ထောင်ချောက်အတွင်း လျှောက်ဝင်ခြင်း
Vol. 118 Ch. 1646
“ဘာ... လောင်ချီအသတ်ခံလိုက်ရပြီ ဟုတ်လား”
“ဘယ်သူကမှ ကျန်းရီကို မတားနိုင်ဘူးလား”
“ကျန်းရီက ဖုန်းရွှေကျွန်းကို ရောက်သွားပြီလား”
သတင်းများ တစ်ခုပြီးတစ်ခု ဝင်လာ၏။ တိုက်ပွဲကို ကူညီရန် အပြေးလာနေကြသော မရေမတွက်နိုင်သည့် အုပ်ချုပ်သူအဆင့် သိုင်းသမားများ မှင်တက်သွားကြသည်။ မျိုးနွယ်ကြီးလေးခု၏ မျိုးနွယ်ခေါင်းဆောင်များသည် ကျန်းရီ၏ သူတို့အတွက် သတင်းစကားကို ကြားလိုက်ရချိန်တွင် အတူတကွ ရှိနေခဲ့သည်။ သူတို့ထံတွင် ကြောက်ရွံ့သည့်အရိပ်အယောင် တစ်ခုပင် မရှိချေ။ ထိုအစား ဒေါသတရားသာ ရှိနေပေသည်။
ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုက ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများ၏ ထောက်ပံ့မှုကို ရထားသည်။ တောက်မျိုးနွယ်က အန်းမျိုးနွယ်၏ ထောက်တိုင်ပင်။ ကျန်းရီက ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများကို အရှက်ရစေခြင်းမှာ သူတို့နှင့် တိုက်ရိုက်မသက်ဆိုင်။ သို့သော် ယခုတွင် သူက ဟွင့်သွမ့်ပင်လယ်၏ သိုင်းသမားတစ်ယောက်ကို သတ်လိုက်ပြီလော။
ရုတ်ခြည်းပင် မျိုးနွယ်ခေါင်းဆောင်လေးယောက်သည် အနီးရှိ ကျွန်းတစ်ကျွန်းကို ရှာ၍ ကျန်လမ်းတစ်လျှောက်ကို တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ သူတို့သည် ကြယ်တာရာကျွန်းစု၏ မြောက်ဘက်သို့ ရောက်သောအခါ ကျန်းရီက သူတို့ထံ ပျံသန်းလာမည်ကို စောင့်နေလိုက်ကြသည်။ ထို့ပြင် သူတို့က တောက်မျိုးနွယ်နှင့် အခြား ကောင်းကင်ဘုံ မျိုးနွယ်ကြီးများထံ သတင်းပို့ကာ ကျန်းရီကိုတိုက်ခိုက်ရန် အရှေ့မှ ကြိုစောင့်နေဖို့ ပြောလိုက်သေးသည်။
သို့သော်...
မရေမတွက်နိုင်သော အုပ်ချုပ်သူအဆင့် သိုင်းသမားများက ကြယ်တာရာကျွန်းစု၏ မြောက်ဘက်ကို သွားနေချိန်တွင် ကျန်းရီက အနောက်ဘက်သို့ ဦးတည်ချက် ပြောင်းလိုက်ပေသည်။ လမ်းတစ်လျှောက်တွင် သူ အုပ်ချုပ်သူအဆင့် သိုင်းသမားသုံးယောက်ကို သတ်ခဲ့ပြီး တစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ အသတ်ခံလိုက်ရသူများထဲတွင် တောက်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်လည်း ပါဝင်ပေသည်။
အလောင်းကြီးက အလွန်လျင်မြန်စွာ ပျံသန်းနေ၏။ အလောင်းကြီး၏ အမြန်နှုန်းက ဟွင့်သွမ့်ပင်လယ်ထဲရှိ အုပ်ချုပ်သူအဆင့် သိုင်းသမားများထဲမှ တစ်ဝက်ကျော်လောက်၏ အမြန်နှုန်းထက် ပိုမြန်လောက်သည်ဟု ကျန်းရီ ခန့်မှန်းပေသည်။
