ခွန်လွန်တောင်မှနက်ရှိုင်းသည့်တောင်ကြားတစ်ခု
Vol. 75 Ch. 1057
အခန်း (၁၀၅၇) ခွန်လွန်တောင်မှနက်ရှိုင်းသည့်တောင်ကြားတစ်ခု
ဖုထင်က ရန်ကျောက်ကဲကိုကြည့်ရင်း သိမ်မွေ့စွာ ခေါင်းညိတ်လိုက်သည်။
“လောလောဆယ်တော့ အဖေက ပြဿနာအချို့နဲ့ရင်ဆိုင်နေရပြီး အတားအဆီခံနေရတဲ့ပုံပဲ ၊ ကြည့်ရတာ ရှင်တို့ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကို အဖေ့ကိုမလာစေချင်တဲ့သူတွေ ရှိနေတယ်”
ဖုထင်က ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် အဖေက ကတိထားရှိတဲ့အတိုင်း ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကို ရောက်မလာနိုင်ခဲ့တဲ့အတွက် ကျွန်မကပဲ အလေးအနက်ထားပြီး တောင်းပန်ပါတယ်”
ရန်ကျောက်ကဲက...
“ငါတို့ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားမှာ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်တို့အုပ်စုက ပိုးသားဧကရာဇ် ဖွင့်ပွဲအခမ်းအနားမတက်ရောက်နိုင်ဘူးလို့ ကြိုသိထားပုံရတယ် ၊ သူတို့ အဲဒီလိုတောင် ထုတ်ဖော်ပြောခဲ့ကြတယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ချင်းယွမ်ဧကရာဇ်ကတော့ သိတဲ့ပုံမပေါ်ဘူး”
ထိုစကားကြားတော့ ဖုထင်က အနည်းငယ် အံ့အားသင့်သွားသည်။
“ဟုတ်လား... ကျွန်မတို့က ချင်းယွမ်ဧကရာဇ်လက်ချက်လား ၊ ဒါမှမဟုတ် ချီလင်ကမ်းပါးရဲ့လက်ချက်လားဆိုပြီး သံသယဝင်နေတာ”
ရန်ကျောက်ကဲက...
“ငါ ခန့်မှန်းတာမမှားဘူးဆိုရင်တော့ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်းစောင်းလက်ချက်ပဲ ဖြစ်ရမယ်”
ထိုစကားကြားတော့ ဖုထင်က ပိုလို့တောင် အံ့အားသင့်သွားသည်။
တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်က အထက်ဘုံကမ္ဘာရှိ ထိပ်တန်းအရှင်သခင် (၁၀)ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်ပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အရှင်သခင် ဖြစ်သည်။
သို့သော် ပိုးသားဧကရာဇ်ကို သဲလွန်စမရှိ ရက်ပေါင်းများစွာ ပိတ်မိနေအောင် ထိန်းထားနိုင်ခြင်းမှာ အံ့သြစရာ ကောင်းလှသည်။
ရန်ကျောက်ကဲအနေဖြင့် ဤကိစ္စနှင့်ပတ်သက်ပြီး ဝူထုန်တောင်စောင်းအပေါ် ချောက်ချစရာမလိုအပ်ကြောင်း ဖုထင် သိရှိသည်။
ကျွမ်းရှန်က ကျူတောပင်လယ်ဒေသတွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။
တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သို့ ဝင်ရောက်ရန်ဆုံးဖြတ်ထားသည့် ဝါဒတောင်အား ဇာမဏီရိုးရာတေငာ် ၊ ဝူထုန်တောင်စောင်းက လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ရန်ကျောက်ကဲက ဝူထုန်တောင်စောင်းနှင့် မြောက်ဖေးတောင်ထွတ်အား ရန်တိုက်ပေးစရာ အကြောင်းမရှိပေ။
“အရမ်းတော့ မသေချာပေမယ့်... အဲဒီတုန်းက တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ကိုကြည့်ရတာ ယုံကြည်မှုအပြည့် ရှိနေသလို ခံစားရတယ်”
ရန်ကျောက်ကဲက ဤကိစ္စကို ခန့်မှန်းထားခြင်းဖြစ်ပြီး သေချာသည်လား မဆိုနိုင်သေးပေ။ ထို့ကြောင့် အရိပ်အမြွက်မျှသာ ပြောဆိုနိုင်ခဲ့သည်။
သို့သော် ကြာပန်းနီကမ်းပါးမှလူများအတွက်တော့ ဆုံးဖြတ်ချက်ချရန် လုံလောက်နေပေပြီ။
ရန်ကျောက်ကဲက...
