လဆုတ်ပညာရပ်
Vol. 78 Ch. 1074
" အချိန်ကုန်ဆုံးမှုဆိုတာ နေနဲ့လ တစ်လှည့်စီ ထွက်ပေါ်လာတဲ့အတိုင်းပဲ... ရှေ့ကိုလည်း စိတ်ကူးနဲ့ မှန်းဆလို့လောက်အောင် ဆက်သွားနိုင်သလို နောက်ကိုလည်း အဆုံးမရှိလောက်အောင် ပြန်ဆုတ်ပြီး မူလစမှတ်အထိ ပြန်ရောက်သွားနိုင်တယ်... " ဝမ်ပေါင်လဲ့မှာ တင်ပျဥ်ခွေထိုင်ကာ တစ်ကိုယ်တည်းရေရွတ်နေ၏။ သူသည် ဝမ်ရီရီ အသုံးပြုခဲ့သည့် လပြည့်ဝန်းပညာရပ်အား ပြန်လည်မှတ်မိနိုင်အောင် ကြိုးစားနေခြင်းဖြစ်သည်။
သို့သော် အချိန်စည်းမျဥ်းဥပဒေသမှာ ခက်ခဲလွန်း၏။ ထို့အပြင် ဝမ်ရီရီ အသုံးပြုခဲ့သော လပြည့်ဝန်းပညာရပ်မှာ ပြီးပြည့်စုံမှု မရှိသေးပေ။ ၎င်းအား နတ်ဘုရားပညာရပ် တစ်ခုလုံး၏ တစ်ဝက်အဖြစ်သာ သတ်မှတ်နိုင်ပေသည်။ ထိုစဉ်တုန်းက သူမသည် လပြည့်ဝန်းပညာရပ်အား အပြည့်အဝ တတ်မြောက်ထားခြင်း မရှိသေးပေ။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ဝမ်ရီရီ ထို ပညာရပ်အား အသုံးပြုခဲ့သည်ကို တစ်ရက်တည်းသာ မြင်ခဲ့ရခြင်းဖြစ်၏။ သူသည် ထိုနေ့တုန်းက ထပ်တလဲလဲ ကြိုးစားခဲ့သည့်တိုင်အောင် ထိုပညာရပ်အား အပြည့်အဝ နားမလည်ခဲ့ပေ။
ထို အကြောင်းရင်းများကြောင့် ဝမ်ပေါင်လဲ့ နားလည်ထားသည့် လပြည့်ဝန်းပညာရပ်မှာ ပြီးပြည့်စုံမှုမရှိဘဲ ဖြစ်နေရ၏။ ၎င်းမှာ လပြည့်ဝန်းပညာရပ်အစစ်နှင့် အလွန်အင်မတန်မှ ကွဲပြားခြားနားနေသည်။ သို့သော်လည်း ၎င်းမှာ အချိန်စည်းမျဥ်းဥပဒေသ ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ ဝမ်ပေါင်လဲ့ သူ၏ ဘဝတစ်လျှောက်လုံး၌ လေ့လာခဲ့ဖူးသည့် နတ်ဘုရားပညာရပ်များထဲတွင် အဆင့်အမြင့်ဆုံးဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။
သူ၏ ဆရာနှင့် ချန်ရှင်းပင်လျှင် ထိုကဲ့သို့ ထိပ်သီးတာအိုအဆင့်တွင် ရှိနေသည့် ပညာရပ်တစ်ခုကို တတ်မြောက်ထားခြင်း မရှိပေ။ အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲတွင်ပင် လပြည့်ဝန်းပညာရပ်အစစ်နှင့် တန်းတူအဆင့်တွင်ရှိသည့် ပညာရပ်တစ်ခုကို အသုံးပြုနိုင်သည့် ကျင့်ကြံသူဟူ၍ တစ်ယောက်မှ မရှိလောက်ပေ။
ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မျိုးနွယ်စုထဲမှ နတ်ဧကရာဇ်များအကြောင်း ထဲထဲဝင်ဝင် သိရှိထားခြင်း မရှိပါသော်လည်း သူ လပြည့်ဝန်းပညာရပ်အား နားလည်နိုင်ရန် ကြိုးစားနေခဲ့စဉ်တုန်းက နှလုံးသားထဲ၌ ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့၏။ ၎င်းမှာ... အကယ်၍ ထိုပညာရပ်အား အပြည့်အဝ အသုံးချနိုင်မည်ဆိုပါက အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးသာမက မရေမတွက်နိုင်လောက်အောင် များပြားသည့် ကြယ်စင်စုများ၊ ဂြိုဟ်များနှင့် ကျင့်ကြံခြင်းအဆင့် အမျိုးမျိုးတွင် ရှိနေကြသည့် သက်ရှိများအားလုံးကိုပင် မူလစမှတ်သို့ ချက်ချင်းပြန်ရောက်သွားအောင် ပို့နိုင်မည်ဟူသည့် ခံစားချက်ပင်ဖြစ်သည်။
