← Chapters

ကောင်းကင်ကို ဧရာမပိုက်ကွန်ကြီးနှင့် လွှမ်းခြုံခြင်း

Vol. 118 Ch. 1647

ကောင်းကင်ကို ဧရာမပိုက်ကွန်ကြီးနှင့် လွှမ်းခြုံခြင်း

Vol. 118 Ch. 1647

နောက်မှလိုက်လာသည့် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို မျက်ခြည်ဖြတ်ပြီးနောက် ကျန်းရီသည် ပင်လယ်ကို ပြန်ရောက်သွားသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သွား၏။ မည်သူမှ သူ့ကို မရှာနိုင်တော့ပေ။

ဟွင့်သွမ့်ပင်လယ်က အလွန်ကျယ်ပြောသည်။ ပို၍အရေးကြီးသည်မှာ ဤနေရာတွင် ကောင်းကင်စိတ်အာရုံများကို အသုံးပြု၍ မရခြင်းပင်။ တောက်လန်၏ ကောင်းကင်စိတ်အာရုံပင် အသုံးဝင်ချေ။ ဤနေရာရှိ ထူးခြားသော အာကာသအကန့်အသတ်များက ကောင်းကင်စိတ်အာရုံကို ကန့်သတ်ထားသည်။ ကောင်းကင်စိတ်အာရုံမရှိလျှင် ကျန်းရီကိုရှာရန် လွယ်ကူမည် မဟုတ်ပေ။ ပြဒါးလုံးများကလည်း များစွာ အသုံးမဝင်ချေ။

ကျန်းရီ၏ အမြန်နှုန်းက မဆိုးပေ။ သူသည် ရှာဖွေနေသော ထောက်လှမ်းရေးများကို အလွယ်တကူ ရှောင်ရှားနိုင်သည်။ သာမန် ထောက်လှမ်းရေးများက သူ့ကို ရှာနိုင်မည် မဟုတ်ပေ။ ထို့ပြင် သူတို့ ရှာတွေ့သွားလျှင်ပင် သူသည် အစောမှအတိုင်း မြို့တစ်မြို့သို့ သွားရောက်တိုက်ခိုက်၍ ကစဉ့်ကလျားအခြေအနေကို အကာအကွယ်ယူကာ ပြန်၍ ထွက်ပြေးနိုင်ပေသည်။

အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် အတော်ကြာအောင် ရှာဖွေခဲ့သော်လည်း ကျန်းရီကို ရှာမတွေ့သဖြင့် မြို့တစ်မြို့သို့ပြန်ကာ လူပြန်စု၍ မည်သို့ဆက်လုပ်ရမည်ကို ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ဖြစ်ပျက်ခဲ့သည်များကို တောက်လန်ထံ သတင်းပြန်ပို့၍လည်း မည်သို့ဆက်လုပ်သင့်သနည်းဟု အကြံတောင်းလိုက်ကြသည်။

နှစ်နာရီကြာအောင် အကြိတ်အနယ် ဆွေးနွေးပြီးသည်အထိ ဆုံးဖြတ်ချက် မချနိုင်သေးဘဲ ရှိနေစဉ် တောက်လန်က လှမ်းဆက်သွယ်လာသည်။ သူသည် တောက်မျိုးနွယ်မှ စွမ်းအားအကြီးဆုံး သိုင်းသမားဆယ်ယောက်ကို ကောင်းကင်ဝိညာဉ်ကျွန်းသို့ ပြန်လာရန် ပြောလိုက်ပြီး ကျန်လူများကို ကီလိုမီတာငါးသန်း အဝန်းအဝိုင်းအတွင်း ဆက်ရှာစေလိုက်သည်။ သူတို့သည် အနောက်ဘက်ကို အဓိကရှာရမည်ဖြစ်ပြီး အရှေ့ဘက်တွင် အင်အားအနည်းငယ်နှင့်သာ ရှာရမည်ဖြစ်သည်။ အထူးသဖြင့် ကျွန်းများနှင့် မြို့များကို ပို၍အာရုံစိုက်ရမည်။ မြို့များကိုလည်း ပိတ်ထားရမည်ဖြစ်ပြီး မည်သူ့ကိုမှ ဝင်ခွင့်ပေး၍ မရပေ။ ကျွန်းများအားလုံးကို နေ့ညမပြတ် ကင်းလှည့်နေရမည်။ တစ်ကျွန်းလုံးကို နှစ်နာရီလျှင်တစ်ကြိမ် တစ်လက်မကျန် ရှာဖွေရမည်။

