ပုံရိပ်လက်တစ်ထောင်
Vol. 118 Ch. 1643
“ဟယ်နုန်ယင်း... နောက်ကျ ငါ ကောင်းကင်ဘုံကို တက်လာနိုင်ရင် မင်းရဲ့ဘဝကို ခက်ခဲအောင် လုပ်ပေးမယ်”
ကျန်းရီ တီးတိုးရေရွတ်လိုက်သည်။ ထိုမိန်းမက သူ့ကို အကွက်ဆင်သွားခဲ့သည်။ သူသည် မိန်းမများ၏ အကွက်ဆင်ခံရမှုကို အမုန်းဆုံးဖြစ်သည်။ ကျီထင်ယွီနှင့် ရှင်းမုန့်ဝမ်တို့ နှစ်ယောက်က သူ့ကို စိတ်ဒဏ်ရာပေးခဲ့ခြင်းပင်။ ယခု ဟယ်နုန်ယင်းကလည်း ထိုသို့လုပ်နေရာ သူ၏စိတ်ဒဏ်ရာ ပျောက်ကင်းရန် ခက်ခဲလာမည်ကို သူ စိုးရိမ်နေပေသည်။
ကျန်းရီ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ပတ်ဝန်းကျင်ကို အာရုံခံနေ၏။ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူ မျက်လုံးဖွင့်လိုက်ပြီး ခေတ္တမျှ တွေးတောကာ အဆိပ်ဝိညာဉ်ကို ပြောလိုက်လေသည်။
“အဆိပ်ဝိညာဉ်... ကျွန်တော်တို့ ကံစမ်းကြည့်တာပေါ့။ နာရီနှစ်ဆယ်ကြာပြီးရင် ကျွန်တော်တို့ ထွက်ပေါက်ကို တွေ့တွေ့၊ မတွေ့တွေ့ ဒီနေရာကို ပြန်လာကြမယ်။ လမ်းမှာ တစ်ယောက်အတွက်တစ်ယောက် သဲလွန်စတွေ ချန်ခဲ့မယ်။ အဲ့ဒါမှ ကျွန်တော်တို့ ဒီနေရာကို ပြန်လာနိုင်မှာ”
“ကောင်းပါပြီ”
အဆိပ်ဝိညာဉ်က အတော်ဆုံး ထောက်လှမ်းရေးများထဲမှ တစ်ယောက် ဖြစ်သည်။ သူ့အတွက် သဲလွန်စများ ချန်ခဲ့ရန်နှင့် ဤနေရာသို့ ပြန်လာရန် လွယ်ကူပေသည်။ သို့ဖြင့် သူတို့နှစ်ယောက်သည် တစ်ယောက်တစ်လမ်းစီသွားကာ ထွက်ပေါက်ကို လိုက်ရှာကြလေသည်။ လမ်းခွဲတစ်ခုသို့ ရောက်တိုင်း သူတို့ သဲလွန်စလေးများ ချန်ခဲ့သည်။ ထိုသဲလွန်စလေးများက မထင်ရှားပေ။ ၎င်းတို့ကို တမင်လိုက်ရှာနေသူ မဟုတ်လျှင် သတိပြုမိမည် မဟုတ်ချေ။
ဝင်္ကပါထဲတွင် လမ်းခွဲများစွာ ရှိနေသည်။ အစတွင် ကျန်းရီသည် မည်သည့်လမ်းအား ရွေးရမည်ကို သေသေချာချာ စဉ်းစားခဲ့သည်။ နောက်ပိုင်းတွင်မူ များစွာတွေးတောမနေတော့ဘဲ လမ်းများကို ကျပန်းရွေးချယ်၍ သွားလိုက်သည်။ သွားရာလမ်းတိုင်းတွင်လည်း သဲလွန်စလေးများ ချန်ခဲ့ပေသည်။
နှစ်နာရီကြာပြီးသည်အထိ ကျန်းရီသည် တွေ့ရာလမ်းတိုင်းကို သွားနေပေသည်။ သူက ကံစမ်းနေခြင်း မဟုတ်ပါလား။ သူ ထွက်ပေါက်ကို တွေ့မည်၊ မတွေ့မည်မှာ ကောင်းကင်အပေါ်တွင်သာ မူတည်နေပေသည်။
ကောင်းကင်က ကျန်းရီဘက်တွင် မရှိခဲ့ပေ။
ရှစ်နာရီကြာပြီးနောက်တွင် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ တိုက်တိုက်ဆိုင်ဆိုင် ပြန်ဆုံကြသည်။ ထို့ပြင် ကျန်းရီက သူဖြတ်ပြီးခဲ့သော လမ်းကို ပြန်လျှောက်မိနေခြင်း ဖြစ်နေသည်။
“လူခွဲပြီး ဆက်ရှာကြတာပေါ့”
