုကြသည်ဖြစ်ရာ ရွှယ်ချူးချင်ကို လိုက်လံဖမ်းဆီးကြသည်မှာလည်း မဆန်းလှပေ။
ထုန်းမင်တောင်ကြားမှာ လုံးလုံးလျားလျား ပျက်ဆီးနေပြီး ထူးခြားချက်ကြီးကြီးမားမား ရှိမနေတော့ပေ။
ရန်ကျောက်ကဲ လှည့်ပတ်ကြည့်ရှုသည့်တိုင် မည်သည့်ထူးခြားချက်မှ မတွေ့ရပေ။
သို့သော် သူ့စိတ်အာရုံထဲတွင် အလင်းရောင်တစ်ချက်လင်းလက်သွားသလိုမျိုးခံစားလိုက်ရပြီး ထိုခံစားချက်က ဖမ်းဆုပ်ရန် ခက်ခဲလှသည်။
ထို့ကြောင့် ထပ်မံစစ်ဆေးကြည့်လိုက်သည့်တိုင် မည်သည့်ထူးခြားချက်မှ မရှိကြောင်း အတည်ပြုပြီးနောက် ရန်ကျောက်ကဲ စိတ်ကိုတည်ငြိမ်စေလိုက်ပြီး ဝမ်ဖူနှင့်အတူ ထုန်းမင်တောင်ကြားမှ ထွက်ခွာလာခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက် တစ်ချိန်က ရွှယ်ချူးချင်သွားလာခဲ့သည်ဆိုသော နေရာများကို ဆက်လက်ရှာဖွေခဲ့ကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုနေရာများကိုလည်း လူပေါင်းများစွာက ရှာဖွေခဲ့ကြပြီးပြီပင်။
ဤနေရာများတွင် သဲလွန်စများကျန်နေသေးလျှင်ပင် ပထမဆုံးရောက်လာသူများက ရယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများကို ပြုလုပ်ပြီးလောက်ပေပြီ။
ဝမ်ဖူကတော့ ရန်ကျောက်ကဲကို စိတ်ရှည်လက်ရှည်ပင် လိုက်ပါပို့ဆောင်ပေးသည်။
ဤသို့သောနေရာများကို လိုက်လံပြသခြင်းက ရန်ကျောက်ကဲအတွက် ထူးခြားသောရလဒ်များရှိလာမည်ကိုမဟုတ်သည့်တိုင် ရန်ကျောက်ကဲ စိတ်တိုင်းကျဖြစ်စေရန် မညည်းမညူပင် လိုက်ပို့ပေးခဲ့သည်။
ရန်ကျောက်ကဲကတော့ ဘာသဲလွန်စမှမရသဖြင့် စိတ်ပျက်လက်ပျက်မဖြစ်ဘဲ လမ်းတစ်လျှောက်တွင် သူ့စိတ်ထဲမှ အတွေးအမြင်များ ပိုပြီးရှင်းလင်းလာသည်ဟုပင် ခံစားခဲ့ရသည်။
စောစောက ထုန်းမင်တောင်ကြားတွင် အာရုံခံမိသည့် လက်ခနဲတောက်ပသွားသော လှုံ့ဆောက်မှုကိုပင် ဆုပ်ကိုင်လာမိသည်ဟု ခံစားလိုက်ရသည်။
ရွှယ်ချူးချင် သွားရောက်ခဲ့သည်ဆိုသောနေရာများတွင် အဖိုးတန်သဲလွန်စများ မကျန်ခဲ့သည့်တိုင် ထိုနေရာများ၏အနေအထားက ထူးခြားဆန်းကျယ်လှသည်။
ထိုများပြားလှစွာသောနေရာများကို မျဉ်းဖြောင့်ဖြင့် ဆက်သွယ်ရေးဆွဲကြည့်မည်ဆိုပါက အတွင်းထဲတွင် ကာရန်ညီမှုတစ်ခု တည်ရှိနေသည့်အလား ထင်မှတ်ရသည်။
ဤသည်ကို သတိပြုလိုက်မိသည်နှင့် မိခင်ဖြစ်သူက ရိုးရှင်းခြင်းမရှိကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။