တောက်လန်၏ ရည်ရွယ်ချက်က အားလုံးအတွက် ရှင်းသည်။ သူတို့ ကျန်းရီကို ရှာမတွေ့နိုင်ရာ ကောင်းကင်ဝိညာဉ်ကျွန်းသို့ သွားရာလမ်းတစ်လျှောက်မှ အဟန့်အတားများကို ရည်ရွယ်ချက်ရှိရှိ လျှော့ချပေး၍ သူ့ကို ထိုဘက်သို့ ကျုံးသွင်းရပေမည်။ တစ်ချိန်တည်းမှာလည်း ရှာဖွေရေးကို ဆက်လုပ်၍ ကျန်းရီအတွက် ပုန်းစရာနေရာ မရှိအောင် လုပ်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် ကျန်းရီသည် ရွေးချယ်စရာမရှိ‌တော့ဘဲ ကောင်းကင်ဝိညာဉ်ကျွန်းဆီသို့သာ ဆက်သွားရပေလိမ့်မည်။ သူ ထိုကျွန်းသို့ ရောက်သောအခါတွင် တောက်လန်က သူ့ကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ရန် စီစဉ်ထားလောက်ပေသည်။

သို့သော်...

အားလုံး အတန်ငယ် စိုးရိမ်နေကြသည်။ ကျန်းရီ၏ လုပ်ရပ်များအရ သူက အလွန်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ သူ ဤထောင်ချောက်ကို သတိမပြုမိဘဲ နေပါမည်လော။ သူ့ကို ကောင်းကင်ဝိညာဉ်ကျွန်းဆီသို့ ရည်ရွယ်ချက်ရှိရှိ ကျုံးသွင်းနေသည်ကို သူ မသိဘဲ နေပါမည်လော။

“အားလုံး စိတ်မပူကြပါနဲ့”

အန်းမျိုးနွယ်ခေါင်းဆောင် အန်းထျန်ရှင်းက ခေတ္တမျှတွေးတော၍ အလွန်ခိုင်မာစွာ ပြောလိုက်သည်။

“အရှင်တောက်လန်က အကုန်လုံးကို သေသေချာချာ တွေးထားပြီးသားပါ။ ကျုပ်တို့က ကျွန်းတိုင်းကို ထိန်းချုပ်ထားတာပဲ။ ကျန်းရီမှာ ပုန်းစရာနေရာ မရှိပါဘူး။ သူ့ရဲ့ ပုန်းကွယ်ခြင်းအတတ်က သူ့ကို စိတ်ရောကိုယ်ပါ ပင်ပန်းစေမှာပဲ။ သူ့မှာ ပုန်းစရာနေရာ မရှိရင် ရွေးစရာမရှိတော့ဘဲ သေရမယ်ဆိုရင်‌တောင် ကောင်းကင်ဝိညာဉ်ကျွန်းကို သွားရလိမ့်မယ်။ သူ အထက်ဘုံကို ပြန်ချင်ရင် ကောင်းကင်ဝိညာဉ်ကျွန်းကို သွားကိုသွားရမှာ။ မဟုတ်ရင် သူ ဟွင့်သွမ့်ပင်လယ်ထဲမှာပဲ သေရလိမ့်မယ်”

“အင်း...”

