သွေးကြောမှတ်များ
Vol. 118 Ch. 1636
“အဲ့အလောင်းက...”
အခြားစင်မြင့်ပေါ်ရှိ သခင်မလေးကုန်းယန်နှင့် ဟယ်နုန်ယင်းတို့ နှစ်ယောက်စလုံး အလောင်းကြီးကြောင့် အာရုံပျက်သွားကြ၏။ အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်၊ ရှစ်ယောက်လောက်၏ ပူးပေါင်းတိုက်ခိုက်မှုများက အလောင်းကြီးအပေါ် မသက်ရောက်နိုင်ကြောင်း တွေ့လိုက်ရသောအခါ သူမတို့နှစ်ယောက်လုံး၏ မျက်လုံးများ အတန်ငယ် တောက်ပသွား၏။ အလောင်းကြီးက တွေးမကြည့်နိုင်လောက်အောင် စွမ်းအားကြီးပေသည်။
‘ကျန်းရီက အဲ့ဒါကို ဘယ်လိုသန့်စင်ရမလဲ မသိတာ နှမြောစရာပဲ...’
ဟယ်နုန်ယင်း သက်ပြင်းသဲ့သဲ့ချလိုက်၏။ ကျန်းရီသာ ထိုအလောင်းကြီးကို သန့်စင်နိုင်မည်ဆိုလျှင် တောက်ဖုန့်တို့ ပြဿနာတက်ပေလိမ့်မည်။ မဟာနတ်ဘုရားမျိုးနွယ်၏ အလောင်းများက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ကျန်းရီ နားမလည်။ ကောင်းကင်ဘုံမှ မျိုးနွယ်အချို့တွင် ထိုကဲ့သို့သောအလောင်းများ အနည်းငယ်စီ ရှိကြသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာနတ်ဘုရားမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများသည် သူတို့သေပြီးနောက်တွင် ဝိညာဉ်အစအနများကို ချန်ခဲ့ကြသည်။ သူတို့သည် ထူးခြားသော ဆန်းကြယ်အတတ်တစ်ခုကိုလည်း အသုံးပြု၍ သူတို့၏အလောင်းများကို ထိန်းသိမ်းထားကြသည်။ နောင်တွင် ထိုအလောင်းများကို အသုံးပြု၍ မဟာနတ်ဘုရားမျိုးနွယ်ကို ပြန်တည်ထောင်ရန်လည်း ကြံရွယ်ထားသည်။
သို့သော် မဟာနတ်ဘုရားမျိုးနွယ် ရှင်းပစ်ခံရပြီးနောက်တွင် ထိုအလောင်းများစွာလည်း ဖျက်ဆီးပစ်ခံခဲ့ရသည်။ အလောင်းအနည်းငယ်ကိုမူ မျိုးနွယ်ကြီးအချို့က ရရှိခဲ့ပြီး ထူးခြားသော အတတ်များကို အသုံးပြု၍ အလောင်းများကို သန့်စင်ရန် ကြိုးစားခဲ့ကြသည်။ ထိုမျိုးနွယ်ကြီးများသည် တိုက်ပွဲထွက်သည့်အခါတိုင်း ၎င်းအလောင်းများကို ဒိုင်းအဖြစ် အသုံးပြုကြသည်။ ၎င်းတို့က အသက်မရှိသောအရာများဖြစ်၍ စိတ်ဝိညာဉ်များကို တိုက်ခိုက်သော စည်းမျဉ်းဆန်းကြယ်စွမ်းရည်များက ၎င်းတို့အပေါ် မသက်ရောက်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့သည် အကောင်းဆုံး အကာအကွယ်များ ဖြစ်လာကြသည်။
သခင်မလေးကုန်းယန်သည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်နေ၏။ သို့သော် တောက်ဖုန့်က ထိုအလောင်းကို လိုချင်ကြောင်း ပြောလိုက်ပြီဖြစ်၍ သူမ ၎င်းအားယူရန် ကြိုးစားတော့မည် မဟုတ်ပေ။ သူမ သက်ပြင်းချလိုက်ပြီး တောက်ဖုန့်က မည်မျှကံကောင်းကြောင်း တွေးတောလိုက်သည်။ သူသည် ကျန်းရီကို လိုက်ဖမ်းရင်း စွမ်းအားကြီးသော အလောင်းကြီးကို ရပေတော့မည်။
“ဟူး...”
