အထက်ဘုံသို့
Vol. 118 Ch. 1644
ကောင်းကင်သည် အမှန်ပင် ကျန်းရီဘက်တွင် မရှိပေ။
အဆိပ်ဝိညာဉ်သည် အနိမ့်ဘုံအချိန် ရက်နှစ်ဆယ်ကြာအောင် လှည့်ပတ်ရှာဖွေခဲ့၏။ သို့သော် မည်သည်ကိုမှ ရှာမတွေ့ခဲ့ပေ။ ကျန်းရီသည်လည်း ပုံရိပ်လက်တစ်ထောင်ကို ဆယ့်နှစ်ရက်ကြာအောင် ကျင့်ကြံခဲ့သော်ငြား အတန်ငယ်သာ တိုးတက်ခဲ့သည်။ စေ့စေ့စပ်စပ် နားလည်သဘောပေါက်ရန် အဝေးကြီး လိုပေသေးသည်။
ထို့ပြင် ၎င်းအတတ်ကို သူ၏ပေါင်းစည်းမီးတောက်များနှင့် တွဲဖက် သုံးနိုင်မည်၊ မသုံးနိုင်မည်ကို ယခုအထိ ကျန်းရီ မသိသေး။ ဤအတောအတွင်း သူ များစွာ တွေးတောခဲ့သည်။ သို့သော် နည်းလမ်းတစ်ခု မရှာနိုင်သေးချေ။
ချီချင်ချန်က တစ်ချိန်လုံး ကျင့်ကြံနေခဲ့သည်။ နတ်ဘုရားသစ်ရွက်က သူမထံတွင်ဖြစ်သည်။ ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို သူမဆီမှ ပြန်တောင်းရန် ရှက်သဖြင့် မိုးမြေစွမ်းအားကို ဆက်ကျင့်ကြံရန်သာ ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ပုံရိပ်လက်တစ်ထောင်ကိုလည်း ဆက်လေ့လာနေပေသည်။
အဆိပ်ဝိညာဉ်သည် လက်မလျှော့လိုသေးဘဲ ထွက်ပေါ်ကို ဆက်ရှာနေခဲ့သည်။ မကြာခင်မှာပင် သူ စိတ်ပျက်စရာအကြောင်းတစ်ခုကို သိလိုက်ရသည်။ လမ်းအားလုံးတွင် သူ အမှတ်အသား ချန်ခဲ့ပြီးသွားပေပြီ။ သို့သော် ထွက်ပေါက်ကို မတွေ့ပေ။ ဝင်္ကပါက ကြီးမားသဖြင့် အနည်းဆုံး လမ်းပေါင်းတစ်သန်းလောက်ရှိသည်။ အဆိပ်ဝိညာဉ်က နေ့မနား၊ ညမနား လျှောက်ကာ လမ်းအားလုံးကို သွားပြီးခဲ့ပေပြီ။ သို့သော် ဤဝင်္ကပါထဲတွင် ထွက်ပေါက်ရှိပုံ မပေါ်ချေ။
ဤနေရာတွင် တစ်ခုခု မှားနေကြောင်း အဆိပ်ဝိညာဉ်သိ၏။ သူ ပြဿနာကိုသာ ရှာတွေ့နိုင်မည်ဆိုလျှင် ထွက်ပေါက်ကို ရှာတွေ့လောက်သည်။ ထို့ကြောင့် သူသည် ကျန်းရီထံသို့ ပြန်၍ သူ သိရှိထားသည့်အရာကို ပြောပြလိုက်သည်။
သို့ရာတွင် ကျန်းရီက ထမလာပေ။ ဤဝင်္ကပါက တစ်ခုခု မှားနေရမည်ဖြစ်ကြောင်းကို သူ အစကတည်းမှ ခန့်မှန်းမိသည်။ သူတို့ ထွက်ပေါက်ကို ရှာနိုင်လိမ့်မည် မဟုတ်ပေ။
ဝင်္ကပါတွင် ထွက်ပေါက်ရှိရမည်။ ထိုထွက်ပေါက်က စတုတ္ထထပ်ကို ဦးတည်လောက်သည်။ မိစ္ဆာသတ်ဖြတ်ဓား၊ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်နှင့် မိစ္ဆာသတ်ဖြတ်နန်းတော်၏ သော့ချက်တို့ကို စတုတ္ထထပ်တွင် ဝှက်ထားခြင်း ဖြစ်မည်။ သို့သော် အမှားတစ်ချက်က ကျန်းရီတို့ကို ဝင်္ကပါထဲတွင် လည်နေစေသည်။ ကျန်းရီ ထိုအဖိုးတန်အခွင့်အရေးကို ဆုံးရှုံးလိုက်ပေပြီ။ သူ၏ ကံကောင်းခြင်းလည်း ကုန်ခမ်းသွားပေပြီ။
ထိုအရာအားလုံးကို ရှင်းပြနိုင်သည်။
