← Chapters

ကီလိုမီတာငါးရာအရှိန်တင်

Vol. 118 Ch. 1641

ကီလိုမီတာငါးရာအရှိန်တင်

Vol. 118 Ch. 1641

တောက်ဖုန့်ကို သတ်လိုက်ခြင်းက ပြဿနာများစွာ ဖြစ်လာစေမည့်ပုံ ပေါ်သော်လည်း ကျန်းရီ နောင်တမရပေ။ သတ်ခဲ့ပြီးပြီဖြစ်၍ ယခုမှ နောင်တရနေလျှင်လည်း ဘာအကျိုးရှိမည်နည်း။ ထို့ပြင် သူ အချိန်နောက်ပြန်လှည့်၍ ရလျှင်လည်း တောက်ဖုန့်ကို သတ်ပစ်ဦးမည်သာ။

“ဒါက ဘာလဲ”

ကျန်းရီသည် ဆဋ္ဌဂံပုံစံ ကျောက်စိမ်းအဆောင်ကို ချီချင်ချန်အား ပြ၍ မေးလိုက်၏။

“သခင်လေးတွေ၊ သခင်မလေးတွေက ဒီလိုအဆောင်တွေကို ချိုးပြီး ပျောက်သွားကြတာပဲ။ ဒီတစ်ခုက ‌တောက်ဖုန့်ရဲ့ဟာ။ သူက အချိန်မီ မချိုးနိုင်လိုက်လို့ အဆိပ်ဝိညာဉ်က အဲ့ဒါကို ယူထားလိုက်တာ”

“အဲ့ဒါက... နတ်ဘုရားရှောင်တိမ်းအဆောင်မြန်းလား”

ချီချင်ချန်သည် ကျောက်စိမ်းအဆောင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်၏။ ထို့နောက် သူမ ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“ဟုတ်တယ်... အဲ့ဒါက တကယ့်ကို နတ်ဘုရားရှောင်တိမ်းအဆောင်ပဲ။ အဲ့အဆောင်က အရမ်းအဖိုးတန်ပြီး ရှားပါးတဲ့ ရတနာတစ်ခုပဲ။ အဲ့ဒါကို ချိုးလိုက်ရင် ကိုယ့်မျိုးနွယ်က သတ်မှတ်ထားတဲ့ နေရာကို တည်နေရာပြောင်းရွှေ့သွားလိမ့်မယ်။ အဲ့သခင်လေးတွေ၊ သခင်မလေးတွေက အိမ်ပြန်သွားကြတာထင်တယ်။ အခု ကျွန်မတို့ ပြဿနာတက်ပြီ။ ကျွန်မတို့ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲက မထွက်ရသေးခင်မှာတင် အပြင်မှာ ကျွန်မတို့ရဲ့ရန်သူတွေ စုဝေးနေလောက်ပြီ”

“အာ...”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ သူ အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်တော်တို့ အခုချက်ချင်း ထွက်ပေါက်ရှာပြီး ထွက်သွားမယ်ဆိုရင်ရော။ အဲ့လိုဆို သူတို့ ရောက်မလာသေးခင် ကျွန်တော်တို့ အထက်ဘုံကို ပြန်သွားချင် သွားနိုင်လောက်မှာပေါ့”

“အရမ်းနောက်ကျသွားပြီ”

ချီချင်ချန်က ခေါင်းခါ၍ ပြောသည်။

“အထက်ဘုံကို ပြန်သွားနိုင်ဖို့ ကောင်းကင်ဝိညာဉ်ကျွန်းကနေ တည်နေရာပြောင်းရွှေ့ရမှာ။ အရင်ဆုံး ကျွန်မတို့ ဟွင့်သွမ့်ကျွန်းဆီ သွားရမယ်။ ကျွန်မတို့ ဟွင့်သွမ့်ကျွန်းထဲ ဝင်နိုင်လိုက်ရင်တောင် ပြန်ထွက်နိုင်ပါ့မလား။ ပြီးတော့ ဟွင့်သွမ့်ကျွန်းဆီရောက်ဖို့ ဘယ်လောက်ကြာအောင် သွားရမလဲ။ ကျွန်မတို့ ဟွင့်သွမ့်ကျွန်းကို ရောက်တဲ့အချိန်ကျရင် ကောင်းကင်ဝိညာဉ်ကျွန်းမှာ ကောင်းကင်ဘုံက စွမ်းအားကြီး သိုင်းသမားတွေ ပြည့်နေလောက်ပြီ...”