သခင်မလေးကုန်းယန်သည် ခေါင်းအထက်ရှိ ရတနာသေတ္တာကိုကြည့်ကာ ထပ်မံသက်ပြင်းချလိုက်သည်။ သူမတို့နှစ်ယောက်သည် ကျောက်စင်မြင့်ထက်သို့ ရောက်လာသော်လည်း ရတနာသေတ္တာကိုကြည့်၍ သက်ပြင်းချနေရုံသာ တတ်နိုင်ပေသည်။ ယခု သူမတို့ ရတနာသေတ္တာကိုယူရန် မဆိုးထားနှင့် မတ်မတ်ပင် မရပ်နိုင်ကြချေ။
ရွှီး...
ဟယ်နုန်ယင်း၏ ငွေရောင်လေးက ရုတ်တရက် တောက်ပလာပြီး သခင်မလေးကုန်းယန်၏အာရုံကို ဆွဲဆောင်လိုက်၏။ ဟယ်နုန်ယင်းသည် လေးကို ကြိုးစားတင်၍ အထက်ရှိ ရတနာသေတ္တာထံ ပစ်လွှတ်လိုက်၏။
ဝှစ်...
ငွေရောင်အလင်းတန်းတစ်တန်းက ငွေရောင်မြားတစ်စင်းကဲ့သို့ လေကိုခွင်းကာ ရတနာသေတ္တာဆီ ပျံဝင်သွားသည်။ လူများစွာသည် ထိုမြားကို လှမ်းကြည့်လိုက်ကြ၏။ သို့သော် မကြာခင်မှာပင် သူတို့ ခေါင်းခါကာ သက်ပြင်းချလိုက်ကြသည်။
ငွေရောင်မြားက ပစ်လွှတ်လိုက်ခါစတွင် အလွန်အရှိန်အဝါကြီးသော်လည်း မီတာသုံးရာလောက် ပျံသန်းပြီးနောက် သိသိသာသာ နှေးလာသည်။ မီတာငါးရာ ပျံသန်းပြီးနောက်တွင်မူ နတ်ဘုရားစစ်သူကြီး တစ်ယောက်၏ အမြန်နှုန်းလောက် နှေးလာ၏။ မီတာရှစ်ရာအမြင့်သို့ ရောက်သောအခါတွင်ကား အထက်သို့ ဆက်မတက်နိုင်တော့ဘဲ ပြန်ပြုတ်ကျလာကာ ကျောက်စင်မြင့်ပေါ်တွင် စိုက်သွားသည်။
“ယား...”
ဟယ်နုန်ယင်း ထပ်မံမာန်တင်းလိုက်ပြီး လေးကို ဆက်ဆွဲကာ မြားများ တစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်သည်။ မြားများက တစ်စင်းထက်တစ်စင်း ပိုမြန်လာသည်။ နောက်မှ ပစ်လွှတ်လိုက်သော မြားများသည် အရှေ့မှ မြားများနှင့် ပေါင်းစည်းသွားပြီး ငွေရောင်အလင်းတန်းကြီးတစ်တန်းအလား အထက်သို့ ထိုးတက်သွားလေသည်။
ဤတစ်ကြိမ်တွင် များစွာပိုကောင်း၏။ ပေါင်းစည်းမြားက ပေတစ်ထောင်အထိ ပျံတက်သွားနိုင်ပြီး ရတနာသေတ္တာကို ထိမှန်သွားသည်။ သို့သော် ၎င်း၏ အမြန်နှုန်းနှင့် စွမ်းအားကမူ အလွန်အားနည်းသည်။ ရတနာသေတ္တာက အတန်ငယ် လင်းလက်လာသော်လည်း အနည်းငယ်ပင် လှုပ်မသွားပေ။ မြားက ပြန်ကျလာကာ ကျောက်စင်မြင့်တွင် စိုက်သွားပြန်သည်။
ဟူး...
