တိမ်မည်းများ ကင်းစင်လေပြီ
Vol. 37 Ch. 509
မိစ္ဆာမြွေကြီးတွင် ပိုင်နက်၏အကာအကွယ် ပျောက်ကွယ်သွားသောအခါ ယဲ့ချန်သည် နတ်ဆိုးဖိနှိပ်နာရီနှင့် လျင်မြန်စွာ ပစ်ပေါက်လိုက်သည်။ ၎င်းက လေထဲတွင် မီတာရာချီကြီးမားလာပြီး မိစ္ဆာကောင်ကြီးထံ ကျဆင်းလာခဲ့သည်။
"ဘုန်း"
ဧရာမမြွေမိစ္ဆာကောင်သည် နတ်ဆိုးဖိနှိပ်နာရီအတွင်း ရောက်ရှိသွားသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဘန်း ဘန်း ဘန်း"
၎င်းက နတ်ဆိုးဖိနှိပ်နာရီကို ကိုယ်လုံးကြီးဖြင့် ဆက်တိုက်ရိုက်နှက်နေပြီး ရုန်းကန်လိုက်သောအခါ နာရီက လွင့်ထွက်သွားမည့်ဟန်ဖြင့် လှုပ်ခတ်နေခဲ့သည်။ ၎င်းအတွင်းမှ သရဲဘုရင်နှင့်အပေါင်းအပါများက အလိုလိုဖြစ်ပေါ်လာကြသော်လည်း ဆေးလုံးများ၏အထောက်အပံ့မရှိသောအခါ လုံလောက်အောင် သန်မာခြင်းမရှိပေ။ ထို့ကြောင့် ယဲ့ချန်ကလေးနက်သွားပြီး လက်တစ်ဖက်ယမ်းလိုက်သောအခါ ချီပြိုကွဲဆေးလုံးဆယ်သန်းကျော် ထွက်ပေါ်လာကာ နာရီအတွင်း ပေါင်းစပ်သွားကြသည်။ ဤကား မိစ္ဆာမြွေကြီးကဲ့သို့ အစွမ်းထက်ရန်သူတစ်ယောက်ကို နတ်ဆိုးဖိနှိပ်နာရီဖြင့် ပထမဆုံးအကြိမ် ဖမ်းဆီးဖူးခြင်းဖြစ်သည်။ ၎င်းက ကောင်းကင်ချီအထောက်အပံ့ရလိုက်သောအခါ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြန်လည်ပြုတ်ကျ၍ တည်ငြိမ်သွားခဲ့သည်။
ယဲ့ချန်နှစ်ယောက်နှင့် ထန်တိုက်လင်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ နာရီပေါ်သို့ဆင်းသက်ကာ ကိုယ်ထည်ကို အပြင်ဘက်မှ လက်ဝါးဖြင့် ဆက်တိုက်ရိုက်နှက်လိုက်ကြ၏။ တဘုန်းဘုန်းမြည်သံများ ထွက်ပေါ်လာကာ အသံလှိုင်းများပြန့်ထွက်လာသဖြင့် အနီးရှိတောင်တန်းများအားလုံး အမှုန့်ဖြစ်ကုန်သည်။ မိစ္ဆာမြွေကြီး၏ခေါင်းသုံးလုံးထံမှ မတူကွဲပြားသော အော်သံသုံးခု နာကျင်စွာထွက်ပေါ်လာကာ အပြင်းအထန်ရုန်းကန်လိုက်သဖြင့် နာရီက ပြန်လည်တုန်ခါလာခဲ့သည်။ ယဲ့ချန်က ဆေးလုံးဆယ်သန်းကျော်ကို ထပ်မံပေါင်းစပ်ပေးလိုက်ပြီး အပြင်မှတိုက်ခိုက်ခြင်းကို မရပ်တန့်ရဲပေ။ သူတို့သုံးယောက်က နာရီကိုယ်ထည်ကို ရူးရူးမိုက်မိုက်ရိုက်ခတ်နေကြပြီး အသံလှိုင်းကိုအသုံးပြုကာ ရန်သူ၏ခွန်အားကုန်ခမ်းစေရန် ကြိုးစားနေကြသည်။ နာရီဝက်ကြာအောင် နှိပ်စက်ခံနေရသည့်တိုင်အောင် မိစ္ဆာမြွေကြီးသည် အတွင်းမှ လွတ်မြောက်လာခြင်း မရှိပေ။
