← Chapters

တစ်ခုခုမှားနေပြီ

Vol. 118 Ch. 1648

တစ်ခုခုမှားနေပြီ

Vol. 118 Ch. 1648

“အခြေအနေက ဘယ်လိုလဲ”

အဆိပ်ဝိညာဉ်၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်က နန်းတော်အသေးလေးပင်။ ကျန်းရီနှင့် ချီချင်ချန်တို့က ထိုနန်းတော်လေးထဲတွင် ထိုင်နေကြသည်။ ချီချင်ချန်က ကျန်းရီကို အထက်ပါအတိုင်း မေးလိုက်ပေသည်။

ကျန်းရီသည် အလွန်ပင်ပန်းနေသော်လည်း ယခု ချီချင်ချန်က သူ့အား မေးလိုက်ပြီဖြစ်၍ သူ အင်အားအနည်းငယ်စုကာ သူမကို လက်ရှိအခြေအနေအကြောင်း ရှင်းပြလိုက်သည်။ ချီချင်ချန်သည် ရှင်းပြမှုကို နားထောင်ပြီးနောက် သက်ပြင်းချကာ ထရပ်လိုက်၏။ ထို့နောက် မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ကျန်းရီ... ကောင်းကင်ဝိညာဉ်ကျွန်းပေါ်မှာ အလစ်တိုက်ခံရနိုင်ခြေရှိတယ်လို့ ရှင်ထင်လား။ ကောင်းကင်ဝိညာဉ်ကျွန်းက ကျွန်မတို့ အထက်ဘုံကို ပြန်နိုင်မဲ့ တစ်ခုတည်းသော လမ်းဆိုတာ သူတို့ သိသားပဲ။ ဒါပေမဲ့ ဘာလို့ သူတို့က လမ်းကို မပိတ်ထားကြတာလဲ”

“အဲ့မှာ စောင့်နေမဲ့သူတွေ ရှိတယ်ဆိုရင်ရော ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ ရှိသေးလို့လား”

ကျန်းရီ ခါးသက်သက် ပြုံးကာ ပြောသည်။

“ကျွန်းတွေ အကုန်လုံးကို စောင့်ကြပ်နေကြတယ်။ ကျွန်တော်တို့မှာ ပုန်းစရာနေရာ မရှိတော့ အနှေးနဲ့အမြန်ဆိုသလို ရှာတွေ့ခံလိုက်ရမှာပဲ။ ဒီတစ်ခေါက် ကျွန်တော် လူအများကြီး သတ်ခဲ့ပြီ။ ကောင်းကင်ဘုံက ဒီကို ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ပို့လိုက်လောက်တယ်။ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ကောင်းကင်ဝိညာဉ်ကျွန်းကို အမြန်ဆုံးသွားပြီး အထက်ဘုံဆီ တည်နေရာပြောင်းရွှေ့ဖို့ပဲ”

ချီချင်ချန် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် တစ်စုံတစ်ခု ပြောလိုသေးသော်လည်း ကျန်းရီ၏ ပင်ပန်းနေသော မျက်နှာကို မြင်လိုက်သောအခါ လက်ဝှေ့ယမ်း၍သာ ပြန်ပြောလိုက်သည်။

“အရင်ဆုံး ကောင်းကောင်းအနားယူလိုက်ပါဦး။ တစ်ခုခု ဖြစ်လာရင် ကျွန်မ ရှင့်ကို နှိုးပါမယ်”

“ဟုတ်ကဲ့ပါ”

စက္ကန့်အနည်းငယ်အတွင်းမှာပင် ကျန်းရီ အိပ်ပျော်သွားပြီး ဟောက်ပင်ဟောက်လာည်။ သူ့ဟောက်သံက ကျယ်လောင်သော်လည်း ချီချင်ချန်သည် နားငြီးသည်ဟု မခံစားရပေ။ ဆိုရလျှင် သူမ၏ ကျန်းရီကို ကြည့်နေသော အကြည့်က အတော်လေးပင် ရှုပ်ထွေးနေသည်။

