တမလွန်ဘုံတပ်ကြီး ဆင်းလာပြီ
Vol. 118 Ch. 1649
အဆိပ်ဝိညာဉ်၏ စစ်မေးနည်းများက အတော်လေး ထိရောက်သည်။ ထောက်လှမ်းရေးသုံးယောက်သည် ဆိုးဆိုးဝါးဝါး နှိပ်စက်ခံရသဖြင့် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ သိသမျှကို ထုတ်ပြောရလေတော့သည်။
ထိုသုံးယောက် ထုတ်ပြောလိုက်သော အကြောင်းအရာများက အဆိပ်ဝိညာဉ်၊ ချီချင်ချန်နှင့် ကျန်းရီတို့ကို တုန်လှုပ်သွားစေသည်။ သူတို့၏ပြောစကားအရ ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုနှင့် ကောင်းကင်ဘုံ မျိုးနွယ်ကြီးများမှ ထောက်လှမ်းရေးများနှင့် စွမ်းအားကြီး သိုင်းသမားများ အားလုံးက ကြယ်တာရာကျွန်းစုသို့ သွားကြကြောင်း သိရ၏။ ထိုသို့သွားခြင်းမှာ ကျန်းရီကို ရှာတွေ့၍ မဟုတ်ဘဲ ထိုနေရာတွင် ကိစ္စတစ်ခု ဖြစ်ပျက်လာခဲ့၍ဖြစ်၏။ ရုတ်တရက်ကြီး တမလွန်ဘုံက ထိုနေရာကို တပ်ကြီးတစ်တပ် စေလွှတ်၍ တိုက်ခိုက်နေပေသည်။
ထိုတမလွန်ဘုံတပ်ကြီး၏ အင်အားက အလွန်များသည်။ တပ်ထဲတွင် ပါလာသူအားလုံးမှာလည်း တမလွန်ဘုံစစ်သူကြီးများ ဖြစ်ကြသည်။ တမလွန်ဘုံတမန်တော် တစ်ယောက်ပင် မပါပေ။ ထောက်လှမ်းရေးသုံးယောက်၏ ပြောပြချက်အရဆိုလျှင် တမလွန်ဘုံဘုရင်ငါးပါး၏ ကိုယ်ပွားများလည်း ရောက်လာပုံပင်။ လက်ရှိတွင် ကြယ်တာရာကျွန်းစုက ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး ဆယ်ချီသော ကျွန်းများ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြပေပြီ။ ဟွင့်သွမ့်ပင်လယ်ထဲရှိ စွမ်းအားကြီး သိုင်သမားအားလုံးက တမလွန်ဘုံတပ်ကြီးကို ခုခံရန် သွားကြပေသည်။
“တမလွန်ဘုံတပ်လား”
ကျန်းရီသည်လည်း ထိုအဖြစ်က အတော်လေး အံ့ဩစရာကောင်းသည်ဟု ခံစားနေရ၏။ အဘယ်ကြောင့် တမလွန်ဘုံတပ်ကြီးက ဤအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာရသနည်း။ သူ၏ကံက အလွန်ကောင်းနေခြင်းလော။
သို့သော် ထိုထောက်လှမ်းရေးသုံးယောက်၏ စကားများအရ ကောင်းကင်ဝိညာဉ်ကျွန်းကို တင်းကြပ်စွာ စောင့်ကြပ်နေသော တပ်သားများလည်း ရှိနေသေးကြောင်း သိရသည်။ အစောတွင် တည်နေရာပြောင်းရွှေ့သွားခဲ့သော အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်သမား ဆယ်ယောက်အပြင် တောက်မျိုးနွယ်က ထိုကျွန်းသို့ နောက်ထပ် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား နှစ်ယောက်ကိုလည်း စေလွှတ်လိုက်သေးသည်။ ထိုကျွန်းနှင့် ကီလိုမီတာငါးထောင်ပတ်လည်အတွင်းတွင် တပ်သားတစ်သိန်း စောင့်ကြည့်နေရာ ယင်ကောင်တစ်ကောင်ပင် ဝင်နိုင်လောက်မည် မဟုတ်ချေ။
