← Chapters

ချီပင်လယ်အဆင့် မိစ္ဆာဆေးလုံး

Vol. 37 Ch. 510

ချီပင်လယ်အဆင့် မိစ္ဆာဆေးလုံး

Vol. 37 Ch. 510

သမာဓိကောင်စီဘက်တွင် ထူးကဲအဆင့်များစွာရှိပြီး အချို့က ပုန်ကန်ခဲ့သော်လည်း သူတို့က အသာစီးရနေဆဲပင်ဖြစ်သည်။ အချိန်ခဏအတွင်း သမာဓိကောင်စီသည် စစ်ပွဲတွင် ပင်လယ်မိစ္ဆာများကို ဖိနှိပ်နိုင်ခဲ့သည်။ တော်ဝင်မြို့တော်အတွင်းရှိ ကျင့်ကြံသူများသည်လည်း သမာဓိကောင်စီကို ပုန်ကန်တော်လှန်ရာ၌ တစ်ယောက်ပြီးတစ်ယောက် ပူးပေါင်းလာကြသည်။

"သမာဓိကောင်စီရဲ့ ခွေးကောင်တွေကို သတ်ကြ"

ကျင့်ကြံသူများက မျိုးနွယ်အသီးသီးမှဖြစ်ပြီး သူတို့၏ခေါင်းဆောင်များသည် နတ်မိုးကြိုးမြို့တော်သို့ ရောက်ရှိနေသောအခါ ပင်လယ်မိစ္ဆာများနှင့် ပူးပေါင်းလိုက်ကြသည်။

"ခွေးမသားတွေကို အစွမ်းကုန်တိုက်ခိုက်ကြ"

ရောင်ချန်နှင့် ရွှမ်လင်းသည် အဆင့်တစ်ပိုင်နက်ကိုယ်စီ ထုတ်ဖော်၍ လီဂျန်ကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။

"ရောင်ချန် ရွှမ်လင်း မင်းတို့က သမာဓိကောင်စီကို ဒီငါးတွေ၊ဂဏန်းတွေအားကိုးနဲ့ တိုက်ခိုက်ချင်နေတာလား။ အခုချိန် လက်နက်ချမယ်ဆိုရင် မင်းတို့အလောင်းတွေကို အကောင်းအတိုင်းထားပေးဖို့ ခေါင်းဆောင်တွေဆီမှာ တောင်းဆိုပေးမယ်"

လီဂျန်က နှာခေါင်းတစ်ချက်ရှုံ့၍ သူ၏နောက်လိုက်ထူးကဲအဆင့်များကို အမိန့်ပေးကာ တစ်ဖက်ကို ရင်ဆိုင်လိုက်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်၊ ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီတွင် ထူးကဲအဆင့်၁၅ယောက်ရှိပြီး သမာဓိကောင်စီဘက်တွင် ၂၇ယောက်ရှိနေသောကြောင့် သူတို့က တစ်ဖက်ရန်သူကိုဖြေရှင်းရန် လုံလောက်သည်ထက် ပိုနေခဲ့သည်။ အချိန်ခဏအတွင်း သမာဓိကောင်စီ၏တုံ့ပြန်မှုကြောင့် ပင်လယ်မိစ္ဆာများနှင့် ကျင့်ကြံသူများသည် နောက်ပြန်ဆုတ်ခဲ့ကြရသည်။

"ဟား ဟား ခေါင်းဆောင်သုံးယောက်ပြန်ရောက်လာရင် မင်းတို့က သမာဓိကောင်စီရဲ့ဒေါသကို ခံစားဖို့ပြင်ထားကြ"

လီဂျန်က လှောင်ပြောင်ရယ်မောလိုက်သော်လည်း ကြယ်သလင်းကျောက်များက ရုတ်တရက်တောက်ပလာကြသည်။

"ငါက မိုးကြိုးမျိုးနွယ် မဟာအကြီးအကဲ လောင်ရင်ဖြစ်တယ်။ အရှေ့ပိုင်းတိုက်ကြီးကို သမာဓိကောင်စီရဲ့ခေါင်းဆောင်သုံးယောက် ကုမင်၊ ကုရန်နဲ့ ယုလုကို ချန်ရဲနဲ့ မြောက်ပင်လယ်ဘုရင်မ ထန်တိုက်လင်က သတ်လိုက်ပြီဆိုတာ ကြေညာပါတယ်။ အရှင်ပို၊ ခေါင်းဆောင်ရှနဲ့ သခင်ကျန်းကတော့ ဒီတိုက်ပွဲမှာ အသက်ကို စွန့်လွှတ်သွားကြပါတယ်"