သို့ဖြစ်ရာ ထို ပညာရပ်မှာ ကမ္ဘာကြီးတစ်ခုလုံးအား အစမှ ပြန်စသည့် ပညာရပ်တစ်ခုနှင့် မထူးမခြားနားပင်။
အကယ်၍ အဆုံးမဲ့တာအိုနယ်မြေထဲ၌ ထိုကဲ့သို့သော နတ်ဘုရားစွမ်းအား တတ်မြောက်သွားသည့် လူတစ်ယောက်သာ ရှိနေမည်ဆိုပါက... ဤကမ္ဘာကြီးမှာ အတိတ်ဘဝများထဲ၌ ထပ်တလဲလဲ သံသရာလည်နေတော့မည်မဟုတ်ပေ။
သို့ဖြစ်ရာ လပြည့်ဝန်းပညာရပ်အား ပညာရပ်များအားလုံး၏ အထွတ်အထိပ်အဖြစ် သတ်မှတ်နိုင်ပေသည်။ ၎င်း၏ အဆင့်အတန်းမှာ မြင့်မားလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား တစ်စိတ်တစ်ပိုင်းမျှသာ နားလည်လိုက်သည့်တိုင်အောင် အကျိုးကျေးဇူး အမြောက်အမြား ရရှိလိုက်ဆဲပင်။
ထို အကျိုးကျေးဇူးများကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်ထိပ်ဆုံးအဆင့်သို့ ချက်ချင်းဖောက်ထွက်သွား၏။ သူသည် ဂြိုဟ်ထိပ်ဆုံးအဆင့်၏ အထွတ်အထိပ်သို့ မရောက်သေးပါသော်လည်း ခြေတစ်လှမ်းသာ လိုတော့သည်ဖြစ်သည်။ ထို့အပြင် သူ၏ တာအိုဂြိုဟ်ကိုးလုံး၏ စည်းမျဉ်းဥပဒေသများမှာလည်း တိုးတက်သွားခဲ့၏။
ထပ်တူကျနိုင်စွမ်း ကိုးဆယ့်ရှစ်ရာခိုင်နှုန်းအထိ ရောက်နေပြီဖြစ်သော အနီရောင် သွေးစည်းမျဉ်းဥပဒေသ၊ မိုးပြာရောင် တိမ်စည်းမျဉ်းဥပဒေသ၊ အပြာရောင် လေစည်းမျဉ်းဥပဒေသ၊ ခရမ်းရောင် ဝါးမျိုခြင်းစည်းမျဉ်းဥပဒေသနှင့် အဖြူရောင် အလင်းစည်းမျဉ်းဥပဒေသတို့မှာ အရင်ဆုံး တိုးတက်သွားခဲ့ခြင်းဖြစ်သည်။ ပုံမှန်အတိုင်းသာဆိုပါက ထို ကိုးဆယ့်ရှစ် ရာခိုင်နှုန်းမှာ စည်းမျဉ်းဥပဒေသများ၏ အထွတ်အထိပ်ဖြစ်၏။ သို့သော်လည်း ယခုတွင်မူ ၎င်းတို့မှာ ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ ရောက်ရှိသွားပြီ ဖြစ်သည်။
လိမ္မော်ရောင် ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသ၊ အစိမ်းရောင် အပင်စည်းမျဉ်းဥပဒေသနှင့် အနက်ရောင် သေမင်းစည်းမျဉ်းဥပဒေသတို့မှာလည်း အလျင်အမြန် တိုးတက်သွားကြ၏။ ၎င်းတို့မှာ အဝါရောင် မီးလျှံစည်းမျဉ်းဥပဒေသအတိုင်း ထပ်တူကျနိုင်စွမ်း ကိုးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားကြပြီ ဖြစ်သည်။ ထို ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ တိုးတက်မှုများကြောင့် ဝမ်ပေါင်လဲ့မှာလည်း အများကြီး ပြောင်းလဲသွား၏။
သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်၏ ကန့်သတ်ချက်များထက် ကျော်လွန်သွားပြီဖြစ်သည်။ သို့ဖြစ်ရာ သူ့အား ဂြိုဟ်အဆင့် ကန့်သတ်ချက်များဖြင့် တိုင်းတာ၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်အဆင့်တွင် ရှိနေသည့် စည်းမျဉ်းဥပဒေသကိုးခုမှာ သူ့အပေါ် လုံးဝနီးပါး အကျိုးသက်ရောက်မှု မရှိတော့သောကြောင့်ပင်။ အခြားတစ်နည်းဖြင့် ဆိုရလျှင် အကယ်၍ သူ၏ ပြိုင်ဘက်မှာ အထက်ပါ စည်းမျဉ်းဥပဒေသ ကိုးခုထဲမှ တစ်ခုခုအား အသုံးပြုကာ အစွမ်းကုန်ထုတ်၍ တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်မည်ဆိုလျှင်တောင် ထိုတိုက်ကွက် ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာချိန်တွင် ၎င်း၏ စွမ်းအားကိုးဆယ်ရာခိုင်နှုန်းကျော်မှာ ပျောက်ကွယ်သွားမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ... ဝမ်ပေါင်လဲ့ဘက်မှ တိုက်ခိုက်လိုက်မည်ဆိုပါက ထို စည်းမျဉ်းဥပဒေသကိုးခု၏ အားဖြည့်ပေးမှုများကြောင့် သူ၏ တိုက်ကွက်များမှာ ပို၍ အစွမ်းထက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ သူသည် ထာဝရကြယ်အဆင့်သို့ မရောက်သေးပါသော်လည်း သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ ထို ကျင့်ကြံခြင်းအဆင့်တွင် ဝမ်ပေါင်လဲ့ ပိုင်ဆိုင်ထားသည့် တာအိုဂြိုဟ်ကိုးလုံး၏ စည်းမျဉ်းဥပဒေသများမှာ သာမန်အဆင့်တွင်သာ ရှိနေမည်ဖြစ်ပါသော်လည်း သူ၏ တာအိုဂြိုဟ်၏ စည်းမျဉ်းဥပဒေသမှာ ပုံတူကူးစည်းမျဉ်းဥပဒေသ ဖြစ်နေသည် မဟုတ်ပါလော။ ထို ပြိုင်စံရှား စည်းမျဉ်းဥပဒေသကြောင့် သူ၏ အားနည်းချက်များမှာ သိသာတော့မည်မဟုတ်ပေ။
ထာဝရကြယ်အဆင့်သို့ မကြာသေးမီကမှ တက်လှမ်းနိုင်ခဲ့သည့် ကျင့်ကြံသူအချို့ပင်လျှင် ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်လိုက်ရပါက ကြောက်ဒူးတုန်သွားကြမည် ဖြစ်သည်။
သို့သော် ထို တိုးတက်မှုများမှာ ဝမ်ပေါင်လဲ့ ယခုအကြိမ် ရရှိခဲ့သည့် အကြီးမားဆုံးသော အကျိုးကျေးဇူးများ မဟုတ်သေးပေ။ သူသည် အချိန်စည်းမျဉ်းဥပဒေသအား နားလည်အောင်လုပ်ခွင့် ရခဲ့သည် မဟုတ်ပါလော။ လက်ရှိတွင် သူသည် ထို စည်းမျဉ်းဥပဒေအား အများကြီးနားလည်ထားခြင်း မရှိသေးသည့်တိုင်အောင် ၎င်း၏ အဆင့်အတန်းကြောင့် သူသည် အခြားသူများနဲ့ လုံးဝမတူတော့ပေ။
ထို့ကြောင့် သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် လက်သည်းခွံ အရွယ်အစားရှိသော ခရမ်းရောင် အမှတ်အသားတစ်ခု ပေါ်ပေါက်လာ၏။ ထို အမှတ်အသားမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ အကယ်၍ အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ယောက်သာ ထို အမှတ်အသားကို ကြည့်လိုက်မည်ဆိုပါက ၎င်း မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည့်အချိန်တိုင်း အချိန်စည်းမျဉ်းဥပဒေသ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်မည်သာ ဖြစ်သည်။
