← Chapters

သူရဲကောင်းတစ်ယောက်

Vol. 78 Ch. 1073

သူရဲကောင်းတစ်ယောက်

Vol. 78 Ch. 1073

ဝမ်ပေါင်လဲ့၏ စကားသံကြီး ပဲ့တင်ထပ်သွားသည်နှင့် သူ၏ လက်ထဲမှ ဆုတောင်းပြည့်ပုလင်းလေးမှာ ရုတ်တရက်ဆိုသလို အပူချိန်မြင့်တက်လာ၏။ ပုံမှန်အတိုင်းသာဆိုလျှင် ချက်ချင်း ဆုတောင်းပြည့်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။ သို့သော်လည်း ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ တစ်ကြိမ် ဆုတောင်းလိုက်ရုံနှင့် အောင်မြင်သွားခဲ့၏။ ထို့ကြောင့် အခြား အခြေအနေ တစ်ခုခုတွင်သာ ဆိုပါက သူသည် အပျော်လွန်နေလောက်ပြီ ဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ သူ၏ အသိစိတ်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားနေပြီဖြစ်ရာ သူသည် သူ၏ဆုတောင်း ပြည့်သွားခြင်း ရှိမရှိကိုပင် မသိလိုက်ပေ။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီ ဖြစ်သည့်တိုင်အောင် ဝမ်ရီရီ၏ ဖခင်ဖြစ်သူ့အား တွန်းထုတ်ခဲ့သည့် ဖြစ်ရပ်မှာ သူ့အတွက် ကမ္ဘာကြီး ပျက်သွားတော့မည့်အလား ဖြစ်နေဆဲပင်။

သူတို့နှစ်ယောက်၏ ကြားမှ ခြားနားချက်မှာ.... ကြီးမားလွန်းနေ၏။

ကံကောင်းစွာဖြင့် ဆုတောင်းပြည့်ပုလင်းလေးမှာ မှော်ဆန်သည့် အစွမ်းတစ်မျိုးကို ပိုင်ဆိုင်ထားသည်။ ၎င်းမှာ အပူချိန် မြင့်တက်လာသည်နှင့်အမျှ ဖိနှိပ်အားတစ်မျိုးကို ထုတ်လွတ်လိုက်ပြီး ဝမ်ပေါင်လဲ့ ရှိနေသည့် နေရာတစ်ဝိုက်အား လွှမ်းခြုံသွားစေလိုက်၏။ ထို့နောက် ထိုဖိနှိပ်အားများမှာ ဝမ်ပေါင်လဲ့အား ဗဟိုပြု၍ ရုတ်တရက်ဆိုသလို ကျုံ့ဝင်လာကြတော့သည်။

၎င်းမှာ ဝမ်ရီရီ၏ ဖခင်ဖြစ်သူအား ခုခံတွန်းလှန်နိုင်စွမ်းရှိသည့် စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်ပုံပင်။ ထို့ကြောင့် ထိုနေရာကြီး တစ်ခုလုံးမှာ ချုပ်နှောင်ခံလိုက်ရပြီး အားကောင်းသော ဖိအားတစ်မျိုး ပေါ်ပေါက်လာ၏။ ထိုဖိအားများ၏ အောက်တွင် ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲမှ အန်ထွက်လာသည့် သွေးများကြောင့် ပေါ်ပေါက်လာရသော လူပုလေးများမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ပြန်လည်ရောက်ရှိလာကြတော့သည်။

