← Chapters

အထက်ဘုံကမ္ဘာတစ်ခုလုံးသို့သက်ရောက်မှုရှိခြင်း

Vol. 75 Ch. 1058

အထက်ဘုံကမ္ဘာတစ်ခုလုံးသို့သက်ရောက်မှုရှိခြင်း

Vol. 75 Ch. 1058

အခန်း (၁၀၅၈) အထက်ဘုံကမ္ဘာတစ်ခုလုံးသို့သက်ရောက်မှုရှိခြင်း

“မင်း ကိုယ်ရေးကိုယ်တာအသုံးပြုဖို့လား”

ဝမ်ဖူ၏မျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

“မင်း ဘာလုပ်မလို့လဲ”

ရန်ကျောက်ကဲ၏ ပြဿနာရှာနိုင်စွမ်းကလည်း သူ၏ကျင့်ကြံခြင်းအဆင့်ကဲ့သို့ပင် မသေးလှ‌ပေ။

ဝမ်ဖူက ရန်ကျောက်ကဲနှင့်ပတ်သက်သည့် အချက်အလက်များစွာကို စုဆောင်းထားပြီးဖြစ်ရာ ထိုအချက်ကို ကောင်းစွာသိရှိသည်။

ကျူတောပင်လယ်ဒေသတွင် ချင်းယွမ်ဧကရာဇ်၏လုပ်ရပ်များကို ဖျက်ဆီးပစ်ခဲ့ပြီး တောင်ပိုင်းသို့ခရီးထွက်စဉ်တွင် ဇာမဏီရိုးရာတောင်မှ သိုင်းကျင့်ကြံသူတစ်ဝက်ခန့်အား အနိုင်ယူခဲ့သည်။

မကြာသေးမီက ပြုလုပ်သော ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် ချင်းယွမ်ဧကရာဇ်ကို ခုခံတွန်းလှန်နိုင်ခြင်းကိုတော့ ထည့်ပြောနေစရာပင် မလိုတော့ပေ။

ယခုဆိုလျှင် ရန်ကျောက်ကဲအား ‘ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရား’ အဖြစ် အထက်ဘုံကမ္ဘာ တစ်ဝှမ်းလုံးက လူသိရှင်ကြား အသိအမှတ်ပြုထားကြပေပြီ။

သို့သော် တန်ခိုးစွမ်းအားမြင့်မားသဖြင့် နာမည်ကျော်ကြားသလို ပြဿနာဖန်တီးရာတွင်လည်း ထူးချွန်သူအဖြစ် နာမည်ကျော်ကြားသည်သာ။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက ကိုယ်ရှာသည့်ပြဿနာကို ကိုယ်တိုင်ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်ပင်။

ရန်ကျောက်ကဲစကားကိုကြားတော့ ဝမ်ဖူ၏စိတ်ထဲ အချက်ပေးသံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး ခေါင်းများပင် ထုံကြဉ်သွားသည်။

ရန်ကျောက်ကဲက တဟားဟားအော်ရယ်ရင်း...

“ဘာလို့ အရမ်းစိတ်ပူသွားရတာလဲ ဂိုဏ်းတူအစ်ကို’ဝမ်’ ၊ ဒါက ကောင်းတဲ့အလုပ်တစ်ခုပါ ၊ ကောင်းတဲ့အလုပ်တစ်ခုပါ”

ထို့နောက် သူက နဂါးလိပ်ပြာတောင်ကြားရှိရာသို့ လှမ်းကြည့်ရင်း...

“‌စောစောက ဒီနေရာကဖြတ်သွားတော့ ဝိညာဉ်စွမ်းအားစီးဆင်းမှု ထူးခြားတဲ့လက္ခဏာဗဝွကို သတိပြုလိုက်မိတယ်”

“ဆေးလုံးတွေနဲ့ လက်နက်တွေသန့်စင်ဖို့အတွက် အဲဒီနေရာကို နည်းနည်းပါးပါး အသုံးပြုချင်တာပါ”

ထိုစကားကြားတော့ ဝမ်ဖူ အံ့အာသင့်သွားပြီး...

