တားတဲ့သူမှန်သမျှ သေရမယ်
Vol. 118 Ch. 1645
“အားလုံးပဲ... သတိကပ်ထားကြပါ။ အထဲကလူတွေ အချိန်မရွေး တည်နေရာပြောင်းရွှေ့လာတော့မယ်”
“အားလုံး ကိုယ့်ရဲ့စွမ်းအင်ကို ပြဒါးလုံးအပေါ် ပို့ထားပြီး အာကာသလှိုင်းတွေ ဖန်တီးနေကြပါ”
“နားထောင်ကြ... ကျန်းရီ ထွက်လာတာကို တွေ့တာနဲ့ အကုန်လုံးဆီ ချက်ချင်း သတင်းပို့ပါ။ ကျုပ်တို့ သူ့ကိုတားဖို့ သေတဲ့အထိ တိုက်ခိုက်ကြမယ်။ ကျုပ်တို့ တိုက်ပွဲမှာ သေရမယ်ဆိုရင်တောင် ကျုပ်တို့နာမည်တွေက ဆယ်စုနှစ်ချီအောင် ဂုဏ်ပြုခံရမှာပဲ”
“ညီနောင်တို့... မျိုးနွယ်ခေါင်းဆောင်က ကျန်းရီကို သတ်နိုင်တဲ့ ဘယ်သူမဆို ရှေးဦးဝိညာဉ်ရတနာသုံးခု ရမယ်လို့ ပြောထားတယ်။ တောက်မျိုးနွယ်အရှင်ကိုယ်တိုင် အဲ့လိုပြောခဲ့တာပဲ”
“သတ်...သတ်...သတ်...”
မိစ္ဆာသတ်ဖြတ်နန်းတော်နှင့် ကီလိုမီတာငါးသိန်း ပတ်လည်အတွင်း မရေမတွက်နိုင်သော လူများက တစ်ယောက်ပြီးတစ်ယောက် အော်ပြောနေကြသည်။ နန်းတော်နှင့် ကီလိုမီတာငါးသိန်း အကွာတွင်လည်း လူငါးရာလောက်က အကာအရံများစွာ ဖန်တီးထားကြသည်။ ထို့ပြင် အားလုံး၏လက်ထဲ၌ ပြဒါးလုံးတစ်လုံးစီ ရှိနေကြ၏။ သူတို့သည် ပြဒါးလုံးထဲ စွမ်းအင်ထည့်ကာ အာကာပြင်လှိုင်းများ ဖန်တီးနေကြပေသည်။ ကျန်းရီ နန်းတော်ထဲမှ ထွက်လာသည်နှင့် သူတို့ သူ့ကို သေချာပေါက် သတိပြုမိမည်ဖြစ်သည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။ အခြေအနေကလည်း မိနစ်နှင့်အမျှ ပိုတင်းမာလာသည်။ မရေမတွက်နိုင်သော လူများသည် သူတို့၏ ပတ်ပတ်လည်ကို မျက်တောင်မခတ် ကြည့်နေကြသည်။ လေညင်းလေးတစ်ချက်သည်ပင် သူတို့၏ အာရုံမှ လွတ်မသွားပေ။
ရွှီး...
နှစ်နာရီ ကြာပြီးနောက် မိစ္ဆာသတ်ဖြတ်နန်းတော်က ရုတ်တရက် တောက်ပစွာ လင်းလက်လာ၏။ ထို့နောက် ပတ်ဝန်းကျင် လေထုထဲတွင် အက်ကြောင်းကြီးတစ်ကြောင်း ထွက်ပေါ်လာသည်။ မိစ္ဆာသတ်ဖြတ်နန်းတော်သည် ထိုအက်ကြောင်းအတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။ နန်းတော် အပြင်တွင် စောင့်ကြပ်နေကြသူများက အော်ပြောလိုက်၏။
“အချိန်စေ့ပြီ။ ကိုယ့်ရဲ့တပ်သားတွေကို ကျန်းရီကို လိုက်ရှာဖို့ ချက်ချင်းပြောလိုက်ပါ”
မည်သူမှ သတင်းမပို့နိုင်သေးခင်တွင် လူအချို့၏ ကျောက်စိမ်းအဆောင်များက လင်းလက်သွား၏။ လူတစ်ယောက်သည် သူ၏ ကျောက်စိမ်းအဆောင်ကို တစ်ချက်ကြည့်ကာ ဝမ်းသာအားရ အော်ပြောလိုက်သည်။
“ကျုပ်တို့ ကျန်းရီကို တွေ့ပြီ။ သူက လင်းတင်ကျွန်းနားမှာပဲ... အခု သူ မြောက်ဘက်ကို ဦးတည်သွားနေတယ်”
“သတ်ကြ...”