လောင်ရင်၏ပုံရိပ်လေးက ကြယ်သလင်းကျောက်အတွင်း ထွက်ပေါ်လာကာ တစ်လုံးချင်း ပြောလိုက်ခြင်းဖြစ်သည်။ အသက်ကိုစတေးသွားခဲ့သော သူရဲကောင်းများကြောင့် သူမ၏မျက်နှာလေးထက်တွင် ဝမ်းနည်းရိပ်များ ထင်ဟပ်နေခဲ့သည်။ ဤသတင်းကြောင့် လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ချန်ရဲက ဘယ်သူလဲ"

လူတိုင်းတွင် မေးခွန်းများရှိနေသော်လည်း သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်သေဆုံးသွားသော သတင်းက ဝမ်းမြောက်ဝမ်းသာစိတ်များ ပေါက်ဖွားလာစေခဲ့သည်။ သူတို့က သမာဓိကောင်စီကို နောက်ထပ်ကြောက်လန့်နေစရာ မလိုတော့ပေ။ လီဂျန်ကမူ ကြားလိုက်ရသောသတင်းကို မယုံနိုင်သောကြောင့် ထိတ်ထိတ်ပျာပျာဖြစ်နေခဲ့သည်။ သူ၏အမြင်တွင် သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက်သည် အရှေ့ပိုင်းတိုက်ကြီးတွင် ပြိုင်ဘက်ကင်းကျင့်ကြံသူများဖြစ်ကြပြီး မည်သူမှမယှဥ်နိုင်ကြပေ။ ကြယ်သလင်းကျောက်အတွင်း နတ်မိုးကြိုးမြို့တော်မှ အခြေအနေကို ထုတ်ဖော်ပြသထားသောကြောင့် ၎င်းကိုကိုင်ထားသည့် လက်များ တုန်ယင်နေသည်။ နတ်မိုးကြိုးမြို့တော်က ပျက်စီးနေသော်လည်း လောင်ရင်နှင့် အခြားကျင့်ကြံသူများ ရှိနေခဲ့ပြီး ခေါင်းဆောင်သုံးယောက်ကိုမူ အရိပ်အယောင်မျှပင် မမြင်ရချေ။

"ခေါင်းဆောင်တွေက တကယ်ရှုံးနိမ့်ပြီး အသတ်ခံလိုက်ရပြီလား။ ချန်ရဲက ဘယ်သူလဲ။ သူက တံခါးပိတ်ကျင့်စဥ်ဝင်နေတဲ့ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်လား"

လီဂျန်၏ နောက်လိုက်များဖြစ်ကြသော ထူးကဲအဆင့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"ရွှစ်"

ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်က ဓားကိုဆွဲထုတ်၍ လီဂျန်ကို နောက်ကျောမှ ထိုးသွင်းလိုက်၏။ သတင်းအသစ်ကြောင့် သတိလက်လွတ်ဖြစ်နေသော လီဂျန်က အငိုက်မိသွားသောကြောင့် သွေးများပန်းထွက်လာခဲ့ပြီး နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ၏နောက်လိုက်များက လျင်မြန်စွာ နောက်ကျောဓားထိုးလာမည်ဟု မျှော်လင့်မထားခဲ့ပေ။

"သမာဓိကောင်စီက ငါတို့ကို အတင်းအကြပ်စေခိုင်းခဲ့တယ်။ ဒီကောင်တွေက လူမဆန်ဘူး။ သတ်ကြ"

တစ်စုံတစ်ယောက်က ပထမဆုံးလှုပ်ရှားလိုက်သောအခါ ကျန်ထူးကဲအဆင့်များကလည်း ရှေ့တက်လာ၍ လီဂျန်ကို ဓားကိုယ်စီဖြင့် တိုက်ခိုက်လိုက်ကြသည်။ သူ၏မျက်လုံးများက အဆမတန်ပြူးကျယ်လာကာ ငြိမ်းချမ်းစွာဖြင့် အသက်ထွက်မသွားခဲ့ရပေ။