“အိုး... ဟုတ်လား”

သူက နဂါးလိပ်ပြာတောင်ကြားနှင့် ရင်းနှီးသူမဟုတ်သော်လည်း ရန်ကျောက်ကဲထက်တော့ ရင်းနှီးသည်ဟု ဆိုနိုင်သည်။ သို့သော် ဤနေရာမှ ရရှိမည့်အကျိုးကျေးဇူးများကို သူတစ်ခါမှ တွေ့ရှိခဲ့ခြင်း မရှိပေ။

ရန်ကျောက်ကဲ ပြုံးလိုက်ပြီး လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သူ၏အရိပ်ကျုံ့အိတ်အတွင်းမှ ကြီးမားသောသုံးမြှောင့်ဆေးပြင်းဖိုတစ်ခု ဝမ်ဖူရှေ့တွင် လွင့်ပျံထွက်ပေါ်လာသည်။

ဝမ်ဖူက ထိုအရာကို သေသေချာချာလေ့လာပြီးနောက် ပဟေဠိဖြစ်သွားသည်။ ထို မီးပြင်းဖိုကြီးက မည်သည့်ထူးခြားချက်မှ မရှိကြောင်း သူ ရှင်းရှင်းလင်းလင်း ပြောနိုင်သည်။

ထို့နောက် သူက မီးပြင်းဖိုကို သေသေချာချာအကဲခတ်ပြီးမှ ရန်ကျောက်ကဲအား လှမ်းကြည့်ရင်း...

“ဒါ အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ... အဲဒါ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုပါ”

“ငါ ‌အောက်ဘုံကမ္ဘာမှာရှိနေတုန်းက ပြီးပြည့်စုံခြင်းမရှိတဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ပြုလုပ်နည်းကို အမှတ်မထင် ရရှိခဲ့တယ် ၊ နှစ်‌ပေါင်းအတော်ကြာအောင် သုတေသနပြုပြီးမှ အခုလိုပုံစံမျိုး ထွက်ပေါ်လာတာ”

ဝမ်ဖူက မီးပြင်းဖိုမျက်နှာပြင်ကို လက်ညှိုးဖြင့်အသာပွတ်သပ်ကြည့်ရင်း...

“အင်း... ဒါဖြင့် အံ့သြစရာမရှိတော့ပါဘူး”

အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာတို့ကဲ့သို့ အောက်ဘုံကမ္ဘာများမှ ပျက်ဆီးနေသော သိုင်းပညာအမွေအနှစ်အပိုင်းအစများနှင့် မတူညီဘဲ အထက်ဘုံကမ္ဘာတွင်တော့ ပိုမိုကောင်းမွန်ပြီးပြည့်စုံသည့် သိုင်းပညာအမွေအနှစ်များ ကျန်ရှိနေသည်။

မဟာကပ်ဘေးကြီးမတိုင်ခင်က ကံကောင်းစွာအသက်ရှင်ကျန်ရစ်ခဲ့သူများ ရှိခဲ့ကြောင်း ဟိုးယခင်ကတည်းကပင် ကောလဟလများ ထွက်ပေါ်ခဲ့သည်။

ထိုသို့ အသက်ရှင်ကျန်ရစ်ခဲ့သူများကြောင့် သိုင်းပညာအမွေအနှစ်များက ပြီးပြည့်စုံခြင်းမရှိသည့်တိုင် အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများကဲ့သို့ ရှေ့ဆက်ရန် မခက်ခဲခဲ့ကြပေ။

မဟာကပ်ဘေးကြီးမတိုင်ခင်က အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို မျိုးကွဲများကိုလည်း တီထွင်ခဲ့ကြသဖြင့် သီးခြားအင်္ဂါရပ်များတွင် ကွဲပြားမှုများလည်း ရှိခဲ့ကြသည်။