ကျန်းရီသည် ထိုသတင်းကို ကြားလိုက်သောအခါ ပို၍ ယုံကြည်မှုရှိသွား၏။ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား ဆယ်ယောက်က ပြောပလောက်အောင် မသန်မာလောက်ပေ။ သူတို့သည် ကောင်းကင်ဘုရင်လုံနှင့် ယှဉ်နိုင်ရုံလောက်သာ ရှိမည်။ သူ၏ ပုံရိပ်လက်တစ်ထောင်၊ ပေါင်းစည်းမီးတောက်များနှင့် အလောင်းကြီးတို့ကို တွဲဖက်သုံးလိုက်လျှင် သူ ထိုဆယ်ယောက်ကို မသတ်နိုင်လျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်လောက်သည်။ သို့သော် နောက်ထပ်ရောက်လာသော တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်သမား နှစ်ယောက်ကမူ များစွာပို၍ စွမ်းအားကြီးလောက်ပေသည်။
ထောက်လှမ်းရေးသုံးယောက်က လိမ်ပြောနေခြင်းတော့ မဟုတ်နိုင်ပေ။ အဆိပ်ဝိညာဉ်၏ စစ်မေးနည်းများက မည်မျှကြောက်စရာကောင်းကြောင်း ကျန်းရီ သိသည်။ သို့ဖြစ်ရာ တမလွန်ဘုံတပ်ကြီး ရောက်လာသည်ဆိုသော သတင်းမှာလည်း အမှန်ပင် ဖြစ်နိုင်သည်။ ယင်းက ကျန်းရီအတွက် ရွှေအခွင့်အရေးတစ်ခုပင်။
“သွားကြစို့...”
ကျန်းရီ စိတ်လှုပ်ရှားလာပြီး ကောင်းကင်ဝိညာဉ်ကျွန်းဆီသို့ အမြန်ဆုံး ပျံသန်းသွားလိုက်သည်။ ကောင်းကင်ဝိညာဉ်ကျွန်းပေါ်၌ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား ဆယ့်နှစ်ယောက် ရှိနေသော်လည်း သူ့တွင် ထိုသူများကို တိုက်ခိုက်နိုင်မည့်စွမ်းရည် ရှိပေသည်။ သူ သူတို့ကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်မည် ဆိုလျှင် သူနှင့် အခြားသူများ အထက်ဘုံသို့ ပြန်နိုင်ပေလိမ့်မည်။
***
တမလွန်ဘုံ၏ ကျူးကျော်မှုမှာ တကယ်ပင် အမှန်ဖြစ်သည်။ ယခုတွင် ကြယ်တာရာကျွန်းစုက လုံးဝဖရိုဖရဲ ဖြစ်နေပေပြီ။ ကျွန်းများစွာ ဖျက်ဆီးခံလိုက်ရပြီး မရေမတွက်နိုင်သော တပ်သားများ သတ်ဖြတ်ခံလိုက်ရသည်။
ထိုကျူးကျော်မှုမှာ မြစ်ဖြူဘုရင်၊ ခြင်္သေ့ဝါဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့၏ အစီအစဉ်ကြောင့် ဖြစ်ပေသည်။ ထိုသုံးယောက်သည် မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာမည့် အချိန်နှင့် တည်နေရာအကြောင်းကို အထက်ဘုံရှိ တမလွန်ဘုံတမန်တော်များမှတဆင့် တမလွန်ဘုံသို့ သတင်းပေါက်ကြားစေခဲ့သည်။ ထိုအခါ တမလွန်ဘုံဘုရင်အချို့က အတူပူးပေါင်း၍ ဟွင့်သွမ့်ပင်လယ်ကို အလစ်ဝင်တိုက်ကာ ကျန်းရီနှင့် ကောင်းကင်ဘုံ မျိုးနွယ်ကြီးများမှ ပါရမီရှင်လူငယ်များကို သတ်ရန် အစီအစဉ်တစ်ခု ဆွဲခဲ့ကြသည်။