အုပ်ချုပ်သူအဆင့် သိုင်းသမားအချို့သည် ဝမ်းခေါင်းသံကြီးဖြင့် အော်လိုက်ကြပြီး မြောက်ဘက်သို့ တတ်နိုင်သမျှအမြန်ဆုံး ဦးတည်သွားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော မရေမတွက်နိုင်သော ဆက်သွယ်ရေး ကျောက်စိမ်းအဆောင်များ လင်းလက်လာသည်။ ကီလိုမီတာငါးဆယ်အတွင်းမှ စွမ်းအားကြီး သိုင်းသမားအားလုံးလည်း သတင်းရလိုက်ကြသည်။ ရုတ်ခြည်းပင် သူတို့အားလုံးသည် မြောက်ဘက်ရှိ လင်းတင်ကျွန်းသို့ ဦးတည်သွားလိုက်ကြလေသည်။
တောက်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများ၊ ကောင်းကင်ဘုံ မျိုးနွယ်များမှ မျိုးနွယ်ဝင်များနှင့် ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုမှ စွမ်းအားကြီး သိုင်းသမားအားလုံး အလွန်စိတ်လှုပ်ရှားသွားကြသည်။ သူတို့ ကျန်းရီကို နှစ်နာရီမှ လေးနာရီလောက်အထိ အချိန်ဆွဲထားနိုင်လျှင် သူ့အား အလုံးအရင်းနှင့် ဝန်းရံနိုင်မည်ဖြစ်သည်။ ထိုအခါကျလျှင် သူက လူမည်မျှကို သတ်နိုင်ပါမည်နည်း။ မည်သည့်နေရာသို့ ထွက်ပြေးနိုင်မည်နည်း။
ကောင်းကင်ဝိညာဉ်ကျွန်းရှိ တောက်လန်သည် သတင်းကို ရလိုက်သော်လည်း မလှုပ်ရှားသေးပေ။ သူ ကောင်းကင်ဝိညာဉ်ကျွန်း၌ ဆက်နေနေလျှင် ကျန်းရီက ချောင်ပိတ်မိသော ငါးတစ်ကောင်လို ဖြစ်နေလိမ့်မည်ဟု သူ ယုံကြည်နေသေးသည်။ ကျန်းရီတစ်ယောက် ထွက်ပြေးရန် မည်သို့ကြိုးစားပါစေ ဟွင့်သွမ့်ပင်လယ်ထဲမှ ထွက်နိုင်လိမ့်မည် မဟုတ်ပေ။ သူက အနှေးနှင့်အမြန်ဆိုသလို သေရမည်သာ။
***
လင်းတင်ကျွန်းတွင် အလွန်လူထူထပ်နေသည်။ ကျန်းရီနှင့် သူ့အဖော်များသည် အပြင်သို့ တည်နေရာပြောင်းရွှေ့လာသည်နှင့် ချက်ချင်း ရှာတွေ့ခံလိုက်ရ၏။ အရပ်မျက်နှာအနှံ့မှ ထောင်ချီသော လူများသည် သူတို့ထံသို့ ဦးတည်ကာ တိုက်ခိုက်သူကတိုက်ခိုက်၊ တားသူကတားနှင့် လုပ်လိုက်ကြသည်။ ထိုလူများသည် ဆက်သွယ်ကျောက်စိမ်းအဆောင်များကို အသုံးပြု၍လည်း သတင်းပို့လိုက်ကြသည်။ ထို့ကြောင့် သူတို့ထံသို့ လူများ ပို၍ ပို၍ ရောက်လာကြလေသည်။
ရွှီး...