“စိတ်အေးအေးထားပါ၊ လွတ်လမ်းတစ်ခုက အမြဲရှိပါတယ်”

ကျန်းရီ တည်ငြိမ်စွာ ပြောလိုက်သည်။

“အခြေအနေက အဲ့လိုဆိုမှတော့ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲက မထွက်သေးဘဲ နေကြတာပေါ့။ ကျွန်တော် ဒီစစ်ချပ်ဝတ်ကို သန့်စင်လိုက်ဦးမယ်။ ပြီးမှ အထက်ဘုံကို ဘယ်လိုပြန်ရမလဲဆိုတာ အားလုံးဝိုင်ပြီး စဉ်းစားကြတာပေါ့။ ဟုတ်သား... စစ်သူကြီး၊ ကျွန်တော် ရတနာသေတ္တာနှစ်လုံးစလုံးကို ရလိုက်ပါတယ်။ အထဲမှာတော့ စာလိပ်နှစ်လိပ်ပဲ ပါတယ်။ စစ်သူကြီး အဲ့စာလိပ်တွေထဲက လျှို့ဝှက်အတတ်တွေကို နားလည်နိုင်မလား ကြည့်ကြည့်လိုက်ပေါ့။ ကျွန်တော် အရင်ဆုံး စစ်ချပ်ဝတ်ကို သန့်စင်လိုက်ဦးမယ်.. အဆိပ်ဝိညာဉ်က စောင့်ကြပ်ပေးနေပါ။ အင်း... အဆိပ်ဝိညာဉ်၊ ခင်ဗျား သိမ်းယူခဲ့တဲ့ ပစ္စည်းတွေထဲမှာ ရှေးဦးဝိညာဉ်ရတနာတစ်ခုခု ရှိနေမလားဆိုတာ ကျွန်တော် ကြည့်လိုက်မယ်။ ရှိနေရင် ခင်ဗျား အဲ့ရတနာကို သန့်စင်လိုက်ပေါ့”

ကျန်းရီသည် တိုက်ပွဲမှ ရခဲ့သော ပစ္စည်းများကို စူးစမ်းလိုက်၏။ အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်နှစ်ယောက်က ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့ကြသည်။ သို့သော် ၎င်းချပ်ဝတ်နှစ်ထည်စလုံးက အလောင်းကြီး၏ လက်သည်းချက်ကြောင့် ပျက်စီးခဲ့ရပေသည်။ ထို့ကြောင့် ကျန်းရီ ကံစမ်းကြည့်၍သာ ရပေတော့မည်။

“ဟားဟား... အဆိပ်ဝိညာဉ် ခင်ဗျား ကံကောင်းတယ်။ တောက်ဖုန့်ရဲ့ လက်စွပ်ထဲမှာ တစ်ခုရှိနေတယ်”

မကြာခင်မှာပင် ကျန်းရီ၏ မျက်လုံးများ တောက်ပလာ၏။ သူ တောက်ဖုန့်၏ လက်စွပ်ကို သန့်စင်လိုက်ပြီး လက်စွပ်ထဲမှနေ၍ အစိမ်းရောင်စစ်ချပ်ဝတ်တစ်ထည်ကို ထုတ်လိုက်သည်။ အဆိပ်ဝိညာဉ်သည် မည်သို့မှ မပြောဘဲ ချပ်ဝတ်ကို လျင်မြန်စွာယူ၍ အလင်းတစ်ချက်လက်ကာ ပျောက်ကွယ်သွားသည်။