တမလွန်ဘုံဘုရင်များက ကျူးကျော်ရန် ရုတ်တရက် ဆုံးဖြတ်ခဲ့ခြင်း၏ အဓိကအကြောင်းမှာ ကျန်းရီကြောင့်ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်တွင် ကျန်းရီက တမလွန်ဘုံဘုရင် မင်တိ၏ ကိုယ်ပွားကို နှင်းနက်ပင်လယ်ထဲတွင် ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် တမလွန်ဘုံ၏ တိရှဘုံကို ကျူးကျော်မည့် အစီအစဉ်က ပျက်ခဲ့ရသည်။ ယခုတွင် ကျန်းရီ၏အမည်က တမလွန်ဘုံဘုရင်များအကြားတွင် ကျော်ကြားနေပြီဖြစ်သည်။ မင်တိသည် ကျန်းရီက ဟွင့်သွမ့်ပင်လယ်သို့သွားကြောင်း ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ကျူးကျော်ရန် ဆုံးဖြတ်ခဲ့ပေသည်။
သို့သော် မည်သည့်တမလွန်ဘုံဘုရင်ကမှ ဟွင့်သွမ့်ပင်လယ်ထဲ ကိုယ်တိုင်မဝင်နိုင်ပေ။ သူတို့သည် သူတို့၏ကိုယ်ပွားများကိုသာ စေလွှတ်ရသည်။ သူတို့က အလွန်စွမ်းအားကြီးရာ သူတို့အတွက် ဟွင့်သွမ့်ပင်လယ်သို့ သွားဖို့ အလွန်ခက်သည်။ သူတို့ သွားလိုက်လျှင် ကောင်းကင်ဘုံ၏ မဟာဧကရာဇ်လေးပါးက ဝင်ပါပေလိမ့်မည်။ ထိုအခါ သူတို့အားလုံး ရှင်းပစ်ခံရနိုင်ပေသည်။
ခြင်္သေ့ဝါဘုရင်တို့က မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာမည့် အချိန်နှင့် တည်နေရာကို နောက်ကျပြီးမှ သတင်းရခဲ့သည်။ ထိုသတင်းက တမလွန်ဘုံသို့ ရောက်သွားသည့်အခါတွင်မူ ကျန်းရီတို့က နန်းတော်အပြင်ဘက်ပင် ပြန်ရောက်နေပြီဖြစ်သည်။ သို့သော် တမလွန်ဘုံတပ်ကြီးက အချိန်ကိုက်ရောက်လာမည်ဆိုလျှင်ပင် သူတို့အတွက် အခြေအနေကောင်းမည် မဟုတ်ပေ။ ကောင်းကင်ဘုံ မျိုးနွယ်ကြီးများမှ ရာချီသော အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများက ဟွင့်သွမ့်ပင်လယ်ထဲတွင် စုဝေးနေပေသည်။ ထို့ပြင် တောက်လန်လည်း ရှိနေသည် မဟုတ်လော။
တောက်လန်သည် တမလွန်ဘုံတပ်ကြီး ကျူးကျော်လာပြီဆိုသော သတင်းကို ရလိုက်သည်နှင့် ချက်ချင်းပင် အန်းထျန်ရှင်းအား တပ်သားများနှင့် စွမ်းအားကြီး သိုင်းသမားများ အားလုံးကို စေလွှတ်စေလိုက်သည်။ သူကိုယ်တိုင်လည်း ကြယ်တာရာကျွန်းစုသို့ သွားခဲ့သည်။ ထို့ကြောင့် ကျန်းရီ ထောက်လှမ်းရေးသုံးယောက်ထံမှ ရလိုက်သော သတင်းများက မှန်ကန်ပေသည်။
သို့သော်...