ကျန်းရီ အဆိပ်ဝိညာဉ်နှင့် ထပ်မံ လမ်းခွဲလိုက်၏။ သူ နောက်ထပ်ခြောက်နာရီ ဆက်လျှောက်ပြီးနောက် မူလနေရာသို့ပင် ပြန်ရောက်လာပြန်၏။ ယင်းအပြင် နောက်တစ်ပတ် ထပ်ပတ်ပြီးသောအခါ အဆိပ်ဝိညာဉ် ချန်ခဲ့သော သဲလွန်စလေးများကို သူ တွေ့လိုက်ရသည်။ ထိုလမ်းများကို အဆိပ်ဝိညာဉ်က လျှောက်ပြီးသွားလောက်ပေပြီ။
နောက်ထပ်နှစ်နာရီကြာပြီးနောက် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ ထပ်တွေ့ကြပြန်သည်။ ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“တော်ပြီ.. ထားလိုက်တော့။ အသုံးမဝင်ဘူး။ ကျွန်တော်တို့က ဒီမှာ ပိတ်မိနေပြီ။ ထွက်ပေါက်ကို ရှာနိုင်မယ် မထင်ဘူး”
“ဟုတ်ကဲ့ပါ...”
အဆိပ်ဝိညာဉ်လည်း အံ့အားသင့်နေသည်။ သူသည် လျှောက်ပြီးသော လမ်းများကို အကြိမ်ကြိမ် ပြန်လျှောက်မိနေခဲ့သည်။ ဤဝင်္ကပါက သူ့ကို အစမှတ်သို့သာ ပြန်ရောက်နေစေသည်။ ထိုပဟေဠိအား ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို မတွေ့လျှင် သူတို့ ထွက်ပေါက်ကို လုံးဝရှာတွေ့မည် မဟုတ်ချေ။
“အလောင်းကြီး ထွက်လာခဲ့”
ကျန်းရီ လေသံတိုးတိုးဖြင့် အလောင်းကြီးကို ဆင့်ခေါ်လိုက်၏။ ထို့နောက် အလောင်းထဲသို့ မိုးမြေစွမ်းအား ထည့်သွင်းကာ အလောင်းအား ဝင်္ကပါနံရံများကို လက်သည်းဖြင့် ကုတ်စေလိုက်သည်။ ထိခတ်သံများ ထွက်ပေါ်လာပြီး နံရံများ မီးပွင့်သွား၏။ သို့သော် ပျက်စီး၍တော့ မသွားပေ။
“ပြန်သွားမယ်”
ကျန်းရီ စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး အလောင်းကြီးကို ပြန်သိမ်းလိုက်သည်။ ထို့နောက် အစောမှ လမ်းဆုံးဆီသို့ ပြန်သွားလိုက်၏။ သူနှင့် အဆိပ်ဝိညာဉ်တို့သည် ထိုလမ်းကို တစ်နာရီလောက် ပြန်ရှာရပေသည်။ ပြန်ရောက်သောအခါ သူ လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
“ကျင့်ကြံချင် ကျင့်ကြံ၊ မကျင့်ကြံချင်လည်း ဒီနားတစ်ဝိုက်မှာ လျှောက်သွားကြည့်နေပေါ့။ ဝေးဝေးတော့ မသွားနဲ့။ ကျွန်တော်ကတော့ ကျွန်တော်တို့ အပြင်ရောက်တာနဲ့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို တွေးလိုက်ဦးမယ်။ ကျွန်တော်တို့ အထက်ဘုံကို ပြန်ရောက်မှဖြစ်မယ်”
“ဟုတ်ကဲ့”
အဆိပ်ဝိညာဉ် လွင့်မျောပျံသန်းသွားလိုက်သည်။ အချိန်က အနည်းငယ်သာ ကျန်တော့ရာ ကျင့်ကြံနေမည်ဆိုလည်း ဘာတိုးတက်မှုမှ ရှိမည် မဟုတ်ပေ။ ထိုအစား စတုတ္ထထပ်သို့ တက်နိုင်မည့် နည်းလမ်းကို တွေးခြင်းကသာ ပိုအကျိုးရှိပေလိမ့်မည်။