"ယဲ့ချန် မင်းလုပ်တာ ကောင်းတယ်။ အချိန်ကျလာတော့မယ်"
ခြင်္သေ့ကြီးက သတိပေးလိုက်ခြင်းဖြစ်သည်။
"ကျုပ် နားလည်ပြီ"
ယဲ့ချန်က ခေါင်းညိတ်၍ နတ်ဆိုးဖိနှိပ်နာရီအတွင်း ဆေးလုံးများပေါင်းစပ်နေခြင်းကို ရပ်တန့်လိုက်သည်။ မိစ္ဆာမြွေကြီးသည် လွတ်မြောက်ရန် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရုန်းကန်ခဲ့သော်လည်း ကျရှုံးနေရသဖြင့် အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ နာရီ၏အသံလှိုင်းများသည်လည်း ငရဲဘုံမှထွက်ပေါ်လာသော အသံများကဲ့သို့ ကြောက်စရာကောင်းလွန်းနေသည်။ ၎င်းတို့ကြောင့် မသေစေနိုင်သော်လည်း မိစ္ဆာကောင်ကြီး၏ခွန်အားကို ကြီးမားစွာ လျော့နည်းစေခဲ့သည်။ နောက်ဆုံးတွင် နာရီက အနည်းငယ်လျော့ရဲလာသည်ကို ခံစားမိလိုက်သော မိစ္ဆာမြွေကြီး၏မျက်လုံးများက အလင်းရောင်များ တောက်ပလာကြသည်။ ၎င်းက အော်ဟစ်ကြုံးဝါး၍ အထက်သို့ပျံတက်လိုက်သောအခါ ဘန်းခနဲမြည်သံနှင့်အတူ နတ်ဆိုးဖိနှိပ်နာရီက အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ ထို့နောက် ၎င်းက အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ထွက်ပြေးလိုခဲ့သည်။
"ဒီရတနာကိုအသက်သွင်းဖို့ ကောင်းကင်ချီပမာဏတွေ အများကြီးလိုအပ်တယ်။ ထူးကဲအဆင့်ခုနစ် ကျင့်ကြံသူတစ်ယောက်တောင် လုံလောက်အောင် ထောက်ပံ့နိုင်မှာမဟုတ်ဘူး။ မင်းက ငါ့ကို ဒီရတနာလောက်လေးနဲ့ ဖိနှိပ်နိုင်မယ်ထင်နေရင် အိပ်မက်မက်နေတာပဲ"
မိစ္ဆာမြွေကြီးက နတ်ဆိုးဖိနှိပ်နာရီအတွင်းမှ လွတ်မြောက်လာသောအခါ မောက်မာစွာဝံ့ကြွားနေခဲ့သည်။
"ဘုန်း"
သို့သော် ဧရာမဆေးအိုးကြီးတစ်လုံးက ကောင်းကင်ထက်မှကျဆင်းလာခဲ့ပြီး မိစ္ဆာမြွေကြီး၏ခေါင်းများနှင့် ထိမှန်သွားခဲ့သည်။ ပြင်းထန်သောစုပ်ဝဲတစ်ခုသည် ဆေးအိုး၏အဝတွင် ဖြစ်ပေါ်လာ၍ ၎င်းကိုစုပ်ယူသွားခဲ့ပြီး ဝိညာဥ်မီးတောက်များ တောက်လောင်လာခဲ့သည်။ ၎င်းက နာကျင်စွာအော်ဟစ်၍ အပြင်သို့ရုန်းထွက်လိုသော်လည်း မည်မျှကြိုးစားသည်ဖြစ်စေ မလွတ်မြောက်နိုင်ခဲ့ပေ။ အနက်ရောင်ဝိညာဥ်မီးတောက်များအောက်တွင် ၎င်း၏ရုပ်ခန္ဓာက အရည်ပျော်ကျမည့် လက္ခဏာရပ်များ စတင်ဖြစ်ပေါ်လာသည်။ ယဲ့ချန်က သူ့ကို ဆေးလုံးအဖြစ် သန့်စင်လိုနေသောကြောင့် မိစ္ဆာမြွေကြီးသည် အလွန်အမင်းထိတ်လန့်နေခဲ့သည်။