အားလုံးသည် ထိုစကားများကို ကြားသောအခါ ပြန်၍ စိတ်အားတက်လာကြ၏။ တောက်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က အန်းမျိုးနွယ်ခေါင်းဆောင်ကိုကြည့်ကာ ပြောလိုက်သည်။

“လောင်အန်း... ဒီက ကိစ္စတွေကို ခင်ဗျား တာဝန်ယူစီစဉ်လိုက်ပါ။ ကျုပ်တို့ဆယ်ယောက်က ကောင်းကင်ဝိညာဉ်ကျွန်းကို ပြန်သွားလိုက်မယ်။ မှတ်ထားပါ... ကျုပ်တို့ဆယ်ယောက်နဲ့ အရှင်တောက်လန်က ကောင်းကင်ဝိညာဉ်ကျွန်းမှာ စောင့်နေမှာဆိုတဲ့ သတင်းက ပေါက်ကြားသွားလို့ မဖြစ်ဘူး”

အန်ထျန်ရှင်း ခေါင်းညိတ်လိုက်ပြီး တောက်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမား ဆယ်ယောက်ကို တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ လိုက်ပို့ပေးလိုက်သည်။ ထို့နောက် သူ ခပ်သွက်သွက် ပြန်လာပြီး အစီအစဉ်ကို အကောင်အထည်ဖော်လိုက်လေသည်။ သူသည် စုဝေးနေသော အုပ်ချုပ်သူအဆင့် သိုင်းသမားအားလုံးကို တပ်မဖြန့်လိုက်ပေ။ စွမ်းအားအကြီးဆုံး အယောက်နှစ်ဆယ်ကို ဤနေရာမှာပင် နေခဲ့စေ၍ သူကိုယ်တိုင် ဦးဆောင်မည်ဖြစ်သည်။ ကျန်းရီကို ရှာတွေ့သည်နှင့် သူနှင့် ၎င်းအယောက်နှစ်ဆယ်က ထိုသို့ ချက်ချင်းတည်နေရာပြောင်းရွှေ့နိုင်ရန် အသင့်ဖြစ်နေရပေမည်။

ကျန်သော အုပ်ချုပ်သူအဆင့် သိုင်သမားအားလုံကမူ အရပ်မျက်နှာအနှံ့သို့ ဖြန့်ထွက်၍ ပိုက်ကွန်ကြီးတစ်ခုကို စတင်ဆင်ကြသည်။ တစ်ချိန်တည်းမှာပင် အန်းထျန်ရှင်းသည် ဟွင့်သွမ့်ပင်လယ်၏ တပ်သားများကို ကျွန်းကြီးများသို့ စေလွှတ်လိုက်သည်။ အားလုံးတွင် ပြဒါးလုံးတစ်လုံးစီ ရှိကြသည်။ ထို့ပြင် တပ်ဖွဲ့တိုင်းက ကျွန်းတစ်ကျွန်းစီကို စောင့်ကြပ်ရမည်ဖြစ်သည်။

မြို့အားလုံးကလည်း မြို့အကာအရံများကို နှိုးထားကြသည်။ ကျန်းရီက မြို့ထဲတွင် ပုန်းလိုလျှင် ရွေးချယ်စရာမရှိဘဲ မြို့အကာအရံကို တိုက်ခိုက်ရမည်ဖြစ်သည်။ သို့ဆိုလျှင် သူ့နေရာက ချက်ချင်းပေါ်သွားပေလိမ့်မည်။

ဆယ်နာရီကြာ အလုပ်များနေပြီးနောက် ကီလိုမီတာငါးသန်းပတ်လည်အတွင်းရှိ ကျွန်းအားလုံးတွင် လူများ စောင့်ကြပ်နေကြပြီဖြစ်သည်။ ကျန်းရီ ထိုကီလိုမီတာငါးသန်းကို ဖြတ်ကျော်လိုလျှင် အနည်းဆုံး အထက်ဘုံအချိန် နှစ်ရက်၊ သုံးရက်လောက် အချိန်ယူရပေလိမ့်မည်။ သူ ထိုမျှကြာအောင် ကိုယ်ဖျောက်ထားနိုင်ပါမည်လော။ အန်းထျန်ရှင်းသည် ကျွန်းငယ်လေးများဆီလည်း တပ်သားများ စေလွှတ်ထားသည်။ ကျန်းရီကို မည်သည့်ကျွန်း၊ မည်သို့မြို့တွင်မှ မပုန်းနိုင်အောင် လုပ်ရပေမည်။