၎င်းတို့မှာ မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ ပါးစပ်ထဲသို့ ပြန်ဝင်သွားကြ၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာကြသည့် အသွေးအသား အမျှင်အတန်းများမှာလည်း ထိုဖိအားများကြောင့် အထဲသို့ ပြန်၍ ကျုံ့ဝင်သွားကြသည်သာဖြစ်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်နှင့် ခြေလက်များသာမက အတွင်းကလီစာများနှင့် အသွေးအသားများမှာ တဖြည်းဖြည်းနှင့် အားအင်များ နုံးချည့်လာသလို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် တစ်စစီ ကြေမွပျက်စီးသွားတော့မည့် ကျောက်ဘီလူးကြီးတစ်ကောင် ဖြစ်နေပါသော်လည်း ပြင်ပ ဖိအားများကြောင့် ပျက်စီးသွားခြင်း မရှိဘဲ တဖြည်းဖြည်းနှင့် ဒဏ်ရာများ ပျောက်ကင်းသက်သာသွားနေသည့်ပုံ ပေါက်နေတော့သည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်၌ ကျန်ရှိနေသေးသည့် နောက်ဆုံး အမျှင်အတန်းများမှာ ပျောက်ကွယ်သွား၏။ ထိုအခါ ဆုတောင်းပြည့်ပုလင်း၏ အပူချိန်မှာ တဖြည်းဖြည်းနှင့် လျော့ကျလာပြီး ဖိအားများမှာလည်း ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများပွင့်လာ၏။ အစတွင် သူသည် ရီဝေဝေ ဖြစ်နေခဲ့ပါသော်လည်း သူ၏ မျက်ဝန်းများထဲ၌ ကြောက်စိတ်များ ချက်ချင်းပေါ်ပေါက်လာသည်။ ထို့နောက် သူသည် ခန္ဓာကိုယ်အား အလျင်အမြန် ကြည့်ရှုစစ်ဆေးလိုက်၏။ ထိုအခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချနိုင်တော့သည်။

" သေတော့မလို့... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်မိလိုက်၏။ သူ၏ မျက်ဝန်းထဲရှိ ကြောက်စိတ်များမှာမူ ပို၍ပင် အားကောင်းလာရပြီ ဖြစ်သည်။ ထို့အပြင် သူသည် ဝမ်ရီရီ၏ ဖခင်ဖြစ်သူမှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်း နားလည်သွား၏။

" တာအိုဂါထာတော်ကို ဖန်တီးခဲ့တဲ့သူ... " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် နောက်သို့လှည့်ကာ ချန်ဟန်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်၏။ ချန်ဟန်းမှာ မျက်လုံးများပွင့်နေပြီး သူ၏ ဝိညာဉ် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည့်အလား ရီဝေဝေ ဖြစ်နေ၏။

ဝမ်ပေါင်လဲ့ ဆုတောင်းလိုက်သည့်အချိန်တွင် ချန်ဟန်းမှာ သတိပြန်ရလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ သူ၏ အတိတ်ဘဝမှ ပြန်လည်ရရှိခဲ့သည့် အတွေ့အကြုံများမှာ ယခင်အကြိမ်များတုန်းကနှင့် မတူပေ။ ထို့ကြောင့်လည်း သူသည် စိတ်နှင့်ကိုယ်နှင့် ပြန်မကပ်သေးဘဲ ရီဝေဝေဖြစ်နေသည့်ပုံ ပေါက်နေရခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ရီဝေဝေဖြစ်နေသည့် ချန်ဟန်းအား စိုက်ကြည့်နေရင်း အံတကြိတ်ကြိတ်ဖြစ်နေ၏။ ချန်ဟန်းတစ်ယောက် နောက်ဆုံးတွင် ပြေးထွက်သွားခဲ့ပြီး ဝမ်ရီရီအား လက်ထပ်ချင်သည်ဟု အော်ပြောခဲ့သဖြင့် ဝမ်ရီရီ သူ့အား သတိထားမိသွားသည့် အချက်ကြောင့်သာမဟုတ်ပါက ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီး၏ အပြင်သို့ ဖောက်ထွက်ကာ ပြင်ပကမ္ဘာကြီးအား ကြည့်ရှုခွင့် ရနိုင်မည် မဟုတ်ပါလော။

ချန်ဟန်းတစ်ယောက် ထိုကဲ့သို့ အော်ဟစ်ခဲ့ခြင်း မရှိလျှင်တောင် ဝမ်ရီရီ၏ ဖခင်ဖြစ်သူမှာ အခန်းထဲသို့ ရောက်လာနိုင်ခြေ ရှိသေးပါသော်လည်း ဝမ်ပေါင်လဲ့မှာ အနည်းငယ် ဒေါသထွက်နေရဆဲပင်။

သို့သော် ချန်ဟန်း ထိုကဲ့သို့ ဖြစ်နေရသည့် အကြောင်းရင်းမှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ အတိတ်ဘဝမှ ဖြစ်ရပ်များကို ပြောင်းလဲနိုင်စွမ်း ရှိမရှိ သိနိုင်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်ပေသည်။ သူသည် တုန်ခါမှုလှိုင်းများ ထုတ်လွှတ်ကာ ချန်ဟန်းအား စိတ်ညှို့ရန် ကြိုးစားနေခဲ့သည် မဟုတ်ပါလော။