"ငါတို့ကို လွှတ်ပေးစမ်း"
"ခွေးကောင် မင်းကို အသေသတ်ပစ်မယ်"
မိစ္ဆာမြွေကြီးသည် အဆက်မပြတ်ရုန်းကန်နေရင်း အော်သံများက တိုးညှင်းစပြုလာသည်။ ယဲ့ချန်သည် ကောင်းကင်တုန်ခါဆေးအိုးကို မြေပြင်သို့ သက်ဆင်းစေ၍ ထိန်းချုပ်ထားခဲ့သည်။
"ငါတို့နိုင်သွားပြီလား"
ထန်တိုက်လင်က ဆေးအိုးကို တစ်ချက်ကြည့်လိုက်သည်။ သူမက ဤဆေးအိုးအကြောင်း သိထားသော်လည်း မိစ္ဆာမြွေကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ဖမ်းချုပ်ထားနိုင်မည်ဟု ထင်မထားခဲ့ပေ။
"ဟုတ်တယ်။ ဒါပေမယ့် ဒီကောင်ထွက်မပြေးနိုင်အောင် ငါ တို့ စောင့်ကြည့်ရလိမ့်မယ်။ ဆေးလုံးအဖြစ်သန့်စင်ပြီးမှ လုံခြုံစိတ်ချနိုင်မယ်"
ရန်သူက အစွမ်းထက်လွန်းသောကြောင့် ယဲ့ချန်သည် မပေါ့ဆရဲပေ။ ကောင်းကင်တုန်ခါဆေးအိုးအတွင်း မိစ္ဆာကောင်ကြီးက စတင်အရည်ပျော်လာ၍ ကုမင်နှင့်ကုရန်၏ နာကျင်စွာအော်သံများ ထွက်ပေါ်လာခဲ့သည်။ ဝိညာဥ်မီးတောက်များအောက်တွင် ယုလု၏ခန္ဓာကိုယ်ကလည်း ဖြည်းညှင်းစွာထွက်ပေါ်လာ၍ အလွန်အမင်းတည်ငြိမ်နေသည်။ သူက ဆေးအိုးကိုထွင်းဖောက်ပြီး ယဲ့ချန်ကို မြင်နေရသကဲ့သို့ ခေါင်းမော့ကြည့်နေခဲ့သည်။
"ငါက မင်းလက်ထဲမှာ ဆိုးဆိုးရွားရွားရှုံးနိမ့်ရလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမယ့် ငါတို့တစ်နေ့ တွေ့ကြဦးမှာပါ"
ယုလုက တစ်ချက်ပြုံးလိုက်ရင်း ဝိညာဥ်မီးတောက်အတွင်း အရည်ပျော်ကျသွားခဲ့သည်။ ယဲ့ချန်သည် ယုလု၏စကားကြောင့် ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားခဲ့သည်။ ထန်တိုက်လင်သည်လည်း ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်ရင်း စိတ်ထဲတွင် လေးလံလာခဲ့သည်။ မိစ္ဆာမြွေကြီးကို ဆေးလုံးအဖြစ်သန့်စင်နိုင်ရန် ငါးနာရီမှခြောက်နာရီအထိ လိုအပ်သည်။ နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူအချို့က ဝိညာဥ်အသိစိတ်များကို အပြင်သို့ထုတ်လွှတ်၍ ထောက်လှမ်းလိုက်ကြသည်။ ယဲ့ချန်က မိစ္ဆာမြွေကြီးကို ကောင်းကင်တုန်ခါဆေးအိုးအတွ င်းဖမ်းချုပ်လိုက်သည်ကို မြင်ကြသောအခါ နတ်မိုးကြိုးနယ်မြေတစ်ခုလုံး အောင်ပွဲခံသံများ ဆူညံလာခဲ့သည်။
"နောက်ဆုံးတော့ ညီလေးချန်က မိစ္ဆာကောင်ကြီးကို အနိုင်ရလိုက်ပြီ"