ကျန်းရီသည် အဆိပ်ဝိညာဉ်ကို အရေးမစိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဤဝင်္ကပါထဲတွင် သူတို့ လုံခြုံပေသည်။ အကယ်၍ ဝင်္ကပါထဲ တစ်ယောက်ယောက် ဝင်လာလျှင်လည်း သူ ထိုသူကို အလွယ်တကူ သတ်နိုင်လောက်သည်။ ထို့ကြောင့် သူ တင်ပျဉ်ခွေထိုင်၍သာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်လိုက်သည်။ ၎င်းနောက် မိုးမြေစွမ်းအားကို ကျင့်ကြံရင်း လွတ်လမ်းတစ်လမ်းကို အသည်းအသန် တွေးတောလိုက်လေသည်။
ယခုတွင် ကျန်းရီ၏ မိုးမြေစွမ်းအားက အလွန်အဖိုးတန်နေပေပြီ။ သူတို့ မိစ္ဆာသတ်ဖြတ်နန်းတော်အပြင် ရောက်သည်နှင့် သေချာပေါက် လိုက်သတ်ခံရပေလိမ့်မည်။ ထို့ကြောင့် သူ မိုးမြေစွမ်းအားကို အလုံအလောက် ပြင်ဆင်ထားရပေမည်။ မဟုတ်လျှင် အလောင်းကြီးက လှုပ်နိုင်မည် မဟုတ်ချေ။ အလောင်းကြီးက မလှုပ်နိုင်လျှင် ဝန်းရံထားသူများကိုလည်း ဖောက်ထွက်နိုင်မည် မဟုတ်ပေ။
ကျန်းရီ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲသို့ ရောက်နေသည်မှာ အနိမ့်ဘုံအချိန် ရက်အနည်းငယ်သာ ရှိသေးသည်။ အထက်ဘုံအချိန် တစ်ရက်ကို အနိမ့်ဘုံအချိန်နှင့်နှိုင်းလျှင် အလွန်ကြာပေသည်။ သို့သော် သူနှင့် ချီချင်ချန်တို့က မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာပြီးနောက် နေ့တစ်ဝက်ကြာမှ လာခဲ့ခြင်းဖြစ်ရာ နေ့တစ်ဝက် အချိန်ဖြုန်းမိသလို ဖြစ်ခဲ့သည်။
ကျန်းရီ၏ တွက်ချက်မှုအရဆိုလျှင် သူတို့ မိစ္ဆာသတ်ဖြတ်နန်းတော်အပြင်သို့ တည်နေရာပြောင်းရွှေ့ ခံရဖို့ အနိမ့်ဘုံအချိန် ရက်ငါးဆယ်လောက် လိုပေသေးသည်။ ထိုအချိန်အတောအတွင်း သူ မိုးမြေစွမ်းအားကို အဆက်မပြတ် ကျင့်ကြံမည်ဆိုလျှင် လုံလောက်သော စွမ်းအားပမာဏကို ရလောက်သည်။ အနည်းဆုံးတော့ သူ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်လာခါစတွင် ရှိခဲ့သော စွမ်းအားပမာဏကို ပြန်ရပေလိမ့်မည်။
‘ကီလိုမီတာငါးရာအရှိန်တင်တဲ့လား။ အဲ့လျှို့ဝှက်အတတ်က ငါ့အတွက် အသစ်အဆန်းတော့ မဟုတ်ပါဘူး’
ကျန်းရီ လျှို့ဝှက်အတတ်များပါသည့် စာလိပ်နှစ်လိပ်အကြောင်းကို တွေးတောမိသွား၏။ ချီချင်ချန်က ‘ကီလိုမီတာငါးရာအရှိန်တင်’အတတ်ကို ကျင့်ကြံနေသည်။ သူ့အတွက်မူ အလောင်းကြီးက တောက်ဖုန့်ထက်ပင် ပိုလျင်မြန်စွာ သွားနိုင်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်ကလည်း နိမ့်နေသေးရာ ထိုအတတ်ကို ကျင့်ကြံလျှင်လည်း များစွာအကျိုးရှိမည် မဟုတ်ပေ။
မဟာနတ်ဘုရားအတတ်ကိုလည်း ကျင့်ကြရန် မလိုအပ်သေးပေ။ ထိုအတတ်က အချိန်တိုအတွင်း တိုးတက်လာနိုင်သော အတတ်မျိုး မဟုတ်။ ထို့ကြောင့် ကျန်းရီသည် အခြားစာလိပ်မှ လျှို့ဝှက်အတတ်ကို တွေးလိုက်၏။ ၎င်းက အသုံးဝင်မည်လော။
‘ပုံရိပ်လက်တစ်ထောင်’