ကျန်းရီသာ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ဆိုလျှင် ဤကဲ့သို့သော ဝင်္ကပါကြီးထဲတွင် အမှားတစ်ခုလုပ်မိသည့် မည်သူ့ကိုမှ အခွင့်အရေးထပ်ပေးမည် မဟုတ်ပေ။ ထိုအစား သူသည် လူကို ဝင်္ကပါထဲတွင် ပိတ်မိနေစေပြီး အမှားပြန်ပြင်ခွင့်မရှိအောင် လုပ်မည်ဖြစ်သည်။
ဤဝင်္ကပါကြီးတစ်ခုလုံးကို စီစဉ်ထားသူအတွက် သူ့ရတနာများကို မည်သူက ရသွားမည်က အရေးမပါပေ။ ဤဝင်္ကပါထဲသို့ ရောက်လာနိုင်သည်ကပင် မိမိ၏ အရည်အချင်းနှင့် ဉာဏ်ရည်ကို သက်သေပြခဲ့ပြီးဖြစ်သည်။ အုပ်ချုပ်သူအဆင့် မဟုတ်သူများက ဤဝင်္ကပါထဲ မဝင်နိုင်လောက်ပေ။ ကျန်းရီ အပြိုင်အဆိုင်များကို ဖြတ်ကျော်၍ ဝင်္ကပါထဲ ဝင်နိုင်ခဲ့ခြင်းကပင် သူက အရူးမဟုတ်ကြောင်း သက်သေပြခြင်းပင်။ ယခု မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ် စမ်းသပ်လိုသည်မှာ သူ၏ကံပင်။ သို့သော် ကံတရားက သူ့ဘက်တွင် မရှိတော့သဖြင့် သူ နောက်တစ်ကြိမ်ကို စောင့်နေရန်သာ ရှိတော့ပေသည်။
မိစ္ဆာသတ်ဖြတ်ဓား၊ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်နှင့် မိစ္ဆာသတ်ဖြတ်နန်းတော်၏ သော့ချက်တို့ အားလုံးက မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်၏ အစွမ်းအထက်ဆုံး ရတနာများဖြစ်သည်။ သို့ဖြစ်ရာ သူသည် ၎င်းတို့ကို အခြားသူများ အလွယ်တကူရသွားမည်ကို လိုလားမည် မဟုတ်ပေ။ ၎င်းတို့ကို ရသွားသူက မည်သူဖြစ်စေ လောကထဲတွင် မှတ်ကျောက်တင်ခံရမည် မဟုတ်ပါလား။ ထို့ကြောင့် ကျန်းရီသည် သူက ထိုအခွင့်အရေးနှင့် လွဲသွားကြောင်း သိလိုက်သည်နှင့် အချိန်နှင့် စွမ်းအင်ကို ထပ်ဖြုန်းလိုစိတ် မရှိတော့ချေ။
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးနေသည်။
အနိမ့်ဘုံအချိန် ရက်နှစ်ဆယ်ကျော် ကြာပြီးနောက် အဆိပ်ဝိညာဉ်သည် မျှော်လင့်ချက်အားလုံးကို လက်လျှော့လိုက်လေသည်။ သူ ဝင်္ကပါထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လှည့်ပတ်ခဲ့ပြီးပေပြီ။ သူ့ခေါင်းလည်း ပတ်ချာလည်နေပြီဖြစ်သည်။ သူ လက်ဝဲ၊ လက်ယာကိုပင် မခွဲနိုင်တော့ပေ။
အဆိပ်ဝိညာဉ်က လောကအတွင်းရှိ အတော်ဆုံး ထောက်လှမ်းရေးများထဲမှ တစ်ယောက်ဖြစ်သဖြင့် အသေးစိတ်လေးများကို အလွန်ဂရုထားသည်။ သူသည် ဟာကွယ်လေးများ၊ မူမမှန်မှုလေးများကို အလွန်လွယ်ကူစွာ ရှာနိုင်သည်။ သို့ပင်လျှင် ဝင်္ကပါထဲ၌ အချိန်အကြာကြီး ရှာပြီးနောက်တွင်ပင် သာမန်မဟုတ်သည်များကို သူ ရှာမတွေ့သေးချေ။
ကျန်းရီလည်း ခေါင်းကိုက်နေသည်။ နတ်ဘုရားသစ်ရွက် မရှိလျှင် သူ၏သိမြင်နိုင်စွမ်းက အလွန်နှေးသည်။ သူ အချို့အရာလေးများကို နားလည်ခဲ့ပြီဖြစ်သော်လည်း လျှို့ဝှက်အတတ်နှင့် တစ်ခုခုလုပ်ရန် မဆိုထားနှင့် ထုတ်ပင်မသုံးနိုင်သေးပေ။
“စစ်သူကြီး...”