ချီချင်ချန်သည် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲတွင် ကျန်းရီအား ပထမဆုံး တွေ့ခဲ့သည့်အချိန်ကို ပြန်တွေးမိနေ၏။ ထိုစဉ်ကလည်း ကျန်းရီသည် ဤကဲ့သို့ ဟောက်၍ အိပ်နေခဲ့သည်။ ထိုတုန်းက ကျန်းရီ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်နိမ့်ခဲ့သည်။ သူမသည် ကျန်းရီကို အတန်ငယ်ပင် အထင်သေးမိခဲ့၏။ သို့သော် ထို့နောက်တွင် သူမက ကျန်းရီကြောင့် အနှစ်သာရတစ်ခုကို သိမြင်နားလည်သွားခဲ့သည်။ သူမတို့၏ ကံကြမ္မာက ရစ်နွယ်နေသည်ဟု ဆိုရပေမည်။

ချီချင်ချန်သည် ကျန်းရီ၏ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပုံကို မြင်ခဲ့ရ၏။ ကျန်းရီသည် တက်သစ်စ ကြယ်တစ်ပွင့်ကဲ့သို့ အချိန်တိုအတွင်းမှာပင် ကိစ္စကြီးများစွာကို လုပ်ဆောင်နိုင်ခဲ့သည်။ သူမ၏ ဘဝအတွေ့အကြုံများက ကျန်းရီနှင့် အချိန်တိုအတွင်း လုပ်ခဲ့သည့် အတွေ့အကြုံများကို မယှဉ်နိုင်ပေ။

အနိမ့်ဘုံမှ တက်လှမ်းလာသည့် လူငယ်တစ်ယောက်က လအနည်းငယ်အတွင်းမှာပင် ကြီးကျယ်သောကိစ္စများကို စွမ်းဆောင်နိုင်ခဲ့သည့် အဖြစ်မှာ လွန်ခဲ့သော နှစ်ရာချီအတွင်း မဖြစ်ခဲ့ဖူးသောအရာတစ်ခု ဖြစ်သည်။ သူသည် အုပ်ချုပ်သူအဆင့် သိုင်သမားများကို သတ်နိုင်ရုံသာမက ကောင်းကင်ဘုံ မျိုးနွယ်ကြီးတစ်ခု၏ သခင်လေးတစ်ယောက်ကိုလည်း သတ်ဝံ့သည်။ သူမ၏ခမည်းတော်၊ ဝိညာဉ်ဘုရင်နှင့် တိရှအရှင်တို့ပင် ထိုသို့ လုပ်ဝံ့လိမ့်မည် မဟုတ်ချေ။

ချီချင်ချန်နှင့် ကျန်းရီ၏ ပတ်သတ်မှုက ရင်းနှီးသည်ဟု ဆိုနိုင်သည်။ သို့သော် ချီချင်ချန်သည် ယခုအထိ ကျန်းရီက သူမအတွက် သင့်တော်သော လက်တွဲဖော်တစ်ယောက်ဟု မတွေးမိသေးပေ။ သူမ၏ရင်ထဲမှအထုံးကို သူမမဖြေနိုင်ချေ။ သူမက ရီဖျောင်ဖျောင်နှင့် ညီအစ်မအရင်းများကဲ့သို့ ရင်းနှီးသည်။ ကျန်းရီမှာ ရီဖျောင်ဖျောင်၏သားပင်။ အထက်ဘုံ၏ သတ်မှတ်ချက်များအရ သူမက မိန်းမပျိုလေးတစ်ယောက် ဖြစ်နေသေးသော်လည်း ကျန်းရီမှာ သူမအတွက် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပေသည်။

‘ဟူး... အခု အဲ့အကြောင်းတွေ တွေးမနေသေးဘူး။ ငါတို့က အသက်ရှင်ရက်တောင် ပြန်သွားချင်မှ သွားနိုင်မှာ’