ကောင်းကင်ဘုံမှ ဆယ်ချီသော မျိုးနွယ်ကြီးများက ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုနှင့် အင်အားပူးပေါင်းထားသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်တစ်ရာနီးပါးနှင့် တပ်သားငါးသန်းလောက်က ဧရာမပိုက်ကွန်ကြီးတစ်ခုကို ဖန်တီးထားသည်။ ထို့ကြောင့် ကျန်းရီက ထိုပိုက်ကွန်ထဲမှ လွတ်သွားမည်လော သို့မဟုတ် ပိုက်ကွန်ထဲတွင် ပိတ်မိကာ အသတ်ခံရမည်လောကို စောင့်ကြည့်ရန်သာ ကျန်တော့ပေသည်။

***

ကျန်းရီက အမှန်ပင် ကောင်းကင်ဝိညာဉ်ကျွန်းသို့ ဦးတည်သွားနေသည်။ သူ ဟွင့်သွမ့်ပင်လယ်ထဲတွင် ကြာကြာနေလျှင် မြန်မြန်သေပေလိမ့်မည်။ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ကောင်းကင်ဝိညာဉ်ကျွန်းသို့ အမြန်ဆုံးသွား၍ အထက်ဘုံသို့ တည်နေရာပြောင်းရွှေ့သွားရန်ပင်။

ချီချင်ချန်က တည်နေရာပြောင်းရွှေ့အစီအရင်များအကြောင်းကို အနည်းငယ်သိသည်။ ထို့ကြောင့် ကျန်းရီကသာ ကောင်းကင်ဝိညာဉ်ကျွန်းမှ အစောင့်များကို သတ်နိုင်မည်ဆိုလျှင် ချီချင်ချန်သည် သူတို့ကို အထက်ဘုံသို့ တည်နေရာပြောင်းရွှေ့ပေးနိုင်ပေသည်။ သူတို့ အထက်ဘုံသို့ ပြန်ရောက်သွားလျှင် မည်သူက သူတို့ကို ရှာနိုင်ပါဦးမည်နည်း။

ကောင်းကင်ဘုံမှ စွမ်းအားကြီး သိုင်းသမားများက အထက်ဘုံသို့ ဆင်းလာလျှင်ပင် ဘုံတစ်သောင်းလုံးကို လိုက်မရှာနိုင်လောက်ပေ။ ထို့ပြင် သူတို့က မဟာဧကရာဇ်လေးပါး၏ အမျက်ကိုလည်း ကြောက်ရွံ့ရပေသေးသည်။

ကျန်းရီသည် တောက်ဖုန့်ကို သတ်ခြင်းက ဟွင့်သွမ့်ပင်လယ်ဆီ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်သမားတစ်ယောက် ရောက်လာစေလိမ့်မည်ဟု မထင်ခဲ့ပေ။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများက တမလွန်ဘုံကို ခုခံနေသည့် အဓိကအင်အားထောက်တိုင်များ မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် လူငယ်လေးတစ်ယောက်၏ သေဆုံးမှုအတွက် ရောက်လာလိမ့်မည်ဟု ကျန်းရီ မတွေးခဲ့ခြင်းပင်။

သို့သော် တောက်မျိုးနွယ်‌ခေါင်းဆောင် တောက်နူက ကောင်းကင်ဘုံတွင် သူ့အမှားများနှင့် သူ့မျိုးနွယ်၏အမှားများကို အမြဲဖုံးကွယ်ပစ်တတ်သော အရူးတစ်ယောက်အဖြစ် ကျော်ကြားကြောင်းကို ကျန်းရီမသိချေ။ တောက်မျိုးနွယ်ကို ဒေါသထွက်စေမိသူတိုင်း အဆုံးထိ လိုက်လံသတ်ဖြတ်ခံရမည်ဖြစ်သည်။ တောက်နူသည် မိုးပြာမဟာဧကရာဇ်နှင့် ရင်းနှီးမှုကို အခွင့်ကောင်းယူကာ ထင်တိုင်းကြဲနေခြင်းပင်။ ကောင်းကင်ဘုံမှ စွမ်းအားကြီး သိုင်သမားများစွာသည် ထိုအရူးကို ကြောက်ရွံ့ကြပေသည်။