ရောင်ချန်၊ ရွှမ်လင်းနှင့် စီကုန်းကျင်းမင်သည်ပင် ဤအဖြစ်ကြောင့် မင်သက်နေခဲ့ကြသည်။ သူတို့က သမာဓိကောင်စီမှ လေယူရာယိမ်းတတ်သော ဝါးပင်ကဲ့သို့လူစားများကို တစ်ချက်ကြည့်ကာ စိတ်ပျက်ရွံရှာနေကြသည်။ သို့သော်လည်း လက်ရှိတွင် ဤကပ်ဘေးကြောင့် ကျင့်ကြံသူများစွာသေဆုံးခဲ့ရပြီး ဝိညာဥ်သားရဲကပ်ဘေးကို ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်သောကြောင့် သွေးမြေမကျလိုသောအခါ ဤကိစ္စကို ဤအတိုင်းသာ ထားရစ်လိုက်ကြသည်။ သမာဓိကောင်စီမှ ကလန်ကဆန်လုပ်သူတိုင်း အသတ်ခံလိုက်ရပြီး တော်ဝင်မြို့တော်က ပြန်လည်တည်ငြိမ်လာခဲ့သည်။ သူတို့က ကျောပေါ်တွင်ထမ်းထားရသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပြုတ်ကျသွားဟန်ဖြင့် စိတ်လက်ပေါ့ပါးသွားကြသည်။ သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက် ရှုံးနိမ့်သွားကြောင်း သတင်းရောက်ရှိမလာလျှင် သူတို့က ကျင့်ကြံသူပေါင်းများစွာ သေဆုံးရမည့် တိုက်ပွဲတစ်ခု ပြင်းထန်စွာတိုက်ခိုက်ရပေလိမ့်မည်။ ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီမှ ရွှမ်းမင်၊ ယွမ်ရီစသော သစ္စာဖောက်များလည်း ချက်ချင်းဖမ်းဆီးခံလိုက်ရသည်။

"အသက်ချမ်းသာပေးပါ"

"မြို့အရှင် ကျုပ်ကို ခွင့်လွှတ်ပေးပါ"

ရွှမ်းမင်၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဆက်တိုက်အော်ဟစ် ရုန်းကန်နေသည်။

"သတ်လိုက်"

ရွှမ်လင်းက လက်ကာပြလိုက်ပြီး သမာဓိကောင်စီထံ ပူးပေါင်းရန်အတွက် ကိုယ့်အင်အားစုကိုပင် သစ္စာဖောက်သူများကို အရှင်မထားခဲ့ပေ။ လေပေါ်သို့ ခေါင်းအချို့မြောက်တက်သွားကာ သစ္စာဖောက်များက သူတို့၏သွားရာလမ်းအတိုင်း ငရဲသို့ ရောက်ရှိသွားကြလေသည်။

"ပိုမေ့၊ ကျန်းလီနဲ့ ရှထုံတန်းက တိုက်ပွဲကြောင့်သေသွားမယ်လို့ မထင်ထားဘူး။ အရှေ့ပိုင်းတိုက်ကြီးအတွက် နှမြောစရာပဲ"

"သူတို့အားလုံးက တကယ့်သူရဲကောင်း အာဇာနည်တွေဖြစ်တယ်"

တော်ဝင်မြို့တော် ပြန်လည်တည်ငြိမ်သွားပြီးနောက် ရှင်းလင်းရေးများဆောင်ရွက်ရန် နောက်လိုက်များကို အမိန့်ပေးခဲ့ပြီး ထူးကဲအဆင့်ကျင့်ကြံသူများက တစ်နေရာတွင် စုဝေးနေကြသည်။

"ချန်ရဲက ဘယ်သူလဲဆိုတာ သိချင်မိတယ်။ သူ့နာမည်ကို တစ်ခါမှမကြားဖူးဘူး။ သူက ပထမဆုံးထွက်ပေါ်လာလာချင်း သမာဓိကောင်စီရဲ့ခေါင်းဆောင်သုံးယောက်ကို သတ်ပြပြီး လောကကြီးကို တုန်လှုပ်စေခဲ့တယ်"

ရောင်ချန်က ချီးကျူးလိုက်ခြင်းဖြစ်သည်။ အကယ်၍ ချန်ရဲသာ ထွက်ပေါ်လာခြင်းမရှိလျှင် သမာဓိကောင်စီသည် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးရှိ ကျင့်ကြံသူများကို မျိုးဖြုတ်သတ်ဖြတ်ပေလိမ့်မည်။

"ချန်ရဲ"

စီကုန်းကျင်းမင်၏စိတ်ထဲတွင် ယဲ့ချန်၏ပုံရိပ် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ယဲ့ချန်က အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သောကြောင့် သူ၏အတွေးက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သို့သော် ချီပင်လယ်အဆင့်ရောက်လုနီးပါး ရန်သူကိုသတ်ဖြတ်ခဲ့သည့် ချန်ရဲမှာ အမှန်တကယ် ယဲ့ချန်ဖြစ်ကြောင်း သူက မျှော်လင့်ထားမည်မဟုတ်ပေ။

