ဖိနင်းသတ်ဖြတ်ခြင်း
Vol. 118 Ch. 1638
အလောင်းကို သန့်စင်နိုင်ရန် အမှန်ပင် ခက်ခဲသည်။ မဟုတ်လျှင် ကျန်းရီသည် အကြာကြီး ကြိုးစားနေခဲ့ရမည် မဟုတ်ပေ။ ထို့ပြင် သူ အလောင်းကို အသုံးပြုနိုင်ခဲ့သည်မှာလည်း မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံကာ မိုးမြေစွမ်းအားများ ပိုင်ဆိုင်ထား၍ဖြစ်သည်။
မဟာနတ်ဘုရားမျိုးနွယ်က သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်ကို ကျင့်ကြံသည်။ ၎င်းသွေးကြောမှတ်အားလုံးကို လှုံ့ဆော်နိုင်လိုက်မည်ဆိုလျှင် အလောင်းကြီးကို အနည်းနှင့်အများဆိုသလို သန့်စင်နိုင်လိုက်မည်ဖြစ်သည်။ သို့သော် မဟာနတ်ဘုရားမျိုးနွယ်မှ မျိုးနွယ်ဝင်တစ်ယောက် မဟုတ်ပါက သွေးကြောမှတ်အားလုံးကို လှုံ့ဆော်နိုင်လိုက်လျှင်ပင် အလောင်းကြီးကို လှုပ်အောင် လုပ်နိုင်မည် မဟုတ်ချေ။ စွမ်းအင်ထောက်ပံ့မှု မရှိလျှင် အသေကောင်တစ်ကောင်က မည်သို့ လှုပ်ရှားနိုင်ပါမည်နည်း။
ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများ၏ အလောင်းသန့်စင်နည်းမှာ အလောင်းများ၏ ကိုယ်ထဲတွင် အစီအရင်များ ဆင်၍ အထူးဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ အလောင်းအား စွမ်းအင်ပေးသည့်နည်းပင်။ ထိုမှ အလောင်းများက လှုပ်ရှားကာ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
သို့သော် ကျန်းရီသည် ထိုအရာများကို လုပ်ရန် မလိုပေ။ သူ့တွင် မဟာနတ်ဘုရားမျိုးနွယ်၏ အခြေခံအုတ်မြစ်ဖြစ်သော မိုးမြေစွမ်းအား ရှိနေသည်။ ၎င်း၏စွမ်းအင်က အလွန်ကြီးသည်။ မိုးမြေစွမ်းအားအနည်းငယ်ကပင် အလောင်းကြီးကို ဆယ့်စက္ကန့်လောက် လှုပ်ရှားစေနိုင်သည်။ ထိုဆယ်စက္ကန့်အတွင်း အလောင်းကြီးက လျင်မြန်စွာ လှုပ်ရှားကာ တိုက်ခိုက်နိုင်ပေသည်။
“ထွက်ပြေးမှာလား”
ကျန်းရီသည် အသတ်ခံရမလို ဖြစ်ခဲ့၏။ သို့ဖြစ်ရာ သူ ထိုလူများကို မည်သို့ ထွက်ပြေးခွင့် ပြုနိုင်ပါမည်နည်း။ သူ အလောင်းကြီးထဲသို့ မိုးမြေစွမ်းအား လျင်မြန်စွာ ထည့်သွင်းလိုက်ပြီး အလောင်းကို ထိန်းချုပ်ကာ အောက်ဘက်သို့ ခုန်ချစေပြီး ထိုလူများနောက်သို့ လျင်မြန်စွာ လိုက်စေလိုက်သည်။ ကျန်းရီသည် အခြားရတနာသေတ္တာကို ယူရန်ပင် အရေးမစိုက်နေတော့ပေ။ သူ ရတနာသေတ္တာကို ယူနိုင်မည်ဖြစ်ကြောင်း သေချာနေပြီဖြစ်ရာ လောရန်မလိုချေ။
ကျန်းရီအရှေ့တွင် သခင်လေး၊ သခင်မလေး တစ်အုပ် ရှိနေသည်။ သူတို့က ကောင်းကင်ဘုံ၏ မျိုးနွယ်ကြီးများမှ မျိုးနွယ်ဝင်များပင်။ သူတို့ကိုသာ သတ်လိုက်လျှင် အကျိုးဆက်များက ဆိုးဝါးသွားမည်ဖြစ်ကြောင်း ကျန်းရီ အလွန်ရှင်းလင်းစွာသိသည်။ သို့သော် သူ၏အကျင့်စရိုက်က မပြောင်းသေးပေ။ သူ့ကို သတ်လိုသူတိုင်း တန်ကြေးပြန်ပေးရပေမည်။ ထိုသူက မည်သူဖြစ်စေ သေရမည်။
ဝှစ်...