ထိုကဲ့သို့သော အချိန်တွင် ပြောစရာအများကြီး မရှိပေ။ ကျန်းရီသည် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ကို သူ၏ဟွင့်သွမ့်ချီပုလဲထဲ ချက်ချင်း ထည့်လိုက်သည်။ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ကလည်း မခုခံခဲ့ချေ။ သူတို့နှစ်ယောက်စလုံးသည် ဝန်းရံထားသူများကို ဖောက်ထွက်နိုင်ရန် ယုံကြည်မှုမရှိပေ။ သူတို့ ကျန်းရီနှင့် လူခွဲ၍ ကျန်းရီကို လူအုပ်အား အဝေးသို့ မျှားခေါ်သွားခိုင်းမည်ဆိုလျှင်လည်း သူတို့ လွတ်နိုင်လိမ့်မည် မဟုတ်။ ယခုတွင် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကျန်းရီက ဝန်းရံထားသူများကို ဖောက်ထွက်နိုင်ရန်သာ ဖြစ်ပေသည်။
“အလောင်းကြီး... ထွက်လာ”
ကျန်းရီ အော်ပြောလိုက်ရာ လေထဲတွင် အလောင်းကြီး ထွက်ပေါ်လာ၏။ သူ ပျံတက်ကာ အလောင်းကြီ၏ ပခုံးထက်တွင် ရပ်လိုက်ပြီး အလောင်းကြီးထဲသို့ မိုးမြေစွမ်းအား ထည့်သွင်းလိုက်သည်။ ထို့နောက် အလောင်းကြီးကို အရှေ့သို့ ပျံသန်းသွားစေကာ အော်ပြောလိုက်လေသည်။
“သတ်... ငါ့ကို တားတဲ့သမှန်သမျှ သေရမယ်”
ဝှစ်...
အလောင်းကြီးသည် အရိပ်တစ်ခုအလား အရှေ့သို့ လျင်မြန်စွာ ပျံသန်းနေသည်။ ကျန်းရီကလည်း အလောင်းကြီးအတွင်းသို့ မိုးမြေစွမ်းအားများ အဆက်မပြတ် ထည့်ပေးနေသဖြင့် အလောင်းကြီး၏ အရှိန်အဝါက အားကောင်းလာသည်။ သူတို့အရှေ့တွင် နတ်ဘုရားဧကရာဇ်တစ်စုက လမ်းပိတ်ထား၏။ ကျန်းရီသည် ထိုကျင့်ကြံခြင်းအဆင့်နှင့် လူများကို ရှင်းပစ်ရန် ကိုယ်တိုင်လုပ်ဆောင်နေရန်ပင် မလိုချေ။ အလောင်းကြီးက ထိုသူများကို ဝင်တိုက်လိုက်ရာ သူတို့ထဲမှ ဆယ်လောက်ကျော်လောက် လွင့်ထွက်သွား၏။ သို့ဖြစ်ရာ ကျန်းရီက တိုက်ခိုက်လိုလျှင်ပင် တိုက်ခိုက်ရန် အချိန်ရလိုက်မည် မဟုတ်ပေ။
ရှူး...ရှူး...