"ငါတို့နိုင်သွားပြီဟေ့"
သူတို့အားလုံးက ပျော်ရွှင်မှုကြောင့် ဝမ်းသာမျက်ရည်များ ကျဆင်းလာသည်။ နတ်မိုးကြိုးမြို့တော်က အပျက်အစီးနယ်မြေဖြစ်လာခဲ့ပြီး မရေမတွက်နိုင်သော သူရဲကောင်းများသေဆုံးသွားကာ ကျင့်ကြံသူ စုစုပေါင်းနှစ်ရာကျော်သာ ကျန်ရစ်ခဲ့သည်။ ပျက်စီးနေသော အဆောက်အအုံများက ဝမ်းနည်းမှုအရိပ်ယောင်များထင်ဟပ်၍ ဆက်လက်တည်ရှိနေကြသည်။ ပိုမေ့၊ ရှထုံတန်း၊ ကျန်းလီ၊ ပိုလဲ့၊ ပိုလင်းနှင့် များပြားလှသော ကျင့်ကြံသူများ၏စတေးမှုကို သူတို့က ရင်ထဲတွင် တေးမှတ်ထားလိုက်ကြသဖြင့် ထာဝရမှတ်မိနေမည်ဖြစ်သည်။ အဝေးရှိ ထန်တိုက်လင်နှင့် ယဲ့ချန်ကို ကြည့်နေသော သူတို့၏မျက်လုံးများတွင် လေးစားစိတ်များ ထင်ဟပ်နေကြသည်။
နတ်မိုးကြိုးမြို့တော်အထက်ရှိ အမှောင်တိမ်များ ပျောက်ကွယ်သွားကာ နွေးထွေးသည့် နေရောင်ခြည်က ဖြာကျလာခဲ့သည်။ မိုးကြိုးပန်းတစ်ပွင့်သည် ပျက်စီးကျိုးပဲ့နေသော နံရံများအထက်တွင် ပွင့်လန်းလာပြီး အသက်စွမ်းအားများ ဖြစ်တည်လာခဲ့လေသည်။
အလယ်အင်ပါယာ၊ တော်ဝင်မြို့တော်၏ မြင့်မားလှသော မြို့ရိုးများထက်တွင် သမာဓိကောင်စီဝင်များ ကင်းလှည့်နေကြသည်။ သမာဓိကောင်စီ၏အဓိကစစ်တပ်သည် ဤနေရာမှ ထွက်ခွာသွားသောကြောင့် ထူးကဲအဆင့်အနည်းငယ်သာ ဌာနချုပ်တွင် ကျန်ရစ်ခဲ့ကြသည်။ မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများလည်း ဤမြို့တော်တွင်ရှိနေသောကြောင့် သူတို့ပုန်ကန်လာမည်ကို စိုးရိမ်သော သမာဓိကောင်စီက လုံခြုံရေးတိုးမြှင့်ထားခဲ့သည်။ ဖုယုနှင့် အခြားကျင့်ကြံသူများသည် မဟာအကြီးအကဲနှစ်ယောက်၏ နောက်လိုက်များအဖြစ် မြို့တော်ကို ကင်းလှည့်နေကြသည်။
"နတ်မိုးကြိုးမြို့တော်ရဲ့ အခြေအနေကို သိချင်မိတယ်"
"ခေါင်းဆောင်သုံးယောက်က နတ်မိုးကြိုးမြို့တော်ကို မကြာခင် သိမ်းပိုက်နိုင်လိမ့်မယ်။ အဲ့အချိန်ကိုရောက်ရင် သမာဓိကောင်စီက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးကို စုစည်းနိုင်မှာ သေချာတယ်။ ခေါင်းဆောင်တွေက ငါတို့ကို ကောင်းကင်မူလတိုက်ကြီးဆီ သေချာပေါက်ခေါ်ဆောင်သွားနိုင်လိမ့်မယ်"