အလောင်းကြီးက မဟာနတ်ဘုရားမျိုးနွယ်၏ အရှေ့ဧကရာဇ်ဖြစ်ခဲ့သည်။ ထိုဧကရာဇ်က ကျင့်ကြံခြင်းတွင် ဧကရာဇ်အဆင့်သို့ ရောက်ခဲ့၊ မရောက်ခဲ့ကို ကျန်းရီမသိသော်လည်း ၎င်း၏ အင်အားကိုမူ မေးခွန်းထုတ်ရန် မရှိပေ။ ထို့ပြင် အရှေ့ဧကရာဇ်က လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြု၍ သူ့ရုပ်အလောင်းကို နှစ်တစ်သောင်းလောက် သန့်စင်ခဲ့သည်။ ထို့ကြောင့် ဤအလောင်းကြီးက မည်မျှစွမ်းအားကြီးကြောင်းကို ကျန်းရီ မသိသေးပေ။
တောက်ဖုန့်တို့၏ အမြန်နှုန်းက အလွန်လျင်မြန်ကြ၏။ သို့သော် အချို့သခင်လေးများနှင့် သခင်မလေးများက ပိုနှေးကြသည်။ ထို့ကြောင့် သူတို့၏ ကိုယ်ရံတော်များက တတ်နိုင်သလောက်အမြန်ဆုံး မပြေးနိုင် ဖြစ်နေကြသည်။ ကိုယ်ရံတော်များက သူတို့၏ သခင်လေးများ၊ သခင်မလေးများကို ကာကွယ်ရမည် မဟုတ်ပါလား။
တစ်ခဏအတွင်းမှာပင် အလောင်းကြီးက နောက်ဆုံးရှိ လူတစ်အုပ်ကို မီသွားပြီး ထိုလူများအား လက်သည်းဖြင့် ကုတ်လိုက်၏။ လေခွင်းသံတစ်သံ ထွက်ပေါ်လာသည်။ အလွန်အေးစက်၍ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်အရှိန်အဝါတစ်ခုကလည်း နောက်ဆုံးရှိ လူဆယ်ယောက်လောက်ကို လွှမ်းခြုံသွားပေသည်။
“သခင်လေး... သခင်လေးရဲ့ နတ်ဘုရားရှောင်တိမ်းအဆောင်ကို မြန်မြန်ချိုးလိုက်ပါ”
အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်တစ်ယောက်က သူ၏သခင်လေးကိုကြည့်ကာ အော်ပြောလိုက်၏။ ထို့နောက် တုံ့ဆိုင်းမှုမရှိဘဲ အနောက်သို့ ပြန်လှည့်၍ အလောင်းကြီး၏ လက်သည်းကို သူ့ဓားဖြင့် ခုတ်လိုက်သည်။
ထန်း...
မီးပွားများ ထွက်ပေါ်လာ၏။ အလောင်းကြီး၏လက်ကို ခုတ်ရသည်မှာ ရှေးဦးဝိညာဉ်ရတနာလက်နက်တစ်ခုကို ခုတ်ရသကဲ့သို့ပင်။ ဓားက အဝေးသို့ လွင့်ထွက်သွားပြီး အလောင်းကြီး၏ လက်သည်းက ကိုယ်ရံတော်၏ ဦးခေါင်းကို ကုတ်ဖြဲလိုက်သည်။
“အား...”
နာကျင်တကြီးအော်လိုက်သံကြီးတစ်သံ ထွက်ပေါ်လာကာ ထိုကိုယ်ရံတော်၏ဦးခေါင်းက ရုတ်ခြည်း ကြေမွသွားသည်။ သူ၏ သခင်လေးသည် ဆက်တုံ့ဆိုင်းမနေတော့ဘဲ ဆဋ္ဌဂံပုံစံ ကျောက်စိမ်းအဆောင်တစ်ခုကိုထုတ်၍ လျင်မြန်စွာ ချိုးပစ်လိုက်လေသည်။
ရွှီး...