မရေမတွက်နိုင်သော လူများက အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ အလောင်းကြီးက အလွန်လျင်မြန်လွန်းသည်။ ၎င်းကို ထူထပ်သော မြူခိုးများကလည်း လွှမ်းခြုံထားရာ အဝေးမှလူများသည် ၎င်း၏ပုံစံကို ရှင်းရှင်းလင်းလင်း လှမ်းမမြင်နိုင်ကြပေ။ သူတို့ထံ ဦးတည်လာနေသော ဧရာမအရိပ်ကြီးတစ်ခုကိုသာ မြင်ရပေသည်။
“အဲ့ဒါက ဘာကြီးလဲ”
“ရပ်လိုက်၊ ရပ်လိုက်။ တိုက်ကြ.. မြန်မြန်.. တိုက်ကြ”
လူများ တုန်လှုပ်သွားကြပြီး အလောင်းကြီးဆီသို့ တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်သည်။ ကောင်းကင်ထဲတွင် အလင်းတန်းများ ပြည့်နှက်သွား၏။ သို့သော် အလောင်းကြီးက အလွန်လျင်မြန်ပေသည်။ အလင်းတန်းများစွာသည် အလောင်းကြီးကို မထိသည့်အပြင် သူတို့ဘက်သားအချင်းချင်း ပြန်ထိမှန်ကုန်သည်။ အလင်းတန်းအချို့ကသာ ကျန်းရီထံ ဦးတည်သွားသည်။ သို့သော် အလာင်းကြီးက ၎င်း၏ခန္ဓာကိုယ်ကို သုံး၍ ကျန်းရီကို ကာကွယ်ပေးလိုက်သည်။ ကျန်းရီသည် ပြုတ်မကျအောင် အလောင်းကြီး၏ ဆံပင်များကို ကျစ်နေအောင် ဆုပ်ကိုင်ထားရပေသည်။
ဝှစ်...
စက္ကန့်အနည်းငယ်အတွင်းမှာပင် အလောင်းကြီးက ကီလိုမီတာငါးဆယ် ပျံသန်းနိုင်လိုက်၏။ ၎င်းသည် ထောင်ချီသော လူများ၏ ဝန်းရံထားမှုကို ဖောက်ထွက်နိုင်လိုက်သည်။ သို့သော် ဖောက်ထွက်လာပြီး မကြာခင်မှာပင် အသံတစ်သံက အဝေးမှနေ၍ ဒေါသတကြီး အော်ပြောလိုက်သည်။
“ကျန်းရီ... မင်း ဘယ်ကိုပြေးမှာလဲ”
‘အုပ်ချုပ်သူအဆင့် သိုင်းသမားလား’
အုပ်ချုပ်သူအဆင့် သိုင်းသမားနှင့် ရင်ဆိုင်ရပေတော့မည်။ ကျန်းရီ မျက်နှာထား တည်သွား၏။ သူ အလောင်းကြီး၏ ပခုံးပေါ်တွင် ဆက်ရပ်မနေဝံ့တော့ပေ။ ထို့ကြောင့် အလောင်းကြီး၏လက်ပေါ်သို့ ခုန်ချလိုက်၏။ ထို့နောက် အလောင်းကြီးအား သူ၏ခြေနှစ်ချောင်းကို ဆုပ်ကိုင်ထားစေလိုက်သည်။ ကျန်းရီသည် မျက်လုံးမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့လည်း ဝင်ကာ ပတ်ဝန်းကျင်ကို ကောင်းကောင်းအာရုံခံလိုက်လေသည်။
“ယား...”
အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က အဝေးမှနေ၍ ကျန်းရီထံသို့ လျင်မြန်စွာ ပျံသန်းလာနေ၏။ သူက ကီလိုမီတာများစွာ ဝေးသေးသော်လည်း အရှေ့သို့ ပြင်းထန်သော လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်သည်။ လက်ဝါးရာက အလောင်းကြီ၏ ဧရာမခန္ဓာကိုယ်ကြီးဆီသို့ ဦးတည်သွားပေသည်။
“ရှောင်...”
