← Chapters

မိစ္ဆာမြွေကို တိုက်ခိုက်ခြင်း

Vol. 37 Ch. 508

မိစ္ဆာမြွေကို တိုက်ခိုက်ခြင်း

Vol. 37 Ch. 508

"သမာဓိကောင်စီက ခွေးကောင်ကြီးတွေ မင်းတို့က မိစ္ဆာကောင်ဖြစ်သွားတာနဲ့ ကိုယ့်ကိုကိုယ် သွေးနားထင်ရောက်နေတာလား။ ဒီနေ့ မင်းတို့ကိုသတ်ပြီးရင် သမာဓိကောင်စီကို ဖျက်ဆီးပစ်မယ်"

ယဲ့ချန်က ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်ပြီး အဆင့်နှစ်ပိုင်နက်ဖြစ်သော ကောင်းကင်ကြယ်ပိုင်နက်သည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် တည်ရှိနေခဲ့သည်။

"ဟား ဟား မင်းရဲ့ခွန်အားလေးနဲ့ မောက်မာလှချည်လား။ မင်းက အဆင့်နှစ်ပိုင်နက်ကိုသာ ထုတ်ဖော်နိုင်ပေမယ့် ငါတို့က ချီပင်လယ်အဆင့်ခွန်အားကို ပိုင်ဆိုင်နေပြီး အင်မော်တယ်ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်။ မင်းက ဘယ်လိုသတ်မလဲဆိုတာ ကြည့်လိုက်ရအောင်"

မိစ္ဆာမြွေကြီး၏ခေါင်းသုံးလုံးသည် ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်ပမာ ဟက်ဟက်ပက်ပက် လှောင်ရယ်နေခဲ့သည်။

"ဒါဆိုရင် စောင့်ကြည့်ပေါ့ကွာ"

ယဲ့ချန်က အေးစက်စက်ပြုံး၍ ဧကရာဇ်မင်၏ခါးပတ်အတွင်း ကောင်းကင်ချီများ ထည့်သွင်းလိုက်သောအခါ အင်မော်တယ်အမှောင်ဖီးနစ်၊ ကောင်းကင်ချီလင်ကြံ့၊ သွေးကြေးခွံမြွေ၊ ကောင်းကင်မီးတောက်နွားသိုးနှင့် မိုးကြိုးသိမ်းငှက်တို့ကို ဆင့်ခေါ်လိုက်သည်။ ခြင်္သေ့ကြီး၏စွမ်းအားနှင့် ပေါင်းစပ်ပြီးနောက် ယဲ့ချန်သည် ဧကရာဇ်မင်၏ခါးပတ်အတွင်းရှိနေသော သားရဲကြီးရှစ်ကောင်အနက် ငါးကောင်ကို ဆင့်ခေါ်နိုင်စွမ်း ရှိလာသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် ယဲ့ချန်နှင့် အဆင့်တူဖြစ်သောကြောင့် အဆင့်နှစ်ပိုင်နက်များကို ထုတ်ဖော်နိုင်သည်။ ခြင်္သေ့ကြီး၏စကားအရ ဧကရာဇ်မင်သည် စစ်ဧကရာဇ်အဆင့်တစ်ယောက် ဖြစ်နိုင်သောကြောင့် သူ၏အမွေဖြစ်သော ရတနာ၏စွမ်းအားကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။ သားရဲကြီးငါးကောင် ရုတ်တရက်ထွက်ပေါ်လာပြီး မိစ္ဆာမြွေကြီးထံ ချီတက်သွားကြသည်။ မီးတောက်များလွှမ်းခြုံနေသော အင်မော်တယ်အမှောင်ဖီးနစ်နှင့် ကျန်နတ်သားရဲများသည် ၎င်းအောက် အနည်းငယ်သာအားနည်းသော်လည်း ကြောက်ရွံ့မှုမရှိပေ။ ကောင်းကင်တွင် သွေးနံ့များကြား၌ မီးတောက်နှင့် မိုးကြိုးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့အားလုံးသည် အစစ်အမှန်နတ်သားရဲများမဟုတ်ကြသော်လည်း အတိုင်းအတာတစ်ခုအထိ အစွမ်းထက်နေဆဲပင်ဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ။ ဒါက ဒဏ္ဍာရီလာဆင့်ခေါ် ကျင့်စဥ်တစ်ခုလား။ ဒီကောင်က ဘယ်လိုလုပ် နတ်သားရဲတွေကို ဆင့်ခေါ်နိုင်ရတာလဲ"