ကျန်းရီက ယခုတွင် တစ်ဘက်သို့ သွားနေလိုက်၊ ထို့နောက် နောက်တစ်ဘက်သို့ ဦးတည်ချက်ပြောင်းသွားလိုက်နှင့် လုပ်နေရာ မျိုးနွယ်ခေါင်းဆောင်လေးယောက် မည်သို့လုပ်ရမည်မသိ ဖြစ်နေကြသည်။ သူတို့သည် ယုန်တောင်ပြေး၊ ခွေးမြောက်လိုက် သကဲ့သို့ ဖြစ်ကာ အချိန်ဖြုန်းမိနေသည်။ သူတို့ တည်နေရာပြောင်းရွှေ့ပြီးနောက်တွင် ကျန်းရီက အရှေ့ဘက်သို့ ဦးတည်သွားပြန်ပြီဖြစ်ကြောင်း သိလိုက်ရပေသည်။
မည်သို့ပင်ဖြစ်စေ အုပ်ချုပ်သူအဆင့် သိုင်းသမားအချို့က ကျန်းရီနောက်မှ ထပ်ကြပ်မကွာ လိုက်သွားနိုင်နေသည်။ သူတို့၏ အမြန်နှုန်းက အလောင်းကြီ၏ အမြန်နှုန်းနှင့် တူပေသည်။ ကျန်းရီ မည်သည့်ဘက်ကို ဦးတည်ချက်ပြောင်းပါစေ သူတို့ နောက်မှ လိုက်နိုင်ကြသည်။ သူတို့က အနောက်မှ လိုက်နေလျှင် ကျန်းရီ မည်သည့်နေရာသို့ ပြေးနိုင်ပါမည်နည်း။
တဖြည်းဖြည်းဖြင့် ကျန်းရီနောက်မှ လိုက်နေသော အုပ်ချုပ်သူအဆင့် သိုင်းသမား အရေအတွက်က ပိုများလာသည်။ လူများစွာသည် ကျန်းရီနှင့် အနီးဆုံးကျွန်းသို့ ရောက်သည်အထိ တည်နေရာပြောင်းရွှေ့ကြကာ ထိုမှတဆင့် ပျံသန်း၍ လိုက်ကြပေသည်။
မျိုးနွယ်ခေါင်းဆောင်လေးယောက်လည်း မီလာပြီဖြစ်သည်။ သူတို့သည် ကျန်းရီအနောက် ကီလိုမီတာဆယ်ကျော်အကွာမှနေ၍ လိုက်နေကြသည်။ သူတို့က ကျန်းရီအနီးကို ထပ်မကပ်နိုင်တော့ခြင်း မဟုတ်။ အနည်းဆုံး မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်က ကျန်းရီ၏ အလောင်းကြီးထက် ပိုမြန်သည်။ သူတို့ အနားကပ်မသွားဘဲ ခပ်လှမ်းလှမ်းမှ လိုက်နေခြင်း အကြောင်းမှာမူ... သူတို့ ကြောက်၍ဖြစ်သည်။
ကျန်းရီ မိစ္ဆာသတ်ဖြတ်နန်းတော်အပြင်သို့ ပြန်ရောက်လာသည်မှာ တစ်နာရီသာ ရှိသေးသည်။ သို့သော် နတ်ဘုရားဧကရာဇ် အယောက်တစ်သိန်းကျော်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမား ကိုးယောက် အသတ်ခံလိုက်ရပြီဖြစ်သည်။ အပြင်းအထန် ဒဏ်ရာရသွားသော အုပ်ချုပ်သူအဆင့် သိုင်းသမားများလည်း လေးယောက်ရှိပေသည်။
ကျန်းရီ၏ ပုံရိပ်လက်တစ်ထောင်က ပေါင်းစည်းမီးတောက်များနှင့် တွဲသုံးလိုက်သောအခါ အလွန်ကြောက်မက်ဖွယ်ကောင်းလာသည်။ ထို့ပြင် အလောင်းကြီးကလည်း အလွန်စွမ်းအားကြီးသည်။ အန်းမျိုးနွယ်မှ အကြီးအကဲသုံးယောက်က ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်များကို ဝတ်ဆင်ထားကြသော်လည်း အလောင်းကြီး၏ လက်ရိုက်ချက်တစ်ချက်တည်းနှင့် အသတ်ခံလိုက်ကြရသည်။ ထို့ကြောင့် မျိုးနွယ်ခေါင်းဆောင်လေးယောက်က ကြောက်ရွံ့နေခြင်းပင်။ သူတို့တွင်လည်း ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်သာ ရှိသည် မဟုတ်ပါလား။
မိမိအသက်ကို တန်ဖိုးထားသူတိုင်း ကြောက်ရွံ့တတ်ကြသည်။