သမာဓိကောင်စီပျက်စီးသွားကာ မိုးကြိုးသားရဲမျိုးနွယ်၊ သဲသားရဲမျိုးနွယ်၊ စစ်နတ်ဘုရားကျောင်းတော် အစရှိသော အဓိကအင်အားစုကြီးများ၏အင်အားက များစွာလျော့နည်းသွားသဖြင့် အရှေ့ပိုင်းတိုက်ကြီးတွင် အပြောင်းအလဲတစ်ခု ကြီးမားစွာ ဖြစ်ပေါ်လာခဲ့သည်။ လက်ရှိတွင် အရှေ့ပိုင်းတိုက်ကြီး၌ အင်အားစုသုံးခုသာကျန်ရစ်ပြီး တစ်ခုက ကြယ်ခန်းမဖြစ်သည်။ မိုးကြိုးသားရဲမျိုးနွယ်၊ သဲသားရဲမျိုးနွယ်နှင့် စစ်နတ်ဘုရားကျောင်းတော်က ကြယ်ခန်းမလက်အောက်သို့ ပြောင်းရွှေ့လာကာ လင်းယွန်တောင်တန်းအနီးတွင် နယ်မြေများ ထူထောင်လိုက်ကြသည်။ ရှေးဟောင်းမျိုးနွယ်များကလည်း နောက်လိုက်နောက်ပါများနှင့် ကြယ်ခန်းမ၏မြို့များအတွင်း ပူးပေါင်းလာကြသည်။ အကျိုးအပြစ်ကို တွက်ချက်ပြီးနောက် ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီသည်လည်း လင်းယွန်တောင်တန်းသို့ ရောက်ရှိလာခဲ့ကြသည်။ ထို့ကြောင့် ၎င်းသည် အရှေ့ပိုင်းတိုက်ကြီး၏ အဓိကအင်အားစု ဖြစ်လာခဲ့သည်။

ဒုတိယအင်အားစုသည် မြောက်ပင်လယ်ကိုအစိုးရသော ပင်လယ်မိစ္ဆာမျိုးနွယ်ဖြစ်သည်။ တတိယအင်အားစုမှာ သမာဓိကောင်စီမှကျန်ရစ်သော ထူးကဲအဆင့်ကျင့်ကြံသူများဖြစ်ကာ ကြယ်ခန်းမသို့ ပူးပေါင်းလိုသော်လည်း ယဲ့ချန်က မောင်းထုတ်ပစ်ခဲ့သည်။ ထို့ကြောင့် သူတို့က တော်ဝင်မြို့တော်တွင် ဆက်လက်နေထိုင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ ထိုသာကူးများက ဝိညာဥ်သားရဲကပ်ဘေးကို ခုခံနိုင်စွမ်းရှိမရှိကိုမူ ယဲ့ချန်အနေဖြင့် လျစ်လျူရှုထားလိုက်လေသည်။

လက်ရှိတွင် ချန်ရဲဟူသောအမည်က အရှေ့ပိုင်းတိုက်ကြီးတွင် ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့သည်။ သူက တိုက်ကြီးတစ်ခုလုံး၏ နံပတ်တစ်ကျင့်ကြံသူ ဖြစ်လာပြီးနောက် ကောလဟာလသတင်းများ ပျံ့နှံ့လာ၏။ အချို့ကပြောသည်မှာ ချန်ရဲသည် ချီပင်လယ်အဆင့်သို့ရောက်ရှိပြီးဖြစ်သော သက်တမ်းနှစ်ထောင်ချီသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ အချို့က ချန်ရဲသည် သမာဓိကောင်စီ၏ရက်စက်မှုကြောင့် ပုန်းကွယ်နေရာမှထွက်ပေါ်လာသော အစွမ်းထက်မှော်သားရဲကြီးဖြစ်သည်ဟု ဆိုကြသည်။ သူ၏ခွန်အားကို လေးစားအားကျသော ကျင့်ကြံသူများစွာက ချန်ရဲအကြောင်း သတင်းပေါင်းစုံကို ထုတ်လွှင့်နေကြသည်။

