သေချာပေါက် သေမည်
Vol. 118 Ch. 1639
“ကျန်းရီ မင်း ငါ့ကို သတ်လို့မရဘူး”
ယခုတွင် တောက်ဖုန့် အမှန်ပင် ကြောက်ရွံ့နေပေပြီ။ နတ်ဘုရားရှောင်တိမ်းအဆောင် မရှိလျှင် သူ ထွက်ပြေးနိုင်မည် မဟုတ်ပေ။ သူ၏အမြန်နှုန်းက အလောင်းကြီး၏ အမြန်နှုန်းကို မယှဉ်နိုင်။ သူ ကျန်းရီ၏ ကြောက်မက်ဖွယ်မီးတောက်များမှလည်း လွတ်အောင် ပြေးနိုင်မည်မဟုတ်။ သူသာ အချိန်မီ အကြံတစ်ခုမထုတ်နိုင်လျှင် ယနေ့တွင် ကျန်းရီ၏လက်ထဲတွင် သေရပေတော့မည်။
တောက်ဖုန့် အော်ပြောလိုက်သည်။
“ကျန်းရီ... ငါက တောက်မျိုးနွယ်က သခင်လေးတစ်ယောက်ပဲ၊ တောက်မျိုးနွယ်ကွ။ ငါတို့ ဘယ်သူဆိုတာ မင်းသိလား။ တောက်မျိုးနွယ်ဆိုတာ မိုးပြာမဟာဧကရာဇ်ရဲ့ လက်အောက်က နံပါတ်တစ်မျိုးနွယ်ပဲ။ မင်း ငါ့ကို သတ်လိုက်ရင် တစ်လောကလုံးက ဘယ်သူကမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”
ဘုန်း...
တောက်ဖုန့် ပြန်ရလိုက်သော တုံ့ပြန်မှုမှာ ထပ်မံကျဆင်းလာသော အလောင်းကြီး၏ ဧရာမခြေထောက်ကြီးပင်။ အလောင်းကြီးက ပေသုံးဆယ်မြင့်ပြီး ဆင်ကြီးတစ်ကောင်ကဲ့သို့ ကြီးမားလှသည်။ ၎င်းက ကီလိုခြောက်ရာလောက် အလေးချိန်စီးသည်။ မဟာနတ်ဘုရားမျိုးနွယ်ဟူသော အမည်မှ ‘မဟာ’ဆိုသော စကားလုံးမှာ သူတို့၏ရုပ်ခန္ဓာအင်အားကို ရည်ညွှန်ခြင်းပင်။ ခြေနင်းချက်ကို ခံလိုက်ရသောအခါ တောက်ဖုန့်၏ကိုယ်ထဲမှ နောက်ထပ်အရိုးများ ကျိုးသွားသည်။
“အား...အား...”
တောက်ဖုန့် နာကျင်တကြီး အော်လိုက်ပြီး ခပ်သွက်သွက် ပြောလိုက်၏။
“ကျန်းရီ... ဆက်မတိုက်နဲ့တော့။ ငါ အရှုံးပေးတယ်။ မင်း တောင်းဆိုချင်တာကို တောင်းဆိုနိုင်တယ်။ မင်း ငါ့ကို မသတ်ဘူးဆိုရင် ငါ အကုန်လုံးကို သဘောတူမယ်”
“သခင်လေး...”
တောက်ကျန်းက အသည်းအသန် ပြေးလာပြီး သူ၏ဓားဖြင့် ကျန်းရီကို ဆုပ်ကိုင်ထားသော အလောင်းကြီး၏လက်ကို ခုတ်ချလိုက်သည်။ ကျန်းရီ နှာခေါင်းရှုံ့လိုက်၏။ အလောင်းကြီးက ဘယ်ဘက်သို့တိုး၍ ထိုဓားချက်ကို အလွယ်တကူ ရှောင်လိုက်သည်။ ထို့ကြောင့် ဓားချက်က တောက်ဖုန့်ကိုသာ သွားထိပြီး သူ့အား လွင့်ထွက်သွားစေသည်။
ဝှစ်...
အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကလည်း ဒေါသတကြီးဖြင့် ပြေးလာ၏။ သို့သော် သူ၏ပစ်မှတ်က ကျန်းရီ မဟုတ်ဘဲ အဝေးတွင်ကျနေသော ဆဋ္ဌဂံပုံစံ နတ်ဘုရားရှောင်တိမ်းအဆောင်ဖြစ်သည်။ ထိုအဆောင်ကိုရသူတိုင်း ရှင်သန်နိုင်မည်ဖြစ်သည်။ ယခုတွင် သူသည် တောက်ဖုန့်ကို အရေးမစိုက်တော့ဘဲ နောက်တစ်ရက်ကို ဆက်မြင်နိုင်ရန် သူ့ဘာသာ ထွက်ပြေးလိုနေပေပြီ။
အခြားသူများကလည်း အဝေးသို့ ထွက်ပြေးနိုင်ရန် ကြိုးစားနေကြသည်။ လူများစွာသည် ဟယ်နုန်ယင်းထွက်သွားသော ဘက်သို့ ပျံသန်းသွားနေကြသည်။ သူတို့ထဲက မည်သူကမှ ကျန်းရီကို မသတ်နိုင်ကြောင်း သူတို့ သိပေသည်။ အလောင်းကြီး၏ အမြန်နှုန်းက အလွန်လျင်မြန်ပြီး ခံနိုင်ရည်က အလွန်အားကောင်းသည်။ ထို့ပြင် ကျန်းရီထံတွင် အလွန်စွမ်းအားကြီးသော မီးတောက်များလည်း ရှိနေသည်။ မည်သူမှ သူ့အနားကို ကပ်မသွားဝံ့ကြပေ။
ရွှီး...
နတ်ဘုရားရှောင်တိမ်းအဆောင်အနီးမှ လေထုက တုန်ခါလာပြီး လူတစ်ယောက် တစ်စက္ကန့်မျှ ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဘုရားရှောင်တိမ်းအဆောင် ပျောက်ကွယ်သွားပေသည်။ အဆောင်ကို အပြေးသွားယူနေသော အုပ်ချုပ်သူအဆင့် သိုင်းသမား အံ့အားသင့်သွား၏။ ၎င်းနောက် မည်သည့်ကိစ္စ ဖြစ်ပျက်သွားကြောင်း သူ သိသွားကာ ဒေါသတကြီးအော်၍ သူ့ပတ်ပတ်လည်သို့ တိုက်ခိုက်မှုများ အသည်းအသန် ပစ်လွှတ်လိုက်လေသည်။
“သေပေတော့...”
ကျန်းရီသည် မမြင်လိုက်ဘဲနှင့်ပင် အဆိပ်ဝိညာဉ်က ထိုနတ်ဘုရားရှောင်တိမ်းအဆောင်ကို ယူသွားပြီဖြစ်ကြောင်း သိလိုက်၏။ ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားက အဆိပ်ဝိညာဉ်ကို သတ်ရန် ကြိုးစားနေကြောင်း တွေ့လိုက်သောအခါ သူ အလောင်းကြီးအား ထိုဘက်သို့ အပြေးသွား၍ ၎င်းသိုင်းသမားကို လက်သည်းဖြင့် ကုတ်စေလိုက်သည်။
အုပ်ချုပ်သူအဆင့် သိုင်းသမားသည် ဧရာမအလောင်းကြီးက သူ့ထံသို့ ပြေးဝင်လာကြောင်း တွေ့လိုက်သောအခါ တိုက်ခိုက်နေခြင်းကို လျင်မြန်စွာ ရပ်တန့်၍ ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် သူ၏ အမြန်နှုန်းက အလောင်းကြီး၏ အမြန်နှုန်းကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
အလောင်းကြီးက တောက်ဖုန့်ထက်ပင် ပိုမြန်သည်။ ပေတစ်သိန်းပြေးပြီးနောက် အလောင်းကြီးက ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားကို မီသွားသည်။ သိုင်းသမားသည် သူ့အနောက်မှ လေခွင်းသံကို ကြားလိုက်သောအခါ မျက်လုံးများ နီရဲသွား၏။ သူ အလောင်းကြီး၏ လက်သည်းကို အရေးမစိုက်တော့ဘဲ နောက်လှည့်ကာ ကျန်းရီကို တိုက်ခိုက်ရန် လုပ်လိုက်လေသည်။
“ခင်ဗျားက အသက်မရှင်ချင်တော့ဘူးထင်တယ်”