နောက်ဆုံးတွင် ကျန်းရီ စိတ်မထိန်းနိုင်တော့ပေ။ သူ ချီချင်ချန်ကို အပြင်ထုတ်လိုက်သည်။ ချီချင်ချန်က ကီလိုမီတာငါးရာအရှိန်တင်ကို သိမြင်နားလည်၊ မလည်က အရေးမကြီးတော့။ အဘယ်ကြောင့်ဆိုသော် လွတ်မြောက်နိုင်ရန် ထိုအတတ်တစ်ခုအပေါ်တွင်သာ မှီခို၍ မရ၍ပေ။
ထို့ကြောင့် ကျန်းရီသည် ကျန်နေသေးသော အနိမ့်ဘုံအချိန် ရက်သုံးဆယ်အတွင်း နတ်ဘုရားသစ်ရွက်ကို အသုံးပြု၍ အကောင်းဆုံးကြိုးစား ကျင့်ကြံလိုနေသည်။ ပုံရိပ်လက်တစ်ထောင်က သူတို့အတွက် အထောက်အပံ့ ဖြစ်နိုင်၊ မဖြစ်နိုင်ကို သူ သိလိုနေသည်။
“အာ...”
ချီချင်ချန် တုန်ယင်သွားပြီး မျက်လုံးဖွင့်လိုက်၏။ သူမသည် လှပသော မျက်ဝန်းများဖြင့် ကျန်းရီကို ကြည့်ကာ မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ။ ရှင်တို့ တိုးတက်လာလို့လား။ ကျွန်မတို့က ဘယ်မှာလဲ”
“ကျွန်တော်တို့ ဘာမှ မတိုးတက်ပါဘူး”
ကျန်းရီ ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“ကျွန်တော်တို့ ဒီမှာ ပိတ်မိနေတာ။ ဒီနေရာက ဝင်္ကပါတစ်ခုပဲ။ အဆိပ်ဝိညာဉ်က ထွက်ပေါက်ကို လိုက်ရှာနေတယ်၊ ဒါပေမဲ့ ရှာမတွေ့ပါဘူး။ ကျွန်တော်တို့ အပြင်ကို တည်နေရာပြောင်းရွှေ့ခံရမဲ့အချိန်ကို စောင့်နေဖို့ပဲရှိတယ်။ ကျွန်တော်က စာလိပ်ထဲက လျှို့ဝှက်အတတ်ကို ကျင့်ကြံဖို့ ကြိုးစားနေတာ။ စစ်သူကြီးရော တိုးတက်လာပြီလား”
“အင်း...”
ချီချင်ချန်သည် ရုတ်တရက် အဝေးသို့ လွင့်မျောသွား၏။ သူမ၏အမြန်နှုန်းက ယခင်ကထက် အဆပေါင်းများစွာ ပိုမြန်နေပေပြီ။ ထို့ပြင် သူမ လှုပ်ရှားလိုက်သောအခါ ကျန်းရီသည် သူမက မည်သည့်နေရာတွင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ဝှစ်...
ချီချင်ချန် ပြန်လွင့်မျောလာပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ဒီကီလိုမီတာငါးရာအရှိန်တင်က တကယ့်ကို အကောင်းဆုံး လှုပ်ရှားမှုအတတ်တွေထဲက တစ်ခုပဲ။ ဒီအတတ်က မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ရဲ့ ကိုယ်ပိုင်အတတ်တစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်မထင်တယ်။ ကျွန်မ အဲ့အတတ်ရဲ့ ပထမအဆင့်ကိုပဲ နားလည်သေးတယ်။ ဆက်တက်ဖို့ နောက်အဆင့်တွေ ရှိသေးတယ်။ ကျွန်မသာ တတိယအဆင့်ကို ရောက်သွားရင် ဝိညာဉ်ဘုရင်လောက် မြန်သွားမှာပဲ”
“ဗျာ...”
ကျန်းရီ မျက်လုံးပြူးသွား၏။ သူသည် ထိုလျှို့ဝှက်အတတ်က သိပ်စွမ်းအားကြီးမည် မဟုတ်သလို ချီချင်ချန် ၎င်းအတတ်ကို ကျင့်ကြံနိုင်လျှင်လည်း အလောင်းကြီးလောက်ပင် မြန်လိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် ၎င်းက အလွန်အစွမ်းထက်နေပေသည်။ ရုတ်ခြည်းပင် သူ အကြည့်လွှဲကာ ပြောလိုက်သည်။
“အချိန်လက်ကျန်အတွင်း တတိယအဆင့်ကို တက်နိုင်လိမ့်မယ်လို့ စစ်သူကြီး ယုံကြည်မှုရှိလား”
“ရှင် နောက်နေတာလား”
ချီချင်ချန်က မျက်လုံးပင့်၍ ပြော၏။
“အချိန်လဝက်လောက် ပေးမယ်ဆိုရင်တောင် ကျွန်မ ဒုတိယအဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါတောင် ကျွန်မရဲ့ ကျင့်ကြံနှုန်းက ရှင်ပေးထားတဲ့ နတ်ဘုရားသစ်ရွက်ကြောင့် မြန်နေလို့။ ကျန်တဲ့နှစ်ဆင့်က အရမ်းခက်တယ်။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က စာလိပ်ထဲမှာ မှတ်စုတွေ ရေးထားတယ်။ နေ့တစ်ဝက်အတွင်းဆို သူကိုယ်တိုင်တောင် ဒုတိယအဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး”
“ဆိုးတာပဲ”
ကျန်းရီ သက်ပြင်းချ၍ လက်ဆန့်တန်းလိုက်သည်။
“အဲ့လိုဆို ကျွန်တော့်ကို နတ်ဘုရားသစ်ရွက် ပြန်ပေးပါတော့။ ကျွန်တော် အဲ့ဒါကို သုံးပြီး လျှို့ဝှက်အတတ်ကို ကျင့်ကြံရမယ်။ အဲ့အတတ်က အသုံးဝင်၊ မဝင်ဆိုတာ ကြည့်ရမယ်”
မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က တတိထပ်ရှိ သူ၏ခန်းမထဲတွင် လျှို့ဝှက်အတတ်နှစ်ခုကို ချန်ခဲ့သည်။ ကီလိုမီတာငါးရာအရှိန်တင်က အလွန်အစွမ်းထက်လျှင် ပုံရိပ်လက်တစ်ထောင်ကလည်း မဆိုးလောက်သည် မဟုတ်လော။ သူ ထိုအတတ်ကို ပေါင်းစည်းမီးတောက်များနှင့် တွဲဖက်အသုံးပြုနိုင်မည်ဆိုလျှင် ဝန်းရံထားသူများကို ဖောက်ထွက်ရာတွင် အလွန်အထောက်အကူ ရပေလိမ့်မည်။
“အွန်း...”
