သေမင်းခံတွင်းဝ
Vol. 118 Ch. 1637
သွေးကြောမှတ်က လင်းလက်လာသောအခါ အလောင်းကြီး အတန်ငယ် တုန်ခါသွား၏။
အလောင်းကို သန့်စင်နိုင်မည်ဖြစ်စေ၊ မသန့်စင်နိုင်မည်ဖြစ်စေ ကျန်းရီ စိတ်ဆုံးဖြတ်လိုက်ပေပြီ။ အလောင်းတွင် တုံ့ပြန်မှု ရှိလာသ၍ ကြိုးစားကြည့်ရန် တန်ပေသည်။ သူ ချက်ချင်းပင် အလောင်းကြီး၏ ကျန်သွေးကြောမှတ်များအတွင်း ကောင်းကင်စွမ်းအားများ ဆက်ထည့်သွင်းလိုက်လေသည်။
ကျန်းရီသည် အခြားမည်သည်ကိုမှ အရေးမစိုက်တော့ဘဲ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ သူသည် လက်တစ်ဘက်ဖြင့် ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်၍ ကျန်တစ်ဘက်ဖြင့် အလောင်းကြီးအတွင်း ကောင်းကင်စွမ်းအားများ ထည့်သွင်းနေသည်။ သွေးကြောမှတ်များက တစ်မှတ်ပြီးတစ်မှတ် လင်းလက်လာသည်။ သွေးကြောမှတ် တစ်ရာ့ရှစ်မှတ်စလုံး လင်းလက်လာပြီးနောက်တွင် မည်သည့်အရာ ဖြစ်လာမည်ကို ကျန်းရီ သိလိုပေသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေ၏။ ကျန့်ရှမျိုးနွယ်ဝင်များကလည်း စက္ကန့်မလပ် ဖျက်ဆီးခံနေရသည်။ ကျန်းရီ၏ ဆောင်းဥတုပုလဲထဲတွင် ကျန်သော ကျန့်ရှမျိုးနွယ်ဝင် အရေအတွက်ကလည်း နည်း၍ နည်း၍ လာသည်။ သို့သော် ကျန်းရီ ယင်းကို လုံးဝအရေးမစိုက်ဘဲ အလောင်းထဲ ကောင်းကင်စွမ်းအား ထည့်သွင်းရန်သာ အာရုံစိုက်ထားသည်။
ငါးမိနစ်... ဆယ်မိနစ်...
သွေးကြောမှတ် ခုနစ်ဆယ်ကျော် လင်းလက်လာပေပြီ။ သွေးကြောမှတ်တစ်မှတ် လင်းလက်လာတိုင်း အလောင်းကြီး၏ ခန္ဓာကိုယ်က အတန်ငယ် လှုပ်ရှားသွားသည်။ ဆောင်းဥတုပုလဲထဲတွင် ကျန့်ရှမျိုးနွယ်ဝင် အကောင်ခြောက်သောင်း မရှိတရှိလောက်သာ ကျန်တော့သော်လည်း ကျန်းရီ အရေးမစိုက်တော့ပေ။
ဝှစ်...
တစ်ဘက်တွင်လည်း ဟယ်နုန်ယင်းက ခေတ္တမျှ အနားယူပြီးနောက် ရုတ်တရက် ထရပ်ကာ အောက်သို့ ပျံဆင်းသွားလိုက်၏။ သူမသည် ကျန်းရီရှိနေသော ကျောက်စင်မြင့်နှင့် သူမ၏ခေါင်းအထက်ရှိ ရတနာသေတ္တာတို့ကို လှမ်းကြည့်လိုက်ပြီးနောက် ခပ်ဖွဖွ ခေါင်းခါကာ မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။ အစမှအဆုံးအထိ သူမ တောက်ဖုန့်ကို စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ဝှစ်...