ချီချင်ချန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ အခြေအနေများက ဤအဆင့်အထိ ရောက်လာသော်လည်း သူမ မည်သည်ကိုမှ နောင်တမရပေ။ လူသည် အချိန်ကို နောက်ပြန်မလှည့်နိုင်။ မိစ္ဆာသတ်ဖြတ်နန်းတော်သို့ လာရန် ဆုံးဖြတ်လိုက်ကတည်းက သူမ အဆိုးဆုံးရလဒ်ကို မျှော်လင့်ထားပြီးဖြစ်သည်။ သိုင်းသမားတစ်ယောက်အတွက် အမြဲလိုလို သေရမည်ကို ကြောက်ရွံ့နေလျှင် မည်သည့်အခါတွင်မှ ကိစ္စကြီးများကို စွမ်းဆောင်နိုင်မည် မဟုတ်ချေ။

ဤတစ်ခေါက်တွင် မိစ္ဆာသတ်ဖြတ်နန်းတော်မှနေ၍ ရတနာများစွာ မရခဲ့‌သော်လည်း ကျန်းရီက သူမကို ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်တစ်ခု ပေးခဲ့သည်။ သူမကိုယ်တိုင်လည်း ကီလိုမီတာငါးရာအရှိန်တင်ကို သိမြင်နားလည်ခဲ့သည်။ ထို့ကြောင့် ချီချင်ချန် အလွန်ကျေနပ်ပေသည်။ ယခုတွင် သူမတို့ အထက်ဘုံသို့ ဘေးကင်းကင်း ပြန်နိုင်မည်၊ မပြန်နိုင်မည်ကိုသာ ကြည့်ရတော့မည်ဖြစ်သည်။

***

ကျန်းရီသည် နာရီနှစ်ဆယ်ကျော်ကြာ‌အောင် အိပ်စက်လိုက်၏။ သူ နိုးလာသောအခါ အလွန်လန်းဆန်းနေပြီဖြစ်သည်။ သို့သော် သူ အဆိပ်ဝိညာဉ်အား သူ့ကို အပြင်ထုတ်ပေးရန် ချက်ချင်း မပြောလိုက်ပေ။ အဆိပ်ဝိညာဉ်၏ အကျင့်စရိုက်က အတော်လေး တည်ငြိမ်သည်။ အဆိပ်ဝိညာဉ်က သူတို့နှစ်ယောက်ကို မည်သို့မှ လှမ်းမပြောသေးရာ အပြင်ဘက်တွင် အရာအားလုံး အဆင်ပြေနေခြင်းဖြစ်မည်။

ကျန်းရီ ကျင့်ကြံရန် တင်ပျဉ်ခွေထိုင်လိုက်ပြီး မိုးမြေစွမ်းအားများကို ဆက်စုဆောင်းရန် ကြိုးစားလိုက်သည်။ စက္ကန့်တိုင်းက အဖိုးတန်သည်။ သူ၏မိုးမြေစွမ်းအားက အနည်းနှင့်အများဆိုသလို ကုန်နေပြီဖြစ်သည်။ မိုးမြေစွမ်းအား မရှိလျှင် သူ အလောင်းကြီးကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူတို့ အုပ်ချုပ်သူအဆင့် သိုင်းသမား အုပ်စုကြီးတစ်စုနှင့် တွေ့ကြုံလျှင် သုံးယောက်စလုံး သေသွားနိုင်ပေသည်။

ရွှီး...