ကျန်းရီ၏ ခြောက်ရောင်ခြယ်မီးတောက် ထွက်လာ၏။ ထိုအုပ်ချုပ်သူအဆင့် သိုင်းသမား ရုတ်ခြည်း မီးလောင်ကျွမ်းသွားသည်။ သူ တစ်ချက်ပင် မတိုက်ခိုက်လိုက်နိုင်သေးခင်မှာပင် အလောင်းကြီးကို ကုတ်ဖြဲသတ်ဖြတ်မှုကို ခံလိုက်ရလေသည်။
“အဆိပ်ဝိညာဉ်... သူတို့ရဲ့ ရတနာတွေကို လိုက်သိမ်းလိုက်ပါ”
ကျန်းရီက အော်ပြောလိုက်ပြီး အလောင်းကြီးကို ထိန်းချုပ်၍ တောက်ဖုန့်ဆီသို့ ပြန်သွားစေလိုက်သည်။ တောက်ကျန်းက တောက်ဖုန့်ကို အဝေးသို့ ခေါ်သွားနေပေပြီ။ သူ့မျက်နှာက သံမဏိကဲ့သို့ မာကြောနေပြီး သူ့မျက်ဝန်းများက ပြတ်သားနေသည်။ ကျန်းရီက တောက်ဖုန့်ကို သတ်တော့မည်ဖြစ်သည်။ တောက်ဖုန့်က တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ထားသည်။ ကျန်းရီသည် ထိုရတနာချပ်ဝတ်ကို ပျက်စီးမသွားစေလို။ ထို့ကြောင့် အလောင်းကြီးအား တောက်ဖုန့်ကို လက်သည်းများဖြင့် မတိုက်ခိုက်စေဘဲ ခြေဖြင့်သာ တက်နင်းစေခဲ့ခြင်းဖြစ်သည်။
လူများက အရပ်မျက်နှာအနှံ့သို့ အသည်းအသန် ထွက်ပြေးနေကြသည်။ သို့သော် ကျန်းရီသည် တောက်ကျန်းနှင့် တောက်ဖုန့်တို့မှလွဲ၍ အခြားမည်သူကိုမှ အရေးမစိုက်ပေ။ တောက်ဖုန့်က အပြင်းအထန် ဒဏ်ရာရထားပြီဖြစ်၍ မလှုပ်ရှားနိုင်တော့ချေ။ သူ့တစ်ကိုယ်လုံးက မီးကျွမ်းနေပြီး မီးခိုးများလည်း ထွက်နေသည်။ သူသည် တောက်ကျန်း၏လက်ထဲတွင် တညည်းညည်းတညူညူဖြင့် ပါသွားပေသည်။
ရွှီး...
ကျန်းရီသည် အလောင်းကြီးထဲသို့ မိုးမြေစွမ်းအား ထပ်မံထည့်သွင်းလိုက်ပြီး စိတ်ထဲမှ ခါးသီးစွာ အော်ဟစ်လိုက်သည်။ ထိုအလောင်းကြီးကို ထိန်းချုပ်နိုင်ရန် မိုးမြေစွမ်းအားများစွာ လိုအပ်သည်။ အလောင်းကြီးထဲသို့ ဆယ်စက္ကန့်လျှင်တစ်ကြိမ် မိုးမြေစွမ်းအား ထည့်သွင်းပေးနေရသည်။ မဟုတ်လျှင် ၎င်းက လှုပ်ရှားတော့မည် မဟုတ်ချေ။
အချိန်တိုအတွင်းမှာပင် ကျန်းရီသည် သူ့တွင်ရှိသည့် မိုးမြေစွမ်းအားများ၏ နောက်ထပ်တစ်စိတ်တစ်ပိုင်းကို သုံးလိုက်ရသည်။ သို့သော် လက်ရှိ မိုးမြေစွမ်းအား အကုန်လုံး ကုန်သွားလျှင်ပင် သူ ပြန်ကျင့်ကြံယူနိုင်သည်။ ထို့ကြောင့် ကျန်းရီသည် ထိုအတွက် မစိုးရိမ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအကြောင်းများကို တောက်ဖုန့်အား သတ်ပြီးသွားမှ စဉ်းစားရပေမည်။
တောက်ကျန်းသည် အလောင်းကြီးက သူ့အနောက်သို့ လိုက်လာကြောင်း တွေ့လိုက်သောအခါ ညည်းညူနေသော တောက်ဖုန့်ကိုကြည့်၍ မေးလိုက်သည်။
“သခင်လေး... သခင်လေး ပြေးနိုင်သေးလား။ သခင်လေး ဆက်ပြေးသွားပါ၊ ကျုပ် သူ့ကို တားထားပါမယ်။ မဟုတ်ရင် ကျုပ်တို့နှစ်ယောက်စလုံး ဒီနေ့ ဒီနေရာမှာ သေရလိမ့်မယ်”