ဟယ်နုန်ယင်း၏ မျက်လုံးများ မှေးမှိန်သွားသည်။ ယင်းက သူမ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုဖြစ်သည်။ မြားသည် ရတနာသေတ္တာကို ပြုတ်ကျလာအောင် မလုပ်နို်ငပေ။ သူမ အကြံကုန်နေပေပြီ။ အစောတွင် သူမသည် မြားအစင်းနှစ်ဆယ်လောက် ပစ်လွှတ်နိုင်ရန် အားကောင်းသော မြေဆွဲအားကို ခုခံခဲ့ရသည်။ ယခု သူမ၏ ခန္ဓာကိုယ်က ယောင်ရမ်းကိုက်ခဲနေပေပြီ။ သူမ ရတနာသေတ္တာကို ဆက်မကြည့်တော့ဘဲ တင်ပျဉ်ခွေထိုင်ကာ အနားယူလိုက်သည်။
“ယား...”
ဟယ်နုန်ယင်းက ကြိုးစားခဲ့ပြီဖြစ်၍ သခင်မလေးကုန်းယန် ဆက်ထိုင်မနေလိုတော့ပေ။ သူမသည်လည်း ရတနာသေတ္တာကို ရယူနိုင်ရန် ကြိုးစားကြည့်ရပေမည်။ သူမ၏လက်ထဲတွင် အနီရောင်ပိုးစတစ်စ ထွက်ပေါ်လာသည်။ သို့သော် သူမသည် ၎င်းပိုးစကို အထက်သို့ မပစ်လွှတ်ဘဲ ဝှေ့ယမ်းလိုက်သည်။ သူမ၏ဦးခေါင်းက လင်းလက်လာပြီး ခေါင်းပေါ်တွင် ချိုနှစ်ချောင်း ထွက်လာ၏။ ထို့နောက် စင်မြင့်ကို ကန်အားပြု၍ သူမ အထက်သို့ ခုန်လိုက်သည်။
သခင်မလေးကုန်းယန်သည် တစ်ချိုးတည်း ပျံတက်မသွားဘဲ လျင်မြန်စွာ လှည့်ပတ်လိုက်၏။ သူမ၏အနီရောင်ပိုးစက လေဆင်နှာမောင်းကဲ့သို့ လည်ပတ်လာသည်။ သူမပတ်ပတ်လည်တွင် လေပြင်းများ တိုက်လာပြီး သူမက လေဆင်နှာမောင်းတစ်ခု၏ ဗဟိုချက် ဖြစ်သွားသည်။
“ကောင်းတယ်...”
သခင်လေးများနှင့် သခင်မလေးများ အားလုံးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်၍ ချီးကျူးလိုက်ကြ၏။ သခင်မလေးကုန်းယန်က စက္ကန့်အနည်းအတွင်းမှာပင် ပေနှစ်ရာ ပျံတက်နိုင်လိုက်ပြီဖြစ်သည်။ သူမ၏ အရှိန်ကလည်း လျော့ကျမသွားသေးပေ။ သူမခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာသော ဧရာမလေဆင်နှာမောင်းကြီးက ဟယ်နုန်ယင်း၏ အဝတ်များကို တဖျတ်ဖျတ်ခတ်နေစေသည်။ ဟယ်နုန်ယင်း၏ခန္ဓာကိုယ်လည်း အတန်ငယ် တုန်ခါလာသည်။ သူမ အားတင်းမထားလျှင် အောက်ဘက်သို့ ပြုတ်ကျသွားမည်ဖြစ်ကြောင်း သူမ သိပေသည်။
ပေသုံးရာ၊ ပေလေးရာ... ပေငါးရာ...