သို့သော် ထို စွမ်းအင်လှိုင်းများထဲ၌ ကိန်းအောင်းနေသည့် အချိန်စွမ်းအား၏ ကြာချိန်မှာ အကြာကြီး မဟုတ်ဘဲ အသက်ရှူကြိမ် ဆယ်ကြိမ်မျှသာ ရှိပေသည်။ ထို့အပြင် ၎င်းမှာ နာရီလက်တံ ပြောင်းပြန်အတိုင်းသာ လည်ပတ်နိုင်စွမ်းရှိပြီး နာရီလက်တံအတည့်အတိုင်း လည်ပတ်နိုင်စွမ်းမရှိသေးပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ် ဝမ်းနည်းသွားရ၏။ သူ နားလည်ထားသလောက်ဆိုလျှင် အကယ်၍ သူသာ လပြည့်ဝန်းပညာရပ်အား အပြည့်အဝ တတ်မြောက်သွားမည်ဆိုပါက သူ၏ နဖူးပေါ်ရှိ အမှတ်အသား မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည့်အချိန်တိုင်း စကြဝဠာကြီး တစ်ခုလုံးအား အစမှ ပြန်စနိုင်စွမ်းရှိသွားမည်ဖြစ်သည်။
ယခုတွင်မူ သူသည် အသက်ရှူကြိမ် ဆယ်ကြိမ်မျှသာ ထိန်းချုပ်နိုင်စွမ်း ရှိသေးသည်။
အခြားတစ်နည်းဖြင့်ဆိုရလျှင် သူသည် သူ၏ ဘေးပတ်ပတ်လည်ရှိ အရာများအားလုံးအတွက် အသက်ရှူကြိမ် ဆယ်ကြိမ်တိတိ အချိန်နောက်ပြန်ရစ်သွားအောင် လုပ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ ထိုပညာရပ်၏ ကြောက်စရာကောင်းသည့်အချက်မှာ ၎င်းသည် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ကျင့်ကြံသူများပေါ်တွင်ပါ အကျိုးသက်ရောက်နိုင်စွမ်း ရှိနေခြင်းပင်။ သို့ဖြစ်ရာ ၎င်းအား မှန်မှန်ကန်ကန် အသုံးပြုနိုင်မည်ဆိုပါက ၎င်း၏ စွမ်းအားမှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် မြင့်မားနေမည်ဖြစ်သည်။
သူ ဝမ်းနည်းနေရသည့် အချက်မှာမူ ၎င်းမှာ လပြည့်ဝန်းပညာရပ်အစစ်နှင့် လုံးဝ မယှဉ်နိုင်သောကြောင့်ပင်။ သို့သော် အဆုံးမဲ့တာအိုနယ်မြေထဲမှ ကျင့်ကြံသူများမှာမူ ထိုအကြောင်းအား သိလိုက်ရမည်ဆိုပါက အုတ်အော်သောင်းနင်း ဖြစ်သွားကြမည်သာ ဖြစ်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့ ရရှိခဲ့သည့် အကြီးမားဆုံးအကျိုးကျေးဇူး ဖြစ်ပေသည်။
" ငါ ဒီပညာရပ်ကို ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေပေါ်မှာ အကျိုးသက်ရောက်နိုင်စွမ်းရှိအောင် လုပ်နိုင်မှာသေချာတယ်... ဒါပေမဲ့ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတွေပေါ်မှာရော အလုပ်ဖြစ်မလားမသိဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးရင်း မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပါသော်လည်း တစ်အောင့်ခန့်အကြာတွင် ၎င်းမှာ မှုန်ဝါးဝါးဖြစ်သွား၏။ ထို့နောက် သူ၏ ညာဘက်လက် တစ်ဖက်လုံးမှာ ပျောက်ကွယ်သွားတော့သည်။ ခဏအကြာတွင် ၎င်းမှာ အခြားတစ်နေရာ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ၎င်းမှာ လွန်ခဲ့သည့် အသက်ရှူကြိမ်ဆယ်ကြိမ်တုန်းက သူ၏လက် ရှိနေခဲ့သည့်နေရာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ချန်ဟန်း၏ ဘေးသို့ သွားကာ သူ၏ ညာဘက်လက်ကိုမြှောက်၍ လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ထိုအခါ ချန်ဟန်း၏ ဦးခေါင်းမှာ သူ၏ လက်ထဲ၌ ပါလာ၏။
" အဖေ " ချန်ဟန်းမှာမူ တုန်လှုပ်ချောက်ချားသွားရပြီး အသံကုန်အော်ဟစ်မိလိုက်၏။ သူ ထိုကဲ့သို့ အော်ဟစ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့၏ နဖူးပေါ်မှ အမှတ်အသားမှာ ရုတ်တရက်ဆိုသလို မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြန်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွား၏။ ချန်ဟန်းမှာလည်း ထိုနည်းတူပင်။ တစ်အောင့်ခန့်အကြာတွင် သူတို့နှစ်ယောက်စလုံး ပြန်လည်ပေါ်ပေါက်လာသည်။ ချန်ဟန်းမှာ အတွေးများထဲ၌ နစ်မျောနေဆဲဖြစ်ပြီး ဝမ်ပေါင်လဲ့မှာလည်း ယခင်နေရာ၌ တင်ပျဥ်ခွေထိုင်နေဆဲပင်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားတော့သည်။
" ဒီပညာရပ်က ငါထင်ထားတာထက်ကို ပိုပြီးတော့ အစွမ်းထက်နေတာပဲ "
ချန်ဟန်းမှာမူ တစ်ခေါင်းလုံး အပြင်းအထန်တုန်ရီသွားပြီး မျက်ဝန်းများထဲ၌ ချီတုံချတုံဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား မသိမသာ ခိုးကြည့်လိုက်သည်။ သူသည် မကြာသေးမီတုန်းက တစ်ခုခု ဖြစ်သွားခဲ့သည်ဟု ခံစားလိုက်ရပါသော်လည်း ဘာဖြစ်သွားမှန်း လုံးဝ နားမလည်နိုင်လောက်အောင် ဖြစ်နေရ၏။ ထို့ကြောင့် သူသည် စိတ်ထဲ၌ နေမထိထိုင်မသာ ဖြစ်သွားရပါသော်လည်း ဝမ်ပေါင်လဲ့အား ခိုးကြည့်လိုက်ချိန်တွင် မသင်္ကာစရာ အရိပ်အယောင်တစ်ခုမှ ရှာမတွေ့သဖြင့် ထိုအကြောင်းအား မေ့ထားလိုက်တော့သည်။
သူ ချီတုံချတုံ ဖြစ်သွားရသည့် အချက်ကြောင့် ဝမ်ပေါင်လဲ့မှာ အချိန်စည်းမျဉ်းဥပဒေသသည် အမှန်တကယ်ပင် ကြောက်စရာကောင်းကြောင်း ယုံကြည်သွားတော့သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်နေလိုက်ပြီးနောက် သူ၏ ဘယ်ဘက်လက်အား ရုတ်တရက်မြှောက်လိုက်၏။ ထိုအခါ သူ၏ လက်ထဲတွင် ဓားပျံတစ်လက် ပေါ်ပေါက်လာသည်။ ထိုဓားပျံ ပေါ်ပေါက်လာသည်နှင့် ချန်ဟန်းမှာ တုန်လှုပ်ချောက်ချားသွားရ၏။
သို့သော် ခဏအကြာတွင် သူသည် ဝမ်ပေါင်လဲ့ ထို ဓားပျံလေးအား နှစ်ပိုင်းချိုးလိုက်သည်ကို မြင်လိုက်ရသဖြင့် တွေဝေသွားရသည်။ သူသည် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ထူးဆန်းနေကြောင်း ခံစားနေရ၏။