နတ်ဘုရားရှောင်တိမ်းအဆောင်က အလွန်အဖိုးတန်းသောပစ္စည်း ဖြစ်သည်။ မည်သည့်ကိုယ်ရံတော်ထံတွင်မှ ထိုအဆောင် မရှိပေ။ မဟုတ်လျှင် တောက်ကျန်းသည် တောက်ဖုန့်ကို တည်နေရာပြောင်းရွှေ့သွားရန် ပြောနေပြီး ဖြစ်ပေလိမ့်မည်။
တောက်ဖုန့်သည် တောက်ကျန်း၏ စကားများကို ကြားသောအခါ ရင်တုန်သွား၏။ သူ မီးကျွမ်းနေသော နှုတ်ခမ်းများကို လှုပ်ကာ ပြောလိုက်သည်။
“ဆက်မပြေးတော့ဘူး... ကျွန်တော်တို့ သူ့လက်ကလွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး။ ကျန်းရီနဲ့ ညှိနှိုင်းကြတာပေါ့”
တောက်ကျန်း တွေးတောလိုက်ပြီး ညှိနှိုင်းရန်ကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ ယခုတွင် တောက်ဖုန့်က အပြင်းအထန် ဒဏ်ရာရထားရာ မည်သို့ထွက်ပြေးနိုင်ပါဦးမည်နည်း။
တောက်ကျန်း ရပ်တန့်လိုက်ပြီး ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... မင်း ကောင်းကောင်းစဉ်းစားပါ။ သခင်လေးဖုန့်က ငါတို့မျိုးနွယ်ခေါင်းဆောင်ရဲ့ အချစ်ဆုံးမြေးပဲ။ တောက်မျိုးနွယ်ကလည်း မိုးပြာမဟာဧကရာဇ်ရဲ့ လက်အောက်က နံပါတ်တစ်မျိုးနွယ်။ ငါတို့မှာ ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်နေတဲ့ သိုင်းသမား သုံးယောက်ရှိတယ်။ မင်း သခင်လေးဖုန့်ကို သတ်လိုက်ရင် လောကအဆုံးအထိ ထွက်ပြေးမယ်ဆိုရင်တောင် ပြေးလို့လွတ်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့မျိုးနွယ်က ရှင်းပစ်ခံရလိမ့်မယ်။ မင်းသာ သခင်လေးဖုန့်ကို လွှတ်ပေးမယ်ဆိုရင် ကြိုက်တာ တောင်းဆိုနိုင်တယ်။ တိုက်ခိုက်မလား၊ ငြိမ်းချမ်းရေးယူမလား... မင်း ရွေးပါ”
“ဧကရာဇ်တစ်ပိုင်းအဆင့်လား...”
ကျန်းရီသည် ထိုအဆင့်ကို ယခုမှ ကြားဖူးခြင်းဖြစ်သည်။ ထိုအဆင့်မှာ ဧကရာဇ်အဆင့်အောက်မှ အထွတ်အထိပ် အုပ်ချုပ်သူအဆင့်ကို ရည်ညွှန်းခြင်းဖြစ်မည်။ ကျန်းရီ နှာခေါင်းရှုံ့၍ ရယ်လိုက်၏။ သူ အထက်ဘုံကို ပြန်ရောက်သွားလျှင် ကောင်းကင်ဘုံမှ စွမ်းအားကြီး သိုင်းသမားများကို ကြောက်ရန် လိုပါဦးမည်လော။ ထိုနတ်ဘုရားသစ်ပင်က ဧကရာဇ်အဆင့်ဖြစ်သည်။ ၎င်းက သူ့အသက်ကို ဆယ်နှစ် ကာကွယ်ပေးမည်ဟု ပြောထားသည်။ ထို့ကြောင့် တောက်မျိုးနွယ်ဝင်များက အထက်ဘုံကို ဆင်းလာလျှင်ပင် သူတို့ ကိုယ့်သေတွင်းကိုယ်တူးသလိုသာ ဖြစ်နေပေလိမ့်မည်။
အလောင်းကြီးက အရှေ့သို့ ဆက်ပြေးသွား၏။ အလောင်းကြီး၏ တိုက်ခိုက်ပုံက အလွန်ရိုးရှင်းသည်။ ၎င်းသည် ၎င်၏ ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ထက်ရှမာကြောသော လက်သည်းများကို အသုံးပြုကာ တိုက်ခိုက်ခြင်းပင်။ ယင်းတို့ကို ကျန်းရီ၏ ခြောက်ရောင်ခြယ်မီးတောက်နှင့် ပေါင်းစည်းလိုက်သောအခါ သက်ရောက်မှုက သေစေနိုင်ပေသည်။
“သခင်လေး... မြန်မြန် ပြေးပါတော့။ သူက အရူးတစ်ယောက်ပဲ...”