သခင်မလေးကုန်းယန်လည်း အောက်သို့ ပျံဆင်းလာသည်။ သူမနှင့် ဟယ်နုန်ယင်းတို့ နှစ်ယောက်စလုံး လက်လျှော့လိုက်ကြပေပြီ။ ကျန်းရီကို သတ်ပြီးလျှင် သူမတို့သည် အခြားနေရာသို့သွား၍ ရတနာများ ရှာကြမည်ဖြစ်သည်။
“မြန်မြန်... မြန်မြန်... သူ ထုတ်နေတဲ့ ရုပ်သေးရုပ်တွေက နည်းလာပြီ။ သူ့ရုပ်သေးရုပ်တွေ ကုန်တော့မှာ”
“သတ်ကြ...သတ်ကြ...”
“ဟားဟားဟား...”
ဟယ်နုန်ယင်းသည် ပေတစ်သောင်း လျှောက်သွားပြီးနောက် အောက်သံများကို ကြားလိုက်ရ၍ ရပ်တန့်ကာ ကျောက်စင်မြင့်ကို လှည့်ကြည့်လိုက်သည်။ ပါရမီရှင်တစ်ယောက်က မည်သို့ပျက်သုဉ်းသွားမည်ကို သူမ ကြည့်လိုပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အုပ်ချုပ်သူအဆင့် သိုင်းသမားများက ပို၍ပြင်းထန်စွာ တိုက်ခိုက်လာကြ၏။ ကျန့်ရှမျိုးနွယ်ဝင်များ အပြုံလိုက် ပျက်စီးနေသည်။ ကျန်းရီ ထုတ်လွှတ်နေသော ကျန့်ရှမျိုးနွယ်ဝင်များက အမှန်ပင် နည်းလာပေပြီ။ သူ့တွင် ကျန့်ရှမျိုးနွယ်ဝင် အနည်းငယ်သာ ကျန်တော့သည်။
နောက်ထပ်နှစ်မိနစ် ကြာပြီးနောက် ကျန်းရီ၏ ဆောင်းဥတုပုလဲက ထပ်မံလင်းလက်လာ၏။ သို့သော် မည်သည့်အရာမှ ထွက်မလာတော့ပေ။ ကျန်းရီ သတိပြန်ကပ်သွားပြီး ဆောင်းဥတုပုလဲအပေါ် အာရုံစိုက်လိုက်၏။ ရုတ်ခြည်းပင် သူ့မျက်နှာ မည်းမှောင်သွားသည်။ ပုလဲထဲတွင် ကျန့်ရှမျိုးနွယ်ဝင်များ ကုန်သွားပေပြီ။ သူ့အရှေ့ရှိ ရာကျော်လောက်သာ ကျန်တော့သည်။ ၎င်းတို့သည်လည်း တိုက်ခိုက်မှုနှစ်ချီအတွင်း ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။
‘သွေးကြောမှတ်သုံးမှတ်ပဲ ကျန်တော့တယ်’
ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို အရေးမစိုက်တော့ဘဲ အလောင်းကြီး၏ ကျန်နေသေးသော သွေးကြောမှတ်သုံးမှတ်အတွင်းသို့သာ ကောင်းကင်စွမ်းအားများ လျင်မြန်စွာ ထည့်သွင်းလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
တိုက်ခိုက်မှုနှစ်ချီပင် မကြာခဲ့။ တစ်ချီအတွင်းမှာပင် ကျန့်ရှမျိုးနွယ်ဝင် အများစု ဖျက်ဆီးခံလိုက်ရသည်။ နောက်ဆုံးတွင် ကျန်းရီ၏ခန္ဓာကိုယ် ပေါ်လာပေပြီ။
“ဟားဟားဟား... ကျန်းရီ၊ ဆက်ထုတ်ဦးလေး။ မင်းမှာ ရုပ်သေးရုပ်တွေ မရှိတော့ဘူးလား။ ထုတ်ပါကွ...”
