← Chapters

ပြေးရန် မြေမရှိ

Vol. 118 Ch. 1640

ပြေးရန် မြေမရှိ

Vol. 118 Ch. 1640

‘ပြေး...ပြေး...ပြေး...’

အရိုးဆယ်ချောင်းကျော် ကျိုးနေပြီး အရေပြားလည်း မီးကျွမ်းနေသဖြင့် တောက်ဖုန့်တစ်ယောက် လှုပ်ရှားလိုက်တိုင်း မခံမရပ်နိုင်အောင် နာကျင်နေရသည်။ သို့သော် သူ ဆက်ပြေးနေဆဲပင်။ သူ လွတ်လမ်းတစ်ခု မရှာနိုင်လျှင် ယနေ့တွင် သေရတော့မည် ဖြစ်ကြောင်း သူ သိပေသည်။

“အကြီးအကဲဟုန် ကျွန်တော့်ကို ကယ်ပါ”

တောက်ဖုန့်သည် သူ့အရှေ့မှနေ၍ ဘယ်ဘက်သို့ ပြေးနေသူတစ်ယောက်ကို တွေ့လိုက်သဖြင့် ထိုလူက မည်သူဖြစ်ကြောင်း အတည်ပြုကာ အော်ပြောလိုက်သည်။ ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားသည် တစ်ချက်လှည့်ကြည့်ပြီးနောက် ကလန်ကလား အလောင်းကြီးကို တွေ့လိုက်သောအခါ အံကြိတ်၍ တောက်ဖုန့်ကို လျစ်လျူရှုကာ ဆက်ပြေးလိုက်လေသည်။

ဘုတ်...

တောက်ဖုန့်၏ ခန္ဓာကိုယ်က အားနည်းသွားပြီး ကြမ်းပြင်ပေါ် လဲကျသွား၏။ ထို့နောက် သူ ခေါင်းလှည့်ကာ နီးကပ်လာနေပြီဖြစ်သော အလောင်းကြီးကို ကြည့်လိုက်သည်။ ကျန်းရီ၏ ရေခဲတမျှ အေးစက်နေသော မျက်ဝန်းများကို တွေ့သောအခါ သူ အော်ပြောလိုက်လေသည်။

“ကျန်းရီ... မင်း ငါ့ကို သတ်လို့မဖြစ်ဘူး။ ငါ့ အမှားကို ငါသိပါပြီ။ ငါ မှားပါတယ်။ မင်း ငါ့အသက်ကို ချမ်းသာပေးမယ်ဆိုရင် မင်းကြိုက်တာ တောင်းဆိုနိုင်တယ်။ ငါ မင်းကို နတ်ဘုရားအမြစ် သန်းတစ်ရာ ပေးနိုင်တယ်၊ တာအိုကောင်းကင်ဝိညာဉ်ရတနာလည်း ပေးမယ်။ ပြီးတော့ ငါ မင်းကို ခေါ်သွားပြီး ငါတို့မျိုးနွယ်ရဲ့ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲမှာ တစ်လ ကျင့်ကြံခွင့်.. မဟုတ်ဘူး တစ်နှစ် ကျင့်ကြံခွင့်ပေးမယ်”

ဝှစ်...

အလောင်းကြီးသည် လေပြင်းတစ်ချက်အလား အရှေ့သို့ ပြေးလာပြီး ခုန်ကာ တောက်ဖုန့်၏ ခေါင်းကို ခြေဖြင့်နင်းလိုက်သည်။ တောက်ဖုန့်၏ ဦးခေါင်းက အပြင်းအထန် တုန်ခါသွား၏။ တောက်ဖုန့်၏ မြင်ကွင်း မည်းမှောင်သွားသည်။ သူ့ဦးခေါင်းက ပွင့်ထွက်တော့ပေမည်။ သူ့တွင် အော်ရန်ပင် စွမ်းအင်မရှိတော့ချေ။ သူသည် အလောင်းကြီး၏ ခြေထောက်က ထပ်မံကျဆင်းလာသည်ကို ကြည့်၍ အားနည်းစွာ မျက်လုံးများ မှိတ်လိုက်တော့သည်။ သူ ဆက်၍ ခုခံမနေတော့ပေ။

ဝုန်း...