ကောင်းကင်ဝိညာဉ်ကျွန်းတွင် ရှိနေသာ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများက ဆယ့်နှစ်ယောက် မကပေ။ ဆယ်နှင့်ချီ၍ ရှိနေသည်။ တောက်မျိုးနွယ်က စေလွှတ်လိုက်သော အကြီးအကဲဆယ်ယောက်သည်လည်း ကျန်းရီ ကိုယ့်သေတွင်းကိုယ်တူးရန် ကောင်းကင်ဝိညာဉ်ကျွန်း အနီးသို့ ရောက်လာမည်ကို စောင့်ဆိုင်းနေကြပေသည်။
ရာချီသော အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားကြောင့် တမလွန်ဘုံတပ်ကြီးသည် မကြာခင်မှာပင် ဖိနှိပ်ခံလိုက်ရသည်။ တမလွန်ဘုံဘုရင်လေးပါး၏ ကိုယ်ပွားများသည်လည်း တောက်လန်နှင့် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်သမားတစ်စု၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြပေသည်။
တမလွန်ဘုံတပ်ကြီးသည် ၎င်းတို့က ထောင်ချောက်တစ်ခုထဲ ကျသွားပြီဟု တွေးမိသွား၍ အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ထွက်ပြေးကြပြီး လမ်းတစ်လျှောက်ရှိ မြို့များကို တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့သည် ဟွင့်သွမ့်ပင်လယ်ကို လောကငရဲတစ်ခု ဖြစ်သွားအောင် လုပ်ပစ်ရန် ကြံရွယ်ထားကြသည်။ တမလွန်ဘုံဘုရင်တစ်ပါး၏ ကိုယ်ပွားကလည်း ထွက်ပြေးသွားပြီး ဟွင့်သွမ့်ပင်လယ်ကို သွေးဖြင့်ဆေးကြောပစ်ရန် လုပ်နေသည်။
တောက်လန်သည် ထိုတမလွန်ဘုံဘုရင်၏ကိုယ်ပွားနောက်သို့ ဆက်လိုက်၏။ ကျန်သော အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများကမူ တမလွန်ဘုံတပ်ကြီးနှင့် ဆက်တိုက်ခိုက်ကြသည်။ သူတို့သည် တမလွန်ဘုံမိစ္ဆာအားလုံးကို သတ်မပြီးမချင်း ရပ်တန့်မည် မဟုတ်ပေ။
ဟွင့်သွမ့်ပင်လယ်တစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်နေ၏။ တမလွန်ဘုံတပ်ကြီး ကျူးကျော်လာမှုက သူတို့အား ကျန်းရီအကြောင်းကို ယာယီမေ့လျော့သွားစေသည်။ သူတို့နှင့် ကျန်းရီ၏ ပဋိပက္ခက လူသားအချင်းချင်းကြားမှ ပဋပက္ခဖြစ်သည်။ သို့သော် တမလွန်ဘုံမိစ္ဆာများမှာ လူသားမျိုးနွယ်တစ်ခုလုံး၏ ဘုံရန်သူဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အားလုံး မသေမချင်း သူတို့ ရပ်တန့်မည် မဟုတ်ပေ။
ဟွင့်သွမ့်ပင်လယ်ထဲရှိ လူသားတိုင်းသည် တမလွန်ဘုံတပ်ကြီး၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြ၏။ ထိုတမလွန်ဘုံဘုရင်၏ကိုယ်ပွားကို ဖျက်ဆီးမပစ်နိုင်လျှင် မည်သူမှ စိတ်အေးနိုင်မည် မဟုတ်ပေ။ ကိုယ်ပွားတိုင်းက ပိုင်ရှင်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားကြသဖြင့် အလွန်စွမ်းအားကြီးကြသည်။ တမလွန်ဘုံဘုရင်တစ်ပါး၏ ကိုယ်ပွားက မြို့တစ်မြို့ကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ သန်းချီသော မြို့သူမြို့သားများကိုလည်း စက္ကန့်ပိုင်းအတွင်းမှာပင် ထိန်းချုပ်လိုက်နိုင်ပေသည်။
တမလွန်ဘုံတပ်ကြီးက တပ်ပြန့်လာရာ ၎င်းတို့ကို အပြည့်အဝရှင်းပစ်နိုင်ရန် ပိုခက်ခဲလာသည်။ ၎င်းတို့အားလုံးကို ရှင်းပစ်ရန် အနည်းဆုံး ဆယ်ရက် သို့မဟုတ် လဝက်လောက် အချိန်လိုပေလိမ့်မည်။ တောက်လန်ကလည်း ပြန်မလာသေးရာ တမလွန်ဘုံဘုရင်၏ကိုယ်ပွားက ရှိနေသေးဆဲဆိုသော အဓိပ္ပာယ်ပင်။
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် လမ်းတစ်လျှောက်တွင် တစ်ယောက်တစ်လှည့်စီ ပျံသန်းနေကြသည်။ သူတို၏လမ်းကို ပိတ်ထားမည့်သူများ တစ်ယောက်မှ မရှိတော့သဖြင့် လမ်းခရီးက အလွန်ချောမွေ့ကာ ဘေးကင်းနေခဲ့သည်။ ကျန်းရီသည် သူအနားယူချိန်တွင်လည်း မိုးမြေစွမ်းအားကို ဆက်ကျင့်ကြံခဲ့သည်။ သူ၏ နဝမမြောက်ကြယ်စက်လုံးထဲရှိ မိုးမြေစွမ်းအားက တဖြည်းဖြည်း တိုးလာသည်။ ထို့ကြောင့် ကျန်းရီ ပို၍ ပို၍ ယုံကြည်မှု ရှိလာပေသည်။
သုံးရက်၊ ငါးရက်... ခုနစ်ရက်...