အစတွင် သူသည် ထို တုန်ခါမှုလှိုင်းများမှာ အောင်မြင်နိုင်မည် မဟုတ်ဟု မှတ်ယူထားခဲ့၏။ သို့သော် သူ မြင်တွေ့ခဲ့ရသည့် ရလဒ်များမှာ... အပြစ်ဆိုဖွယ်ရာ မရှိလောက်အောင် ကောင်းမွန်နေသည်။

ဝမ်ပေါင်လဲ့မှာ သူ လုပ်ခဲ့သည့် လုပ်ရပ်များကြောင့် ယခုလို အခြေအနေသို့ ရောက်လာရခြင်းဖြစ်ကြောင်း သိထားပါသော်လည်း အံတကြိတ်ကြိတ်နှင့် ချန်ဟန်းအား စန်းစိန်းဝါးဝါး စိုက်ကြည့်နေဆဲပင်။ ထိုအချိန်တွင် ချန်ဟန်းမှာ သူ၏ အကြည့်အား သတိထားမိသွားသည့် ပုံပင်။ သူသည် တစ်ကိုယ်လုံးတုန်ရီသွားပြီး မျက်ဝန်းများ ကြည်လင်ပြတ်သားသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ ရန်လိုနေသော မျက်ဝန်းများအား ချက်ချင်း သတိထားမိလိုက်တော့သည်။

" အဖေ "

" ပြောစမ်း။ မင်းရဲ့အတိတ်ဘဝမှာ ဘာတွေဖြစ်ခဲ့တာလဲ "

ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် မေးလိုက်ပြီးနောက် သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ သူသည် သူ၏ စမ်းသပ်မှု အောင်မြင်ခဲ့ခြင်းရှိမရှိ မေးမြန်းရန် သေသေချာချာ ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့အပြင် သူသည် ချန်ဟန်းတစ်ယောက် ယခင်အကြိမ်တုန်းကအတိုင်း မှတ်ဉာဏ်များ ဖျောက်ဖျက်ခံလိုက်ရခြင်း ရှိမရှိကိုလည်း သိချင်နေသေးသည်။

သို့သော် သူ၏ အမူအရာများကြောင့် ချန်ဟန်းမှာ စိုးရိမ်စိတ်များ ပို၍ ကြီးထွားလာရ၏။ သူသည် ယခုမှ ပြန်လည်နိုးထလာသည်ဖြစ်ပြီး သူ၏ အတိတ်ဘဝမှ ဖြစ်ရပ်များကြောင့် သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေဆဲပင်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ သူ့အား မေးခွန်းတစ်ခု မေးမြန်းလိုက်သည်ဖြစ်ရာ သူသည် မျက်စိ ပေကလတ်ပေကလတ် ဖြစ်သွားပြီး ဝမ်ပေါင်လဲ့ တွေးနေသည့် အရာများကို မခန့်မှန်းနိုင်လောက်အောင် ဖြစ်သွား၏။ သို့သော်လည်း သူသည် ဝမ်ပေါင်လဲ့မှာ အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စများအား စပ်စုရသည်ကို သဘောခွေ့သည့် လူထူးဆန်းကြီးတစ်ယောက်ဖြစ်ကြောင်း ပြန်၍ သတိရသွားသည်။ ထို့ကြောင့်လည်း သူသည် သတိကြီးကြီးထား၍ ပြန်ဖြေလိုက်၏။

" အဖေ။ သားရဲ့ အရင်ဘဝက... သား ပြောပြရင် အဖေ စိတ်မဆိုးနဲ့နော်။ အဲ... အဲဒီတုန်းက အဖေလည်း ရှိနေခဲ့တယ်မဟုတ်လား။ အဖေ သူရဲကောင်းဇာတ်လမ်းအကြောင်း ကြားဖူးမှာပါ... " ချန်ဟန်းမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ စကားမှားသွားမည် စိုးသဖြင့် သတိကြီးကြီးထားနေ၏။ သို့သော် သူသည် သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေဆဲပင်။ သူသည် ဝမ်ပေါင်လဲ့မှာလည်း မှိုပွင့်တစ်ပွင့်အဖြစ် ရှိနေခဲ့လောက်သည်ဖြစ်ကြောင်း ယုံကြည်နေ၏။ ထို့ကြောင့်လည်း သူသည် သူ၏ သူရဲကောင်းဇာတ်လမ်းအကြောင်း ကြားခဲ့ရပေမည်။