အလောင်းကြီး၏ ခြေထောက်က တောက်ဖုန့်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်၏။ တောက်ဖုန့်၏ ဦးနှောက်က ကြေမွသွားပြီး သူ့စိတ်ဝိညာဉ် လွင့်ပြယ်သွားသည်။

တောက်ဖုန့် သေပေပြီ။

သိုလှောင်လက်စွပ် တစ်ကွင်းနှင့် အဖြူရောင်စစ်ချပ်ဝတ်တို့ လွင့်မျောလာသည်။ ကျန်းရီ အရှေ့သို့ ခုန်ထွက်၍ ထိုပစ္စည်းနှစ်ခုကို ဆုပ်ကိုင်လိုက်၏။ သူသည် တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ရလို၍ ၎င်း ပျက်စီးမသွားအောင် အလောင်းကြီးအား လက်သည်းဖြင့် မတိုက်ခိုက်ခိုင်းဘဲ ခြေဖြင့်နင်းခိုင်းခဲ့ခြင်းဖြစ်သည်။ တောက်ဖုန့်၏ လက်နက်ကလည်း တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခု ဖြစ်ပုံပေါ်သည်။

“ပစ္စည်းကောင်းပဲ”

ကျန်းရီသည် စစ်ချပ်ဝတ်ကို ကိုင်၍ အသေးစိတ်ကြည့်ရှုပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် မီးတောက်အချို့ ထုတ်လွှတ်ကာ တောက်ဖုန့်၏အလောင်းကို ပြာချလိုက်ပြီး လက်စွပ်နှင့် စစ်ချပ်ဝတ်ကို သိမ်းလိုက်သည်။ ပြီးမှ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ လူအချို့က အဝေးသို့ ထွက်ပြေးနေဆဲပင်။

“ထားလိုက်ပါတော့...”

ကျန်းရီသည် ထိုလူများနောက်သို့ ဆက်မလိုက်လိုတော့ပေ။ သခင်လေးများ၊ သခင်မလေးများ အားလုံးက ထွက်ပြေးသွားပြီဖြစ်ပြီး ကိုယ်ရံတော်အနည်းငယ်သာ ကျန်ခဲ့သည်။ သူ အုပ်ချုပ်သူအဆင့် ကိုယ်ရံတော် အနည်းငယ်ကိုလည်း သတ်ခဲ့ပြီးပြီဖြစ်၍ အနည်းနှင့်အများဆိုသလို ဒေါသပြေနေပြီဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူ့တွင် မိုးမြေစွမ်းအား သိပ်မကျန်တော့ခြင်းပင်။ သူ မိုးမြေစွမ်းအားကို ချန်ထားလိုပေသေးသည်။

“တခြား ရတနာသေတ္တာကို သွားကြည့်တာပေါ့”

ကျန်းရီ၏အကြည့်က အဝေးရှိ အခြားကျောက်စင်မြင့်ဆီသို့ ရောက်သွား၏။ သူ အလောင်းကြီး၏ လက်ထဲသို့ ပြန်၍ခုန်တက်လိုက်ပြီးနောက် အလောင်းကြီးထဲ မိုးမြေစွမ်းအားအနည်းငယ် ထည့်သွင်းလိုက်သည်။ ထိုအခါ အလောင်းကြီးသည် ခုန်၍ ထိုကျောက်စင်မြင့်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။ နှစ်ကြိမ်သာ ခုန်လိုက်ပြီးနောက် ကျောက်စင်မြင့်ထက်သို့ ရောက်သွားသည်။ ၎င်းနောက် နောက်တစ်ကြိမ်ထပ်ခုန်ကာ ရတနာသေတ္တာကို ယူလိုက်လေသည်။

ဝှစ်...

အလောင်းကြီးသည် စင်မြင့်အောက်သို့ ပြန်ခုန်ချလိုက်၏။ အောက်ရောက်သောအခါ ကျန်းရီသည် ထိုရတနာသေတ္တာအတွင်းသို့ ကောင်းကင်စွမ်းအားထည့်သွင်းလိုက်သည်။ သေတ္တာက အလွယ်တကူ ပွင့်သွားပေသည်။ သို့သော် သေတ္တာအတွင်းကို ကြည့်ပြီးနောက် ကျန်းရီ စိတ်ပျက်သွား၏။ အထဲတွင် ရတနာမရှိဘဲ စာလိပ်တစ်လိပ်သာ ရှိသည်။

‘အဲ့ဒါက ဆန်းကြယ်စွမ်းရည်တစ်ခု ဒါမှမဟုတ် လျှို့ဝှက်အတတ်တစ်ခုလား’