ကျန်းရီ အဆိပ်ဝိညာဉ်နှင့် လူပြန်လဲလိုက်၏။ ဤတစ်ခေါက်တွင် သူ အနီးရှိကျွန်းတစ်ကျွန်းသို့ သွား၍ ထိုကျွန်းပေါ်မှ မြို့အမည်ကို စုံစမ်းလိုက်သည်။ ထို့နောက် သူ ချီချင်ချန်ကို အပြင်ထုတ်ကာ သူတို့ရောက်နေသော နေရာကို မြေပုံပေါ်တွင် ရှာစေလိုက်သည်။
ကျန်းရီတို့သည် ခုနစ်ရက်ကျော် ပျံသန်းခဲ့ပြီဖြစ်သော်လည်း မည်မျှဝေးဝေးသို့ ရောက်နေပြီဖြစ်ကြောင်းကို မသိကြပေ။ အကယ်၍ ကျန်းရီတစ်ယောက်တည်းသာ ပျံသန်းမည်ဆိုလျှင် အနည်းဆုံး လဝက်လောက် ပျံသန်းရမည်ဖြစ်သည်။ သူက အနားယူရဦးမည်ဖြစ်၍ နေ့ညမပြတ် မပျံသန်းနိုင်သည် မဟုတ်လော။ သို့သော် အဆိပ်ဝိညာဉ်နှင့် တစ်လှည့်စီ ပျံသန်းသောအခါတွင်မူ သူတို့ ပို၍ ခရီးတွင်ခဲ့သည်။ မြေပုံကို ကြည့်ပြီးနောက် ကောင်းကင်ဝိညာဉ်ကျွန်းသို့ ရောက်ရန် အလွန်ဆုံးတစ်ရက်သာ ပျံသန်းရတော့မည်ဖြစ်ကြောင်း သူတို့ သိလိုက်ပေသည်။
“ကျွန်တော်တို့ လူတစ်ယောက်ကို ထပ်ဖမ်းပြီး လက်ရှိအခြေအနေအကြောင်းကို မေးသင့်လား”
ကောင်းကင်ဝိညာဉ်ကျွန်းနှင့် နီးကပ်လာလေလေ၊ ကျန်းရီ ပို၍ သတိကြီးလာလေလေပင်။ ထိုကျွန်းတွင် အမှန်ပင် ထောင်ချောက်တစ်ခု ရှိနေသည်။ သူတို့ သတိမထားလျှင် ကောင်းကင်ဝိညာဉ်ကျွန်းမှနေ၍ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။
ကျန်းရီသည် အနီးမှ ကျွန်းတစ်ကျွန်းသို့ လျှို့ဝှက်စွာသွား၍ စူးစမ်းလိုက်၏။ ထိုကျွန်းပေါ်တွင် လူဆယ်ယောက်ကျော် စောင့်ကြပ်နေသည်။ သို့သော် ထိုလူများသည် ကင်းလှည့်မနေကြဘဲ အတူလူစု၍ တစ်စုံတစ်ခုကို ဆွေးနွေးနေကြပေသည်။
‘ကောင်းတယ်...’