မိစ္ဆာမြွေကြီး၏မျက်နှာများက မည်းနက်သွားကာ သားရဲကြီးများသည် ရှေးဟောင်းနတ်သားရဲများဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ၎င်းတို့အားလုံးက ထူးကဲအဆင့်များသာဖြစ်သော်လည်း အထင်သေး၍မရချေ။

"ဘုန်း ဘုန်း ဘုန်း"

မိစ္ဆာမြွေကြီးနှင့် နတ်သားရဲငါးကောင်က ကောင်းကင်ထက်တွင် ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ ထန်တိုက်လင်သည် ရန်သူကိုတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် ယဲ့ချန်က သားရဲများဆင့်ခေါ်လိုက်မည်ဟု ထင်မထားခဲ့ပေ။ သူမက ယဲ့ချန်ကို တအံ့တသြစိုက်ကြည့်လိုက်မိသည်။

"သူတို့အားလုံးကို ဧကရာဇ်မင်ရဲ့ခါးပတ်နဲ့ ဆင့်ခေါ်ထားတာဖြစ်တယ်။ လောလောဆယ်အနားယူပြီး ဒဏ်ရာကုသလိုက်ပါဦး"

ယဲ့ချန်က တစ်ချက်ပြုံးပြ၍ ရှင်းပြလိုက်သည်။

ကောင်းကင်ကြီးက တုန်ခါနေပြီး လေနှင့်မိုးများ သည်းထန်လာသည်။ နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူများသည် ရုတ်တရက်ပေါ်လာသော နတ်သားရဲငါးကောင်က မိစ္ဆာမြွေကြီးကို တိုက်ခိုက်နေသည်အား မြင်သောအခါ စိတ်အားတက်ကြွလာ၏။

"ဒီသားရဲကြီးတွေကို ညီလေးချန် ဆင့်ခေါ်လိုက်တာလား"

"ဒီကောင်ကြီးတွေက အစွမ်းထက်လိုက်တာ။ အကုန်လုံးက အဆင့်နှစ်ပိုင်နက်ကို ထုတ်ဖော်နိုင်ကြတယ်"

"ညီလေးချန် အရှင်ပို၊ သခင်ကျန်းနဲ့ ခေါင်းဆောင်ရှအတွက် လက်စားချေပေးပါ"

သူတို့၏ရင်ထဲတွင် မျှော်လင့်ချက်များ ပေါက်ဖွားလာကာ လက်သီးလက်မောင်းတန်း၍ ကြွေးကြော်လိုက်ကြသည်။ သူတို့၏အော်သံများကို ကြားရသောအခါ နတ်သားရဲကြီးများက ပို၍ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။ ကောင်းကင်တွင် အဆင့်နှစ်ပိုင်နက်များက အချင်းချင်းဆန့်ကျင်နေကြပြီး မိစ္ဆာမြွေကြီး၏ပိုင်နက်က အစွမ်းအထက်ဆုံးဖြစ်သော်လည်း ကျန်ပိုင်နက်ငါးခုကို တစ်ကိုယ်တော်ရင်ဆိုင်ရာတွင် အခက်တွေ့နေခဲ့သည်။ ပိုင်နက်ခြောက်ခုအနားသို့ ရောက်ရှိလာသမျှအရာအားလုံး အမှုန့်ဖြစ်ကုန်ပြီး မိစ္ဆာမြွေကြီးက မီးတန်းသုံးခု မှုတ်ထုတ်လိုက်သည်။ သို့သော်လည်း ကောင်းကင်မီးတောက်နွားသိုးက ဘေးမှကဆုန်ပေါက်ပြေးဝင်လာကာ ထက်ရှသောဂျိုကြီးများနှင့် မြွေကြီး၏နံဘေးသို့ ဝင်ခွေ့လိုက်သည်။ ဝမ်းဗိုက်မှ သွေးများ ပန်းထွက်လာသောကြောင့် မြွေခေါင်းကြီးသုံးလုံးက နာကျင်စွာအော်ဟစ်လိုက်ကြသည်။ ၎င်းက အစွမ်းထက်သော်လည်း ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းတို့ကိုတိုက်ခိုက်ရာတွင် စွမ်းအားများ အသုံးပြုခဲ့ရသည့်အပြင် မိုးကြိုးမျှော်စင်၏တိုက်ခိုက်မှုကြောင့် အပြင်းအထန်ဒဏ်ရာရထားသည်။ လက်ရှိတွင် ဒဏ်ရာများပြ န်လည်မသက်သာခင် နတ်သားရဲငါးကောင်နှင့်ရင်ဆိုင်ရသောအခါ မနည်းတိုက်ခိုက်နေရသည်။ မြွေကြီးက ဒေါသတကြီးအော်ဟစ်၍ ၎င်း၏ဧရာမကိုယ်လုံးကြီးနှင့် နတ်သားရဲငါးကောင်ကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