အထက်ဘုံကမ္ဘာတွင်တော့ အတွင်းပိုင်သလင်းကျောက်မီးပြင်းဖို တည်ဆောက်မှုနည်းလမ်းတစ်ခုလုံးအား အမွေဆက်ခံထိန်းသိမ်းထားသော သိုင်းဂိုဏ်းအဆက်အနွယ်တစ်ခု ရှိခဲ့သည်။

သို့သော် ကုန်ကြမ်းပစ္စည်းများရှားပါးသည့်အတွက် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုများကို အရေအတွက်များပြားစွာ ထုတ်လုပ်နိုင်ခဲ့ခြင်း မရှိပေ။

ကျန့်ဟွမ်ဓားဧကရာဇ်၏တပည့်ဖြစ်သော ဝမ်ဖူအတွက် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနှင့် စိမ်းသက်ခြင်း မရှိပေ။

မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်တွင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို တစ်ခုထက်မက ရှိနေပါသည်။

ယခု ရန်ကျောက်ကဲပြသလိုက်သည့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက အထက်ဘုံကမ္ဘာတွင် ပြန်လည်ပြုလုပ်ထားသည့် မီးပြင်းဖိုအသွင်အပြင်နှင့် များစွာကွဲပြားသည်။

ထို့ကြောင့် ဝမ်ဖူက ထိုမီးပြင်းဖိုကို နှစ်ကြိမ်တိတိ အကဲဖြတ်ပြီး အတည်ပြုခဲ့ရသည်။

ဝမ်ဖူက...

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဆိုရင်တော့ ကျောက်စိမ်းကျောက်ဆောင်မှာလည်း အသုံးပြုလို့ရပါတယ် ၊ အဲဒီက ဝိညာဉ်စွမ်းအားတွေက ဒီနေရာထက်တောင်ပိုပြီး ပေါများသေးတယ်”

သူက ဆက်ပြောသည်။

“ဒါက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတစ်ခုပဲလေ ၊ သိပ်ပြီး အလေးအနက်ထားဖို့ မလိုဘူးမဟုတ်လား”

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက လက်နက်ပစ္စည်းများပြုလုပ်ရာတွင် အလွန်အကျိုးရှိသည်။

ရန်ကျောက်ကဲသည်ပင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဖြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအောက်အဆင့်ရှိသော လက်နက်ပစ္စည်း အမြောက်အမြားကို ထုတ်လုပ်နိုင်ခဲ့သည်။

ကုန်ကြမ်းပစ္စည်းလုံလောက်မည်ဆိုပါက ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်များဆိုလျှင် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ဖန်တီးနိုင်မည် ဖြစ်၏။ သူတို့အနေဖြင့် အောင်မြင်နိုင်ခြေ ရှိ မရှိကိုပင် စိုးရိမ်ပူပန်စရာ အကြောင်းမရှိပေ။

လုံလောက်သင့်လျော်သည့် ကုန်ကြမ်းပစ္စည်းများ ရရှိပါက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များဆိုလျှင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို အလွယ်တကူ ပြုလုပ်နိုင်မည် ဖြစ်သည်။

အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုသာမရှိပါက လက်နက်ပစ္စည်းများပြုလုပ်ရန် နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။ ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်များပင်မကအောင် ကြာရှည်နိုင်သည်။

ပြီးတော့ လက်နက်ပစ္စည်း အောင်မြင်စွာပြုလုပ်နိုင်ခြင်း ရှိ မရှိလည်း မသေချာနိုင်ပေ။

သို့သော် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုသည်လည်း အလုံးစုံ ပြီးပြည့်စုံသော အစွမ်းအစ ရှိမနေပေ။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ပြုလုပ်သည့်အခါ ထိုမီးပြင်းဖို၏စွမ်းဆောင်နိုင်စွမ်း သက်ရောက်မှု နည်းပါးလှသည်။ အမတမှော်ဝင်ပစ္စည်းများဆိုလျှင်တော့ စဉ်းစားနေစရာပင် မလိုပေ။