“သခင်လေးဖုန့်... ကျုပ်တို့ ကျန်းရီကို မြင်ရပါပြီ...”
“သတ်ကြ...သတ်ကြ...”
အလင်းတန်း ဆယ်တန်းကျော်က အရှေ့သို့ ပျံထွက်သွားပြီး ကျန်းရီအရှေ့တွင် ကျန်နေသေးသော ကျန့်ရှမျိုးနွယ်ဝင်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ အလင်းတန်းအချို့မူ ကျန်းရီထံ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။
ထိုအခိုက်တွင်...
ကျန်းရီက နောက်ဆုံးသွေးကြောမှတ်ကို လှုံ့ဆောင်နိုင်လိုက်၏။ အလောင်းကြီးတစ်ခုလုံး အနက်ရောင်အလင်း တောက်ပလာ၏။ ထို့နောက် ၎င်းက အမှန်ပင် ထရပ်လိုက်သည်။ ထိုစဉ် ကျန်းရီ၏ဦးနှောက်ထဲသို့ အာရုံတစ်ခု ဝင်လာ၏။ ကျန်းရီ အလွန်ပျော်သွားပြီး အော်ပြောလိုက်သည်။
“အလောင်းကြီး လှုပ်ရှား”
ဝှစ်...
တည်နေရာပြောင်းရွှေ့လိုက်သည့်အလား လျှပ်တစ်ပြက်အတွင်းမှာပင် အလောင်းကြီးက ကျန်းရီအရှေ့တွင် ပိတ်ရပ်ကာ ဝင်ရောက်လာသည့် တိုက်ခိုက်မှုများကို ကာလိုက်သည်။ ထို့နောက် ၎င်းသည် ခါးကိုင်း၍ ကျန်းရီကို လက်ဖြင့် ဆုပ်ကိုင်လိုက်၏။
“အာ...”
အားလုံးသည် စင်မြင့်ထက်တွင် ရပ်နေသော ဧရာမအလောင်းကောင်ကြီးကို ကြည့်ကာ ကြက်သေသေသွားကြ၏။ သူတို့သည် ထိုအလောင်းကြီး၏ မည်းမှောင်နေသော မျက်တွင်းဟောက်ပက်ကြီးကို ငေးကြည့်ရင်း ကြောက်ရွံ့လာကြ၏။ သူတို့က ခက်ထန်သော ဧရာမသားရဲကြီးတစ်ကောင်အရှေ့တွင် ရပ်နေရသော ကလေးငယ်လေးများဟုလည်း ခံစားလိုက်ရသည်။
‘ဒါက... ကျန်းရီက တကယ်ပဲ အလောင်းကြီးကို သန့်စင်နိုင်လိုက်တာလား’
ဟယ်နုန်ယင်း အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်၏။ အလောင်းကို သန့်စင်ရသည်မှာ အလွန်ရှုပ်ထွေးသည်။ အချိန်များစွာ လိုအပ်သည်ဟုလည်း ဆိုကြသည်။ အလောင်း၏ကိုယ်ထဲတွင် အစီအရင်များစွာ ဆင်ရသည်။ မဟုတ်လျှင် ၎င်းကို ထိန်းချုပ်နို်ငမည် မဟုတ်ပေ။ သဘောတရားအရဆိုလျှင် အလောင်းကို သန့်စင်ရန်မှာ ဤမျှ မလွယ်ကူသင့်ချေ။
“စိတ်မလှုပ်ရှားကြနဲ့”
တောက်ဖုန့်က ခပ်သွက်သွက် အော်ပြောလိုက်၏။ ကျန်းရီက ထိုအလောင်းကြီးကို ဤမျှမြန်မြန် သန့်စင်နိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။ အလောင်းကို သန့်စင်ခြင်းအပိုင်းတွင် သူက ဟယ်နုန်ယင်းထက် ပိုသိသည် မဟုတ်ပါလား။
တောက်ဖုန့် လက်ဝှေ့ယမ်းလိုက်ရာ သခင်လေး၊ သခင်မလေး အားလုံးက သူ့ပတ်ပတ်လည်တွင် စုဝေးလိုက်ကြ၏။ ထို့နောက် သူသည် ဘုံကျောင်းများနှင့် နန်းတော်အပေါ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားများကို လှမ်းကြည့်ကာ အော်ပြောလိုက်သည်။
“တိုက်ကြ... ကျန်းရီကိုသတ်...”