တောက်နူကသာ ခွင့်ပြုမပေးလျှင် တောက်ဖုန့်၏အဖေ တောက်နုသည် တောက်လန်ကို စေလွှတ်ဝံ့မည် မဟုတ်ဘဲ အလွန်ဆုံးမှ အကြီးအကဲအချို့ကိုသာ ဟွင့်သွမ့်ပင်လယ်ဆီ စေလွှတ်မည်ဖြစ်သည်။ သို့သော် တောက်နူ၏ ခွင့်ပြုချက်ကို ရထားရာ တောက်နုအဖို့ စိုးရိမ်စရာ မရှိတော့ပေ။

ကြယ်တာရာကျွန်းစုနှင့် ကောင်းကင်ဝိညာဉ်ကျွန်းက အလွန်ဝေးသည်။ ထိုသို့ ပျံသန်းသွားမည်ဆိုလျှင် အနည်းဆုံး ဆယ်ရက်ကြာအောင် ပျံသန်းရလိမ့်မည်ဟု ချီချင်ချန်က ကျန်းရီကို ပြောခဲ့သည်။ ထိုဆယ်ရက်မှာလည်း အထက်ဘုံအချိန် ဆယ်ရက်ပင်။

သို့သော် ကျန်းရီတွင် အခြားရွေးချယ်စရာ ရှိပါသေးသလော။ သူ မြို့တစ်မြို့ထဲ ဖောက်ဝင်နိုင်လျှင်ပင် တည်နေရာပြောင်းရွှေ့ဝံ့မည် မဟုတ်ပေ။ တည်နေရာပြောင်းရွှေ့မည်ဆိုလျှင် အခြားဘက်မှ တည်နေရာပြောင်းရွှေ့အစီအရင်၌ ရန်သူများက သူ့ကို အသင့်စောင့်နေပေလိမ့်မည်။ သူ့တွင် တာအိုကောင်းကင်ဝိညာဉ်ရတနာရှိသော်လည်း စွမ်းအားကြီး သိုင်းသမားများစွာ၏ ဝိုင်းတိုက်မှုကို ခံရလျှင် သူ ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းရီသည် ပုန်းကွယ်ခြင်းအတတ်ကို အချိန်အကန့်အသတ်မရှိ သုံးနိုင်သည်မဟုတ်ပေ။ အလွန်ဆုံး တစ်ရက်အသုံးပြုပြီးသည်နှင့် သူ ပင်ပန်းကာ သတိလစ်သွားနိုင်သည်။

မကြာခင်တွင် ကျန်းရီ ပြဿနာတစ်ခုကို သတိပြုမိသွားသည်။ သူ ကျွန်းတစ်ကျွန်းအနီးမှ ဖြတ်သွားသောအခါ ထိုကျွန်းပေါ်တွင် တပ်သားများ ပြည့်နှက်နေကြောင်းကို သိလိုက်ရသည်။ ကျွန်းငယ်လေးတစ်ကျွန်းပေါ်တွင် တပ်သားရာကျော်က ပြဒါးလုံးများကို ကိုင်၍ ကင်းလှည့်နေကြသည်။ ထိုတပ်သားများက ကျွန်းပေါ်သို့ သူ ဝင်မလာနိုင်အောင် တားရန် စောင့်ကြပ်နေကြခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

‘ပြဿနာပဲ’

ကျွန်းပေါ်တက်၍မရလျှင် ကျန်းရီ မည်သို့ အနားယူရမည်နည်း။ သူ အဆိပ်ဝိညာဉ်နှင့် လူချင်းလဲကာ အဆိပ်ဝိညာဉ်၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင်တော့ အနားယူနိုင်သည်။ သို့သော် အဆိပ်ဝိညာဉ်က သူ့ထက် များစွာပိုအားနည်းသည်။ အကယ်၍ အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် တွေ့ကြုံရလျှင် အဆိပ်ဝိညာဉ် ချက်ချင်းအသတ်ခံရပေလိမ့်မည်။ ထိုအခါ သူနှင့် ချီချင်ချန်တို့လည်း သေမည်ဖြစ်သည်။

‘အရင်ဆုံး နည်းနည်းလောက် ဆက်သွားပြီး တစ်ခုခု ကြံတာပေါ့’