“အရင်တုန်းက ငါတို့သားအဖ ပိုးသားဧကရာဇ်ရဲ့ဖိတ်ကြားချက် လက်ခံရရှိပြီး အမုန်းတရားမဲ့တာအိုနန်းတော်ကို ရောက်လာတုန်းက ပိုးသားဧကရာဇ် အပြင်ကိုထွက်သွားခဲ့တယ်လေ ၊ အချိန်အတော်ကြာမှ ပြန်လာခဲ့တယ် ၊ တကယ်က အဲဒီကိစ္စကလည်း ဒီနေ့ကိစ္စနဲ့ဆက်စပ်နေမယ်လို့ ငါထင်တယ်”
သူက ဆက်ပြောသည်။
“အဲဒီတုန်းကလည်း ချင်းယွမ်ဧကရာဇ်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်ခဲ့တဲ့ ငါတို့ဝါဒတောင်ကို အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ ပိုးသားဧကရာဇ်ကလွဲလို့ ဘယ်သူမှ ကူညီမပေးခဲ့ဘူးလေ”
“သိပ်မကြာခင်မှာပဲ ပိုးသားဧကရာဇ်နဲ့တွေ့ဆုံဖို့ ငါတို့သားအဖေရောက်လာတယ် ၊ အဲဒီအချိန်ကိုက်ပဲ ပိုးသားဧကရာဇ် ထွက်ခွာသွားတယ် ၊ အဲဒီကတည်းက သာမန်ကိစ္စမဟုတ်ဘူးလို့ ခံစားရတယ်”
ဖုထင်က မျက်ခုံးများကို တွန့်ချိုးကာ စဉ်းစားရင်း...
“အဲဒီတုန်းက အဖေ့ကို မေးကြည့်သေးတယ် ၊ ဒါပေမဲ့ အဖေက ကိုယ်ရေးကိုယ်တာ သီးသန့်ကိစ္စလို့ပဲပြောပြီး ဘာအကြောင်းလဲဆိုတာ ပြောမပြခဲ့ဘူး”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်အား အသာပွတ်သပ်လိုက်ရင်း...
“အမုန်းတရားမဲ့တာအိုနန်းတော်မှာ ဖြစ်ခဲ့တဲ့ကိစ္စက ဒီနေ့ကိစ္စရဲ့ ရှေ့ပြေးဖြစ်ရမယ်လို့ ငါ သံသယဝင်နေတယ်”
ထိုစဉ်အချိန်ကတည်းက ရန်သူက အစီအစဉ်ဆွဲထားခြင်း ဖြစ်နိုင်သည်။
အမုန်းတရားမဲ့ တာအိုနန်းတော်တွင်ရှိနေစဉ် ရန်သူက အစီအစဉ်များကို ရိုးရှင်းစွာ စမ်းသပ်နေခဲ့သည်။ ထိုစဉ်အချိန်က ထိရောက်မှု ရှိ မရှိ ၊ အတိအကျကို သိရှိဟန် မတူသေးပေ။
ထိုနေ့ ကိစ္စပြီးဆုံးသည့်နောက် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းက ဤကိစ္စအပေါ် အခြေခံအားဖြင့် ယုံကြည်လာဟန် ရှိသည်။
သို့သော် ထိပ်တန်းအရှင်သခင် (၁၀)ပါး ခွန်လွန်တောင်တွင် စုဝေးကြပြီး ချင်းယွမ်ဧကရာဇ်နှင့် ပိုးသားဧကရာဇ်တို့သည်လည်း ပြင်ပဗလာနယ်သို့ ထွက်ခွာသွားကြသည့်အတွက် ဤကိစ္စက နှောင့်နှေးခဲ့ရဟန် တူသည်။
ကျွမ်းရှန် ခွန်လွန်တောင်မှ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ပြန်ရောက်လာပြီးနောက် ရန်ကျောက်ကဲနှင့် ဝါဒတောင်အား လက်စားချေရန် ပြင်ဆင်သည့်အချိန် ပိုးသားဧကရာဇ်ကို ထိန်းချုပ်ရန် ယင်းကိစ္စအား လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်သည်။
ရလဒ်အနေဖြင့် ယနေ့အခြေအနေ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် ကျွမ်းရှန်သည်လည်း သူ၏အကြံအစည်နှင့်ပတ်သက်ပြီး အမှန်တကယ် အကျိုးသက်ရောက်မှုအပေါ် ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ရန်ကျောက်ကဲ နက်နက်ရှိုင်းရှိုင်း သံသယဝင်ခဲ့သည်။