အဖြူရောင်အလင်း လင်းလက်လာပြီး အလင်းက ထိုသခင်လေးကို လွှမ်းခြုံသွား၏။ ထို့နောက် သူ လေထဲတွင် ပျောက်ကွယ်သွားသည်။ အခြား သခင်လေးများနှင့် သခင်မလေးများသည်လည်း သူတို့၏ ဆဋ္ဌဂံပုံစံ ကျောက်စိမ်းအဆောင်များကို ထုတ်၍ ချိုးလိုက်ကြပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။
‘အဲ့ဒါက ဘာလဲ’
ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်သည်။ ထိုဆဋ္ဌဂံပုံစံ ကျောက်စိမ်းအဆောင်က မည်သည့်အရာနည်း။ ၎င်းက လူများကို လေထဲတွင် ပျောက်ကွယ်သွားစေနိုင်သည်လော။ သူတို့က ကိုယ်ပျောက်သွားခြင်းလော သို့မဟုတ် တည်နေရာပြောင်းရွှေ့သွားခြင်းလော။ သူတို့ တည်နေရာပြောင်းရွှေ့သွားခြင်းဆိုလျှင် မည်သို့နေရာသို့ ရောက်သွားသနည်း။ ကောင်းကင်ဘုံသို့ ရောက်သွားလိမ့်မည်ဟုတော့ ကျန်းရီ မတွေးပေ။ တည်နေရာပြောင်းရွှေ့အစီအရင်ငယ်လေးများပင် လူများကို ဤနေရာမှနေ၍ ကောင်းကင်ဘုံအထိ ပို့မပေးနိုင်လောက်ချေ။
တောက်ဖုန့်သည် သူ၏ နတ်ဘုရားရှောင်တိမ်းအဆောင်ကို မချိုးလိုက်ပေ။ သခင်မလေးကုန်းယန်မှာလည်း ထို့အတူပင်။ အခြား သခင်လေး၊ သခင်မလေး အားလုံး ထွက်သွားပြီးကြပြီဖြစ်ပြီး သူတို့နှစ်ယောက်သာ ကျန်ခဲ့သည်။ နတ်ဘုရားရှောင်တိမ်းအဆောင်က သူတို့ကို သူတို့မျိုးနွယ်များ ရွေးချယ်ထားသည့်နေရာသို့ တည်နေရာပြောင်းရွှေ့ပေးခြင်းပင်။ သူတို့က အထက်ဘုံမှ လူငယ်တစ်ယောက်ကြောင့် နတ်ဘုရားရှောင်တိမ်းအဆောင်ကို သုံးရမည်ဆိုလျှင် သိက္ခာကျသွားပေလိမ့်မည်။ သူတို့မျိုးနွယ်ထဲမှ သူတို့အဆင့်အတန်းကလည်း လျှောကျသွားမည်ဖြစ်သည်။
“ကျန်းရီ...”
တောက်ဖုန့်၏ မီးကျွမ်းထားသော မျက်နှာက ပြန်ကောင်းလာပြီဖြစ်သည်။ သို့သော် အမာရွတ်အနည်းငယ်တော့ ကျန်ပေသေးသည်။ မည်သို့ပင်ဖြစ်စေ သူ့ပုံစံက အစောမှလောက် ကြောက်စရာကောင်းတော့ပေ။ သူသည် ပြေးနေရင်းဖြင့် အနောက်သို့ခေါင်းလှည့်ကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။
“ကျန်းရီ... ဆက်မသတ်နဲ့တော့။ ဒီတစ်ခေါက် ငါရှုံးတယ်ဆိုတာကို ဝန်ခံတယ်။ မင်းကို ဘယ်တော့မှ ထပ်ပြဿနာမရှာတော့ဘူးလို့ ငါ ကတိပေးတယ်။ ငါတို့ ဒီခန်းမထဲကနေ ချက်ချင်း ထွက်သွားမယ်။ ဘယ်လိုလဲ”
သခင်မလေးကုန်းယန်သည်လည်း ခေတ္တမျှတွေးတောပြီးနောက် အော်ပြောလိုက်သည်။
“ကျန်းရီ... အနှေးနဲ့အမြန်ဆိုသလို ရှင် ကောင်းကင်ဘုံကို တက်လာရမှာပဲ။ ရှင် လူတွေ ဆက်သတ်နေမယ်ဆိုရင် ဘယ်လိုလုပ် ကောင်းကင်ဘုံမှာ ရပ်တည်နိုင်မှာလဲ။ ဒီတစ်ခါက် ကျွန်မတို့ မှားခဲ့တယ်။ ပြီးခဲ့တာတွေကို ပြီးပါစေတော့လို့ သဘောထားပေးလို့ ရမလား”
“အဟင်း...”