ကျန်းရီသည် ရှစ်နာရီကျော်ကြာအောင် ကျင့်ကြံလိုက်၏။ ၎င်းနောက်တွင် သူနှင့် ချီချင်ချန်အပေါ်သို့ အားကောင်းသော စုပ်အားတစ်ခု ကျရောက်လာသည်။ သူတို့ အပြင်သို့ ပြန်ရောက်သွားပေသည်။ ကျန်းရီ ချက်ချင်းသတိကပ်လိုက်ပြီး အလောင်းကြီးကို ထုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။

“အရှင်ငယ်... မစိုးရိမ်ပါနဲ့။ အားလုံး အဆင်ပြေပါတယ်”

အဆိပ်ဝိညာဉ်၏အသံ ထွက်ပေါ်လာ၏။ ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ဟွင့်သွမ့်ချီပုလဲကို ထုတ်ကာ အဆိပ်ဝိညာဉ်နှင့် ချီချင်ချန်တို့ကို ပုလဲထဲ ပို့လိုက်သည်။ အဆိပ်ဝိညာဉ်က အလွန်ပင်ပန်းနေပုံ ပေါ်သည်။ သူ အနားယူရန် လိုအပ်နေကြောင်း ထင်ရှားပေသည်။

ဝှစ်...

နာရီအတော်ကြာ ကျင့်ကြံခဲ့ပြီး မိုးမြေစွမ်းအားအနည်းငယ် စုဆောင်းခဲ့ပြီဖြစ်၍ ကျန်းရီ ပို၍ ယုံကြည်မှုရှိလာသည်။ သူသည် ထက်ရှသော ဓားတစ်စင်းအလား အရှေ့သို့ ဆက်သွားလိုက်သည်။ သူပျံသန်းနေရင်းမှာပင် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်လာ၏။ သူ ပုန်းကွယ်ခြင်းအတတ်ကို သုံးလိုက်ခြင်းပင်။

‘အာ... တစ်ခုခုတော့ မှားနေပြီ’

နှစ်နာရီကြာ ပျံသန်းပြီးနောက် ကျန်းရီသည် တစ်စုံတစ်ခု မှားနေကြောင်း တွေးမိလာ၏။ ထိုနှစ်နာရီအတွင်းတွင် သူ ထောက်လှမ်းရေးတစ်ယောက်နှင့်မှ မတွေ့ဆုံခဲ့ပေ။ သူဖြတ်လာခဲ့သော ကျွန်းများပေါ်ရှိ လူအရေအတွက်ကလည်း နည်းလာသည်။ သို့သော် မြို့များ၏ အကာအရံများကိုမူ နှိုးထားဆဲပင်။

တစ်ခုခု မှားနေပြီဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။

ကျန်းရီ အတန်ငယ် တုံ့ဆိုင်းလာ၏။ တောက်မျိုးနွယ်က ပြန်ဆုတ်သွားခြင်းတော့ မဖြစ်နိုင်။ သို့ဆိုလျှင် အဘယ်ကြောင့် ကောင်းကင်ဝိညာဉ်ကျွန်းသို့ သွားရာလမ်းကို မည်သူကမှ မပိတ်ဆို့ထားရသနည်း။ ချီချင်ချန် ခန့်မှန်းသလို ကောင်းကင်ဝိညာဉ်ကျွန်းတွင် ထောင်ချောက်တစ်ခုက စောင့်ကြိုနေသည်လော။

အကယ်၍ ကောင်းကင်ဝိညာဉ်ကျွန်း၌ အုပ်ချုပ်သူအဆင့် သိုင်းသမားများ ရာနှင့်ချီ၍ စောင့်နေမည်ဆိုလျှင် ကျန်းရီ ထိုသို့ရောက်သည်နှင့် သေချာပေါက် သေရပေလိမ့်မည်။ ကျန်းရီ တစ်ခဏမျှ အတွေးနက်နေပြီးနောက် အစောင့်နှစ်ယောက်ကို စွန့်စား၍ ဖမ်းကာ အခြေအနေကို မေးမြန်းရန် ဆုံးဖြတ်လိုက်လေသည်။