မဟာအကြီးအကဲလီဂျန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။ သူက သမာဓိကောင်စီတွင် ရန်ဟုန်ပြီးလျှင် အစွမ်းအထက်ဆုံးမဟာအကြီးအကဲဖြစ်သောကြောင့် ရန်ဟုန်မရှိချိန်တွင် တော်ဝင်မြို့တော်၌ အာဏာအရှိဆုံးဖြစ်လာခဲ့သည်။ ဖုယုနှင့်အခြားကျင့်ကြံသူများက သူ၏စကားကိုကြားသောအခါ ခေါင်းညွှတ်၍ အရိုအသေပေးလိုက်ကြသည် ။ချီပင်လယ်အဆင့်သို့မရောက်လျှင် သူတို့က ကောင်းကင်မူလတိုက်ကြီးသို့ ဝင်ခွင့်ရမည်မဟုတ်ပေ။ ထိုအချိန်တွင် သမာဓိကောင်စီက သူတို့ကို သေချာပေါက်စွန့်လွှတ်မည်ဖြစ်သောကြောင့် အချိန်ရှိခိုက် ကျင့်ကြံရပေလိမ့်မည်။
ရောင်ချန်နှင့် ရွှမ်လင်းသည် တော်ဝင်မြို့တော်၏မြို့ရိုးများထက်တွင် စိုးရိမ်စိတ်အပြည့်နှင့် မတ်တပ်ရပ်နေကြသည်။ အကယ်၍ နတ်မိုးကြိုးမြို့တော်သာ သမာဓိကောင်စီကိုမခုခံနိုင်ခဲ့လျှင် အရှေ့ပိုင်းတိုက်ကြီးတွင် မည်သူမှ သမာဓိကောင်စီကို တားမြစ်နိုင်မည်မဟုတ်ပေ။ သူတို့နှစ်ယောက်က လျှို့ဝှက်စုံစမ်းထားသဖြင့် သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက်သည် မိစ္ဆာကျင့်စဥ်တစ်ခုကို အမှန်တကယ်ကျင့်ကြံထားကြောင်း သိရှိထားခဲ့ကြသည်။ ထိုကျင့်စဥ်သည် သေလွန်ဝိညာဥ်များစွာကို ဝါးမျိုရန် လိုအပ်သောကြောင့် အကယ်၍ သမာဓိကောင်စီသာ အနိုင်ရသွားလျှင် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး ဝိညာဥ်သားရဲကပ်ဘေးထက် ပိုဆိုးသောကပ် ဆိုက်သွားပေလိမ့်မည်။
"ဒီမှာကြည့်ကြ"
မြို့ရိုးပေါ်ရှိ တစ်စုံတစ်ယောက်က အော်ဟစ်သတိပေးလိုက်ခြင်းဖြစ်သည်။ မီတာရာချီမြင့်သော ဆူနာမီလှိုင်းလုံးကြီးတစ်ခုက မိုးကုပ်စက်ဝိုင်းထံမှ တလိမ့်လိမ့်ထွက်ပေါ်လာကာ အရာအားလုံးကိုဝါးမျို၍ တော်ဝင်မြို့တော်ထံ ဦးတည်နေသည်။
"ပင်လယ်မိစ္ဆာတွေ ရောက်လာပြီ ။လူတိုင်း ကာကွယ်ဖို့ အသင့်ပြင်ကြ"
လီဂျန်က အလောတကြီးအော်ဟစ် အမိန့်ပေးလိုက်သည်။ ပင်လယ်မိစ္ဆာများသည် သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက် မရှိချိန်တွင် ဌာနချုပ်ကို လာရောက်တိုက်ခိုက်ခဲ့ကြသည်။ သူ၏အမိန့်ကြောင့် သမာဓိကောင်စီဝင်များက လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ ထိုအချိန်တွင် အဝေးမှ ပင်လယ်မိစ္ဆာစစ်တပ်ကိုကြည့်နေသော ရောင်ချန်နှင့် ရွှမ်လင်း၏မျက်လုံးများ တပြိုင်နက် အရောင်တောက်လာခဲ့ကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြ၍ မြို့တော်အထက်သို့ ရုတ်တရက် ပျံတက်သွားခဲ့ကြသည်။