တောက်မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားများစွာ စေလွှတ်ခဲ့သည်။ တောက်မျိုးနွယ်၏ တတိယစွမ်းအားအကြီးဆုံးသူဖြစ်သော ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား တောက်လန်ပင် ရောက်လာခဲ့သည်။ ထို့ကြောင့် မျိုးနွယ်ခေါင်းဆောင်လေးယောက်သည် သူတို့၏အသက်ကို မရင်းလိုကြပေ။ ခက်ခဲသော အလုပ်များကို တောက်မျိုးနွယ်နှင့် အခြား ကောင်းကင်ဘုံ မျိုးနွယ်ကြီးများမှ သိုင်းသမားများသာ လုပ်ပါစေ။ သူတို့က အရှုပ်များကို ရှင်းပေးရန်သာ နောက်မှ လိုက်ကြမည်ဖြစ်သည်။
လူများစွာသည် အလောင်းကြီးက မည်သူ၏အလောင်းကြီးဖြစ်ကြောင်း စတင် သိရှိလာကြ၏။ ၎င်းက မဟာနတ်ဘုရားမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ အလောင်းပင်။ ထို့ပြင် ၎င်းအလောင်းကြီးက ကောင်းကင်ဘုံ မျိုးနွယ်ကြီးများတွင် ရှိသော အလောင်းများထက်ပင် ပို၍စွမ်းအားကြီးသည်။ ထို့ကြောင့် ၎င်းအလောင်းကြီးက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် မဟာနတ်ဘုရားမျိုးနွယ်အရှင်တစ်ပါး၏ အလောင်း ဖြစ်ရမည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။ ကျန်းရီက ထိုအလောင်းကြီးကို မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှ ရခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ကျန်းရီတစ်ယောက် ၎င်းကို မည်သို့ သန့်စင်ခဲ့ကြောင်းကိုတော့ သူတို့ မသိကြပေ။
တောက်လန်သည် ထိုသတင်းကို ရသော်လည်း ကောင်းကင်ဝိညာဉ်ကျွန်းတွင်သာ ဆက်နေနေပြီး တောက်မျိုးနွယ်ဝင်များကိုသာ ကျန်းရီနောက် ဆက်လိုက်ခိုင်းလိုက်သည်။ သို့သော် ထိုသူများကို ကျန်းရီအနားသို့ အရမ်းကပ်မသွားရန်တော့ မှာလိုက်သည်။ ကျန်းရီက အလောင်းကြီးကို ကြာရှည်ထိန်းချုပ်ထားနိုင်လိမ့်မည် မဟုတ်ဟု တောက်လန် ယုံကြည်သည်။ ထို့ကြောင့် သူသည် အရှေ့မှ တားနေသူများကိုလည်း ပြန်ဆုတ်ရန် ညွှန်ကြားလိုက်၏။ ထိုမှ အသက်များ မလိုအပ်ဘဲ မဆုံးရှုံးမည်ဖြစ်သည်။
မျိုးနွယ်ခေါင်းဆောင်လေးယောက်သည် ထိုအမိန့်ကို ရလိုက်သောအခါ သက်ပြင်းလေးလေး ချလိုက်ကြ၏။ ချက်ချင်းပင် သူတို့သည် အရှေ့မှ ပိတ်ဆို့ထားသူများထံ သတင်းပို့ကာ အနီးရှိ ကျွန်းများသို့ ဆုတ်ခွာသွားရန် အမိန့်ပေးလိုက်၏။ မြို့များ၏ အကာအရံများကို ဖွင့်ထားရန်လည်း ညွှန်ကြားလိုက်သည်။
နှစ်နာရီကြာပြီးနောက် ကျန်းရီနောက်သို့ လိုက်နေကြသော အုပ်ချုပ်သူအဆင့် သိုင်းသမားများ ပိုများလာသည်။ ယခုတွင် သူတို့၏ အရေအတွက်က သုံးရာနီးပါးလောက် ရှိနေပေပြီ။ ထို့ပြင် ထပ်ရောက်လာသူများကလည်း မပြတ်ရှိနေသည်။ သူတို့အားလုံးသည် တောက်လန်၏ အမိန့်အရ ကျန်းရီအနောက်သို့ လိုက်နေကြခြင်းပင်။ သူတို့ မည်သို့လုပ်သည်ဖြစ်စေ ကျန်းရီကို မျက်ခြည်ပြတ်သွား၍ မဖြစ်ပေ။
‘ပညာရှင်တစ်ယောက်...’