ထို့နောက် ကျန်းရီသည် တောက်ဖုန့်၏ တာအိုကောင်းကင်ဝိညာဉ်ရတနာနှင့် စာလိပ်နှစ်လိပ်ကို ထုတ်လိုက်၏။ စာလိပ်နှစ်လိပ်ကို ချီချင်ချန်အား ပေးပြီးနောက် သူ တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်လိုက်သည်။ ချီချင်ချန် အားနာမနေတော့ပေ။ သူမတို့သုံးယောက်စလုံးက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါလား။ သူမတို့၏ ပူးပေါင်းအင်အားကို တိုးမြှင့်နိုင်မည်ဆိုလျှင် သူမတို့၏ ရှင်သန်နိုင်ခြေက ပိုများလာပေလိမ့်မည်။

တောက်ဖုန့်က သေသွားပြီးဖြစ်၍ တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ပေါ်တွင် သူ၏ဝိညာဉ်အမှတ်အသား ရှိမနေတော့ပေ။ ထို့ကြောင့် ချပ်ဝတ်ကို သန့်စင်ရခြင်းက လွယ်ကူပေသည်။ သို့သော် ထိုချပ်ဝတ်က အတန်ငယ် အသက်ဝင်နေသဖြင့် ကျန်းရီ၏ သန့်စင်မှုကို ခုခံရန် ကြိုးစားနေသည်။ ကျန်းရီ စိတ်လှုပ်ရှားမသွားဘဲ ချပ်ဝတ်အတွင်းသို့ ကောင်းကင်စွမ်းအား ဆက်ထည့်သွင်းလိုက်ပြီး တံဆိပ်စာလုံးများလည်း စေလွှတ်လိုက်သည်။ လေးနာရီကြာပြီးနောက် စစ်ချပ်ဝတ်ကို သန့်စင်ပြီးသွားပေသည်။

“ဟုတ်ပြီ...”

ထိုစစ်ချပ်ဝတ်နှင့် သူ၏မိုးမြေစွမ်းအားကို ပေါင်းလိုက်မည်ဆိုလျှင် သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့ကို သတ်နိုင်တော့မည် မဟုတ်ပေ။ ကျန်းရီ ပို၍ ယုံကြည်မှုရှိလာသည်။ ချီချင်ချန်ကမူ မျက်မှောင်ကြုတ်ထားဆဲပင်။ သူမသည် တိုးတက်မှုမရှိပုံပင်။

“ကျန်းရီ... စာလိပ်တစ်လိပ်ကို ရှင်ပဲ သိမ်းထားလိုက်ပါ။ ကျွန်မ အဲ့အတတ်တွေကို အချိန်တိုအတွင်း နားမလည်နိုင်လောက်ဘူး”

ချီချင်ချန်သည် ကျန်းရီအား စာလိပ်တစ်လိပ် လှမ်းပေး၍ ကျန်တစ်လိပ်ကို ယူထားကာ ပြောလိုက်သည်။

“အဲ့ဒါက အရမ်းထူးခြားတဲ့ လျှို့ဝှက်အတတ်တစ်ခုပဲ။ အဲ့အတတ်က ထိပ်တန်း လှုပ်ရှားမှုအတတ်တစ်ခု၊ ‘ကီလိုမီတာငါးရာအရှိန်တင်’လို့ခေါ်တယ်။ ဒါပေမဲ့ အဲ့ဒါကို နားလည်နိုင်ဖို့က အရမ်းခက်တယ်။ ကျွန်မသာ ကနဦးအဆင့်ကို ရောက်နိုင်မယ်ဆိုရင် ကျွန်မရဲ့ အမြန်နှုန်းက သိသိသာသာ တိုးလာလိမ့်မယ်”

“ဒီလိုဆိုရင်ရော...”

ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကိုထုတ်၍ ချီချင်ချန်အား ကမ်းပေးကာ ပြောလိုက်သည်။

“စစ်သူကြီး ဟွင့်သွမ့်ချီပုလဲထဲ ဝင်နေပြီး အဲ့အတတ်ကို ကျင့်ကြံနေလိုက်ပေါ့။ ကျွန်တော် တခြားရတနာတွေကို လိုက်ရှာလိုက်မယ်။ တကယ်လို့ ကျွန်တော်သာ မိစ္ဆာသတ်ဖြတ်နန်းတော်ရဲ့ သော့ချက်ကို ရှာတွေ့မယ်ဆိုရင် မိစ္ဆာသတ်ဖြတ်နန်းတော်ကိုသုံးပြီး အထက်ဘုံဆီ အလွယ်တကူ ထွက်ပြေးလို့ရတယ်”

“ကောင်းပြီ...”

ချီချင်ချန်၏ မျက်ဝန်းများ လင်းလက်လာသည်။ အကယ်၍ သူမတို့သာ မိစ္ဆာသတ်ဖြတ်နန်းတော်၏ သော့ချက်ကို ရလိုက်မည်ဆိုလျှင် နန်းတော်ကိုသုံး၍ အာကာသကို ဖြတ်ကျော်နိုင်ပေသည်။ အထက်ဘုံသို့လည်း အလွယ်တကူ ပြန်နိုင်မည်ဖြစ်သည်။ သူမတို့၏အသက်ကို ကာကွယ်နိုင်ရန် အချိန်က အခရာဖြစ်နေသည်။ ထို့ကြောင့် ချီချင်ချန်သည် မည်သည်ကိုမှ အရေးစိုက်မနေတော့ဘဲ နတ်ဘုရားသစ်ရွက်ကိုယူ၍ ဟွင့်သွမ့်ချီပုလဲထဲ ဝင်လိုက်လေသည်။

“အဆိပ်ဝိညာဉ်... ခင်ဗျား သန့်စင်ပြီးပြီလား”

ကျန်းရီ အော်ပြောလိုက်သောအခါ အဆိပ်ဝိညာဉ်က အဝေးမှနေ၍ လွင့်မျောလာပြီး ခံစားချက်များ ပြည့်နှက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အရှင်ငယ်... ကျွန်တော် သန့်စင်ပြီးပါပြီ။ အဲ့ဒါက တကယ့်ကို ရှေးဦးဝိညာဉ်ရတနာတစ်ခုပဲ။ ကျေးဇူးအများကြီးတင်ပါတယ် အရှင်ငယ်”

အဆိပ်ဝိညာဉ်က ဝိညာဉ်မျိုးနွယ်၏ သစ္စာဖောက်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ဘဝတစ်လျှောက်လုံး အရိပ်ထဲတွင်သာ နေရလိမ့်မည်ဟု ထင်ခဲ့သည်။ ကျန်းရီအနောက်သို့ လိုက်ခြင်းကြောင့် သူ့ဘဝကို ပေါ်ပေါ်ထင်ထင် ပြန်နေခွင့်ရလိမ့်မည်၊ သူ့အမည်ကလည်း အထက်ဘုံတစ်ခွင်လုံးတွင် ကျော်ကြားသွားလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ပေ။ ယခုတွင်မူ သူသည် ရှေးဦးဝိညာဉ်ရတနာချပ်ဝတ် တစ်ထည်ကို ဝတ်ဆင်ကာ ရှေးဦးဝိညာဉ်ရတနာလက်နက်တစ်ခုကို ကိုင်ထားရပေပြီ။ ယင်းမှာ သူ အိပ်မက်ပင် မမက်ခဲ့ဖူးသောအရာပင်။

“ကျွန်တော့်ကို ဘာကျေးဇူးတင်စရာရှိလို့လဲ။ သွားကြစို့”

ကျန်းရီက ပြုံး၍ ပြောလိုက်၏။ ထို့နောက် သူ ခေတ္တမျှ တွေးတောကာ မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။ သခင်မလေးကုန်းယန်တို့က အရှေ့ဘက်မှ ခန်းမထဲသို့ ဝင်သွားခဲ့သည်။ သူမတို့သည် ထိုခန်းမထဲမှ ရတနာအားလုံးကို ယူပြီးလောက်ပေပြီ။ ထိုကြောင့် ထိုဘက်သို့သွားလျှင် အကျိုးရှိမည် မဟုတ်ချေ။