ကျန်းရီသည် စာလိပ်ကိုယူ၍ ခပ်သွက်သွက် ဖတ်ရှုလိုက်၏။ သူ လုံးဝ စိတ်ပျက်သွားရသည်။ စာလိပ်တွင် အမှန်ပင် လျှို့ဝှက်အတတ်တစ်ခုပါသည်။ သို့သော် ၎င်းက အလွန်ရှုပ်ထွေးသဖြင့် ကျင့်ကြံနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်၊ ပုန်းကွယ်ခြင်းအတတ်၊ မကောင်းသော အရှိန်အဝါ၊ ပေါင်းစည်းမီးတောက်များ စသည်ဖြင့် ဆန်းကြယ်စွမ်းရည်အမျိုးမျိုး၊ လျှို့ဝှက်အတတ်အမျိုးမျိုးကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူ ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များကို ထပ်မလိုချင်တော့ဘဲ သူ၏စွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်မည့် ရတနာများကိုသာ လိုချင်တော့သည်။ ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များအပေါ်တွင်သာ မှီခိုနေမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်က အထက်သို့ ဆက်တက်နိုင်တော့မည် မဟုတ်ပေ။

ကျန်းရီသည် ထိုစာလိပ်ကို သူ၏သိုလှောင်လက်စွပ်ထဲတွင် သိမ်းလိုက်ပြီး နောက်ရတနာသေတ္တာတစ်လုံးကို ထုတ်လိုက်၏။ ဤတစ်ခေါက်တွင် သူ ပို၍ပင် စိတ်ပျက်သွားရသည်။ သေတ္တာထဲတွင် အလွန်ရှုပ်ထွေးသော လျှို့ဝှက်အတတ်တစ်ခုကို ရေးသားထားသည့် နောက်ထပ်စာလိပ်တစ်လိပ်သာ ပါပေသည်။

‘ဒီရတနာသေတ္တာတွေထဲမှာ မိစ္ဆာသတ်ဖြတ်ဓားနဲ့ မိစ္ဆာသတ်ဖြတ်ချပ်ဝတ် မပါဘူးလား’

ထိုရတနာသေတ္တာနှစ်လုံးကို ရရှိနိုင်ရန် အလွန်ခက်ခဲသဖြင့် ၎င်းတို့ထဲ၌ သေချာပေါက် မိစ္ဆာသတ်ဖြတ်ဓား သို့မဟုတ် မိစ္ဆာသတ်ဖြတ်ချပ်ဝတ် ပါရလိမ့်မည်ဟု ကျန်းရီ ထင်ခဲ့သည်။ ထို့ပြင် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က မီးနဂါးဓားထဲရှိ ဆန်းကြယ်သော အဘိုးအိုဖြစ်နိုင်ဟုလည်း သူ ထင်ခဲ့မိ၍ မိစ္ဆာသတ်ဖြတ်ဓားက မီးနဂါးဓား၏ တစ်စိတ်တစ်ပိုင်း ဖြစ်လောက်ကာ ၎င်း မီးနဂါးဓားနှင့် ပေါင်းစည်းပြီးသွားလျှင် မီးနဂါးဓားက ပို၍စွမ်းအားကြီးလာလိမ့်မည်ဟု မျှော်လင့်ခဲ့သေးသည်။

ရွှီး...

အဆိပ်ဝိညာဉ်က လင်းလက်ကာ ပြန်ပေါ်လာ၏။ သူ လက်ဆုပ်၍ တင်ပြလိုက်သည်။

“အရှင်ငယ်... အကုန်လုံး ထွက်ပြေးသွားကြပါပြီ။ သူတို့အကုန်လုံးက ဘယ်ဘက်မှာရှိတဲ့ ခန်းမထဲကို ဝင်သွားကြတယ်။ အဝါရောင်ဝတ်စုံနဲ့ သခင်မလေးကတော့ မြောက်ဘက်က ခန်းမထဲကို ဝင်သွားတယ်”

“သူတို့ကို ထားလိုက်ပါတော့”