သူမက ထွက်ပြေးတိမ်းရှောင်နေသည့်တိုင် ဤအတိုင်းပြေးနေခြင်းမဟုတ်ဘဲ အစီအစဉ်ဆွဲလုပ်ဆောင်နေခဲ့သည်။
တစ်နည်းဆိုရသော် တာဝန်တစ်ခုပြီးမြောက်ရန်အတွက် အစီအစဉ်ဆွဲနေခြင်းဖြစ်ပြီး ထိုအစီအစဉ်က သူမ၏ကိုယ်ပိုင်အစီအစဉ်ဖြစ်နိုင်သလို သူမ၏ဆရာဖြစ်သူ ညွှန်ကြားသော အမိန့်လည်း ဖြစ်နိုင်၏။
လောလောဆယ်တွင် ဤအစီအစဉ်၏ ကာရံညီမှုကို ရန်ကျောက်ကဲသည်လည်း အောက်ခြေအထိ နက်ရှိုင်းစွာနားလည်နိုင်ခြင်း မရှိသေးပေ။
ရွှယ်ချူးချင်ပုန်းအောင်းရန် ရွေးချယ်ခဲ့သောနေရာအချို့တွင် ရှာဖွေမှုများပြုလုပ်ခဲ့သည့်တိုင် သူမထားခဲ့သော ကာရန်ညီမှုနှင့် အံဝင်ခွင်ကျမရှိပါက သူမ၏မူလအကြံအစည်ကို မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။
ထို့ပြင် ရွှယ်ချူးချင်ကလည်း သူမ၏ရည်ရွယ်ချက်အမှန်ကိုဖုံးကွယ်ရန် အမှန်တရားထဲတွင် အမှားပေါင်းများစွာကို ထည့်သွင်းထားမည် ဖြစ်သည်။
သူမထည့်သွင်းထားသော အမှားသံသယများကို တိကျစွာ ဖယ်ရှားနိုင်မှသာ သူမစီစဉ်ထားသောလမ်းကြောင်း၏ မူလအသွင်အပြင်ကို ရရှိနိုင်မည် ဖြစ်သည်။
ပြီးတော့ သူမပုန်းအောင်းနေသည့် နေရာအချို့ကလည်း ယခုအချိန်ထိ မသိရှိနိုင်သလို ဖော်ထုတ်နိုင်ခြင်းလည်း မရှိသေးပေ။
ထိုအချက်များအားလုံးကို တိတိကျကျ မဆုပ်ကိုင်နိုင်သေးခင် မည်သို့သောလျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေကြောင်းကို ရန်ကျောက်ကဲသည်လည်း မသိရှိနိုင်ပေ။
အထူးသဖြင့် သူမသွားရောက်ခဲ့သောနေရာများအား လူပေါင်းများစွာ ရှာဖွေစုံစမ်းခဲ့ပြီးဖြစ်လေရာ နောက်ကွယ်တွင် သူမချန်ထားခဲ့သော အထူးယန္တရားများရှိနိုင်သည့်တိုင် ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခံရပြီး ဖြစ်နိုင်သည်။
သို့ဆိုလျှင် သူမ၏အစီအစဉ် မည်သို့သက်ရောက်နိုင်ပါတော့မည်နည်း။
သို့မဟုတ် တစ်ခေါက်မျှလာရောက်ရုံဖြင့် သူမ၏အစီအစဉ်က လုံလောက်သည်လား။ တစ်ခေါက်မျှရောက်လာရုံဖြင့် သူမ၏လမ်းကြောင်းနှင့်အစီအစဉ်များ ပြီးဆုံးသွားခဲ့ပြီလား။
“ဒီ ဆုံမှတ်တွေနဲ့လမ်းကြောင်းတွေကို ငါကလွဲရင် တခြားသူတွေရော တွေ့မြင်သေးလား မသိဘူး”
ရန်ကျောက်ကဲ လမ်းလျှောက်ရင်း စဉ်းစားလိုက်သည်။