အချိန်က လျင်မြန်စွာကုန်ဆုံးနေပြီး သားရဲကြီးများ၏တိုက်ပွဲမှ အနိုင်ရသူကိုဆုံးဖြတ်ရန် မလွယ်ကူပေ။ ပတ်ဝန်းကျင်က ၎င်းတို့၏စွမ်းအားများကြောင့် မည်းမှောင်နေသဖြင့် နေ့လား၊ညလားခွဲခြား၍ပင် မဖြစ်နိုင်ချေ။ သုံးရက်သုံးညတိုင်တိုင် ကြာမြင့်သောအခါ မိစ္ဆာကောင်ကြီးသည် ကောင်းကင်မီးတောက်နွားသိုးကို သတ်ဖြတ်နိုင်ခဲ့ပြီး ငါးရက်အကြာတွင် သွေးကြေးခွံမြွေနှင့် မိုးကြိုးသိမ်းငှက်တို့ သေဆုံးသွားခဲ့ကြသည်။ ဆယ်ရက်မြောက်တွင် ကောင်းကင်ချီလင်ကြံ့နှင့် အင်မော်တယ်အမှောင်ဖီးနစ်တို့ ပျက်စီးသွားခဲ့ရသည်။ သို့သော် ဆယ်ရက်ဆယ်ညတိုင်တိုင် အပြင်းအထန်တိုက်ခိုက်ပြီးနောက် မိစ္ဆာမြွေကြီး၏တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေကာ အသက်စွမ်းအားခြောက်ဆယ်မှ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့သည်။

"မင်းတို့အားလုံးကို သတ်ပစ်မယ်"

မိစ္ဆာမြွေကြီးသည် ဒေါသတကြီးဟိန်းဟောက်၍ မျက်လုံးများ သွေးနီရောင်တောက်ပနေပြီး ယဲ့ချန်နှင့်ထန်တိုက်လင်ကို အရှင်လတ်လတ်ဝါးစားလိုဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ဆယ်ရက်အကြာတွင် ထန်တိုက်လင်သည် သူမ၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျန်တစ်ဖက်တွင် မိစ္ဆာကောင်ကြီး၏ခွန်အားက တစ်ဝက်အထိ လျော့နည်းနေခဲ့သည်။

"ငါတို့အလှည့် ရောက်ပြီ"

ယဲ့ချန်သည် ထန်တိုက်လင်ကို တစ်ချက်ကြည့်၍ လေးနက်စွာပြောလိုက်ပြီး ခြင်္သေ့ကြီး၏စွမ်းအားအချို့ကို အသက်သွင်းလိုက်သောအခါ တစ်ကိုယ်လုံး ခရမ်းရောင်မီးတောက်များ တောက်လောင်လာသည်။ ကြောက်မက်ဖွယ်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွား၍ ညာလက်ရှိကောင်းကင်သိုင်းချီအတွင်း အချို့က ဝင်ရောက်သွားကြသည်။ ထန်တိုက်လင်သည်လည်း ယဲ့ချန်ကို တစ်ချက်ပြန်ကြည့်ပြီး တစ်ကိုယ်လုံး သက်တန့်ရောင်နတ်အလင်းများ ထွက်ပေါ်လာခဲ့သည်။ ဆယ်ရက်အကြာကျင့်ကြံပြီးနောက် တိုက်ပွဲအတွင်းရရှိခဲ့သော သူမ၏ဒဏ်ရာများ ပြန်လည်ပျောက်ကင်းသွားသည့်အပြင် မိစ္ဆာကောင်ကြီး၏ တိုက်ခိုက်ပုံသဘောသဘာဝများကိုလည်း နားလည်နေပြီဖြစ်သည်။

"ငါတို့က ဒဏ်ရာရထားရင်တောင် မင်းတို့ မသတ်နိုင်ပါဘူး"

မိစ္ဆာမြွေကြီးက ပြောလိုက်ခြင်းဖြစ်သည်။ ထန်တိုက်လင်က နေရာမှ ဖြတ်ခနဲပျောက်ကွယ်သွားကာ ပင်လယ်နတ်ဘုရားလှံကိုဆွဲကိုင်၍ ရှေ့တက်သွားခဲ့သည်။