သခင်မလေးကုန်းယန်၏ အမြန်နှုန်းက တဖြည်းဖြည်းနှေးလာ၏။ သူမသည် အချိန်မရွေး ပြန်ပြုတ်ကျတော့မလိုပင်။ သူမ၏ လှပသော မျက်ဝန်းလေးများက ခေါင်းမာမှုဖြင့် လင်းလက်နေ၏။ သူမဦးခေါင်းထက်မှ အဖြူရောင်ဦးချိုးလေးများကလည်း ထပ်မံလင်းလက်လာသည်။ ထိုအခါ သူမ၏အရှိန် မြင့်တက်လာပေသည်။
သို့သော် သူမသည် နောက်ထပ်ပေတစ်ရာသာ ဆက်တက်နိုင်လိုက်ပြီး ၎င်းနောက်တွင် တစ်လက်မမှ ဆက်မတက်နိုင်တော့ပေ။ နောက်ဆုံး၌ သူမသည် လက်ထဲရှိ အနီရောင်ပိုးစကို ပြင်းထန်စွာ ပစ်လွှတ်လိုက်ပြီး ရတနာသေတ္တာကို အောက်သို့ဆွဲချရန် ကြိုးစားလိုက်လေသည်။
အနီရောင်ပိုးစသည်လည်း နောက်ထပ်ပေတစ်ရာသာ ဆန့်တန်းနိုင်လိုက်၏။ ထို့နောက် သူမ အောက်ဘက်သို့ ပြုတ်ကျသွားပြီး စင်မြင့်နှင့် ပြင်းထန်စွာ ဆောင့်သွားလေသည်။ သူမ သွေးအန်သွားပြီး သူမ၏အဖြူရောင်ဝတ်စုံလေး သွေးစွန်းသွားသည်။
သခင်မလေးကုန်းယန်သည် စိတ်ပျက်ဟန်ဖြင့် ခေါင်းခါလိုက်ပြီး မည်သို့မှ မပြောတော့ပေ။ ထို့နောက် တင်ပျဉ်ခွေပြန်ထိုင်ကာ အနားယူ အားဖြည့်လိုက်သည်။ သူမ ထိုရတနာသေတ္တာကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း ထင်ရှားပေသည်။
“အဲ့ရတနာသေတ္တာနှစ်လုံးကို ဘယ်သူ ယူနိုင်မှာလဲ”
တောက်ဖုန့် သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သခင်မလေးကုန်းယန်နှင့် ဟယ်နုန်ယင်းတို့ပင် မယူနိုင်ခဲ့ရာ သူလည်း ယူနိုင်လိမ့်မည် မဟုတ်ချေ။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ထိုရတနာသေတ္တာနှစ်လုံးကို ဤနေရာတွင် ထားခဲ့ခြင်းမှာ လူများကို မျှားခေါ်ရန်သာဖြစ်မည်။ ယခင်တွင် တတိယထပ်သို့ ရောက်ခဲ့သူများ ရှိခဲ့သော်လည်း ထိုရတနာသေတ္တာနှစ်လုံးက ဤနေရာတွင် ရှိနေသေးဆဲမှာ အံ့ဩစရာမရှိတော့ပေ။
“အရှိန်မြှင့်ပြီး တိုက်ခိုက်ကြ။ ကျန်းရီကို သတ်ပြီးရင် တခြားနေရာတွေမှာ ရတနာသွားရှာကြမယ်”
တောက်ဖုန့်သည် ရတနာသေတ္တာဆီမှ အကြည့်ရုတ်၍ ကျန်းရီကို ပြန်ကြည့်လိုက်၏။ သူသာ ထိုအလောင်းကြီးကို ရနိုင်လိုက်လျှင် တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုကို ရသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ယင်းနှင့်ပင် သူ့အတွက် တန်နေပြီဖြစ်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ဘုံကျောင်းခြောက်ခုနှင့် နန်းတော်ပေါ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် အံကြိတ်ကာ သူတို့၏တိုက်ခိုက်မှုများကို အရှိန်တင်လိုက်ကြ၏။ စက္ကန့်အနည်းငယ်တိုင်း ကျန်းရီ၏ ကျန့်ရှမျိုးနွယ်ဝင်များ ရာနှင့်ချီ၍ ဖျက်ဆီးခံနေရသည်။ အခြားဘုံကျောင်းလေးခုကမူ မလှုပ်တော့ပေ။ ကျန်းရီ အလောင်းကြီး၏နေရာကို အချိန်မရွေး ပြောင်းလဲနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် အမြဲ ကျန်းရီကို မတိုက်ခိုင်နိုင်မည့် အခြမ်းတစ်ဘက် ရှိနေမည်သာ။
ရွှီး...ရွှီး...ရွှီး...
ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို အဆက်မပြတ် ထုတ်လွှတ်ရင်း အသည်းအသန် တွေးတောနေ၏။ သူ၏ ကျန့်ရှမျိုးနွယ်ဝင်များက လျင်မြန်စွာ ကုန်ဆုံးလာနေသည်။ မိနစ်အနည်းငယ်တိုင်း သောင်းချီသော ကျန့်ရှမျိုးနွယ်ဝင်များ ပျက်စီးသွားကြသည်။ ထိုအတိုင်းသာ ဆက်သွားလျှင် တစ်နာရီအတွင်းမှာပင် ၎င်းတို့အကုန်လုံး ပျက်စီးသွားပြီး သူက ထင်ရှားသောပစ်မှတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
‘ငါ ဘာလို့ အဲ့အလောင်းကို မသန့်စင်နို်ငတာလဲ။ အရှေ့ဧကရာဇ်က သူ့အလောင်းကို နှစ်တစ်သောင်းလောက် သန့်စင်ထားခဲ့တာ မဟုတ်လား။ အဲ့တော့ အလောင်းကို သေချာပေါက် သန့်စင်နိုင်ရမယ် မဟုတ်လား’
ကျန်းရီ မချင့်မရဲဖြစ်လာ၏။ ထိုအကြောင်းများကို တွေးတောရင်း ကျန်းရီသည် အရှေ့ဧကရာဇ်၏ ဝိညာဉ်အစအနက ပျောက်ကွယ်မသွားခင်တွင် ပြောခဲ့သော စကားကို အမှတ်ရသွားသည်။
‘ငါ့ခန္ဓာကိုယ်ကို လျှို့ဝှက်အတတ်တစ်ခုသုံးပြီး နှစ်တစ်သောင်းလောက် သန့်စင်ထားတာ။ အဲ့ဒါက ကောင်းကင်တပ်သားတွေကိုတောင် ယှဉ်နိုင်တယ်။ အဲ့ဒါကို ဖျက်ဆီးမပစ်ပါနဲ့။ မင်း အချိန်ရရင် ငါ့ခန္ဓာကိုယ်ကို ယူသွားပြီး မဟာနတ်ဘုရားတောင်အောက်မှာ မြှုပ်ပေးပါ။ ပြီးတော့.. မင်း ကျင့်ကြံနေတဲ့ မဟာနတ်ဘုရားအတတ်က မပြည့်စုံဘူး။ မင်း တကယ့်မဟာနတ်ဘုရားအတတ် အစစ်အမှန်ကို ကျင့်ကြံချင်ရင် ငါ့ရဲ့ခန္ဓာကိုယ်ကို အသေးစိတ် ရှာကြည့်ရမယ်။ ငါ့ခန္ဓာကိုယ်က သွေးကြောမှတ်တွေအကုန်လုံးကို မှတ်သားထားပါ...’
ထိုစကားက သာမန်လိုသာ ဖြစ်သော်လည်း ကျန်းရီ ၎င်းကို အသေးစိတ် ဆင်ခြင်လိုက်သောအခါ သဘောပေါက်သွားလေသည်။
‘သွေးကြောမှတ်တွေ... မဟာနတ်ဘုရားအတတ် အစစ်အမှန်က သွေးကြောမှတ်တွေကို သန့်စင်ရတာလား။ အဲ့ဒါဆို ဒီအလောင်းကြီးကို သန့်စင်နိုင်မဲ့ နည်းလမ်းကလည်း သွေးကြောမှတ်တွေဖြစ်ရမယ်။ ငါ အလောင်းကြီးရဲ့ သွေးကြောမှတ်တွေကို သန့်စင်လိုက်ရင် ငါ အလောင်းကို ထိန်းချုပ်နိုင်မှာလား’
ကျန်းရီသည် တွေးတောရင်း အလောင်းထဲသို့ လျင်မြန်စွာ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်၏။ ထိုအလောင်းကြီးတွင် စုစုပေါင်း သွေးကြောမှတ် တစ်ရာ့ရှစ်မှတ်ရှိသည်။ ကျန်းရီ ယင်းကို သိနေခြင်းမှာ သူ၏တံဆိပ်စာလုံးများက အလောင်းကြီး၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်ခဲ့၍ဖြစ်သည်။
ကျန်းရီသည် အလောင်းကြီး၏ နောက်ကျောရှိ သွေးကြောမှတ်တစ်မှတ်အတွင်းသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်၏။ ကောင်းကင်စွမ်းအားကို ဆယ့်စက္ကန့်မျှ ထည့်သွင်းပြီးနောက် တစ်စုံတစ်ခုက ကျန်းရီ၏တစ်ကိုယ်လုံးကို တုန်သွားစေသည်။ ထိုသွေးကြောမှတ်က အမှန်ပင် တောက်ပလာပြီး အလောင်းကြီး၏ ခန္ဓာကိုယ်က အတန်ငယ် တုန်ခါသွားပေသည်။