ထိုပုံရိပ်ယောင်အတတ်က သူ၏တိုက်ခိုက်မှုများကို ထောက်ပံ့ပေးနိုင်သည်။ မူလတွင် ကျန်းရီသည် ထိုအတတ်က မည်သို့သော အတတ်မျိုးဖြစ်ကြောင်း မသေချာ၍ များစွာအာရုံမစိုက်မိခဲ့။ ယခုတွင်မူ သူ ၎င်းအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်ပေသည်။
အရင်ဆုံး ကျန်းရီ စာလိပ်ထဲတွင် ရေးသားထားသော အကြောင်းအရာအားလုံးကို မှတ်သားလိုက်သည်။ ထို့နောက် သူ ထိုအကြောင်းအရာများကို နားလည်သဘောပေါက်နိုင်ရန် ကြိုးစားလိုက်လေသည်။ လေးနာရီကြာအောင် ကြိုးစားပြီးနောက် ထိုအတတ်က မည်ကဲ့သို့သောအတတ်မျိုးဖြစ်ကြောင်း သိသွားသည်။
ပုံရိပ်လက်တစ်ထောင်မှာ အမှန်ပင် ထောက်ပံ့အမျိုးအစား လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်။ ရှင်းရှင်းလင်းလင်း ပြောရလျှင် ပုံရိပ်ယောင်အတတ်တစ်ခုပင်။ ၎င်းကို ကျန်းရီ၏ တိုက်ခိုက်မှုနှင့် ပေါင်းစပ်၍သုံးမည်ဆိုလျှင် ရန်သူသည် မည်သည့်တိုက်ခိုက်မှုက အစစ်ဖြစ်ကြောင်း ခွဲနိုင်တော့မည် မဟုတ်ချေ။ ဥပမာအနေဖြင့် လက်ဝါးရိုက်ချက်ကို ကြည့်ပါ။ လက်ဝါးရိုက်ချက်ကို ပုံရိပ်လက်တစ်ထောင်အတတ်နှင့် တွဲသုံးလိုက်မည်ဆိုလျှင် ကောင်းကင်ထဲ၌ လက်ဝါးရာများ ပြည့်နှက်သွားပြီး မည်သည့်လက်ဝါးရာက အစစ်ဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲသွားပေလိမ့်မည်။ ယင်းမှာ မည်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။
သို့သော် ထိုပုံရိပ်လက်တစ်ထောင်ကို လက်သိုင်းများနှင့်သာ တွဲသုံးနိုင်သည်။ လက်နက်များနှင့် တွဲဖက်အသုံးမပြုနိုင်။ ၎င်းမှာ အားနည်းချက်ပင်။ လက်လှုပ်ရှားမှုများကို အသုံးပြုသည့် ဆန်းကြယ်စွမ်းရည်တစ်ခု မရှိလျှင် ထိုပုံရိပ်ယောင်လက်တစ်ထောင်က အသုံးဝင်မည် မဟုတ်ပေ။ သို့သော် စာလိပ်ထဲတွင် ဖော်ပြထားပုံအရ ထိုပုံရိပ်လက်တစ်ထောင်က အလွန်အစစ်နှင့်တူပုံပင်။ ဧကရာဇ်အဆင့်အောက်မှ သိုင်းသမားများသည် မည်သည့်တိုက်ခိုက်မှုက အစစ်၊ မည်သည့်တိုက်ခိုက်မှုက အတုဟူ၍ ခွဲနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်လည်း ပုံရိပ်လက်တစ်ထောင်က အလွန်စွမ်းအားကြီးသော ထောက်ပံ့အမျိုးအစား လျှို့ဝှက်အတတ်တစ်ခု ဖြစ်နေခြင်းပင်။
‘ဒါပေမဲ့ ဘာအသုံးဝင်မှာလဲ၊ ငါမှ အစွမ်းထက်တဲ့ လက်သိုင်းတွေကို မတတ်တာ’
ကျန်းရီ သက်ပြင်းချလိုက်သည်။ သူ၏ စည်းမျဉ်းဆန်းကြယ်စွမ်းရည်များက အလွန်အားနည်းသည်။ ထိုပုံရိပ်လက်တစ်ထောင်က သူ့အတွက် အသုံးမဝင်လောက်ပေ။ ၎င်းက ထောင်ချီသော ပုံရိပ်လက်များကို ဖန်တီးနိုင်လျှင်ပင် သူ၏ရန်သူကို သတ်နိုင်မည် မဟုတ်ချေ။ သို့ဖြစ်ရာ မည်သို့ အကျိုးရှိပါမည်နည်း။
‘မဟုတ်သေးဘူး...’