ကျန်းရီ ခါးသက်သက် ပြုံးလိုက်သည်။ အဆိပ်ဝိညာဉ်သည် ခေါင်းညိတ်ကာ သူ့လက်စွပ်ထဲမှနေ၍ အခြားလက်စွပ်များ၊ စစ်ချပ်ဝတ်များနှင့် လက်နက်များကို ထုတ်လိုက်၏။ ၎င်းတို့ထဲတွင် ဆဋ္ဌဂံပုံစံ ကျောက်စိမ်းအ‌ဆောင်တစ်ခုလည်း ပါသည်။ ကျန်းရီသည် ကျောက်စိမ်းအဆောင်ကို လှမ်းယူလိုက်ပြီး ကျန်အရာများကို သူ့လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။ ထို့နောက် ကျောက်စိမ်းအဆောင်ကို စိတ်ဝင်တစားကြည့်၍ မေးလိုက်သည်။

“ဒါက ဘာအဆောင်လဲ။ အဆိပ်ဝိညာဉ်.. ခင်ဗျား သိလား”

“ကျွန်တော်လည်း မသိပါဘူး”

အဆိပ်ဝိညာဉ်က ခေါင်းခါ၍ ပြောသည်။ သူ ခေတ္တမျှ စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

“စစ်သူကြီးတော့ သိလောက်မယ်”

ရွှီး...

ကျန်းရီ ချီချင်ချန်ကို အပြင်ထုတ်လိုက်၏။ ချီချင်ချန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ ဝမ်းသာအားရ မေးလိုက်သည်။

“အာ.. ကျန်းရီ... သူတို့အကုန်လုံး ပြန်ဆုတ်သွားပြီလား”

ကျန်းရီ ခေါင်းညိတ်ပြလိုက်၏။ သို့သော် အဆိပ်ဝိညာဉ်က အလွန်စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။

“စစ်သူကြီး... အရှင်ငယ်က အရမ်းစွမ်းအားကြီးတာပဲ။ သူက လူတွေအများကြီးကို သတ်ခဲ့တယ်၊ ဟိုသခင်လေးတောက်ဖုန့်လည်း သူ့လက်ချက်နဲ့ သေသွားပြီ။ ဒါပေမဲ့ ကျန်တဲ့သူတွေ အကုန်လုံးက ထွက်ပြေးသွားပြီ”

“အဲ့ဒါက...”

ချီချင်ချန် မျက်နှာပျက်သွားပြီး ဘေးရှိ အလောင်းကြီးကိုကြည့်ကာ မေးလိုက်သည်။

“ဒီအလောင်းကြီးကဘာလဲ။ အဲ့ဒါ မဟာနတ်ဘုရားမျိုးနွယ်ဝင် အလောင်းကြီးလား”

“ဟုတ်ပါတယ်.. ဒါက မဟာနတ်ဘုရားမျိုးနွယ်ဝင် အလောင်းကြီးပါ။ ကျွန်တော် အဲ့အလောင်းကြီးကို သုံးပြီး သူတို့ကို သတ်ခဲ့တာပါ”

ကျန်းရီ ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။

“ကျွန်မတို့တော့ ပြဿနာတက်ပြီ”

ချီချင်ချန်က အလေးအနက် ပြန်ပြောသည်။

“ကျန်းရီ... ကောင်းကင်ဘုံက အင်အားစုတွေအကြောင်းကို ရှင် ကောင်းကောင်းနားမလည်ဘူး။ အဲ့မှာ မဟာဧကရာဇ်လေးပါး ရှိတယ်။ သူတို့က ကောင်းကင်ဘုံမှာ စွမ်းအားအကြီးဆုံး သိုင်းသမားတွေပဲ။ သူတို့တစ်ပါးစီရဲ့ လက်အောက်မှာ မျိုးနွယ်တွေအများကြီး ရှိကြတယ်။ တောက်မျိုးနွယ်က မိုးပြာမဟာဧကရာဇ်ရဲ့လက်အောက်က နံပါတ်တစ်မျိုးနွယ်ပဲ။ တောက်ဖုန့် သေသွားချင်းချင်း တောက်မျိုးနွယ်က အဲ့အကြောင်းကို သေချာပေါက် သိသွားမှာပဲ။ အခုလောက်ဆို သူတို့ ဟွင့်သွမ့်ပင်လယ်ဆီကို စွမ်းအားကြီး သိုင်းသမားတွေ စေလွှတ်လိုက်လောက်ပြီ”

“သူတို့ လွှတ်ချင်တဲ့သူကို လွှတ်လိုက်ပါစေ”