တောက်ကျန်းသည် ကျန်းရီနှင့် ညှိနှိုင်း၍ ရမည် မဟုတ်ကြောင်း သိသွားသဖြင့် တောက်ဖုန့်ကို ဘေးသို့ ချ၍ အလောင်းကြီးဆီ ဦးတည်ပြေးသွားလိုက်သည်။ ထို့နောက် သူ ရူးသွပ်စွာ အော်ပြောလိုက်လေသည်။
“ကျန်းရီ... အတူတူ သေကြတာပေါ့”
ရွှီး...
တောက်ကျန်းသည် သူ့နတ်ဘုရားအမြုတေထဲမှ ကောင်းကင်စွမ်းအားအကုန်လုံးကို သူ့ကိုယ်တွင်းသို့ တစ်ပြိုင်တည်း ထုတ်လိုက်၏။ သူ့ခန္ဓာကိုယ်က စတင်ပုံပျက်လာသည်။ သူသည် သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုနေခြင်းပင်။ သူ၏ရည်ရွယ်ချက်က ရှင်းသည်။ အလောင်းကြီး၏ ခံနိုင်ရည်က ကောင်းသော်လည်း ကျန်းရီ၏ ခံနိုင်ရည်က မကောင်းပေ။ သူသာ ကျန်းရီကို သတ်နိုင်လိုက်မည်ဆိုလျှင် တောက်ဖုန့် ဘေးကင်းပေလိမ့်မည်။
“ဉာဏ်နည်းလိုက်တာ...”
ကျန်းရီ အေးစက်စက် ရယ်လိုက်ပြီး အလောင်းကြီးအား ကိုယ်ကိုင်းစေ၍ သူ့ကို ရင်ခွင်ထဲတွင် ပိုက်ထားစေလိုက်သည်။
ဝုန်း...
အားကောင်းသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ပတ်ဝန်းကျင်လေထုတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ခန်းမထဲရှိ အကာအရံများလည်း တလက်လက် တောက်ပလာသည်။ ပေါက်ကွဲမှု ဗဟိုချက်တွင် အက်ကွဲသံများကိုလည်း ကြားနေရသည်။
အဝေးရှိ တောက်ဖုန့်လည်း ပေါက်ကွဲမှုအဟုန်ကြောင့် လွင့်ထွက်သွား၏။ သို့သော် သူက တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် အသက်တော့ သေမသွားပေ။ အလောင်းကြီးလည်း ပေတစ်သောင်းအကွာထိ လွင့်ထွက်သွားသည်။ ၎င်း၏ ခံနိုင်ရည်က တာအိုကောင်းကင်ဝိညာဉ်ရတနာ၏ ခံနိုင်ရည်ထက် မနိမ့်ပေ။ ကျန်းရီ၏ ခြောက်ရောင်ခြယ်မီးတောက်ပင် ၎င်းကို ထိခိုက်အောင် မလုပ်နိုင်ခဲ့သည် မဟုတ်ပါလား။
“ဖူး...”
သို့သော် အလွန်ဝေးဝေးတွင် ရှိနေခဲ့သော အဆိပ်ဝိညာဉ်သည် လွင့်ပျံထွက်သွားကာ သွေးအန်သွားသည်။ အကွာအဝေးက သူ့ကို ကယ်လိုက်ခြင်းပင်။ ပေါက်ကွဲမှုကြောင့် သူ သေဆုံးမသွားခဲ့ပေ။
‘ကြောက်စရာပဲ...’
အလောင်းကြီးက သူ့ကို ကာပေးထားသော်လည်း ကျန်းရီ ပြင်းထန်စွာ တုန်ခါသွားသည်။ သူ့ပါးစပ်ထဲသို့လည်း သွေးများပျို့တက်လာသည်။ တစ်ခဏနေမှ သူ ပြန်တည်ငြိမ်လာပြီး အလောင်းကြီးကို တောက်ဖုန့်ဆီ ပြန်သွားခိုင်းလိုက်သည်။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေသည်။ သူ တောက်ဖုန့်ကို လှမ်းကြည့်ကာ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်လေသည်။
“တောက်ဖုန့်... မင်း ဒီနေ့ သေချာပေါက် သေရမယ်”