ကျန်းရီ အေးစက်စက် ပြုံးလိုက်၏။ တောက်ဖုန့်နှင့် သခင်မလေးကုန်းယန်တို့က အမှန်ပင် မျက်နှာအရေထူကြပေသည်။ သူသာ အလောင်းကြီးကို မသန့်စင်နိုင်ခဲ့လျှင် ယခုလောက်ဆို သေနေလောက်ပြီ မဟုတ်လော။ ယခု သူ အလောင်းကြီးကို သန့်စင်နိုင်လိုက်မှ ထိုနှစ်ယောက်က ပြီးခဲ့သည်ကို ပြီးစေတော့ဟု ဆိုနေသလော။
ကောင်းကင်ဘုံ...
ကျန်းရီသည် ကောင်းကင်ဘုံသို့ သွားရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။
ဝှစ်...
အလောင်းကြီးက အရှေ့သို့ လျင်မြန်စွာ ဆက်သွားနေ၏။ အုပ်ချုပ်သူအဆင့် မဟုတ်သော စွမ်းအားကြီး သိုင်းသမားများသည် လက်သည်းချက်ကြောင့် သေဆုံးသွားကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ပိုင်းရှိ လူဆယ်ယောက်စလုံး သေဆုံးသွားပေသည်။
“ကျန်းရီ... မင်း အဲ့လောက်အထိ လုပ်ဖို့လိုလို့လား”
တောက်ဖုန့်၏ အမာရွတ်များနှင့်မျက်နှာက ဒေါသကြောင့် ရှုံ့တွနေ၏။ ယခုတွင် သူတို့က ခန်းမ၏ တောင်ဘက်အဆုံးသို့ ရောက်နေပြီဖြစ်သည်။ ထိုဘက်တွင် ဧရာမတံခါးကြီးတစ်ခု ရှိနေသည်။ သူတို့ တံခါးမှ ထွက်လိုက်သည်နှင့် ဒုတိယထပ် သို့ဟုတ် အခြားခန်းမတစ်ခုသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရမည်ဖြစ်သည်။ သို့သော် ထိုတံခါးက အကာအရံများနှင့် တောက်ပနေ၏။ သူတို့ ထိုအကာအရံများကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်လောက်ချေ။
ကျန်းရီက မရပ်သေးကြောင်း တွေ့လိုက်ရသောအခါ တောက်ဖုန့် ပို၍ဒေါသထွက်လာပြီး အော်ပြောလိုက်သည်။
“အစွမ်းကုန်ထုတ်သုံးကြ။ ခင်ဗျားတို့မှာ နတ်ဘုရားရှောင်တိမ်းအဆောင် မရှိဘူးမလား... အဲ့တော့ သေဖို့ပဲ ရှိတယ်။ ကျန်းရီကို သေတဲ့အထိ တိုက်ကြ...”
တောက်ဖုန့်၏စကား မဆုံးသေးခင်မှာပင် အလောင်းကြီးက သူ့ထံသို့ လျင်မြန်စွာ ပြေးဝင်လာသည်။ တောက်ကျန်းက ကြားမှ ဝင်ကာလိုက်ရ၏။ ထိုအခိုက်တွင် ကျန်းရီသည် ခြောက်ရောင်ခြယ်မီးတောက်လုံး တစ်လုံးကို ပစ်လွှတ်လိုက်၏။ ၎င်းမီးတောက်လုံးက တောက်ကျန်းကို ရုတ်ခြည်း လွှမ်းခြုံသွားသည်။ အားကောင်းသော အပူလှိုင်းတစ်လှိုင်းလည်း ပြန့်ထွက်သွားလေသည်။
“အား...”