ကျွမ်းရှန်အနေဖြင့် ပိုးသားဧကရာဇ် ဝါဒတောင်ပွင့်ပွဲအခမ်းအနားသို့ အချိန်မီရောက်ရှိမလာစေရန် တားဆီးနိုင်မည်ဟုသာ တွက်ချက်ထားနိုင်ခဲ့ဟန် ရှိသည်။
သို့သော် ယခုအချိန်ထိ ပိုးသားဧကရာဇ်ပျောက်ဆုံးနေခြင်းက သူတို့ခန့်မှန်းချက်ထက် ကျော်လွန်နေပေလိမ့်မည်။
အထက်ဘုံကမ္ဘာ၏ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ပိုးသားဧကရာဇ် ပျောက်ဆုံးနေမှုက အသေးအဖွဲကိစ္စမဟုတ်ပေ။ ယင်ဟွမ်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံနေပြီး ကျန့်ဟွမ်ဓားဧကရာဇ်နှင့် တိဟွမ်မြေကမ္ဘာဧကရာဇ်တို့က အထက်ဘုံကမ္ဘာတွင် မရှိသောကြောင့်သာ ဘာမှမဖြစ်သေးခြင်းဖြစ်သည်။ မဟုတ်ပါက ဧကရာဇ် (၃)ပါးကိုယ်တိုင် ဤကိစ္စကို သတိထားမိပြီး လှုပ်ရှားလာကြပေလိမ့်မည်။
ဖုထင် ရေရွတ်လိုက်သည်။
“တောင်ပိုင်း’ကျွမ်း’ က တခြားသူတွေကိုဆက်သွယ်ပြီး အကူအညီတောင်းလိုက်တာများလား...”
“ဒါပေမဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရောက်လာရင်တောင် အဖေ့ကို အခုလောက်အချိန်အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး”
“ဒါမှမဟုတ် ပြင်ပဗလာနယ်ရဲ့ ထူးခြားတဲ့အစိတ်အပိုင်းတစ်ခုခုမှာ ထူးဆန်းတဲ့အန္တရယ်တစ်ခုခု ကြုံတွေ့နေရတာ ဖြစ်နိုင်မလား”
အခြေအနေက ပဟေဠိဆန်လှသောလည်း မြောက်ဖေးတောင်ထွတ်မှ သိုင်းကျင့်ကြံသူများကတော့ တောင်ဘက်သို့ အာရုံစူးစိုက်နေကြသည်။
ကျွမ်းရှန် ကွယ်လွန်သွားသည့်တိုင် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းကတော့ တည်ရှိနေဆဲပင်။
သို့ဖြစ်ရာ ဝူထုန်တောင်စောင်းတွင် အတွင်းပိုင်းဇာတ်လမ်းကို သိရှိသူများ ရှိနေနိုင်သည်။
လက်ရှိတွင် မြောက်ဖေးတောင်ထွတ်မှလူများအားလုံး ပိုးသားဧကရာဇ်အတွက် စိုးရိမ်ပူပန်နေကြသဖြင့် ရန်ကျောက်ကဲလည်း အကြာကြီးမနေတော့ဘဲ ဖုထင်နှင့်အခြားသူများကို နှုတ်ဆက်ကာ ပြန်ခဲ့လိုက်သည်။
ကြာပန်းနီကမ်းပါးမှ သိုင်းသမားများက ရန်ကျောက်ကဲနှင့် ဝမ်ဖူကို တလေးတစားလိုက်ပါပို့ဆောင်ပေးရန်း တောင်းပန်စကားဆိုကြပြန်သည်။
ရန်ကျောက်ကဲက မြောက်ဖေးတောင်ထွတ်ကို လည်ပြန်လှည့်ကြည့်ရင်း အတွေးထဲနစ်မျောသွားသည်။
“ပိုးသားဧကရာဇ်သာ သိုင်းသူတော်စင်တစ်ယောက် ၊ ဒါမှမဟုတ် လူသားအထွတ်ထိပ်အဆင့်သိုင်းသူတော်စင်တစ်ယောက်ဆိုရင် သူဘာဖြစ်နေလဲဆိုတာ ငါနားလည်နိုင်မှာပဲ ၊ ဒါပေမဲ့ သူက အစစ်အမှန်နတ်ဘုရားတစ်ပါးဆိုတော့... ငါလည်း ဘာမှမခန့်မှန်းတတ်ဘူး”
ဝမ်ဖူနှင့်အတူ ကျောက်စိမ်းကျောက်ဆောင်သို့ ပြန်လည်ရောက်ရှိလာမှ ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းရင်း အတွေးများ ရပ်တန့်လိုက်သည်။
အပြန်လမ်းမှာတော့ ရန်ကျောက်ကဲက တောင်းဆိုလိုက်သည်။
“ဂိုဏ်းတူအစ်ကို’ဝမ်’ ... ငါ မင်းဆီက အကူအညီတစ်ခုတောင်းစရာရှိတယ်”
ဝမ်ဖူက ပြုံးလိုက်ရင်း...