ချီချင်ချန်သည် နတ်ဘုရားသစ်ရွက်ကို ကျန်းရီအား ပြန်ပေးလိုက်၏။ ထို့နောက် ခေတ္တမျှ တွေးတောကာ ပြောလိုက်သည်။
“နေ့တစ်ဝက်လောက် ကျင့်ကြံရုံနဲ့ ဘာမှအကျိုးရှိမှာ မဟုတ်ဘူး။ ကျွန်မ ဝင်္ကပါထဲကို လှည့်ပတ်ကြည့်ပြီး ကံစမ်းကြည့်လိုက်ဦးမယ်”
ကျန်းရီသည် ချီချင်ချန်ကို ထောင့်ချိုးများချိုးတိုင်း သဲလွန်စများချန်ခဲ့ရန်နှင့် ဆက်မသွားနိုင်တော့လျှင် ချန်ခဲ့သော သဲလွန်စများအတိုင်း ပြန်လာရန် မှာလိုက်သည်။ အကယ်၍ အန္တရာတစ်ခုခုနှင့် ကြုံလျှင်လည်း ချက်ချင်း ပြန်လာဖို့ ပြောလိုက်သည်။ ချီချင်ချန်က ခေါင်းညိတ်ပြလိုက်ပြီး လေညင်းတစ်ခုအလား အဝေးသို့ လွင့်မျောသွားလေသည်။ သူမက လေဓာတ်စည်းမျဉ်းများကို ကျင့်ကြံသူပင်။ ထို့ကြောင့် ကီလိုမီတာငါးရာအရှိန်တင်က သူမနှင့် အလွန်ကိုက်ညီနေပေသည်။
ကျန်းရီ မိုးမြေစွမ်းအားကို ဆက်ကျင့်ကြံရင်း ပုံရိပ်လက်တစ်ထောင်ကို လေ့လာလိုက်သည်။ နတ်ဘုရားသစ်ရွက်ကြောင့် သူ၏ တိုးတက်နှုန်းက မြန်လာသည်။ သူ၏သိမြင်နိုင်စွမ်းမှာ အစောကထက် အဆတစ်သိန်း ပိုမြန်ပေသည်။ အစောတွင် ကျန်းရီ၏ သိမြင်နိုင်စွမ်းက သိမ်မွေ့သော စမ်းချောင်းလေးတစ်ခုကဲ့သို့ပင်။ သို့သော် ယခုတွင်မူ တဟုန်တိုး စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ဖြစ်နေပေပြီ။ ကွာခြားမှုမှာ အလွန်ကြီးပေသည်။
ပုံရိပ်လက်တစ်ထောင်က အလွန်ရိုးရှင်းသော ထောက်ပံ့အမျိုးအစား လျှို့ဝှက်အတတ်တစ်ခုဟု ထင်ရ၏။ လက်ရှိတွင် ကျန်းရီ၏ စိတ်ဝိညာဉ်က အလွန်အားနည်းမနေတော့ပေ။ သူ နတ်ဘုရားသစ်ရွက်၏ အကူအညီနှင့် သာမန်အတတ်လေးများကို လေ့လာမည်ဆိုလျှင် အနိမ့်ဘုံအချိန် ရက်အနည်းငယ်အတွင်း ထိုအတတ်များကို အပြည့်အဝ နားလည်သွားမည်ဖြစ်သည်။ သို့သော် ထိုပုံရိပ်လက်တစ်ထောင်က အလွန်ရှုပ်ထွေးကာ ဆန်းကြယ်ပေသည်။
သို့ရာတွင် အတတ်က ပိုရှုပ်ထွေးဆန်းကြယ်လေလေ၊ ကျန်းရီ ပိုစိတ်လှုပ်ရှားလာလေလေပင်။ ရှုပ်ထွေးခြင်းမှာ အတတ်က အစွမ်းထက်သည်ဆိုသော အဓိပ္ပာယ်ပင်။ သိမြင်နားလည်ရန် လွယ်ကူသော အတတ်များက မည်မျှစွမ်းအားကြီးပါမည်နည်း။ ဥပမာအားဖြင့် မဟာနတ်ဘုရားအတတ်ကို ကြည့်ပါ။ ၎င်းကို ကျင့်ကြံနိုင်ရန် အလွန်ခက်ခဲပေသည်။
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးနေသည်။ ကျန်းရီတို့ အပြင်သို့ တည်နေရာပြောင်းရွှေ့ခံရရန် အနိမ့်ဘုံအချိန် ဆယ်ရက်သာ လိုတော့သည်။ ချီချင်ချန် ပြန်ရောက်လာသည်။ သူမသည် ဝင်္ကပါထဲတွင် အပတ်ပေါင်းများစွာ လှည့်ပတ်လျှောက်ခဲ့သော်လည်း ထွက်ပေါက်ကို ရှာမတွေ့ခဲ့ပေ။ ဟာကွက်လေးများ၊ သံသယဖြစ်စရာနေရာလေးများကိုပင် မတွေ့ခဲ့ချေ။