"ကောင်းကင်တုန်ခါလက်သီးသိုင်း"

ယဲ့ချန်ကလည်း ရန်သူထံ လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။

"ဘုန်း ဘုန်း ဘုန်း"

သူ၏လက်သီးချက်က မိစ္ဆာကောင်ကြီး၏ဝမ်းဗိုက်ကို ထိမှန်သွားချိန်တွင် ၎င်းသည် နာနာကျင်ကျင်အော်ဟစ်၍ တစ်ကိုယ်လုံး တွန့်လိမ်နေခဲ့သည်။ ယဲ့ချန်၊ ထန်တိုက်လင်နှင့် မိစ္ဆာကောင်ကြီးသည် အပြင်းအထန်တိုက်ခိုက်လိုက်ကြပြီး အဆင့်နှစ်ပိုင်နက်သုံးခု၏တိုက်ပွဲ စတင်ဖြစ်ပေါ်လာသည်။

"ကောင်းကင်ကြယ်ပိုင်နက်"

ကောင်းကင်တွင် ဧရာမကြယ်ကြီးကိုးလုံး ထွက်ပေါ်လာကာ ၎င်းတို့သည် လောကကြီး၏စွမ်းအားများကို သယ်ဆောင်၍ မိစ္ဆာကောင်ကြီးထံ ဖိအားကြီးမားစွာဖြင့် ကျဆင်းလာခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

မိစ္ဆာကောင်ကြီး၏ အဆင့်နှစ်ပိုင်နက်က စတင်အက်ကြောင်းထင်လာခဲ့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

၎င်း၏အဆင့်နှစ်ပိုင်နက်သည် ယဲ့ချန်၏ပိုင်နက်ကို မယှဥ်နိုင်သောအခါ ၎င်းက မယုံနိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။ အကယ်၍ အထွတ်အထိပ်အခြေအနေ၌ဆိုလျှင် ၎င်း၏ပိုင်နက်ကို ယဲ့ချန်က ယှဥ်နိုင်မည်မဟုတ်ပေ။ ၎င်းက ချီပင်လယ်အဆင့်၏ ခွန်အားအချို့ကို ထုတ်သုံးနိုင်စွမ်းရှိနေချိန်တွင် ယဲ့ချန်သည် အဆင့်နှစ်ပိုင်နက်ကို ထုတ်ဖော်နိုင်ကာစဖြစ်သည်။ သို့သော် နတ်သားရဲငါးကောင်နှင့် ဆယ်ရက်တိုက်ခိုက်ပြီးချိန်တွင် မိစ္ဆာမြွေကြီးက အလွန်အားနည်းနေပြီး ယဲ့ချန်နှင့် ထန်တိုက်လင်သည် သူတို့၏အထွတ်အထိပ် အခြေအနေတွင်ဖြစ်သည်။

ဧရာမခြင်္သေ့ကြီးတစ်ကောင်သည် ယဲ့ချန်၏ကိုယ်တွင်းမှ တိုးထွက်လာကာ လက်ဝါးကြီးဖြင့် မိစ္ဆာမြွေကြီး၏ပိုင်နက်ကို ရိုက်ချလိုက်သည်။ ပြင်းထန်သောစွမ်းအားက ပိုင်နက်ကိုကျော်ဖြတ်၍ မိစ္ဆာကောင်ကြီး၏ခန္ဓာကိုယ်ကိုပင် ထိမှန်သွားသဖြင့် တဆတ်ဆတ်တုန်ယင်သွားစေသည်။ အဆင့်နှစ်ပိုင်နက်သည် ခြင်္သေ့ကြီး၏စွမ်းအားအချို့ကို ခုခံပေးနိုင်ခဲ့သော်လည်း အများစုသည် မိစ္ဆာကောင်ကြီး၏ကိုယ်တွင်းသို့ ဝင်ရောက်သွားခဲ့သည်။ အကယ်၍ သာမန်သားရဲတစ်ကောင်သာဆိုလျှင် ဤရိုက်ချက်ကြောင့် အမှုန့်ဖြစ်သွားနိုင်သော်လည်း ဝိညာဥ်စားခေါင်းသုံးလုံးမြွေ၏ရုပ်ခန္ဓာက အလွန်မာကျောသောသဘာဝကို ပိုင်ဆိုင်ထားသောကြောင့် အပြင်းအထန်ဒဏ်ရာရရုံသာ ဖြစ်သည်။ မိစ္ဆာကောင်သည် ယဲ့ချန်၏ခွန်အားကို ထိတ်လန့်အံ့သြနေပြီး ပိုင်နက်ချင်းမယှဥ်နိုင်ခြင်းက အလွန်အမင်း စိတ်ပျက်ဖွယ်ကောင်းနေခဲ့သည်။