ကျန်းရီသည် ကျွန်းပေါ်ရှိ တောင်တစ်လုံး၏ အခြေကိုသွား၍ ထိုလူများ ဆွေးနွေးနေသည့် အကြောင်းအရာကို ခိုးနားထောင်လိုက်၏။ သူတို့၏စကားများကို နားထောင်ပြီးနောက် ကျန်းရီ နောက်ထပ်လူတစ်ယောက်အား ထပ်ဖမ်းမည့် အကြံကို စွန့်လွှတ်လိုက်သည်။ ထိုလူများက တမလွန်ဘုံတပ်ကြီးအကြောင်းကို စိတ်လှုပ်တရှားဖြင့် ပြောဆိုနေကြသည်။ သို့ဖြစ်ရာ သူတို့ ဟန်ဆောင်နေခြင်း မဟုတ်နိုင်ပေ။ သူတို့ ဆွေးနွေးနေသော အကြောင်းအရာများကလည်း အစောမှ ထောက်လှမ်းရေးသုံးယောက် ပြောခဲ့သော အကြောင်းအရာများနှင့် ကိုက်ညီမှုရှိသည်။
ခုနစ်ရက်အတွင်းတွင် တမလွန်ဘုံတပ်ကြီး၏ အင်အားအများစုကို ရှင်းပစ်နိုင်ခဲ့ပြီဖြစ်သည်။ အင်အားအနည်းငယ်သာ ဟိုဟိုဒီဒီတွင် ပုန်းအောင်းနေကြသည်။ သို့သော် ထိုတမလွန်ဘုံဘုရင်၏ ကိုယ်ပွားကို ရှင်းမပစ်နိုင်သေးသဖြင့် ၎င်းကိုယ်ပွားက ဟွင့်သွမ့်ပင်လယ်၏ အနောက်ဘက်သို့သွား၍ နောက်ထပ်မြို့သုံးမြို့ကို ဖျက်ဆီးပစ်ခဲ့သည်။ လူဆယ်သန်းကိုလည်း တမလွန်ဘုံတမန်တော်များ ဖြစ်သွားအောင် လုပ်လိုက်သည်။ သို့ရာတွင် ထိုလူဆယ်သန်းကို ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုက လုံးဝမသက်ညှာဘဲ သတ်ပစ်လိုက်ပြီဖြစ်သည်။
ကျန်းရီသည် သတိကြီးကြီးထား၍ သတင်းများကို ဆက်စုဆောင်းလိုက်၏။ ကျွန်းများကို စောင့်ကြပ်နေကြသော တပ်သားအားလုံးက တူညီသောအရာကိုသာ ဆွေးနွေးနေကြသဖြင့် သူ့အတွက် သတင်းရရန် အလွန်လွယ်ကူနေသည်။ နေ့ဝက်ကြာပြီးနောက် ကျန်းရီ အရှိန်တင်ကာ ကောင်းကင်ဝိညာဉ်ကျွန်းဆီသို့ တန်းတန်းမတ်မတ်ဦးတည်၍ ပျံသန်းသွားလိုက်လေသည်။
ဟွင့်သွမ့်ပင်လယ်၏ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား အများစုက အနောက်ဘက်သို့ သွားကြသည်။ ထို့ကြောင့် ဤအချိန်မှာ ကျန်းရီအတွက် ကောင်းကင်ဝိညာဉ်ကျွန်းထဲ ဖောက်ဝင်ဖို့ အကောင်းဆုံးအချိန်ပင်။ သူသာ ကောင်းကင်ဝိညာဉ်ကျွန်းပေါ်ရှိ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား ဆယ့်နှစ်ယောက်ကို သတ်နိုင်လိုက်မည် သို့မဟုတ် အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်လိုက်မည် ဆိုလျှင် သူနှင့် အခြားသူများ အထက်ဘုံသို့ ပြန်နိုင်ပေလိမ့်မည်။