ကျန်းရီ ခါးသီးစွာ တွေးတောလိုက်ပြီး အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။ အရှေ့ဘက်တွင် ကင်းထောက်များနှင့် ထောက်လှမ်းရေးများ အနည်းငယ်သာ ရှိသည်။ ထိုသူများမှာလည်း သာမန် ထောက်လှမ်းရေးများနှင့် ကင်းထောက်များသာဖြစ်သည်။ ထို့ကြောင့် ကျန်းရီ သူတို့ကို အလွယ်တကူ ရှောင်ရှားနိုင်ပေသည်။

ကီလိုမီတာငါးသန်းနီးပါး ကိုယ်ဖျောက်ပျံသန်းပြီးနောက် ကျန်းရီ အနည်းငယ် ပင်ပန်းလာသည်။ ပုန်းကွယ်ခြင်းအတတ်က စိတ်စွမ်းအင်ကို များစွာကုန်ဆုံးစေသည်။ ထို့ပြင် သူ ဖြတ်ကျော်ခဲ့သော ကျွန်းတိုင်းတွင် တပ်သားများ ပြည့်နေကြောင်း သိရသောအခါ ပို၍ပင် စိတ်ပင်ပန်းရသည်။ သူ မည်သည့်ကျွန်းထဲမှ မဝင်နိုင်ခဲ့။ မဟုတ်လျှင် သူ့နေရာ ပေါ်သွားမည်ဖြစ်သည်။ များစွာ ကြိုးစားခဲ့ပြီးမှ နောက်မှလိုက်လာသူများကို မျက်ခြည်ဖြတ်နိုင်ခဲ့ခြင်းရာ သူ့နေရာ ထပ်ပေါ်သွားမည်ကို သူ မလိုလားပေ။

ကျန်းရီသည် ခေတ္တမျှ တွေးတောကာ အဆိပ်ဝိညာဉ်နှင့် လူချင်းလဲ၍ အဆိပ်ဝိညာဉ်၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ဝင်အနားယူရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် သူနှင့် ချီချင်ချန်၏ အသက်ကို အဆိပ်ဝိညာဉ်၏လက်ထဲ ထည့်လိုက်တော့မည်ဖြစ်သည်။

လူသူကင်းရှင်းသော နေရာတစ်ခုကို ရှာပြီးနောက် ကျန်းရီ အဆိပ်ဝိညာဉ်နှင့် ချီချင်ချန်တို့ နှစ်ယောက်စလုံးကို အပြင်ထုတ်ကာ ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... ကျွန်တော်နဲ့ စစ်သူကြီးကို ခင်ဗျားရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်ပါ။ ပြီးရင် ပုန်းကွယ်ခြင်းအတတ် သုံးပြီး အရှေ့ဘက်ကို ဆက်သွားပါ။ မှတ်ထားပါ... ဘယ်ကျွန်းကိုမှ မဝင်ပါနဲ့။ တကယ်လို့ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က ခင်ဗျားကို ရှာတွေ့သွားရင် ဒါမှမဟုတ် ခင်ဗျားနေရာ ပေါ်သွားရင် ကျွန်တော့်ကို ချက်ချင်း အပြင်ထုတ်လိုက်ပါ”

“အရှင်ငယ်...”

အဆိပ်ဝိညာဉ် အလွန်စိတ်လှုပ်ရှားသွား၏။ သူ့ပုံစံက မိမိ၏ ငယ်ပေါင်းကြီးဖော်တစ်ယောက်အတွက် အသေခံတော့မည့် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ အဆိပ်ဝိညာဉ် အလေးအနက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့ အရှင်ငယ်။ ကျွန်တော် မဆင်မခြင်လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ကျွန်တော် အရှင်ငယ် ချက်ချင်း အပြင်ထုတ်ပေးပါမယ်”

ကျန်းရီ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အဆိပ်ဝိညာဉ်သည် ကျန်းရီနှင့် ချီချင်ချန်ကို သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်အတွင်းသို့ ပို့လိုက်ပြီး ပုန်းကွယ်ခြင်းအတတ်ကိုသုံး၍ ပတ်ဝန်းကျင်ကို စူးစမ်းကာ အရှေ့ဘက်သို့ ဆက်သွားလိုက်လေသည်။

All Chapters