"ငရဲကို သွားစမ်း"

မြွေခေါင်းကြီးသုံးလုံးက ယဲ့ချန်ထံ မီးတောက်များ မှုတ်ထုတ်လိုက်ကြသည်။ သူက ရှောင်တိမ်းရမည့်အစား ရှေ့တက်၍ လက်သီးဖြင့်ထိုးချလိုက်၏။ ထိုလက်သီးချက်တွင် ခြင်္သေ့ကြီးတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာကာ မီးတန်းသုံးခုကို သဲလွန်စပင်မကျန်အောင် ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ယဲ့ချန်သည် ကိုယ်ပွားကိုထုတ်ဖော်၍ ယဲ့ချန်၊ ကိုယ်ပွားယဲ့ချန်နှင့် ထန်တိုက်လင်သည် မိစ္ဆာမြွေကြီးကို တြိဂံသဏ္ဍာန်ဝန်းရံ တိုက်ခိုက်လိုက်ကြသည်။

"နိမ့်ကျတဲ့ ကိုယ်ပွားလေးတစ်ခုကများ"

မိစ္ဆာကောင်ကြီးသည် ကိုယ်ပွားတစ်ခု၏ခွန်အားက မူရင်းကိုယ်၏ခွန်အား ငါးဆယ်ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်နိုင်ကြောင်း သိထားသဖြင့် များစွာဂရုမစိုက်ခဲ့ပေ။ ယဲ့ချန်နှစ်ယောက်က ပြိုင်တူပြုံးလိုက်မိကြသည်။ ထန်တိုက်လင်သည်လည်း ယဲ့ချန်က ကြိုတင်အကြောင်းကြားထားသဖြင့် သူ၏ကိုယ်ပွားက အခြားသာမန်ကိုယ်ပွားများနှင့် ကွာခြားကြောင်း နားလည်နေခဲ့သည်။ သူမက ယဲ့ချန်နှစ်ယောက် စိတ်တိုင်းကျတိုက်ခိုက်နိုင်စေရန် ရန်သူကို သူမ၏ပိုင်နက်ဖြင့် အစွမ်းကုန်ချုပ်နှောင်ပေးခဲ့သည်။

ယဲ့ချန်နှစ်ယောက်သည် ကောင်းကင်ကြယ်ပိုင်နက်နှစ်ခုကို ပြိုင်တူထုတ်ဖော်လိုက်သောအခါ ကောင်းကင်တွင် ကြယ်ကြီး၁၈လုံး ထွက်ပေါ်လာခဲ့သည်။ ဧရာမဖိအားကြီးတစ်ခုက မိစ္ဆာကောင်ကြီးထံ တဝုန်းဝုန်းကျဆင်းလာ၏။ ကြယ်များ၏စွမ်းအားက နှစ်ဆမြင့်တက်လာသောကြောင့် ဤကြောက်မက်ဖွယ်ဖိအားအောက်တွင် မိစ္ဆာမြွေကြီး၏အဆင့်နှစ်ပိုင်နက်သည် သစ်ပိုင်းခြောက်ပမာ အလွယ်တကူဖျက်ဆီးခံလိုက်ရ၏။

"ဘာ မဖြစ်နိုင်ဘူး"

မိစ္ဆာမြွေကြီးသည် မျက်နှာဆိုးဆိုးရွားရွားပျက်သွားကာ ယဲ့ချန်၏ကိုယ်ပွားက ဤမျှအစွမ်းထက်နေမည်ဟု ထင်မထားခဲ့ပေ။ ၎င်းက ထွက်ပြေးချင်သော်လည်း ထန်တိုက်လင်၏ချုပ်နှောင်မှုကြောင့် အခက်တွေ့နေရသည်။ အကယ်၍ အထွတ်အထိပ်အခြေအနေ၌သာဆိုလျှင် ထန်တိုက်လင်က တားမြစ်နိုင်မည်မဟုတ်ချေ။ သို့သော်လည်း လက်ရှိတွင် ၎င်းက တိုက်ပွဲပန်းနေသောကြောင့် ထန်တိုက်လင်၏ပိုင်နက်ကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်စရာ အကြောင်းမရှိပေ။

All Chapters