လောလောဆယ်မှာတော့ ရန်ကျောက်ကဲက ထိုနေရာများကို ဆက်လက်စုံစမ်းရန် အစီအစဉ် မရှိတော့ပေ။
သူက ဝမ်ဖူထံမှရရှိသော အထက်ဘုံကမ္ဘာမြေပုံကြီးကိုကြည့်ကာ ရွှယ်ချူးချင်ထွက်ပေါ်လာတတ်သည့်နေရာများကို အမှတ်အသားပြုလိုက်သည်။
ထို့နောက် သူက မြေပုံပေါ်တွင် တိတ်တဆိတ် အမှတ်များပြုလုပ်လိုက်ပြီး မတူညီသောအမှတ်နှစ်ခုကြားတွင် စိတ်မှန်းဖြင့် မျဉ်းကြောင်းများရေးဆွဲလိုက်သည်။
ရွှယ်ချူးချင် တစ်စုံတစ်ခု ပြုလုပ်နေသည်ဟု သံသယရှိကြသူ မည်သူမဆို ဤဖြစ်နိုင်ခြေကို လျစ်လျူရှုထားမည် မဟုတ်ပေ။
ရန်ကျောက်ကဲ၏ လက်ရှိ စိတ်စွမ်းအားနှင့် တန်ခိုးစွမ်းအားအရ ရာနှင့်ချီသောအမှတ်သင်္ကေတများကိုရောယှက်ပြီး ချိတ်ဆက်မှုများပြုလုပ်ကာ မတူကွဲပြားသောသ ပုံသဏ္ထန် ထောင်ပေါင်းများစွာ တည်ဆောက်ရန် အခက်အခဲ မရှိပေ။
သူ၏မှတ်ဉာဏ်အတွင်းမှ များပြားလှစွာသော ကားချပ်များ ၊ အစီအရင်များကို ပြန်လည်တွေးတောပြီး ထိုအရာများနှင့်နှိုင်းယှဉ်ကာ ရွေးချယ်မှုကို ပြုလုပ်ရင်း မှားယွင်းသောအရာများကို အဆက်မပြတ်ဖယ်ရှားလိုက်သည့်အခါ ရွေးချယ်ရန် ရာနှင့်ချီသောဖြစ်နိုင်ခြေများ ကျန်ရှိနေသေးသည့်တိုင် စဉ်းစားရမည့်နယ်ပယ်က သိသိသာသာ ကျဉ်းမြောင်းသွားသည်။
ရန်ကျောက်ကဲက အသက်တစ်ချက်ရှူထုတ်ရင်း ရေရွတ်လိုက်၏။
“ဒီအတိုင်းဆို ငါ့အတွက် နောက်ထပ်အချက်အလက်တွေလိုသေးတယ် ၊ အလျင်စလိုလုပ်တာ အသုံးမဝင်ဘူး”
ထို့နောက် သူက စိတ်အာရုံစုစည်းလိုက်ပြီး ဝမ်ဖူဘက်သို့လှည့်လိုက်သည်။
“ဂိုဏ်းတူအစ်ကို’ဝမ်’ ... ပင်ပန်းသွားရပြီ... ၊ ကြည့်ရတာ ဒီအတိုင်းဆက်ရှာနေရင်တော့ တစ်ခုခုသိရဖို့ ခက်ခဲဦးမယ်ထင်တယ်”
ဝမ်ဖူက အနည်းငယ်ပြုံးရင်း...
“မင်းရဲ့အတွေးတွေကို ငါနားလည်ပါတယ်”
ရန်ကျောက်ကဲက...
“ဒါဖြင့် ငါတို့တွေ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ကို အရင်ပြန်ကြရအောင် ၊ ဒါပေမဲ့... မင်းကို အကူအညီတောင်းစရာကိစ္စတ်စခုရှိသေးတယ် ၊ နောက်မှပဲ ပြောတော့မယ်”
ဝမ်ဖူက ခေါင်းညိတ်ရင်း...
“ဟုတ်ပြီလေ...”
ထို့နောက် သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး...
“ဒီနေရာက မြောက်ဖေးတောင်ထွတ်နဲ့နီးတယ် ၊ မင်းနဲ့ မြောက်ဖေးတောင်ထွတ်က ရင်းနှီးတယ်မဟုတ်လား ၊ အဲဒီကို အလည်အပတ်သွားဦးမလား”
ရန်ကျောက်ကဲက...