ကျန်းရီသည် ကီလိုမီတာငါးသိန်းကျော် သွားခဲ့ပြီးပေပြီ။ သူ့အရှေ့တွင် လမ်းပိတ်နေသူများ မရှိတော့ကြောင်း သူ ရုတ်တရက် သတိပြုမိသွားသည်။ သို့သော် သူ့အနောက်တွင် လူများစွာ ပါလာပေသေးသည်။ သူတို့၏ အကြံက သိသာ၏။ ပညာရှင်တစ်ယောက်က သူ အလောင်းကြီးကို ကြာကြာ မထိန်းချုပ်နိုင်လောက်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့် သူ့အနောက်မှ လူစုသည် သူ၏မိုးမြေစွမ်းအားများ ကုန်သွားသည်အထိ စောင့်ပြီးမှ သူ့ကို ပူးပေါင်းတိုက်ခိုက်ကြမည်ဖြစ်သည်။ ထိုအခါကျလျှင် သူတို့က သူ့ကို အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။
ကျန်းရီအနောက်သို့ လူများစွာ လိုက်လာသည်။ ထို့ပြင် သူတို့၏ အရှိန်အဝါများအရ သူတို့အားလုံးက အုပ်ချုပ်သူအဆင့် သိုင်းသမားများဖြစ်ကြောင်း ကျန်းရီ ပြောနိုင်သည်။ အလောင်းကြီးမရှိလျှင် ကျန်းရီ သူတို့ကို ပြန်မတိုက်ခိုက်ဝံ့ပေ။ ပုန်းရမည်လော။ ပုန်းနေလျှင်လည်း တစ်ချိန်ချိန်တွင် ရှာတွေ့ခံလိုက်ရမည်သာ။ ထိုအခါကျလျှင် သူ မည်သို့သေသွားမည်ကို တွေးပင်မကြည့်နိုင်ပေ။
ကျန်းရီ၏မိုးမြေစွမ်းအားက ကုန်တော့ပေမည်။ ကျန်းရီ စတင်၍ တုန်လှုပ်လာပေသည်။ သူ့ဦးနှောက်ကလည်း အသည်းအသန် အလုပ်လုပ်နေသည်။ ခေတ္တမျှကြာပြီးနောက် သူ့အရှေ့တွင် ကျွန်းငယ်တစ်ကျွန်း ထွက်ပေါ်လာ၏။ ရုတ်တရက် သူ အကြံတစ်ခု ရလိုက်၏။
ဝှစ်...
ဤမတိုင်ခင်အထိ ကျန်းရီသည် မည်သည့်ကျွန်းထဲမှ မဝင်ရဲခဲ့ပေ။ ကျွန်းပေါ်ရှိ မြို့များထဲတွင် သူ့ကိုသတ်မည့်သူများ ပုန်းအောင်းနေမည်ကို သူ စိုးရိမ်ခဲ့သည်။ သို့သော် ယခုတွင်မူ သူ့အနောက်သို့ အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာ လိုက်လာသဖြင့် မြို့များထဲ၌ စွမ်းအားကြီး သိုင်သမားများ မရှိလောက်တော့ဟု သူ တွေးပေသည်။ ကျွန်းတစ်ကျွန်းပေါ်တွင် မြို့ပေါင်းများစွာရှိနေသည် မဟုတ်ပါလား။
ဝှစ်...