တစ်အောင့်ခန့် အကြာတွင် ဝမ်ပေါင်လဲ့၏ နဖူးပေါ်မှ အမှတ်အသားမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး နှစ်ပိုင်းကျိုးနေသည့် ဓားပျံလေးမှာ ပျောက်ကွယ်သွားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူသည် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ သိုလှောင်အိတ်ထဲ၌ ရှာဖွေလိုက်ပြီးနောက် သူ ယခုလေးတင် နှစ်ပိုင်းချိုးခဲ့သည့် ဓားပျံလေးအား ပြန်၍ ဆွဲထုတ်လိုက်တော့သည်။ ၎င်းမှာ အကောင်းပတိအတိုင်း ပြန်ဖြစ်နေပြီဖြစ်သည်။
" ပစ္စည်းတစ်ခုမလို့ ဒီလို ဖြစ်နေတာများလား။ ဒဏ်ရာတစ်ခုဆိုရင်ရော ဘယ်လိုနေမလဲမသိဘူး.... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိသွားသည်နှင့် မျက်ဝန်းများတောက်ပသွား၏။ ချန်ဟန်းမှာမူ သူ့အား အထူးတလည် အရေးလုပ်နေခြင်းမရှိပေ။ သူသည် ဝမ်ပေါင်လဲ့မှာ အတိတ်ဘဝထဲ၌ ဉာဏ်အလင်းပွင့်နိုင်အောင် ကြိုးစားရင်း ရူးသွားခဲ့သည်လောဟု တွေးနေ၏။ သူ၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ ဓားပျံတစ်လက်အား နှစ်ပိုင်းချိုးကာ အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် အံ့အားသင့်သွားသည့်ပုံ ဟန်ဆောင်၍ ဓားပျံအသစ်တစ်လက်အား ထုတ်ယူလိုက်ခြင်းသာ ဖြစ်သည်။
" ဒီခွေးကောင်က သူ့ရဲ့အစွမ်းတွေကို ကြွားလုံးထုတ်နေတာလားဟ။ ဒါမှမဟုတ် ရူးနေတာများလား " ချန်ဟန်းမှာ စိတ်ထဲတွင် အထင်မြင်သေးသည့်လေသံဖြင့် ရေရွတ်လိုက်ပြီး ဝမ်ပေါင်လဲ့ကြားအောင် အော်ပြောလိုက်၏။
" အဖေက တော်တယ်ဗျာ "
အကယ်၍ သူ ထိုကဲ့သို့ အော်ဟစ်ခဲ့ခြင်းမရှိပါက ကိစ္စမရှိပေ။ ဝမ်ပေါင်လဲ့မှာ သူ့အား လျစ်လျူရှုထားသည်မဟုတ်ပါလော။ သို့သော် ယခုတွင်မူ သူသည် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး ချန်ဟန်းအား စိုက်ကြည့်မိလိုက်၏။ ထို့နောက် ချန်ဟန်းတစ်ယောက် စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ ဓားပျံလေးမှာ ရှေ့သို့ ထိုးထွက်သွားပြီး ချန်ဟန်း၏ နားရွက်တစ်ဖက်အား ဖြတ်တောက်သွားလိုက်တော့သည်။
ထို ဓားပျံလေး မြန်ဆန်လွန်းနေသောကြောင့်လား သို့မဟုတ် ချန်ဟန်း၏ တုံ့ပြန်မှုနှုန်း နှေးကွေးလွန်းနေသောကြောင့်လားတော့ မသိပေ။ အသက်ရှူကြိမ် နှစ်ကြိမ်သုံးကြိမ်ခန့် ကုန်ဆုံးပြီးသွားသောအခါမှ ချန်ဟန်းမှာ မျက်လုံးများပြူးသွားပြီး သွေးပျက်ချောက်ချားဖွယ်ရာအသံကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ သူသည် သူ၏ ဒဏ်ရာအား လက်ဖြင့် စမ်းကြည့်ရန် ကြိုးစားလိုက်ပါသော်လည်း သူ့ဆီတွင် လက်နှစ်ဖက် မရှိတော့သည့်အချက်အား ပြန်၍ မှတ်မိသွား၏...