ဝမ်ပေါင်လဲ့မှာ " သူရဲကောင်း " ဆိုသည့် စကားလုံးအား ကြားလိုက်ရသောအခါ မျက်နှာရှုံ့မဲ့သွား၏။

" ဒီကောင် ငါ့မြေးတွေထဲက တစ်ယောက်တောင် ဖြစ်ရင်ဖြစ်နေခဲ့လောက်တယ်... " ချန်ဟန်းမှာမူ စိတ်ထဲ၌ ရေရွတ်နေ၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့၏ အမူအရာများကိုလည်း အကဲခတ်နေသေးသည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ မျက်နှာရှုံ့မဲ့သွားသည်ကို မြင်လိုက်ရသည်နှင့် သူ့ကိုယ်သူ ပို၍ပင် ဂုဏ်ယူမိသွားတော့သည်။

" အဖေ။ အဲ... သားရဲ့ အရင်ဘဝအကြောင်း ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် စုန်းမကြီးတစ်ယောက်နဲ့ လက်ထပ်၊ နတ်ဝိဇ္ဇာကြီးတစ််ယောက်ရဲ့ နေရာမှာ အစားထိုးပြီး ဘဝရဲ့ အထွတ်အထိပ်ကို တက်လှမ်းရတဲ့ ခရီးစဉ်တစ်ခုလိုပါပဲ "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် နှလုံးသားထဲ၌ ဒေါသမီးတောက်များ ထိန်းမနိုင်သိမ်းမရ တောက်လောင်လာ၏။ သို့သော် သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေသည့် ချန်ဟန်းမှာမူ ထိုအချက်အား သတိမထားမိပေ။

" အဲတာ သားရဲ့ အဓိကတာဝန်ပဲ။ ဘာလို့လဲဆိုတော့ သားက မွေးကတည်းက တခြားသူတွေနဲ့ မတူဘဲ ကွဲပြားခြားနားနေခဲ့တာလေ။ လူတိုင်းက သားကို သဘောကျနှစ်သက်ပြီးတော့ ကူညီထောက်ပံ့ပေးခဲ့ကြတာ။ သားရဲ့ နှလုံးသားထဲမှာလည်း သားက ကံကောင်းခြင်းတွေနဲ့အတူ မွေးဖွားလာခဲ့ပြီးတော့ သားရဲ့ မျိုးနွယ်စုထဲကလူတွေကို ဒုက္ခပင်လယ်ကြီးထဲကနေ ကယ်ထုတ်ပြီး အထွတ်အထိပ်အဆင့်ကို တက်လှမ်းဖို့ ကံပါလာတာလို့ အမြဲတမ်း သတိပေးနေခဲ့တဲ့ စကားသံတစ်သံလည်း ရှိခဲ့သေးတယ် "

နှလုံးသားထဲ၌ ဒေါသမီးများလောင်ကျွမ်းနေသည့် ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ကြက်သေသေသွားပြီး မျက်စိမျက်နှာပျက်သွား၏။ သူသည် ထိုစကားများအား ချန်ဟန်း၏ အသိစိတ်ထဲ၌ ထပ်တလဲလဲ ပြောနေခဲ့သည်မဟုတ်ပါလော။

" သားလည်း သားရဲ့ ဘဝပေးတာဝန်ကို ထမ်းဆောင်နိုင်ဖို့ အပြင်းအထန် လေ့ကျင့်ခဲ့တာပဲ။ နောက်ဆုံး ကမ္ဘာပျက်မယ့်အချိန် ရောက်လာတော့ သားက ကောင်းကင်ကြီးကို မော့ကြည့်ပြီး အော်ပြောလိုက်တာ။ သားရဲ့ အော်ဟစ်သံကြောင့် မိုးကောင်းကင်နဲ့ကမ္ဘာမြေကြီး တုန်ရီသွားရတဲ့ အထိပဲ။ နောက်ဆုံးကျတော့ သား အဲဒီ စုန်းမကြီးနဲ့ လက်မထပ်နိုင်ခဲ့ပေမဲ့ သားရဲ့မျိုးနွယ်စုထဲမှာ ထာဝရသူရဲကောင်းအဖြစ်ကို ရောက်ရှိသွားခဲ့ပြီး ဘဝရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်ခဲ့တာပါ "