အလောင်းကြီးက တတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းသွား၏။ အရှေ့တွင် အလယ်အလတ် အရွယ်အစားရှိသော မြို့တစ်မြို့ ထွက်ပေါ်လာသည်။ မြို့ထဲတွင် တပ်သားများစွာ ရှိနေသည်။ သူတို့သည် အလောင်းကြီးက သူတို့မြို့ဆီသို့ ပျံသန်းလာကြောင်း တွေ့လိုက်သောအခါ တုန်လှုပ်သွားကြပေသည်။ တစ်မြို့လုံးလည်း ရုတ်ခြည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
“ချိုးဖျက်...”
ကျန်းရီ အော်ပြောလိုက်၏။ အလောင်းကြီ၏ လက်သည်းများက မြို့အကာအရံအလွှာကို တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် ပေါင်းစည်းမီးတောက်များကို ထုတ်လွှတ်၍ အကာအရံအလွှာ၏ အစီအရင်များကို ဖျက်ဆီးလိုက်သည်။
မြို့က မကြီးပေ။ ထို့ကြောင့် အကာအရံအလွှာကလည်း စွမ်းအားမကြီးချေ။ ပေါင်းစည်းမီးတောက်များနှင့် အလောင်းကြီး၏ လက်သည်းချက်များကို ပေါင်းလိုက်သောအခါ အကာအရံအလွှာသည် ချက်ချင်း ပျက်စီးသွား၏။ ကျန်နေသေးသော မီးတောက်များက ပတ်ဝန်းကျင်အပူချိန်ကို တဟုန်တိုး မြင့်တက်သွားစေသည်။ မြို့ထဲမှ လူများသည် နာကျင်တကြီး အော်ဟစ်ကြ၏။ တစ်မြို့လုံး ကစဉ့်ကလျားဖြစ်သွားပေပြီ။
“အားလုံး နားထောင်ကြ၊ ဒီကျွန်းပေါ်ကနေ ငါးမိနစ်အတွင်း ထွက်သွားပါ။ ငါးမိနစ်ပြည့်လို့ ဒီကျွန်းပေါ်မှာ ဆက်ရှိနေဦးမယ်ဆိုရင်တော့ ကျွန်တော် ခင်ဗျားတို့ကို မတုံ့ဆိုင်းဘဲ သတ်ရလိမ့်မယ်”
ကျန်းရီ အော်၍ အမိန့်ပေးလိုက်ပြီး မီးတောက်များကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်၏။ ထိုသို့မလုပ်လျှင် မြို့ထဲရှိ မြို့သူမြို့သားအားလုံး စက္ကန့်ပိုင်းအတွင်း မီးလောင်သေဆုံးသွားပေလိမ့်မည်။ သို့သော် သူ မြို့ထဲသို့ အလင်းတန်းများ ပစ်လွှတ်လိုက်၏။ မြို့ထဲရှိ ရဲတိုက်များ ပြိုပျက်ကုန်သည်။ အရာအားလုံးက အစောကထက်ပို၍ ရှုပ်ထွေးလာပေသည်။
“အား... မြန်မြန်ပြေးကြ...”
“ကယ်ကြပါ...”
“မြို့ထဲကနေ မြန်မြန်ထွက်၊ မဟုတ်ရင် ငါတို့ သေကုန်လိမ့်မယ်...”
မရေမတွက်နိုင်သော အော်သံများကို ကြားလိုက်ရ၏။ သန်းချီသော လူများက မြို့ထဲမှနေ၍ အမြန်ဆုံး ထွက်ပြေးကြသည်။ ကျန်းရီ၏ မျက်လုံးများ လင်းလက်လာ၏။ ရုတ်တရက် သူ အလောင်းကြီးကို သိမ်းကာ ပုန်းကွယ်ခြင်းအတတ် သုံးလိုက်သည်။ ထို့နောက် မြို့ထဲသို့ ပျံဝင်ကာ လူအုပ်ကြားတွင် ပျောက်ကွယ်သွားလေသည်။
ဝှစ်...ဝှစ်...ဝှစ်...