ရန်ကျောက်ကဲ အမတကူးပြောင်းခြင်းအဆင့်မပြောနှင့် လူသားအထွတ်ထိပ်အဆင့်ရောက်သည့်အချိန် ၊ နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်သည့်အချိန်များအထိ ထိုမီးပြင်းဖို၏စွမ်းအားကတော့ အကန့်အသတ်ရှိနေပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော ထိုမီးပြင်းဖို၏ဖွဲ့စည်းပုံအရ စွမ်းရည်အကန့်အသတ် ရှိနေသောကြောင့် ဖြစ်၏။

လုံးဝ မြေလှန်ပစ်နိုင်လောက်သော ပြောင်းလဲမှုမျိုးမရှိပါက ကောင်းကင်ကိုမှောက်လှန် မြေပြင်ကိုပြောင်းပြန်ဖြစ်စေမည့် အပြောင်းအလဲများလည်း ဖြစ်ပေါ်လာမည် မဟုတ်ပေ။

အပြင်ပိုင်းသလင်းကျောက်မီးပြင်းဖိုအကန့်အသတ်ရှိသဖြင့် အသုံးပြုမှုကျဆင်းသွားပြီး အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ပြောင်းလဲအသုံးပြုကြခြင်းနှင့် ဆင်တူသည်။

မဟာကပ်ဘေးကြီးမတိုင်ခင်က အမျိုးမျိုးသော အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုများရှိနေပြီး ကန့်သတ်ချက်များသည်လည်း မတူကွဲပြားကြသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများအတွက်တော့ ဤမီးပြင်းဖိုကက ရတနာတစ်ပါးဖြစ်နေသည်မှာ သံသယဝင်စရာ မရှိပေ။ အထက်ဘုံကမ္ဘာတွင်လည်း မြောက်ပင်လယ်ဓားခန်းမနှင့် ယိုးမင်ဂိုဏ်းတို့ကဲ့သို့ သေးငယ်သည့်သိုင်းဂိုဏ်းများအတွက် ဤပစ္စည်းက မြို့တစ်မြို့ပမာ တန်ကြေးရှိသောပစ္စည်းတစ်ခု ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲနှင့် ဝမ်ဖူတို့အတွက်တော့ အရေးပါသည့်ပစ္စည်းတစ်ခု မဟုတ်ပေ။

ရန်ကျောက်ကဲက...

“ငါလုပ်ချင်တဲ့ လက်နက်ပစ္စည်းတွေက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအပေါ် မူတည်မနေပါဘူး ၊ အဲဒါကြောင့် ဘာမှစိတ်ပူစရာမရှိဘူး”

သူက လက်ဖျောက်တစ်ချက်တီးလိုက်ရင်း...

“ဒါပေမဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို အဆင့်မြှင့်တင်ဖို့ အခွင့်အလမ်းရှိသေးတယ်ဆိုရင်... ဂိုဏ်းတူအစ်ကို’ဝမ်’ ဘယ်လိုထင်လဲ”

“သူ့ရဲ့ ကြံ့ခိုင်မှုကတော့ သေချာပေါက် တိုးတက်လာမှာမဟုတ်ဘူး ၊ တခြားကဏ္ဍတွေမှာပဲ တိုးတက်နိုင်တယ် ၊ ဥပမာပြောရရင်...”

ဝမ်ဖူတွေးနေစဉ် ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ဥပမာပြောရရင်... ဒီလိုမီးပြင်းဖိုတွေ အမြောက်အမြားထုတ်လုပ်မယ်ဆိုရင်ရော...”

ထိုစကားကြားတော့ ဝမ်ဖူ တုန်လှုပ်သွားပြီး...

“မင်းက ဘယ်အတိုင်းအတာအထိ အမြောက်အမြားထုတ်လုပ်မလို့လဲ”

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ဖြန့်ကားရင်း...

“ဒါက အထက်ဘုံကမ္ဘာတစ်ခုလုံးကိုတော့ လွှမ်းခြုံနိုင်မှာမဟုတ်ပါဘူး ၊ ဒါပေမဲ့ ထိပ်သီးသိုင်းဂိုဏ်းကြီးအချို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်မှာ သေချာတယ်”

ဝမ်ဖူက စိတ်အေးအေးထားကာ စဉ်းစားလိုက်ရင်း...