ကျန်းရီနှင့် အနီးဆုံးရှိ ကျွန်းများပေါ်တွင် လူအရေအတွက်က အတော်လေး လျော့နည်းလာပြီဖြစ်သော်လည်း ကင်းလှည့်နေကြသည့် လူအနည်းငယ် ရှိနေဆဲပင်။ သို့သော် သူ့ကိုယ်သူ ဖော်ပြလိုက်မိလျှင်လည်း သူ အခြားမြို့ငယ်တစ်မြို့သို့သွားကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင်လုပ်၍ အရှုပ်အထွေးများကြားမှနေ၍ ထွက်ပြေးနိုင်သည်ဟု ကျန်းရီ တွေးလိုက်သည်။

ကျန်းရီသည် အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်း၍ ကျွန်းတစ်ကျွန်းကို ပစ်မှတ်ထားလိုက်၏။ ထိုကျွန်းပေါ်မှ မြို့ကို အလွယ်တကူ ဖောက်ဝင်နိုင်လောက်ကြောင်း အတည်ပြုပြီးနောက် သူ စတင်လှုပ်ရှားလိုက်သည်။

ကျန်းရီ မဆင်မခြင် မတိုက်ခိုက်ဘဲ အရင်ဆုံး ကျွန်းကို စူးစမ်းထောက်လှမ်းလိုက်၏။ ကျွန်းပေါ်တွင် လူဆယ်ယောက်လောက် ရှိနေသည်။ သူတို့က အုပ်စုနှစ်စု ခွဲထားသည်။ တစ်ယောက်၊ နှစ်ယောက်ကို ဖမ်းမည်ဆိုလျှင်လည်း သူ့ကိုယ်သူ ဖော်ပြရမည်ဖြစ်ရာ ထိုလူအားလုံးကို သတ်ရန် သို့မဟုတ် ဖမ်းရန် ကျန်းရီ ဆုံးဖြတ်လိုက်သည်။ ထိုနည်းနှင့်မှ သူထွက်ပေါ်လာသည်ဆိုသော သတင်းကို အနည်းဆုံး‌တော့ နှောင့်နှေးသွားအောင် လုပ်နိုင်မည်ဖြစ်သည်။

ကျန်းရီသည် ကျွန်းတောင်ဘက်ရှိ လူခြောက်ယောက်၊ ခုနစ်ယောက်အနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွား၏။ ထို့နောက် သူ၏အလောင်းကြီးက ရုတ်တရက် ထွက်ပေါ်လာပြီး သူ ကိုယ်ဖော်ကာ ၎င်းအပေါ် ခုန်တက်လိုက်သည်။ အလောင်းကြီးသည် အရှေ့သို့ ပျံသန်းသွား၏။ လူခြောက်ယောက်၊ ခုနစ်ယောက်က ခေတ္တမျှ မှင်တက်သွားကြ၏။ ယင်းနောက် လူတစ်ယောက်က ဆက်သွယ်ရေး ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ကာ သတင်းပို့ရန် ဟန်ပြင်လိုက်သည်။

“သေပေတော့...”

ကျန်းရီတွင် သူတို့ကို အရှင်ထားရန် စိတ်ကူးမရှိပေ။ အလောင်းကြီးသည် သတင်းပို့ရန် လုပ်နေသော လူနှစ်ယောက်ကို အရိပ်တစ်ခုအလား လက်သည်းဖြင့် ပြင်းထန်စွာ ကုတ်လိုက်၏။ သူတို့၏ဦးနှောက်များ ပွင့်ထွက်သွားသည်။ အလောင်းကြီးက ခြေထောက်ဖြင့် ဆက်ကန်လိုက်ရာ ကျန်လူအားလုံး လွင့်ပျံထွက်ကုန်သည်။ သူတို့ထဲမှ နှစ်ယောက်က ဦးနှောက်ပွင့်သွားကြပြီး ကျန်နှစ်ယောက်က အပြင်းအထန် ဒဏ်ရာရကာ သတိလစ်သွားကြသည်။

‘မဆိုးဘူး...’