“မင်း စောစောကပြောကတည်းက ငါ သိချင်နေတာ”
“ဘာကိစ္စလဲ ပြောသာပြောစမ်းပါ ၊ ငါတတ်နိုင်တာဆို ကူညီပါ့မယ် ၊ ငါမတတ်နိုင်ရင်လည်း ဆရာပြန်လာတဲ့အထိ စောင့်ကြတာပေါ့”
ရန်ကျောက်ကဲက တစ်ချက်ရယ်မောရင်း...
“ဂိုဏ်းတူအစ်ကိုဝမ်... မင်း သေချာပေါက် ကူညီပေးနိုင်တဲ့ကိစ္စပါဗျာ”
ဝမ်ဖူက စိတ်ဝင်စားသွားပြီး...
“ဒါဖြင့် ပြောကြည့်လိုက်...”
ရန်ကျောက်ကဲက ကောင်းကင်ထက်တွင်မတ်တတ်ရပ်ရင်း အဝေးတစ်နေရာမှ တောင်ကြားတစ်ခုဆီ လက်ညှိုးညွှန်ပြလိုက်သည်။
“အဲဒီနေရာကို ကြည့်လိုက်ပါ”
ဝမ်ဖူက ထိုနေရာကိုလှမ်းကြည့်ပြီးနောက် ပတ်ဝန်းကျင်အနေအထားကို အကဲခတ်လိုက်သည်။
“ဒါက ဝိညာဉ်စွမ်းအားတွေ အရမ်းပေါများတဲ့ နဂါးလိပ်ပြာတောင်ကြားပဲ ၊ ဘာလို့လဲ... မင်း အဲဒီနေရာကိုသဘောကျလို့လား ၊ အဲဒီနေရာမှာ ဝါဒတောင်ဂိုဏ်းခွဲတစ်ခု တည်ထောင်ချင်လို့လား”
သူက ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း...
“ဒါဆိုရင်တော့ ဆရာပြန်လာတဲ့အထိ စောင့်တာပိုကောင်းမယ်ထင်တယ်”
နဂါးလိပ်ပြာတောင်ကြားက ပိုင်ရှင်မဲ့နယ်မြေတစ်ခု ဖြစ်သည်။
သို့သော် ခွန်လွန်တောင်၏စည်းမျဉ်းစည်းကမ်းများအရ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးသာလျှင် တာအိုနယ်မြေများ ၊ ကျောက်ဂူအိမ်တော်များ တည်ဆောက်ခွင့်ရှိကြသည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်က နန်ကောင်းတောင် ၊ ချီလင်ကမ်းပါးတွင်နေထိုင်သည်မှာ သူ၏ ဆရာဖြစ်သူ တိဟွမ်မြေကမ္ဘာဧကရာဇ်၏ တာအိုနယ်မြေတွင် နေထိုင်ခြင်း ဖြစ်သည်။
သူ၏ကိုယ်ပိုင်ကျောက်ဂူအိမ်တော်က အခြားနေရာတွင် တည်ရှိလေသည်။
အထက်ရပ်ထိပ်တန်းအရှင်သခင်တစ်ယောက်သာလျှင် ချွင်းချက်အဖြစ် ‘လူသားအထွတ်ထိပ်အဆင့်’ တက်ရောက်သည့်အချိန် ဧကရာဇ် (၃)ပါးက သူ့ကို ဤနေရာတွင် ကျောက်ဂူအိမ်တော် တည်ဆောက်ရန် အထူးခွင်ပြုချက် ပေးခဲ့ခြင်းပင်။
ဟုတ်ပေ၏။
လူအများက ရွှယ်ချူးချင်ပြုလုပ်သည့်အတိုင် ခွန်လွန်တောင်တွင် နေရာရှာဖွေကာ ပုန်းအောင်းနေနိုင်သည်။
ကျင့်ကြံသူအတော်များများက ခွန်လွန်တောင်သို့ခိုးဝင်ပြီး ကျင့်ကြံလေ့ရှိကြသည်။ သို့သော် သိရှိသွားလျှင်တော့ တောင်ပေါ်မှ နှင်ထုတ်ခံရမည် ဖြစ်၏။
ဝမ်ဖူက ပြုံးရင်း...