စက္ကန့်နှစ်ဆယ် ကြာပြီးနောက် အုပ်ချုပ်သူအဆင့် သိုင်းသမားများက ရောက်ရှိလာ၏။ သို့သော် မြို့သို့ရောက်သောအခါ သူတို့ မှင်တက်သွားကြသည်။ မြို့တွင်း၊ မြို့ပြင်တွင် လူများ ပြေးလွှားနေကြသည်။ ထိုလူများက ပုရွက်ဆိတ်အုပ်များနှင့်တူပြီး အရပ်မျက်နှာအနှံ့သို့ သွေးရူးသွေးတန်းဖြင့် ပြေးနေကြ၏။ ထိုလူအုပ်ကြားတွင် ကျန်းရီကို မတွေ့ရချေ။
“မြန်မြန်... သူ့ကို လူခွဲပြီးရှာကြ။ ခင်ဗျားတို့ရဲ့ အာကာသလှိုင်းတွေကို သုံးကြ။ သူ့ကို မလွတ်စေနဲ့”
တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် အော်၍ ညွှန်ကြားလိုက်၏။ ရာချီသော အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် သူတို့၏ ဆန်းကြယ်စွမ်းရည်များနှင့် ပြဒါးလုံးများကို အသုံးပြု၍ ကျန်းရီကို နေရာအနှံ့တွင် လိုက်ရှာကြ၏။ သူတို့ ကျွန်းတစ်ခုလုံးကို ဝန်းရံ၍လည်း အာကာသလှိုင်းများ ထုတ်လွှတ်ကြသည်။
ကျွန်းပတ်လည်တစ်ခွင်လုံးမှ လေထုကို တုန်ခါစေခဲ့သော်လည်း ကျန်းရီ၏ အရိပ်အယောင်ကိုပင် မတွေ့ရ။ အားလုံးသည် ရွေးချယ်စရာ မရှိတော့ဘဲ ကျွန်းကိုဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပျံထွက်ကာ ကျန်းရီကို လိုက်ရှာကြရတော့သည်။
“ဟင်းဟင်း...”
အုပ်ချုပ်သူအဆင့် သိုင်းသမားအားလုံးက ကျန်းရီကို ရှာရန် ပြန်ထွက်သွားချိန်တွင် မြို့က စတင် ခြောက်ကပ်လာနေပေပြီ။ ရုတ်တရက် တိုးညင်းသော ရယ်သံတစ်သံကို ကြားလိုက်ရသည်။
အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးနေရာပင်။ ဟွင့်သွမ့်ပင်လယ်ထဲတွင် ကောင်းကင်စိတ်အာရုံများကို အသုံးပြု၍မရပေ။ အာကာသလှိုင်းများလော။ ကျန်းရီက အပျက်အစီးများအောက်တွင် ပုန်းနေခြင်းပင်။ သူ အပြင်ကို မထွက်လျှင် မည်သူမှ သူ့ကို ရှာတွေ့မည် မဟုတ်ပေ။
‘ကောင်းကင်ဝိညာဉ်ကျွန်းက ဟွင့်သွမ့်ပင်လယ်ရဲ့ အရှေ့ပိုင်းမှာလား’
ကျန်းရီ ခေတ္တမျှ စောင့်ပြီးနောက် အပျက်အစီးများအောက်မှ ထွက်လိုက်၏။ သူ ကိုယ်တော့ဖျောက်ထားဆဲပင်။ နောက်မှလိုက်လာသည့် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို မျက်ခြည်ဖြတ်နိုင်လိုက်ပြီဖြစ်၍ သူ ပုန်းကွယ်ကာ ထွက်ပြေးနိုင်ပေတော့မည်။ သူသာ ကောင်းကင်ဝိညာဉ်ကျွန်းကို ရှာနိုင်မည်ဆိုလျှင် အလောင်းကြီးကိုထုတ်၍ ထိုကျွန်းပေါ်ရှိ စွမ်းအားကြီး သိုင်းသမား အကုန်လုံးကို သတ်ပစ်နိုင်သည်။ ၎င်းနောက် ချီချင်ချန်ကို အပြင်ထုတ်ကာ သူတို့ကို အထက်ဘုံသို့ ပြန်ပို့ပေးမည့် တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးခိုင်းနိုင်သည်။ အထက်ဘုံသို့ ပြန်ရောက်လျှင် သူတို့ လုံခြုံသွားပေလိမ့်မည်။
သို့သော် တောက်လန်က ကောင်းကင်ဝိညာဉ်ကျွန်းမှ တစ်ဖဝါးမခွာဘဲ သူရောက်လာမည်ကို စောင့်နေကြောင်းကိုတော့ သူ မသိပါပေ။