တောက်ကျန်းတစ်ယောက် အသံနက်ကြီးဖြင့် အော်၍ အနောက်ဆုတ်သွား၏။ ကျန်းရီကို ဝန်းရံတိုက်ခိုက်ရန် ဟန်ပြင်နေကြသော အခြားအုပ်ချုပ်သူအဆင့် သိုင်းသမားများ အားလုံးလည်း ပြန်ဆုတ်သွားကြသည်။ အလောင်းကြီးသည် တောက်ကျန်းနောက် မလိုက်ဘဲ တောက်ဖုန့်ဆီသို့သာ တန်းတန်းမတ်မတ် ဆက်သွားလိုက်သည်။ ကျန်းရီသည် မီးတောက်လုံးနောက်တစ်လုံးကို ပစ်လွှတ်လိုက်၏။ တောက်ဖုန့်သည် ပြန်မတိုက်နိုင်ဘဲ အသည်းအသန်သာ ထွက်ပြေးနေရပေသည်။
အလောင်းကြီး၏ အမြန်နှုန်းက တောက်ဖုန့်၏အမြန်နှုန်းထက် များစွာပိုမြန်သည်။ ထို့ပြင် မြင့်မားသော အပူချိန်က တောက်ဖုန့်၏ ကောင်းကင်စွမ်းအားကို နှောင့်ယှက်နေရာ သူတို့ကြားမှ အကွာအဝေးက လျင်မြန်စွာ နီးကပ်၍လာသည်။
“ဟူး...”
လေခွင်းသံက နီးကပ်လာကြောင်း ကြားလိုက်ရသောအခါ တောက်ဖုန့် အံကြိတ်ကာ သူ၏နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုးလိုက်ရလေတော့သည်။ သူ ဒဏ်ရာအမာရွတ်များနှင့် ပြန်သွားလျှင် တောက်မျိုးနွယ်၏ ဟားစရာတစ်ခု ဖြစ်လာမည်ဖြစ်သော်လည်း သူ့အသက်က သူ့ဂုဏ်သိက္ခာထက် ပိုတန်ဖိုးရှိပေသည်။
“ထွက်ပြေးဖို့ကြံနေတာလား”
ကျန်းရီသည် တောက်ဖုန့်က သူ၏နတ်ဘုရားရှောင်တိမ်းအဆောင်အား ထုတ်လိုက်သည်ကို မြင်လိုက်သောအခါ အေးစက်စက် ပြုံးလိုက်၏။ သူ ခြောက်ရောင်ခြယ်မီးတောက်တစ်လုံးကို အရှေ့သို့ ထပ်မံပစ်လွှတ်လိုက်သည်။ အလောင်းကြီးက တောက်ဖုန့်နှင့် ပေတစ်ရာလောက်သာ ဝေးတော့ရာ တောက်ဖုန့်သည် ရုတ်ခြည်း မီးလောင်ကျွမ်းသွားပြီး ကြမ်းပြင်ပေါ်တွင် နာကျင်တကြီး လူးလိမ့်သွားပေသည်။ သူ့လက်ထဲမှ နတ်ဘုရားရှောင်တိမ်းအဆောင်ကလည်း အဝေးသို့ လွင့်ထွက်သွားသည်။
“ဟုတ်ပြီ...”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ သူ အော်ပြောလိုက်သည်။
“အရှေ့ဧကရာဇ်... သူ့ကိုသတ်”
ဝှစ်...
အလောင်းကြီးသည် ခုန်လိုက်ပြီး ခြေတစ်ချောင်း မြှောက်လိုက်၏။ ထိုခြေထောက်ကြီးက ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ တောက်ဖုန့်၏ ရင်ဘတ်ကို ဖိနင်းလိုက်သည်။
ဂျွတ်...
အရိုးများကျိုးသွားသံတစ်သံ ထွက်ပေါ်လာ၏။ တောက်ဖုန့်က တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း မဟာနတ်ဘုရားမျိုးနွယ်က မည်မျှ စွမ်းအားကြီးပါသနည်း။ ထိုခြေထောက်ကြီးက တောက်ဖုန့်အပေါ် ကျလာသောအခါ အနည်းဆုံး သူ၏အရိုးဆယ်ချောင်းလောက် ကျိုးသွားသည်။
“သွားပြီ...”
သခင်မလေးကုန်းယန်၏ မျက်လုံးများ မှေးမှိန်သွား၏။ နောက်ဆုံးအခိုက်အတန့်တွင် တောက်ဖုန့်က နတ်ဘုရားရှောင်တိမ်းအဆောင်ကို လက်ထဲမှ လွတ်ထွက်သွားခဲ့သည်လော။ ယခု သူ့ကို မည်သူမှ မကယ်တင်နိုင်တော့ပေ။ ထိုအရူးကျန်းရီက တောက်ဖုန့်ကို သတ်ရန် ဆုံးဖြတ်ထားပုံပင်။
ရွှီး...
သခင်မလေးကုန်းယန်သည် ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ သူမ၏ နတ်ဘုရားရှောင်တိမ်းအဆောင်ကို ချိုး၍ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှ ထွက်သွားလေတော့သည်။