ကျန်းရီသည် အလောင်းကြီးကိုသိမ်း၍ အဆိပ်ဝိညာဉ်နှင့်အတူ အရှေ့သို့ လျင်မြန်စွာ သွားနေသည်။ တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် ယခုတွင် ကျန်းရီ ပို၍ ယုံကြည်မှုရှိနေပြီဖြစ်သည်။ ဟယ်နုန်ယင်းက သူ့ကို မြားနှင့်ပစ်လိုက်လျှင်ပင် သူ သေ‌တော့မည် မဟုတ်ပေ။

ပေသောင်းကျော် သွားပြီးနောက် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ ဧရာမတံခါးကြီးတစ်ချပ်အရှေ့သို့ ရောက်သွား၏။ ဤခန်းမ၏ တစ်ဘက်စီတွင် တံခါးတစ်ပေါက်စီ ရှိနေသည်။ ယခုတံခါးပေါ်တွင် အကာအရံများ တောက်ပနေသည်။ အစောတွင် ဟယ်နုန်ယင်းက ဤဘက်မှ ထွက်သွားခြင်းပင်။ သို့သော် အကာအရံများက ပြန်ဖြစ်တည်လာပေပြီ။

“ကျား...”

ကျန်းရီသည် တံခါးကြီးကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်လိုက်၏။ အကာအရံများ အနည်းငယ် လင်းလက်သွားသည်။ ကျန်းရီ ယင်းကိုကြည့်ကာ ခေါင်းညိတ်၍ ဆိုလိုက်သည်။

“ဒီတံခါးကိုဖွင့်ဖို့ အင်အားလိုတယ်။ အဆိပ်ဝိညာဉ်.. နောက်ဆုတ်နေပါ”

အဆိပ်ဝိညာဉ်သည် ခြေတစ်လှမ်းဆုတ်၍ ဘေးသို့တိုးလိုက်၏။ ကျန်းရီသည် အလောင်းကြီးကို ပြန်ထုတ်ကာ ၎င်းအတွင်းသို့ မိုးမြေစွမ်းအား ထည့်သွင်းလိုက်သည်။ အလောင်းကြီးသည် ထက်ရှာသော ဓားတစ်ချောင်းအလား အရှေ့သို့ ပြေးသွားပြီး ဧရာမတံခါးကြီးကို ဝင်တိုးလိုက်ပေသည်။

ဝုန်း...

ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး အကာအရံများ အတန်ငယ် မှိန်သွား၏။ အလောင်းကြီးက လက်သီးမြှောက်၍ တံခါးကြီးကို စထိုးသည်။ နောက်ဆုံးတွင် လက်သီးတစ်ချက် ထိုးလိုက်တိုင်း တံခါးက အနည်းငယ်ပွင့်၍လာပေသည်။

‘ကြမ်းလိုက်တာ...’

အဆိပ်ဝိညာဉ် စိတ်ထဲမှ ချီးကျူးလိုက်၏။ သူ ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားလျှင်ပင် အလောင်းကြီး၏ လက်သီးချက်ကို တစ်ချက်ထက် ပိုခံနိုင်မည် မဟုတ်ပေ။

“ဟူး...”

ကျန်းရီ သက်ပြင်းချလိုက်၏။ ထိုအလောင်းကြီးက အမှန်ပင် ကြမ်းတမ်းသည်။ သို့သော် ၎င်းကို ထိန်းချုပ်နိုင်ရန် မိုးမြေစွမ်းအားများစွာ လိုအပ်သည်။ ကျန်းရီ ထိုအလောင်းကြီးကို စိတ်ကြိုက်အသုံးပြု၍ မရပေ။ သူ၏မိုးမြေစွမ်းအား ကုန်သွားလျှင် အလောင်းကြီးက လှုပ်ရှားနိုင်တော့မည် မဟုတ်ချေ။