ဝှစ်...ဝှစ်...ဝှစ်...
အုပ်ချုပ်သူအဆင့် သိုင်းသမားအားလုံးသည် အလောင်းကြီး၏ လက်ထဲတွင် ရှိနေသော ကျန်းရီထံသို့ တိုက်ခိုက်မှုများ တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ကြသည်။
“ဟင်းဟင်း...”
ကျန်းရီသည် အလောင်းကြီး၏ လက်ထဲတွင် တစ်လက်မမှ မလှုပ်ဘဲ မျက်လုံးများပင် မှိတ်ထားသေး၏။ ထိုအခိုက်တွင်လည်း သူ မျက်လုံးဖွင့်မကြည့်ဘဲ လှောင်ပြုံး ပြုံးလိုက်သည်။ သူ့လက်များက လင်းလက်လာ၏။ သူ အလောင်းကြီးအတွင်းသို့ မိုးမြေစွမ်းအားအနည်းငယ် ထည့်သွင်းလိုက်သည်။ ထိုအခါ အလောင်းကြီးသည် အရိပ်တစ်ခုအလား ဘေးသို့ လျင်မြန်စွာ ရွေ့လျား၍ ပျံဝင်လာသော တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်လိုက်သည်။
“ခုန်တက်...”
ကျန်းရီ အော်ပြောလိုက်၏။ ဆက်၍ဖြစ်လာသော မြင်ကွင်းက ထိုနေရာရှိ လူအားလုံးကို မှက်တက်သွားစေလေသည်။
အလောင်းကြီးသည် ကျောက်စင်မြင့်ကို ပြင်းထန်စွာ ခြေကန်အားပြု၍ ထက်ရှသော ဓားတစ်လက်အလား အထက်သို့ ခုန်တက်လိုက်သည်။ ၎င်းသည် ပေတစ်ထောင်အမြင့်ကို အလွယ်လေး ခုန်နိုင်လိုက်ပြီး ကျန်လက်တစ်ဘက်ဖြင့် ရတနာသေတ္တာကို ဆုပ်ကိုင်လိုက်သည်။ ရတနာသေတ္တာက တောက်ပလာသော်လည်း အလောင်းကြီး၏ အောက်သို့အတင်းဆွဲချမှုကို ခံလိုက်ရပေသည်။
သခင်မလေးကုန်းယန်နှင့် ဟယ်နုန်ယင်းတို့သည် အမျိုးမျိုး စဉ်းစားကာ နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည်။ သို့သော် သူမတို့ ရတနာသေတ္တာကို မယူနိုင်ခဲ့ကြပေ။ သို့သော် ထိုအလောင်းကြီးက တစ်ချက်ခုန်လိုက်သည်နှင့် သေတ္တာကို ယူနိုင်လိုက်သည်လော။ အားလုံး၏ မျက်ဝန်းများထဲတွင် မနာလိုမှုများ ပြည့်နှက်သွားသည်။ ထိုရတနာသေတ္တာထဲတွင် သေချာပေါက် ရှားပါးရတနာတစ်ခု ပါပေလိမ့်မည်။
“ဟားဟား... အသုံးမကျတဲ့သူတွေ။ ရှင်တို့က သေမင်းခံတွင်းဝ ရောက်နေတာတောင် ရတနာတွေအကြောင်းပဲ စဉ်းစားနေတုန်းလား”
စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။ ဟယ်နုန်ယင်းက အဝေးမှနေ၍ အော်ပြောလိုက်ပြီးနောက် လေညင်းတစ်ချက်အလား အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားသည်။ သူမသည် ဤအခြေအနေကို ဆက်အရေးစိုက်တော့မည် မဟုတ်ပေ။
သခင်မလေးကုန်းယန်၊ တောက်ဖုန့်နှင့် အခြားသူများသည် ဟယ်နုန်ယင်း၏ ဆိုလိုရင်းကို နားလည်နိုင်ရန် ခေတ္တမျှ အချိန်ယူလိုက်ရ၏။ ထို့နောက် တောက်ဖုန့် အော်ပြောလိုက်သည်။
“ပြန်ဆုတ်ကြ...”