ကျန်းရီသည် အ‌လောင်းကြီး၏ အမြန်နှုန်းနှင့် တိုက်ခိုက်စွမ်းအားကို အလွန်ကျေနပ်နေ၏။ သို့သော် ထိုအန်းမျိုးနွယ်ဝင် ထောက်လှမ်းရေးများမှာ နတ်ဘုရားဧကရာဇ်များသာဖြစ်၍ အလောင်းကြီး မဆိုထားနှင့် ကျန်းရီပင် သူတို့ကို အလွယ်တကူ သတ်နိုင်ပေသည်။

ဝှစ်...

ကျန်းရီ အရှေ့သို့ ပျံသန်းသွားပြီး အပြင်းအထန် ဒဏ်ရာရထားသော လူနှစ်ယောက်ကို သတ်လိုက်၏။ ထို့နောက် အဆင့်နိမ့်မီးတောက်များကို ထုတ်ကာ အလောင်းအားလုံးကို ပြာချပစ်လိုက်သည်။ ပြီးမှ သူ ကျွန်း၏အခြားဘက်သို့ လျင်မြန်စွာ သွားလိုက်လေသည်။

ထိုဘက်က ကိုင်ရတွယ်ရ ပိုပင် လွယ်ကူသည်။ ကျွန်းအပြင်တွင် လူတစ်ယောက်မှ ရှိမနေ။ မြို့ကလည်း အကာအရံအလွှာကို နှိုးထားသဖြင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို မသိပေ။ ကျန်းရီ ဗျပ်စောင်းကိုထုတ်၍ ခပ်ကြမ်းကြမ်း တီးခတ်လိုက်ပြီး အလောင်းကြီးကိုလည်း တိုက်ခိုက်စေလိုက်သည်။ ထိုဘက်ရှိ လူသုံးယောက်၏ နတ်ဘုရားအမြုတေများက ကျန်းရီကြောင့် ပျက်စီးသွားသည်။ ထိုအခါမှ ကျန်းရီ ထိုသုံးယောက်ကို သူ၏ဟွင့်သွမ့်ချီပုလဲထဲ ထည့်လိုက်ပေသည်။

“အဆိပ်ဝိညာဉ်... သူတို့ကို စစ်မေးလိုက်ပါ။ ဘာလို့ ကောင်းကင်ဝိညာဉ်ကျွန်းကို သွားတဲ့လမ်းမှာ လူနည်းနည်းပဲ ရှိနေရတာလဲလို့ မေးလိုက်ပါ။ အဲ့မှာ ထောင်ချောက်တစ်ခု ရှိနေလား။ ကောင်းကင်ဝိညာဉ်ကျွန်းပေါ်မှာ အလစ်တိုက်ဖို့ စောင့်နေတဲ့သူတွေ ရှိလား။ သူတို့ သိသမျှ ထုတ်ပြောလာအောင် ဖိအားပေးလိုက်ပါ”

ကျန်းရီသည် အဆိပ်ဝိညာဉ်ကို အပြင်ထုတ်၍ အမိန့်ပေးလိုက်ပြီးမှ ဟွင့်သွမ့်ချီပုလဲထဲ ပြန်ပို့လိုက်သည်။ ၎င်းနောက် သူ မီးတောက်များကို ထုတ်ကာ ကျန်လူများ၏ အလောင်းများကို ပြာချလိုက်သည်။ ပြာချပြီးသောအခါ သူ အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားပြီး ပုန်းအောင်းနေလိုက်လေသည်။

ထောက်လှမ်းရေးဆယ်ယောက်ကျော် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုကိစ္စက အနှေးနှင့်အမြန်ဆိုသလို ပေါ်သွားမည်သာ။ ထို့ကြောင့် ဝန်းရံသတ်ဖြတ်မှုကို မခံရရန် ကျန်းရီ ထိုနေရာမှ အမြန်ဆုံး ထွက်သွားရပေမည်။

All Chapters