ကျန်းရီ အဆိပ်ဝိညာဉ်ကို ခေါ်၍ တံခါးထဲဝင်လိုက်သည်။ အလင်းက သူတို့ကို လွှမ်းခြုံသွား၏။ ထို့နောက် သူတို့ လမ်းကြောင်းတစ်ခုကို ရောက်ရှိသွားသည်။ ထိုလမ်းကြောင်းမှာ အဖြောင့်မဟုတ်ဘဲ အရှေ့၌ လမ်းခွဲအနည်းငယ် ရှိနေသည်။ ယင်းက ဝင်္ကပါတစ်ခုကဲ့သို့ပင်။

‘ဒီမှာ ရတနာတွေ ရှိလောက်တယ်။ ဒါပေမဲ့ ရတနာတွေကို ရနိုင်ဖို့ ဉာဏ်ရည်လိုတယ်။ ပြီးတော့... ဒီမှာ စတုတ္ထထပ်ရဲ့ဝင်ပေါက် ရှိနေနိုင်တယ်။ အဲ့ဒါကို ရှာတွေ့၊ မတွေ့ကတော့ ငါတို့ရဲ့ကံအပေါ် မူတည်မှာပဲ’

ကျန်းရီသည် လမ်းကြောင်းကိုကြည့်ရင်း တွေးတောလိုက်၏။ သူတို့သည် မြောက်ဘက်တံခါးမှနေ၍ ဤဝင်္ကပါသို့ ရောက်လာခဲ့ခြင်းပင်။ ဤနေရာတွင် စတုတ္ထထပ်၏ဝင်ပေါက် ‌ရှိနေလောက်သည်။ အကယ်၍ စတုတ္ထထပ်က အမှန်ပင် ရှိနေလျှင် မိစ္ဆာသတ်ဖြတ်ဓား၊ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်နှင့် မိစ္ဆာသတ်ဖြတ်နန်းတော်၏ သော့ချက်တို့က သေချာပေါက် စတုတ္ထထပ်တွင် ရှိနေပေလိမ့်မည်။

ကျန်းရီ အရှေ့သို့ မဆင်မခြင် မသွားပေ။ ဤကဲ့သို့သော ဝင်္ကပါထဲ၌ ခြေတစ်လှမ်းမှားသွားလျှင် သူ ထွက်ပေါ်အစစ်ကို ရှာနိုင်တော့မည် မဟုတ်ဘဲ ဤနေရာတွင် ပိတ်မိနေပြီး အပြင်သို့ တည်နေရာပြောင်းရွှေ့ခံရမည့်အချိန်ကို စောင့်နေရပေလိမ့်မည်။

ကျန်းရီ တင်ပျဉ်ခွေထိုင်ချ၍ မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို အာရုံခံရန် ကြိုးစားလိုက်သည်။ ငါးမိနစ်ကြာ ထိုင်နေပြီးနောက် ကျန်းရီ၏ နှာခေါင်းက အနံ့တစ်ခုကို ရလိုက်၏။ သူ ရုတ်ခြည်း ထရပ်လိုက်ပြီး ဒုတိယလမ်းခွဲကို ညွှန်ပြကာ ပြောလိုက်သည်။

“ဟယ်နုန်ယင်းက အဲ့လမ်းအတိုင်း သွားတာပဲ။ အဆိပ်ဝိညာဉ်... ကျွန်တော်တို့ သူ့နောက်ကို လိုက်ကြတာပေါ့။ အဲ့ကောင်မလေးက ကောင်းကင်ဘုံက မျိုးနွယ်ကြီးတစ်ခုရဲ့ သခင်မလေးတစ်ယောက်ပဲ။ ပြီးတော့ သူက တတိယထပ်ကိုလည်း အလွယ်လေး တက်လာနိုင်ခဲ့တယ်။ သူ့မှာ စတုတ္ထထပ်ရဲ့ ဝင်ပေါက်အစစ်အမှန်ကို ပြတဲ့ ရတနာမြေပုံတစ်ခု ရှိနေလောက်တယ်”

All Chapters