“ဒီလိုလုပ်ရတာက ငါတို့ဘက်က ရိုင်းပျတွန့်တိုတာ မဟုတ်ဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း..
“ခွန်လွန်တောင်က ဝိညာည်စွမ်းအားတွေက အရမ်းသိပ်သည်းလွန်းတယ် ၊ ကျင့်ကြံခြင်းအတွက် ရေတိုမှာ ထိရောက်နိုင်ပေမယ့် ရေရှည်ဆိုရင်တော့ သိုင်းကျင့်ကြံသူအများစု ခံနိုင်ရည်ရှိကြမှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“နတ်ဘုရားတံခါးကိုဖွင့်ထားတဲ့ တန်ခိုးစွမ်းအားရှင်တွေသာ ဒီလိုမျိုး ပတ်ဝန်းကျင်မှာ ဝိညာဉ်စွမ်းအားစီးဆင်းမှုတွေမှာ နေထိုင်ဖို့သင့်တော်တာပါ”
ရန်ကျောက်ကဲအတွက်တော့ ဤပြဿနာက စိုးရိမ်စရာမရှိပေ။ သူက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသဖြင့် သူ၏ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပြီးသား ဖြစ်၏။
မိခင်ဖြစ်သူ ရွှယ်ချူးချင်သည်လည်း ‘မြစ်ဝါပန်းချီကားတစ်ဝက်’ ကို ပိုင်ဆိုင်ထားလေရာ ဤအချက်ကို ကြောက်စရာမလိုသည်မှာ သဘာဝကျသည်။
ဤနေရာတွင် အိမ်တော်တစ်ခုတည်ဆောက်နေထိုင်ရန် ခွင့်ပြုချက်ရရှိသော အထက်ရပ်ထိပ်တန်းအရှင်သခင်ကတော့ ဒဏ္ဍာရီတွင်မည့် စုတ်ချက်တစ်ခုသာလျှင် ဖြစ်သည်။
ဝမ်ဖူက...
“မင်းနဲ့ ဆရာဦးလေး’ရန်’ က ဆရာဘိုးဘိုးရဲ့ သွေးရင်းတွေပဲ ၊ နှစ်ယောက်လုံးကလည်း တန်ခိုးစွမ်းအားမြင့်မားတယ် ၊ မင်းတို့တန်ခိုးစွမ်းအားတွေက အထက်ရပ်’ချန်’ ထက်မနိမ့်ကျဘူး”
သူက ဆက်ပြောသည်။
“မင်းတို့အနေနဲ့ ခွန်လွန်တောင်မှာ အိမ်တော်တည်ဆောက်ဖို့ အချိန်နည်းနည်းစောနေသေးပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဆရာ့အကူအညီတော့လိုတယ်လေ”
ရန်ကျောက်ကဲက ပြုံးလျှက် ခေါင်းခါယမ်းရင်း...
“ဂိုဏ်းတူအစ်ကို’ဝမ်’ နားလည်မှုလွဲနေပြီ ၊ ငါက ဒီနေရာမှာ ဝါဒတောင်ဂိုဏ်းခွဲတည်ထောင်ချင်တာ မဟုတ်ပါဘူး ၊ ကိုယ်ရေးကိုယ်တာအလုပ်လေးအတွက် အသုံးပြုချင်လို့ပါ”
သူက ဆက်ပြောလိုက်သည်။
“ငါ အလုပ်လုပ်နေတုန်း အနှောက်အယှက်မဖြစ်အောင် ဂိုဏ်းတူအစ်ကို’ဝမ်’ ကို ကူညီပေးစေချင်တာပါ”