ကျန်းရီသည် အလောင်းကြီးထဲသို့ လက်တစ်ဘက်ဖြင့် မိုးမြေစွမ်းအား ဆက်ထည့်သွင်းပေးနေ၏။ အလောင်းကြီးက လက်ဝါးရာကို အလွယ်တကူ ရှောင်တိမ်းလိုက်၏။ ထို့နောက် ၎င်းသည် အုပ်ချုပ်သူအဆင့် သိုင်းသမားထံ ဦးတည်ပျံသန်းသွားလိုက်လေသည်။
နှစ်ဘက်ကြားမှ အကွာအဝေးက လျင်မြန်စွာ နီးကပ်လာ၏။ အုပ်ချုပ်သူအဆင့် သိုင်းသမားက အရှေ့သို့ လက်ဝါးချက်များ ဆက်၍ရိုက်ထုတ်နေသည်။ အလောင်းကြီးကလည်း ဘယ်ညာယိမ်း၍ လက်ဝါးရာများကို ရှောင်နေသည်။ ၎င်းက အလွန်လျင်မြန်ပေသည်။
“ကျန်းရီ... သေပေတော့”
မီတာရာကျော်အကွာသို့ ရောက်သောအခါ အုပ်ချုပ်သူအဆင့် သိုင်းသမားသည် အလောင်းကြီး၏ လက်ထဲရှိ ကျန်းရီကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ ဓားရှည်တစ်လက်ကိုထုတ်ကာ ပတ်ချာလည်ဝှေ့ယမ်း၍ မရေမတွက်နိုင်သော ဓားပုံရိပ်များကို ဖန်တီးလိုက်၏။ ထို့နောက် အလောင်းကြီး၏ ဘယ်ဘက်လက်အားချိန်ကာ ဓားပုံရိပ်များကို ပစ်လွှတ်လိုက်သည်။
“ခင်ဗျားက အသက်မရှင်ချင်တော့ဘူးထင်တယ်”
ကျန်းရီ၏ မျက်လုံးများက ရုတ်တရက် ပွင့်လာ၏။ သူသည် ကျန်လက်တစ်ဘက်ကို ရှေ့ဆန့်ထုတ်၍ ပုံရိပ်လက်တစ်ထောင်ကို ထုတ်သုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် ခြောက်ရောင်ခြယ်မီးတောက်များကိုလည်း ထုတ်လိုက်သည်။
“အာ...”
ကောင်းကင်ထဲ၌ လက်ဝါးရာများ ပြည့်နှက်သွား၏။ ထို့ပြင် လက်ဝါးရာတိုင်းက မီးတောက်များ ထုတ်လွှတ်နေသည်။ မီးတောက်များက အရပ်မျက်နှာအနှံ့မှနေ၍ ပျံဝင်လာသဖြင့် အုပ်ချုပ်သူအဆင့် သိုင်းသမား လန့်သွားသည်။ သူ ထိုမီးတောက်များကို ရှောင်နိုင်လိမ့်မည် မဟုတ်ချေ။ သူ မည်သည့်ဘက်သို့ သွားပါစေ မီးလောင်ကျွမ်းကာ ပြာကျသွားမည်သာ။
“မဟုတ်သေးဘူး.. ဒါက ပုံရိပ်ယောင်တစ်ခုပဲ။ မီးတောက်အစစ်တွေက အရှေ့မှာပဲရှိတာ။ အား...”
အုပ်ချုပ်သူအဆင့် သိုင်းသမား သဘောပေါက်သွားချိန်တွင် မီးတောက်အစစ်များက သူ့ခန္ဓာကိုယ်ကို ထိမှန်သွားပေပြီ။ ကြောက်မက်ဖွယ် မြင့်မားသော အပူချိန်က သူ့သွေးကြောများထဲမှ သွေးများကို ဆူပွက်သွားစေသည်။ သူ၏ကောင်းကင်စွမ်းအားလည်း ရှုပ်ထွေးသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်အောင် နာကျင်လာသည်။ သို့သော် သူ တတ်နိုင်သည်ဆို၍ နာကျင်တကြီး အော်ဟစ်နေရန်သာ ရှိပေသည်။
ဂျွတ်...
အလောင်းကြီး၏ အစိမ်းရောင်တောက်ပနေသော လက်ကြီးက သူ့ကို ရိုက်လိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံး ကျိုးသွားသည်။ သူ့ခန္ဓာကိုယ်က အသွေးအသားပုံတစ်ခု ဖြစ်သွားပေသည်။
ထိုအုပ်ချုပ်သူအဆင့် သိုင်းသမားက ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးတစ်ခုမှ သိုင်းသမားတစ်ယောက်ဖြစ်သည်။ သူ့တွင် သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်သာ ရှိသည်။ သို့ဖြစ်ရာ သူ လက်ဝါးရိုက်ချက်ကို မခံနိုင်ပေ။
“အား...အား...”