ကျန်းရီ ရင်ခုန်မြန်သွား၏။ သူ အစွမ်းထက် လက်သိုင်းတစ်မျိုးကို သိသည်။
မီးလက်ဝါး...
ခြောက်ရောင်ခြယ်မီးတောက်များက သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို မသတ်နိုင်လျှင်ပင် အပြင်အထန်တော့ ဒဏ်ရာရသွားစေနိုင်သည်။ ထိုတိုက်ခိုက်မှုကို ပုံရိပ်လက်တစ်ထောင်နှင့် တွဲသုံးလိုက်မည်ဆိုလျှင် မည်သူ့ကိုမဆို မီးလက်ဝါးဖြင့် အလွယ်တကူ ရိုက်နိုင်ပေလိမ့်မည်။ ရန်သူသည် လေထဲရှိ မည်သည့်မီးလက်ဝါးက အစစ်ဖြစ်ကြောင်းကို ခွဲနိုင်လိမ့်မည် မဟုတ်ချေ။
‘အဲ့ဒါလည်း မဟုတ်သေးဘူး...’
ကျန်းရီ ခေတ္တမျှ ထပ်တွေးလိုက်၏။ မီးတောက်များက အလွန်ပူသည်။ ပုံရိပ်လက်တစ်ထောင်က လက်အတုများကို ဖန်တီးနိုင်မည်ဆိုလျှင်ပင် အပူချိန်ကိုတော့ တုပနိုင်လိမ့်မည် မဟုတ်ပေ။ ရန်သူသည် အပူချိန်ကို အာရုံခံ၍ မည်သည့်လက်က အတု၊ မည်သည့်လက်က အစစ်ဖြစ်ကြောင်းကို အလွယ်တကူ ခွဲခြားနိုင်လောက်သည်။ သို့ဆိုလျှင် ပုံရိပ်လက်များ ဖန်တီးခြင်းက မည်သည့်အကျိုးရှိပါနည်းနည်း။
‘ပုံရိပ်လက်တွေက အစစ်နဲ့ အရမ်းတူတယ်ဆိုရင် လက်တိုင်းက ထွက်လာမဲ့ မီးတောက်တွေကရော အစစ်လို့ ခံစားရလောက်လား’
ယခုတွင် ကျန်းရီ ခေါင်းရှုပ်နေပေပြီ။ သို့သော် သူ့မေးခွန်း၏ အဖြေကိုရရန် စမ်းကြည့်ရန်သာ ရှိသည်။ သို့သော် ထိုအတတ်ကို အားစိုက်၍ ကျင့်ကြံပြီးမှ အသုံးမဝင်ဖြစ်နေလျှင် အချိန်ဖြုန်းမိသလို ဖြစ်သွားပေလိမ့်မည်။ ပုံမှန်ဆိုလျှင် ယင်းက ကိစ္စမရှိသော်လည်း လက်ရှိတွင်မူ အချိန်က အလွန်အဖိုးတန်နေသည်။ ဝန်းရံထားသူများကို ဖောက်ထွက်နိုင်၊ မထွက်နိုင်မှာ သူ အချိန်ကို မည်မျှအကျိုးရှိရှိ အသုံးချသနည်းဆိုသည့်အပေါ်တွင် မူတည်နေပေသည်။
အဆိပ်ဝိညာဉ်က ထွက်ပေါ်ကို ထပ်သွားရှာနေသည်။ သို့သော် ကျန်းရီသည် အဆိပ်ဝိညာဉ်အပေါ်တွင် မျှော်လင့်ချက်မထားပေ။ သူတို့ အပြင်သို့ တည်နေရာပြောင်းရွှေ့ခံရရန် အချိန်သိပ်မလိုတော့။ တည်နေရာပြောင်းရွှေ့ခံရလျှင် သူတို့သည် မိစ္ဆာသတ်ဖြတ်နန်းတော်နှင့် ကီလိုမီတာငါးသိန်းပတ်လည်အတွင်းရှိ နေရာတစ်ခုသို့ ရောက်သွားမည်ဖြစ်သည်။ ထိုနေရာတွင် သေချာပေါက် အသင့်စောင့်နေသူများ ရှိလိမ့်မည်ဟု ကျန်းရီ ယုံကြည်သည်။ သူ၏ ယုံကြည်မှု မှန်၊ မမှန်ကိုမူ သူတို့ အပြင်ရောက်သွားလျှင် သိရပေလိမ့်မည်။