“ဒီလိုဆိုရင်တော့ အံ့သြစရာပဲ”

အကယ်၍ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုများ အထက်ဘုံကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်မည်ဆိုလျှင် ရလဒ်အနေဖြင့် သာမန်လက်နက်ပစ္စည်းများ ၊ ဝိညာဉ်လက်နက်ပစ္စည်းများ ပေါများလာမည် ဖြစ်သည်။

သို့သော် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကိုတော့ အရေအတွက်များများစားစား ထုတ်လုပ်နိုင်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ကုန်ကြမ်းပစ္စည်းများ အကန့်အသတ်ရှိသောကြောင့် ဖြစ်သည်။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှင့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများက ရှားပါးနေဆဲ ဖြစ်သည်။

ရန်ကျောက်ကဲအား ကြွယ်ဝချမ်းသာသူတစ်ယောက်ဟု ဆိုကြသော်လည်း ထိပ်တန်းအရှင်သခင်များဆိုလျှင်လည်း အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုထက်မက ပိုင်ဆိုင်ကြသည်ပင်။

သို့သော် အထက်ဘုံကမ္ဘာတစ်ဝှမ်းလုံးမှ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များအားလုံးကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ပျမ်းမျှအားဖြင့် တစ်ယောက်လျှင် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း တစ်ခုပင်ပိုင်ဆိုင်ကြခြင်း မရှိပေ။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များစွာ ၊ အထူးသဖြင့် အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင်များအနေဖြင့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ပြုလုပ်ရမည် ဖြစ်သည်။

ထို့ကြောင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်သည့်တိုင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကတော့ ပမာဏကြီးမားစွာ တိုးပွားလာမည် မဟုတ်ပေ။

ရိုးရှင်းစွာပြောရရလျှင် ပညာဉာဏ်ရှိသည့် အိမ်ရှင်မတစ်ယောက်သည်ပင် ဆန်မရှိဘဲ ထမင်းချက်ရန်ခဲယဉ်းသည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုများ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မည်ဆိုပါက အထက်ဘုံကမ္ဘာတွင် အပြောင်းအလဲများစွာ ဖြစ်လာနိုင်ပေသေးသည်။

ခြုံကြည့်မည်ဆိုလျှင် အထက်ဘုံကမ္ဘာ သိုင်းကျင့်ကြံသူများ၏ စွမ်းအားများ အဆမတန် ကြီးမားလာကြမည် ဖြစ်၏။

အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုများကြောင့် သိုင်းသမားအအေတာ်များများ လက်နက်ပစ္စည်းပြုလုပ်သည့်အရှိန်အဟုန် မြင့်တက်လာမည် ဖြစ်သည်။

ကုန်ကြမ်းပစ္စည်းမရှိသူများအတွက် မည်သို့မှမတတ်နိုင်သော်လည်း ကုန်ကြမ်းရှိသူများအတွက် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများပြုလုပ်ရန် လိုအပ်သည့်အချိန် သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။

အခြားနည်းလမ်းဖြင့်ဆိုလျှင် ဆယ်စုနှစ် ၊ သို့မဟုတ် ရာစုနှစ်မက ကြာရှည်နိုင်သော်လည်း အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုနှင့်ဆိုလျှင်တော့ လျှင်မြန်စွာ အောင်မြင်မှု ရရှိသည်ကို တွေ့မြင်ရပေမည်။

ယင်း၏အရေးပါမှုကို ဝမ်ဖူက သဘာဝအတိုင်း နားလည်ခဲ့သည်။

သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“နဂါးလိပ်ပြာတောင်ကြားရဲ့ ပထဝီဝင်အနေအထားက အဲဒါကို ကူညီပေးနိုင်မလား”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ပွင့်ပွင့်လင်းလင်းပြောရရင်... အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို တစ်ခုတည်းတင်မကနိုင်ဘူး...”

All Chapters