အလွန်မြင့်မားသော အပူချိန်က ပတ်ဝန်းကျင်ရှိ သိုင်းသမားများစွာကို အဝေးသို့ ဆုတ်ခွသွားစေသည်။ လူအချို့ဆိုလျှင် မီးပင်လောင်ကျွမ်းကာ အောက်သို့ ပြုတ်ကျသွားကြသည်။ သူတို့ပတ်ပတ်လည်မှ ထူထဲသော မြူခိုးများကလည်း မီးတောက်များကြောင့် ရေငွေ့ပြန်သွားသည်။ လူများစွာသည် အလောင်းကြီး၏ လက်ကြီးက အုပ်ချုပ်သူအဆင့် သိုင်းသမားအား ရိုက်လိုက်သည်ကို အလွန်ရှင်းလင်းစွာ မြင်လိုက်ရ၏။ ထိုလက်ရိုက်ချက်ကြောင့် အုပ်ချုပ်သူအဆင့် သိုင်းသမား အပိုင်းပိုင်း ပြတ်သွားသည်ကိုလည်း သူတို့ မြင်လိုက်ရသည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီထံသို့ ဦးတည်ပျံသန်းနေကြသော အနီးမှ နတ်ဘုရားဧကရာဇ်အားလုံး မျက်နှာဖြူဖျော့သွားကြ၏။ သူတို့ လေထဲတွင် ချက်ချင်းရပ်တန့်လိုက်ကြပြီး အနီးသို့ ဆက်မကပ်ဝံ့တော့ပေ။ ကျန်းရီကို တားနေသူများပင် လူခွဲကာ အလောင်းကြီးသွားရန် လမ်းဖွင့်ပေးလိုက်ကြသည်။
အလောင်းကြီးက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကိုပင် လက်ရိုက်ချက်တစ်ချက်တည်းနှင့် သတ်ပစ်နိုင်သည်။ သို့ဖြစ်ရာ ကျန်လူများကို သတ်ရန်မှာမူ အလောင်းကြီးအတွက် ပုရွက်ဆိတ်သတ်ရသလိုသာ ရှိပေလိမ့်မည်။ မည်သူမှ မသေချင်ပေ။ အနိုင်ရနိုင်ခြေရှိလျှင် သူတို့ တိုက်ခိုက်ပေလိမ့်မည်။ သို့သော် အခြေအနေကို ကြည့်ရသည်မှာ ဆက်တိုက်ခိုက်လျှင် ကိုယ့်သေတွင်းကိုယ်တူးသလိုသာ ဖြစ်နေပေလိမ့်မည်။
“ငါ့အတွက် သတင်းဖြန့်ပေး”
အလောင်းကြီးက တိမ်တိုက်များထဲ ဝင်ရောက်ပျောက်ကွယ်သွားချိန်တွင် ကျန်းရီ၏ အေးစက်စက်အသံက ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။
“ဟွင့်သွမ့်ပင်လယ်ရဲ့ မျိုးနွယ်ကြီးလေးခုကို ပြောလိုက်၊ ငါ ကျန်းရီက သူတို့နဲ့ ရန်သူမဖြစ်ချင်ဘူး။ သူတို့ကို သူတို့ရဲ့အကန့်အသတ်ကို သိပါလို့ ပြောလိုက်။ ငါ ကျန်းရီက တောက်ဖုန့်ကိုတောင် သတ်ရဲတယ်။ မျိုးနွယ်ကြီးလေးခုက ငါ့ကို အဆုံးထိ တိုက်ခိုက်မယ်ဆိုရင်တော့ ငါ ဟွင့်သွမ့်ပင်လယ်ကို သွေးပင်လယ်လုပ်ပစ်တဲ့အခါကျ ငါ့ကို အပြစ်မတင်ကျနဲ့”