ကျန်းရီ မျက်ခုံးပင့်ကာ အေးစက်စက် ပြောလိုက်၏။

“တောက်ဖုန့်က ကျွန်တော်တို့ကို အကြိမ်ကြိမ် သတ်ချင်ခဲ့တာ။ ဒီတစ်ခေါက် ကျွန်တော်သာ အလောင်းကြီးကို မသန့်စင်နိုင်ခဲ့ရင် ကျွန်တော်တို့အကုန်လုံး သေနေလောက်ပြီ။ သူက ကျွန်တော်တို့ကို သတ်ချင်မှတော့ ဘာလို့ ကျွန်တော်တို့က သူ့ကိုသတ်လို့ မရရမှာလဲ။ တောက်မျိုးနွယ်က ကျွန်တော်တို့နောက်ကို အထက်ဘုံအထိ လိုက်လာရဲမှာလား”

“အထက်ဘုံအထိလား... အဲ့ဒါတော့ မဖြစ်နိုင်ဘူး”

ချီချင်ချန်က အခိုင်အမာ ဖြေသည်။

“မဟာဧကရာဇ်လေးပါးက စည်းမျဉ်းတွေ တင်းတင်းကြပ်ကြပ် ထုတ်ထားတယ်။ ကောင်းကင်ဘုံက ဘယ်မျိုးနွယ်ကြီးကမှ အထက်ဘုံကိုလာပြီး မဆင်မခြင်သတ်ဖြတ်ခွင့်မရှိဘူး။ တကယ်လို့ တစ်ယောက်ယောက်က အဲ့လိုလုပ်လိုက်ရင် အကြောင်းက ဘာဖြစ်ဖြစ် အသတ်ခံရလိမ့်မယ်။ အခု ကျွန်မ စိုးရိမ်တာက... ကျွန်မတို့ အထက်ဘုံကို ပြန်မသွားနိုင်မှာကိုပဲ။ ကျွန်မတို့ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲက ထွက်လိုက်တာနဲ့ ဟွင့်သွမ့်ပင်လယ်တစ်ခွင်လုံးမှာ ကောင်းကင်ဘုံက စွမ်းအားကြီး သိုင်သမားတွေနဲ့ ပြည့်နေမှာပဲ။ ပြီးတော့ အထက်ဘုံကို ပြန်ရမဲ့ တည်နေရာပြောင်းရွှေ့အစီအရင်တွေကို စောင့်ကြပ်နေတဲ့သူတွေ အကုန်လုံးကလည်း သူတို့လူတွေချည်းပဲ။ အဲ့တော့ ကျွန်မတို့ ဘယ်လိုပြန်ကြမှာလဲ”

“အဲ့လောက်တောင် ဆိုးတယ်လား”

ကျန်းရီ မျက်နှာပျက်သွား၏။ သူတို့ အထက်ဘုံသို့ မပြန်နိုင်လျှင် ဟွင့်သွမ့်ပင်လယ်ထဲတွင်သာ ပုန်း‌အောင်းနေရမည်ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံမှ စွမ်းအားကြီး သိုင်းသမားများစွာ ရောက်လာခဲ့လျှင် သူတို့ကို အနှေးနှင့်အမြန်ဆိုသလို ရှာတွေ့သွားမည်သာ။

‘ဧကရာဇ်တစ်ပိုင်းအဆင့်...’

ကျန်းရီသည် တောက်ကျန်းပြောခဲ့သည့်အရာကို ရုတ်တရက် အမှတ်ရသွား၍ စိတ်ဝင်တစား မေးလိုက်သည်။

“တောက်မျိုးနွယ်က လူတစ်ယောက်က သူတို့မျိုးနွယ်မှာ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား သုံးယောက်ရှိတယ်လို့ ပြောသွားတယ်။ သူတို့တွေက စွမ်းအားကြီးကြလား”

“အရမ်းကြီးတာပေါ့”

ချီချင်ချန်က သက်ပြင်းသဲ့သဲ့ချ၍ ရှင်းပြလိုက်သည်။

“ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတွေက ဧကရာဇ်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ သူတွေပဲ။ သူတို့ရဲ့ တိုက်ကွက်တစ်ကွက်က ဘုံအသေးလေးတစ်ခုကိုတောင် ဖျက်ဆီးပစ်နိုင်တယ်လို့ ပြောကြတယ်။ တကယ်လို့ တောက်မျိုးနွယ်က ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်သာ ရောက်လာမယ်ဆိုရင် ကျွန်မတို့ ပြေးစရာမြေ ရှိတော့မှာ မဟုတ်ဘူး”

All Chapters