" မှိုပွင့်ဘဝရဲ့ အထွတ်အထိပ်ကို ပြောနေတာမလား " ထိုအခါ ဝမ်ပေါင်လဲ့မှာ ကသိကအောက် ဖြစ်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။ သို့သော် သူသည် ချန်ဟန်းတစ်ယောက် သူ၏ စကားများကြောင့် ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

" အဖေ။ အဖေလည်း တကယ်ကို မှိုပွင့်တစ်ပွင့် ဖြစ်ခဲ့တာကိုး။ သားရဲ့ အတိတ်ဘဝထဲမှာ တခြား ဘယ်သတ္တဝါမှ မရှိခဲ့ဘဲ မှိုပွင့်တွေပဲ ရှိနေခဲ့တာ။ ဟားဟား။ အဖေ သားအကြောင်း ကြားရင်ကြားဖူးခဲ့မှာပါ။ သားကို ပြောပြပါဦး။ အဖေက ဘယ်မျိုးနွယ်စုထဲကလဲ။ ဝါလေးမျိုးနွယ်စုလား၊ နီလေးမျိုးနွယ်စုလား၊ ပြာလေးမျိုးနွယ်စုလား ဒါမှမဟုန် စိမ်းလေးမျိုးနွယ်စုလား "

ဝမ်ပေါင်လဲ့မှာ ထို မေးခွန်းအား ကြားလိုက်ရသောအခါ အေးစက်စက်နှာမှုတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ လေထဲ၌ လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ထိုအခါ အော်ဟစ်ရယ်မောနေသည့် ချန်ဟန်းမှာ ချက်ချင်း ရပ်တန့်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ ဦးခေါင်းအား လှမ်း၍ ဖမ်းဆုပ်လိုက်သဖြင့် သူသည် အသံကုန်အော်ဟစ်ကာ အသနားခံလိုက်ရတော့သည်။

" မင်း ပြောကြည့်လေ။ ငါက ဘယ်မျိုးနွယ်စုထဲကလဲ "

" အဖေ။ သား မှားသွားတာပါ။ အဖေက နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့တာပါ "

" နတ်ဘုရားတစ်ပါး ဟုတ်လား " ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သေချာသွားအောင် ပြန်မေးလိုက်၏။

" အဲတာ စုန်းမကြီးရဲ့ စီနီယာတစ်ယောက်လေ။ အဖေ သူ့ကို မတွေ့ခဲ့ဘူးလား။ အဲဒီ နတ်ဘုရားကြီးက ကမ္ဘာကြီးထဲကို ဆင်းသက်လာခဲ့ပြီးတော့ တစ်ခုခုကို လိုက်ရှာနေခဲ့တဲ့ပုံပဲ။ သူ အဲဒီလို ဆင်းသက်လာပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် နတ်ဘုရားတစ်ပါး ရောက်လာခဲ့တာ။ ပြီးတော့ သူတို့နှစ်ယောက် တိုက်ခိုက်ကြပါလေရော။ အဲတာကြောင့်မလို့... သားတို့ရဲ့ မှိုပွင့်မျိုးနွယ်စုကမ္ဘာကြီး ပျက်စီးသွားခဲ့ရတာလေ "

ချန်ဟန်းမှာ ထိုကဲ့သို့ အလျင်အမြန် ရှင်းပြလိုက်ပြီး ဝမ်ပေါင်လဲ့၏ အမူအရာများကို အကဲခတ်နေ၏။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သက်ဆိုးမရှည်ခဲ့သည့် မှိုပွင့်တစ်ပွင့်သာ ဖြစ်ရမည်ဟု မှတ်ယူလိုက်သည်။ သူသည် မှိုပွင့်မျိုးနွယ်စု၏ သူရဲကောင်းနှင့် မယှဉ်နိုင်သလို နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့်အရာများကိုလည်း သိရှိထားခြင်းမရှိလောက်ပေ။ ချန်ဟန်းမှာ ထိုသို့တွေးမိလိုက်သည်နှင့် ပို၍ပင် မန်မာနထောင်လွှားသွားရ၏။

" ဟွန်း။ ဒီဘဝထဲမှာ ဝမ်ပေါင်လဲ့က ကံကောင်းပြီး ငါက ကံဆိုးနေလို့သာ။ ငါ့ရဲ့ အတိတ်ဘဝထဲမှာသာဆိုရင် ငါ စကားတစ်ခွန်းပြောလိုက်ရုံနဲ့ ဒီကောင်လေး ငါ့ရဲ့ရှေ့မှာ ဒူးထောက်ပြီးတော့ မျက်ရည်လည်ရွဲနဲ့ အသနားခံနေရမှာ "