" အဖေ။ သား မှားသွားပါတယ်။ အသက်ချမ်းသာပေးပါ "
" ပါးစပ်ပိတ်ထားစမ်း " ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှုအပြည့်ဖြင့် အော်ပြောလိုက်၏။ ထို့နောက် သူသည် အချိန်စည်းမျဉ်းဥပဒေသ စွမ်းအားများကို အသုံးပြုလိုက်သဖြင့် သူ၏ နဖူးပေါ်မှ အမှတ်အသားလေးမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာတော့သည်။ သို့သော်လည်း ယခုအကြိမ်တွင်မူ ၎င်းမှာ အားနည်းနေသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်သွားရပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုကာ သူ၏ ရှေးဟောင်းဂြိုဟ်ကိုးလုံးအား တုန်ရီသွားအောင် ပြုလုပ်လိုက်ရ၏။ ထိုအခါမှသာ သူသည် အသက်ရှူကြိမ် ဆယ်ကြိမ်မြောက်တွင် အချိန်စည်းမျဉ်းဥပဒေသများကို ထုတ်လွှတ်နိုင်စွမ်းရှိသွားတော့သည်။
ထို အခိုက်အတန့်တွင် ချန်ဟန်း၏ နားရွက်မှာ ပြန်လည်ပေါ်ပေါက်လာ၏။ ဓားပျံလေးမှာ သူ၏ မျက်နှာရှေ့တွင် ရှိနေဆဲဖြစ်ပါသော်လည်း ယခုတွင်မူ နောက်သို့ ပြန်လှည့်လာပြီး ဝမ်ပေါင်လဲ့၏ လက်ထဲသို့ ပြန်ရောက်သွားသည်။
ဝမ်ပေါင်လဲ့မှာ ဓားပျံလေးအား လက်ထဲတွင်ကိုင်ရင်း အူကြောင်ကြောင်ဖြစ်နေသည့် ချန်ဟန်းအား လျစ်လျူရှုလိုက်ပြီးနောက် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
" ငါ အခုမှ အချိန်စည်းမျဉ်းဥပဒေသကို နားလည်သွားလို့ သိပ်ပြီးတော့ ကျွမ်းကျင်မှု မရှိသေးတာများလား။ အဲလိုမှမဟုတ်ရင် အချိန်စည်းမျဉ်းဥပဒေသတွေက စောစောတုန်းကလို အားနည်းနေစရာအကြောင်း မရှိဘူးလေ... ဒါပေမဲ့ အဓိပ္ပါယ်မှမရှိဘဲ။ စည်းမျဉ်းဥပဒေသစွမ်းအားတွေဆိုတာ နေရာတိုင်းမှာ ရှိနေတာကို။ ငါက အဲဒီ စွမ်းအားတွေကို ထိန်းချုပ်နိုင်အောင်ပဲ ကြိုးစားရတာလေ "
ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်ကာ မျက်လုံးများ မှေးသွား၏။ သူသည် အဖြေတစ်ခုအား ကောက်ချက်ချနိုင်ခဲ့ခြင်း မရှိပါသော်လည်း အချိန်စည်းမျဉ်းဥပဒေသအား နားလည်သွားခဲ့သည့်အတွက် စိတ်လှုပ်ရှားနေဆဲပင်။
" ဒီ ပညာရပ်ကို လပြည့်ပညာရပ်အစစ်နဲ့ ယှဉ်လို့မရသေးဘူး။ အဲတာမလို့ လဆုတ်ပညာရပ်လို့ပဲ ခေါ်တာပေါ့ "
" ခဏနေရင် အဋ္ဌမဘဝ လာတော့မှာ။ အဲဒီဘဝထဲမှာရော... ငါ အအေးဓာတ်တွေနဲ့ အမှောင်ထုတွေနဲ့ပဲ ကြုံရဦးမှာလားမသိဘူး။ ချန်ဟန်းရဲ့ အတိတ်ဘဝထဲကိုတော့... သွားရဦးမှာပဲ "
ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွား၏။ ချန်ဟန်းမှာမူ အတွေးများထဲ၌ နစ်မျောနေဆဲပင်။ နောက်ဆုံးတွင် ရှေးဆန်သည့်စကားသံကြီးတစ်သံမှာ သူတို့၏ အသိစိတ်များထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
" အဋ္ဌမနေ့၊ အဋ္ဌမဘဝ “