အဆိပ်ဝိညာဉ်ကမူ ပြန်ရောက်မလာသေး။ သူ လက်မလျှော့သေးပေ။ သူသည် နောက်ဆုံးတစ်ခေါက်အဖြစ် ရှာရန် ဟန်ပြင်နေသည်။ ကျန်းရီက တစ်ချိန်လုံး ကျင့်ကြံနေခဲ့သည်။ ချီချင်ချန် ပြန်ရောက်ပြီးနောက်တွင်ပင် သူ ဆက်ကျင့်ကြံနေသည်။ ထို့ကြောင့် ချီချင်ချန်သည် ရွေးချယ်စရာ မရှိတော့ဘဲ ဘေးတွင် တိတ်တဆိတ်ထိုင်ကာ ကျန်းရီ မျက်လုံးဖွင့်လာမည့်အချိန်၊ သူမတို့သုံးယောက် ဝင်္ကပါထဲမှနေ၍ အပြင်သို့ တည်နေရာပြောင်းရွှေ့ခံရမည့်အချိန်ကိုသာ စောင့်နေလိုက်ရသည်။
အချိန်က အနိမ့်ဘုံအချိန်တစ်ရက် ကျန်သေးသည်။ အဆိပ်ဝိညာဉ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာ၏။ ချီချင်ချန်သည် သူ့ကို မည်သို့မှ မေးမနေပေ။ ထိုအစား သူမတို့နှစ်ယောက် ကျန်းရီကို ကြည့်လိုက်ကြသည်။ ယခုတွင် သူမတို့ ရှင်သန်နိုင်၊ မရှင်သန်နိုင်မှာ ကျန်းရီအပေါ်တွင်သာ မူတည်နေပေပြီ။
ရွှီး...
ဆယ့်ရှစ်နာရီမျှကြာပြီးနောက် ကျန်းရီ၏လက်တစ်ဘက်က ရုတ်တရက် လင်းလက်လာ၏။ ထို့နောက် လေထဲတွင် လက်ဝါးရာများ ပြည့်သွား၏။ ၎င်းလက်ဝါးရာများက ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ထံ ပျံသန်းသွားသည်။ အံ့အားအသင့်ရဆုံးမှာ ကျန်းရီက လှုပ်ပင်မလှုပ်သော်လည်း လက်ဝါးရာများက သူမတို့ထံသို့ အရပ်မျက်နှာအနှံ့မှနေ၍ ပျံဝင်လာခြင်းပင်။ မြင်မြင်ရာနေရာတိုင်းတွင် လက်ဝါးရာများ ရှိနေပေသည်။ ၎င်းတို့အားလုံးကလည်း အစစ်နှင့် အလွန်တူကြသည်။ ၎င်းတို့ထံမှ ထွက်နေသော သတ်ဖြတ်အရှိန်အဝါကပင် အစစ်နှင့်တူကာ အလွန်လွှမ်းမိုးအားကြီးပေသည်။
“ကျန်းရီ...”
ချီချင်ချန် မျက်နှာထားပြောင်းသွားပြီး အော်ခေါ်လိုက်၏။ သို့သော် သူမ မလှုပ်ရှားပေ။ အဆိပ်ဝိညာဉ်ကမူ တစ်ခွန်းမှမပြောသလို မျက်နှာထားလည်း တည်ငြိမ်နေသည်။ ကျန်းရီက သူ့ကို သတ်လိုလျှင်ပင် သူ မည်သို့မှ ပြောမည် မဟုတ်ပေ။
“ဟားဟားဟား....”
ကျယ်လောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာပြီး လက်ဝါးရာများ ရုတ်ခြည်း ပျောက်ကွယ်သွား၏။ ကျန်းရီ ထရပ်ကာ ပြုံးလိုက်သည်။
“မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ကျွန်တော့်ကို စိတ်မပျက်စေခဲ့ဘူး။ ကျွန်တော့်ရဲ့ ဟွင့်သွမ့်ချီပုလဲထဲ ဝင်လိုက်ကြပါ။ ကျွန်တော် ဝန်းရံထားတဲ့သူတွေကို ဖောက်ထွက်ပြီး အထက်ဘုံကို ပြန်သွားမယ်”