ချန်ဟန်းတစ်ယောက် စိတ်ထဲ၌ ထိုကဲ့သို့ ကြိမ်းဝါးနေစဉ် ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေ၏။ ချန်ဟန်း၏ မှတ်ဉာဏ်များထဲမှ အချို့မှာ ဖျောက်ဖျက်ခံလိုက်ရပါသော်လည်း အများစုမှာ ကျန်ရစ်နေခဲ့ဆဲပင်။ ဝမ်ရီရီ၏ ဖခင်ဖြစ်သူ လိုက်ရှာနေခဲ့သည့် အရာမှာမူ သူ သို့မဟုတ် ဆုတောင်းပြည့်ပုလင်းလေး ဖြစ်ရမည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။

သို့သော် ထိုဖြစ်ရပ်မှာ အနည်းငယ် ယုတ္တိမရှိပေ။

နောက်ထပ် နတ်ဘုရားတစ်ပါး ရောက်ရှိလာပြီး သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့သဖြင့် ကမ္ဘာကြီးပျက်စီးသွားခဲ့ရသည့် ဖြစ်ရပ်နှင့် ပတ်သက်၍မူ... ဝမ်ပေါင်လဲ့မှာ ဝမ်ရီရီ ပြောခဲ့သည့် ဒေါသထွက်နေသော ဦးလေးကြီးတစ်ယောက်အကြောင်း ပြန်၍ မှတ်မိသွားသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားပြီး မျက်နှာဖုံး အပိုင်းအစလေးအား ပြန်၍ ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ၎င်းအား စိုက်ကြည့်ကာ လှမ်းခေါ်လိုက်သည်။

" မမလေး။ ရှိလားဗျ "

သို့သော် မမလေးမှာ သူ့အား ပြန်မထူးခဲ့ပေ။

ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းနေလိုက်ပြီးနောက် ထို မျက်နှာဖုံးအပိုင်းအစလေးအား ပြန်လည်သိမ်းဆည်းလိုက်၏။ သူသည် နောက်ထပ်ပြဿနာတစ်ခုအား တွေးမိသွားခြင်း ဖြစ်သည်။

" ငါ ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှာ လိုက်ရှာပြီးသွားပြီ။ တခြား မျက်နှာဖုံးအပိုင်းအစတွေက ပျောက်နေတုန်းပဲ။ ဒါ... နောက်ထပ် သဲလွန်စတစ်ခုများ ဖြစ်နေမလား "

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားပြီးနောက် ထိုကိစ္စများအားလုံးကို မေ့ထားရန်် ဆုံးဖြတ်လိုက်၏။ ဤ ကိစ္စကြီးတစ်ခုလုံးမှာ အဖြေပေါ်တော့မည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲ၌ ရေးသားထားသည့် စာကြောင်းတစ်ကြောင်းအား ပြန်၍မှတ်မိသွားသည်...

" ကိုယ် အကုန်လုံး သိတယ်လို့ ထင်နေတဲ့ အရာတွေက တစ်ခါတလေမှာ တခြားသူတွေ ကိုယ့်ကိုယ် တမင်တကာ ပေးသိထားတဲ့ အရာတွေ ဖြစ်နေတတ်တယ် "

သို့ဖြစ်ရာ သူသည် အဆောတလျင် ကောက်ချက်ချ၍ မဖြစ်ပေ။ ထပ်တလဲလဲ သေချာအောင်လုပ်ပြီးမှသာလျှင် ကောက်ချက်ချသင့်ပေသည်။ သို့မှသာ အမှန်တရား အစစ်အမှန်အား သိရှိနိုင်မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင်ထားလိုက်၏။ သူ၏ စိတ်ထဲတွင်မူ သူ ချန်ဟန်း၏ အတိတ်ဘဝထဲ၌ မြင်ခဲ့ရသည့် လပြည့်ဝန်းပညာရပ် ပြန်လည်ပေါ်ပေါက်လာသည်။

" ကမ္ဘာကြီးကို မေးခွန်းထုတ်နေမယ့်အစား... ကိုယ့်ရဲ့ ကိုယ်ပိုင်အစွမ်းအစကို ယုံကြည်အားကိုးတာ အကောင်းဆုံးပဲ “

All Chapters