ဝန်းရံထားသူများကို ဖောက်ထွက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ခိုက်ရန်သာဖြစ်သည်။ ဖောက်ထွက်နိုင်မည်ဆိုလျှင် သူတို့ အထက်ဘုံသို့ ပြန်နိုင်ပေလိမ့်မည်။
ဟွင့်သွမ့်ပင်လယ်က ကြီးမားသည်။ ကျန်းရီထံတွင် အလောင်းကြီးနှင့် ပုန်းကွယ်ခြင်းအတတ်ရှိသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က သူ့အနောက် လိုက်လာမည်ဆိုလျှင်ပင် သူ ထိုလူများကို အလွယ်တကူ သတ်နိုင်လောက်သည်။ ယင်းမှာ သူ့တွင် ရှင်သန်နိုင်ခြေရှိသေးသည်ဆိုသော အဓိပ္ပာယ်ပင်။ သို့သော် ထိုအခွင့်အရေးကို ရနိုင်ရန် အရင်ဆုံး ဝန်းရံထားသူများကို ဖောက်ထွက်နိုင်ရမည်ဖြစ်သည်။
ကျန်းရီသည် တွေးတောရင်းဖြင့် တစ်နာရီနီးပါး တွေဝေနေခဲ့၏။ နောက်ဆုံးတွင် အခြားနည်းလမ်းမရှိကြောင်း သူ သဘောပေါက်သွားသည်။ အခြေအနေက မည်သို့ဖြစ်စေ သူ့၌ အခြားလုပ်စရာမရှိ။ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ပုံရိပ်လက်တစ်ထောင်ကို ကျင့်ကြံရန်ပင်။
‘မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်၊ ကျွန်တော့်ကို စိတ်မပျက်ပါစေနဲ့’
ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ သူသည် သူ၏မျှော်လင့်ချက်အားလုံးကို မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်အပေါ်တွင် ထားလိုက်ပေပြီ။ ထိုစာလိပ်က သိသာထင်ရှားသော နေရာတွင် ရှိနေခဲ့သည်။ ၎င်းကို ရယူနိုင်ရန်လည်း အလွန်ခက်ခဲခဲ့သည်။ အကယ်၍ ပုံရိပ်လက်တစ်ထောင်အတတ်က ဖန်တီးပေးနိုင်သည့် လက်များက အစစ်နှင့် တူမနေလျှင် သူ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်၏ ကစားခြင်းကို ခံလိုက်ရခြင်းသာ ဖြစ်ပေလိမ့်မည်။
ကျန်းရီ မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံလိုက်သည်။ နတ်ဘုရားသစ်ရွက်က ချီချင်ချန်ထံတွင်ဖြစ်သည်။ ဤပုံရိပ်လက်တစ်ထောင်အတတ်က အသုံးဝင်မည်၊ မဝင်မည်ကို မသေချာသေး၍ သူ ချီချင်ချန်ထံမှနေ၍ နတ်ဘုရားသစ်ရွက် ပြန်မတောင်းလိုပေ။ ထို့ကြောင့် အရာအားလုံးကို ကံကြမ္မာအပေါ်တွင်သာ ပုံချထားလိုက်လေတော့သည်။