“ဖြတ်သွားပြီးမှမဝင်ရင် ရိုင်းရာကျမယ် ၊ ပြီးတော့ ပိုးသားဧကရာဇ် ပြန်ရောက်ပြီလားဆိုတာလည်း သတင်းမေးချင်သေးတယ်”
ဝမ်ဖူက ချင်းချင်းပင် လမ်းပြဦးဆောင်သွားပြီး သူတို့နှစ်ယောက် များပြားလှစွာသော ခွန်လွန်တောင်တန်းများကို ဖြတ်ကျော်သွားကြသည်။
မြောက်ဖေးတောင်ထွတ်က ခွန်လွန်တောင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြောက်ဖေးတောင်ထွတ်ကို အဓိကတောင်ထွတ်အဖြစ် ဗဟိုပြုပြီး ပတ်ဝန်းကျင် တောတောင်များကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် မှတ်ယူနိုင်သည်။
ပိုးသားဧကရာဇ်၏ တာအိုနယ်မြေဖြစ်သော ကြာပန်းနီကမ်းပါးက မြောက်ဖေးတောင်ထွတ်၏ အမြင့်ဆုံးနေရာတွင် တည်ရှိသည်။
ရန်ကျောက်ကဲနှင့် ဝမ်ဖူတို့ လာရောက်လည်ပတ်သည့်အခါ ကြာပန်းနီကမ်းပါးက ထုံးစံအတိုင်းပင် လေးလေးစားစား လက်ခံကြိုဆိုကြ၏။
လက်ရှိရန်ကျောက်ကဲ၏ ထူးခြားထက်မြက်သော တန်ခိုးစွမ်းအားနှင့်အဆင့်အတန်းကို မဆိုထားနှင့် ၊ ဝမ်ဖူသည်လည်း ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ၏ တပည့်တစ်ယောက်ဖြစ်ပြီး သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ကျောက်စိမ်းကျောက်ဆောင်တွင် ကျန့်ဟွမ်ဓားဧကရာဇ်ကိုယ်စား ကိစ္စအဝဝကို တာဝန်ယူထားရသူ ဖြစ်လေသည်။
ဝမ်ဖူ၏အဆင့်က ပိုးသားဧကရာဇ်ထက်နိမ့်ပါးသည့်တိုင် မြောက်ဖေးတောင်ထွတ်အနေဖြင့် တလေးတစားဆက်ဆံသည်မှာ သဘာဝကျပေသည်။
ဟုတ်ပေ၏။
မြောက်ဖေးတောင်ထွတ်မှကျင့်ကြံသူများက ရန်ကျောက်ကဲကိုတွေ့တော့ အနည်းငယ် ရှက်ရွံ့သွားမိကြသည်။
ကြာပန်းနီကမ်းပါးသို့ရောက်တော့ ရန်ကျောက်ကဲနှင့် မဆုံတွေ့သည်မှာ နှစ်အတန်ကြာပြီဖြစ်သော ကြာပန်းနီဒေဝီ ‘ဖုထင်’ နှင့် ဆုံတွေ့ခွင့်ရသည်။
မတွေ့ဆုံကြသည်မှာ အချိန် (၇)နှစ် ၊ (၈)နှစ်ရှိပြီဖြစ်သည်။
ဖုထင်က ကြာပန်းနီကမ်းပါးတွင် တံခါးပိတ်ကျင့်ကြံနေပြီး ပြင်ပလောကသို့ထွက်ခွာရန် မဖြစ်နိုင်သေးသော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်ကတော့ ခုန်ပျံကျော်လွှားကာ တိုးတက်လျှက် ရှိသည်။
ထိုစဉ်အချိန်က သိုင်းသူတော်စင် ပဉ္စမအဆင့်တွင်ရှိနေသော ဖုထင်သည် ယခုတော့ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပေပြီ။
နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် အထွတ်ထိပ်သို့ရောက်ရှိနေပြီး မကြာမီ အမတကူးပြောင်းခြင်းအဆင့်သို့ အချိန်မရွေးတက်ရောက်နိုင်ပြီ ဖြစ်သည်။
သူမ အဆင့်မတက်သေးဘဲ ခဏစောင့်ဆိုင်းနေသည်မှာ ကျင့်ကြံခြင်းအဆင့်တက် မြန်လွန်းလျှင် ဖခင်ဖြစ်သူက အခြေမခိုင်ဟုယူဆသဖြင့် အချိန်ဆွဲနေခြင်းသာ ဖြစ်၏။
ရန်ကျောက်ကဲနှင့်တွေ့တော့ ဖုထင်က ဝါဒတောင်ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးခြင်းအတွက် ဂုဏ်ပြုစကားဆိုရင်း ပိုးသားဧကရာဇ် ရောက်မလာနိုင်ခဲ့ခြင်းအတွက် ထပ်မံတောင်းပန်ပြန်သည်။
“အားနာမနေပါနဲ့ ‘ဖု’ မိန်းကလေး ၊ ပိုးသားဧကရာဇ်ရဲ့ ဒီလိုဖြစ်ရတာ ဒီ’ရန်’ နဲ့ ဝါဒတောင်ကြောင့် ဖြစ်ရတာပါ”
ရန်ကျောက်ကဲက ဆိုသည်။
“ကတိပေးထားတဲ့အတိုင်း ပိုးသားဧကရာဇ်ရောက်မလာနိုင်တာက နောက်ကွယ်မှာ ပြဿနာတစ်ခုခု ရင်ဆိုင်နေရတာကြောင့် ဖြစ်ရမယ်”