“မင်းတို့က ပြန်ဆုတ်နိုင်လိမ့်မယ်လို့ ထင်နေသေးတာလား”
ကျန်းရီ၏ မျက်လုံးများက ရုတ်တရက် ပွင့်လာ၏။ အလောင်းကြီးက ရတနာသေတ္တာကို သူ့အား လှမ်းပေသည်။ သူ ၎င်းကို သူ့လက်စွပ်ထဲတွင် သိမ်းလိုက်သည်။ ၎င်းနောက် သူသည် အလောင်းကြီးအတွင်းသို့ မိုးမြေစွမ်းအားများ ထပ်မံထည့်သွင်းပေးလိုက်၏။ အလောင်းကြီးသည် ကျောက်စင်မြင့်ကို ကန်အားပြုကာ ဘုံကျောင်းတစ်ခုပေါ်သို့ အလွယ်တကူ ခုန်တက်လိုက်သည်။
“ထွက်ပြေးကြ...”
အစောတွင် ထိုဘုံကျောင်းပေါ်ရှိ အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် ဆက်တိုက်ခိုက်ရန် တွေးနေခဲ့သေးသည်။ သို့သော် အစိမ်းရင့်ရောင် တောက်ပနေသော လက်သည်းကြီးက သူတို့ကို လှမ်းကုတ်လိုက်သောအခါ သူတို့ ဖြူဖျော့သွားပြီး အောက်သို့ လျင်မြန်စွာခုန်ဆင်း၍ ထွက်ပြေးရန် ကြိုးစားလိုက်ကြလေသည်။
ရွှက်...
အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က ခြေတစ်လှမ်းနောက်ကျသွား၍ အလောင်းကြီး၏ ပြင်းထန်စွာ ကုတ်ဖြဲမှုကို ခံလိုက်ရသည်။ သူ၏ ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်က အလွှာလိုက် စုတ်ပြဲသွားပြီး အလောင်းကြီး၏ လက်သည်းက သူ့ရင်ဘတ်ကို အလွယ်တကူ စုတ်ဖြဲသွားသည်။ သူ နေရာမှာပင် မရှုမလှ သေဆုံးသွားပေသည်။
“ပြေးကြ...”
တောက်ဖုန့်တို့သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျှော်လင့်ချက် ကုန်ဆုံးသွားကြ၏။ ကျန်းရီက အမှန်ပင် အလောင်းကြီးကို သန့်စင်နိုင်လိုက်ပေပြီ။ အလောင်းကြီး၏ တိုက်ခိုက်စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် သူတို့ကို တုန်ယင်လာစေသည်။ ၎င်းသည် ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်ကိုပင် စုတ်ဖြဲပစ်နိုင်သည်။ ထို့ပြင် ၎င်း၏ အမြန်နှုန်းကလည်း ကြောက်မက်ဖွယ်ပင်။ ၎င်း၏ ခံနိုင်ရည်ကိုမူ ပြောနေရန်ပင် မလိုချေ။ သူတို့ ယခုချက်ချင်း ထွက်မပြေးသေးလျှင် သေချာပေါက် သေရပေလိမ့်မည်။