"ဆေးဘုရင်မြို့တော်ရဲ့ ကျင့်ကြံသူတွေ နားထောင်ကြ။ သမာဓိကောင်စီက အပြစ်မဲ့သူတွေများစွာကို နှိပ်စက်သတ်ဖြတ်ခဲ့တယ်။ ကောင်းကင်ကိုယ်စား ဒီမိစ္ဆာတွေကို အပြစ်ပေးရမယ်။ သတ်ကြ"
"လက်နက်ကောင်စီ အမိန့်နာခံစမ်း။ သမာဓိကောင်စီကို ဖျက်ဆီးကြမယ်"
တော်ဝင်မြို့တော်က ချက်ချင်းရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီက စတင်ပုန်ကန်လိုက်ပြီး သမာဓိကောင်စီကို မလိုလားသူများလည်း ပူးပေါင်းပါဝင်လာကြသည်။ ပုန်ကန်သူများဘက်တွင် သမာဓိကောင်စီ၏ နောက်လိုက်ခွေးအချို့လည်း ရှိနေခဲ့သည်။
"ရောင်ချန် ရွှမ်လင်း သမာဓိကောင်စီကို သစ္စာဖောက်ရဲတယ်ပေါ့"
လီဂျန်၏မျက်နှာက ချက်ချင်းမည်းနက်သွားခဲ့သည်။
"သမာဓိကောင်စီကြောင့် လူတိုင်း ဒုက္ခရောက်ကြရတယ်။ မင်းတို့အားလုံးကို သတ်ပစ်မယ်"
ရောင်ချန်က ဓားတစ်လက်ဆွဲထုတ်၍ လီဂျန်ကို ချက်ချင်းခုတ်ပိုင်းပစ်လိုက်သည်။ ရွှမ်လင်းသည်လည်း သမာဓိကောင်စီ၏ နောက်ထပ်မဟာအကြီးအကဲတစ်ယောက်ထံ ခုန်အုပ်တိုက်ခိုက်ပစ်လိုက်သည်။
"ဝုန်း"
တော်ဝင်မြို့တော်အတွင်း အခြေအနေက ဖရိုဖရဲဖြစ်နေချိန်တွင် ဆူနာမီရေလှိုင်းကြီးက မြို့ရိုးများကို ဝင်ဆောင့်ပစ်လိုက်ပြီး ပင်လယ်မိစ္ဆာများ မြို့တွင်းသို့ ရောက်ရှိလာကြသည်။ တိုက်ပွဲက ပိုမိုပြင်းထန်လာ၍ ဓားရောင်တလက်လက်အောက်တွင် သွေးချောင်းစီးကာ အလောင်းများ ပုံထပ်သွားကြသည်။ စစ်ပွဲနှစ်ဖက်လုံးတွင် သန်းချီသော ကျင့်ကြံသူများပါဝင်နေသဖြင့် တော်ဝင်မြို့တော်အတွင်း၌ အရာအားလုံး ဗြောင်းဆန်နေကြသည်။
"မြောက်ပင်လယ်ဘုရင်မအမိန့်နဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်က သမာဓိကောင်စီကို ချေမှုန်းမယ်။ အညံ့မခံသူမှန်သမျှ သေရမယ်"
ပင်လယ်မိစ္ဆာစစ်တပ်ကို ဦးဆောင်လာသော စီကုန်းကျင်းမင်က ရာဇသံပေးလိုက်ခြင်းဖြစ်သည်။
"နိမ့်ကျတဲ့ ပင်လယ်မိစ္ဆာလေးတွေက မောက်မာလှချည်လား"
သမာဓိကောင်စီ၏ ထူးကဲအဆင့်ကျင့်ကြံသူအချို့က ကောင်းကင်ထက်သို့ ပျံသန်းသွားကာ စီကုန်းကျင်းမင်ထံ ဦးတည်လိုက်ကြသည်။
"ဘုန်း ဘုန်း ဘုန်း"
ပိုင်နက်အချင်းချင်း ထိခတ်သံများ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံး မည်းနက်သွားလေသည်။