ထိုအချိန်တွင် ယဲ့ချန်သည် ယဲ့မျိုးနွယ်တောင်ကြားအတွင်းရှိ ဝိညာဥ်သစ်ပင်အောက်တွင် တင်ပျဥ်ခွေထိုင်နေခဲ့သည်။ သူက မော့ကြည့်လိုက်သောအခါ အစိမ်းရောင်သစ်ရွက်များကြားမှ ရွှေရောင်နေအလင်းများ ဖြာကျနေသည်ကို မြင်လိုက်ရ၏။ သစ်ရွက်များအကြားတွင် ရောင်စုံသစ်သီးများသည် ကောင်းကင်ရှိကြယ်ရောင်စုံကဲ့သို့ တဖိတ်ဖိတ်တောက်ပနေခဲ့သည်။ မွှေးပျံ့သောသစ်သီးရနံ့များက ယဲ့တောင်ကြားအတွင်း ပျံ့နှံ့နေသဖြင့် ရှောင်ရိနှင့် အခြားကလေးများက ၎င်းတို့မှည့်ပြီလားဟု စစ်ဆေးရန် နေ့တိုင်း ရောက်ရှိလာကြသည်။

"ဝိညာဥ်သစ်ပင် မင်းက ဘယ်လိုသစ်ပင်မျိုးလဲ"

ယဲ့ချန်က ခေါင်းမော့၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ၏ပခုံးထက်တွင် အမြှီးကိုးချောင်းကိုယမ်းခါနေသော အမွေးပွလေး ရှိနေခဲ့သည်။ သူက ပိုလင်းအကြောင်းတွေးမိလိုက်သောအခါ မျက်လုံးများ မှိန်ဖျော့လာခဲ့သည်။ သူမက သေခြင်းနှင့် လက်တစ်ကမ်းသို့ရောက်ရှိနေပြီး မည်သည့်အချိန်မှနိုးထလာမည်ကို မပြောနိုင်ပေ။ တိုက်ပွဲအပြီးတွင် ထန်တိုက်လင်သည် ကျင့်ကြံဆင့်ကိုအာရုံစိုက်၍ ချီပင်လယ်အဆင့်သို့ချိုးဖျက်ရန် မြောက်ပင်လယ်သို့ ချက်ချင်းပြန်သွားခဲ့၏။ ချီပင်လယ်အဆင့်ရောက်သူများသာ ကောင်းကင်မူလတိုက်သို့ ဝင်ခွင့်ရမည်ဖြစ်ကာ ယဲ့ချန်ကဲ့သို့ ထန်တိုက်လင်၏ပခုံးထက်တွင်လည်း ရေခဲပြာမျိုးနွယ်ဝင်များ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားရသည်။

"အမွေးပွလေး ဒါက မင်းအတွက်"

ယဲ့ချန်သည် အမြှီးကိုးချောင်းနတ်ဆိုးမြေခွေး လျန်ရန်အာကို သန့်စင်ရာမှ ရရှိထားသော သွေးနီရောင်ဆေးလုံးကို အမွေးပွလေးထံ ပေးလိုက်သည်။ ထို့နောက် သူ၏ညာလက်အတွင်း အနက်ရောင်ဆေးလုံးတစ်ခုရောက်ရှိလာကာ ခေါင်းသုံးလုံးမိစ္ဆာမြွေကြီးကို သန့်စင်ထားခြင်းဖြစ်သောကြောင့် ချီပင်လယ်အဆင့်၏ စွမ်းအားတစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ အကယ်၍ သူက ၎င်းကိုအသုံးပြုလိုက်လျှင် ချီပင်လယ်အဆင့်သို့ သေချာပေါက်ချိုးဖျက်နိုင်ပေလိမ့်မည်။ ချီပင်လယ်အဆင့်သို့ရောက်ရှိခြင်းက ကောင်းကင်မူလတိုက်သို့ ဝင်ခွင့်ရခြင်းနှင့် တူညီပေသည်။

ကြယ်ခန်းမအပြင်ဘက်တွင် နတ်ဘုရင်ထိပ်ဆုံးအဆင့် ဝိညာဥ်သားရဲများစွာ ထွက်ပေါ်လာကာ ယဲ့ချန်က သူတို့ကိုသတ်ပြီး ဆည်းဆာရွှေသိန်းချီရရှိခဲ့သည်။ သို့သော် သူက ဆည်းဆာရွှေဆယ်သန်းရရှိနိုင်ရန် အလွန်ဝေးကွာနေဆဲပင်ဖြစ်သည်။ ထိုသတ္တုများ ဆယ်သန်းအထိရရှိမှသာလျှင် ကောင်းကင်မူလတိုက်ဝင်ခွင့်တစ်ခုကိုသာ လဲလှယ်နိုင်ပေလိမ့်မည်။ ဝိညာဥ်သားရဲကပ်ဘေးက တစ်နေ့တခြား ပြင်းထန်လာနေပြီး ဤကိစ္စကိုရှောင်ရှားလိုလျှင် ကြယ်ခန်းမတစ်ခုလုံးကို ကောင်းကင်မူလတိုက်သို့ ရွှေ့ပြောင်းမှသာဖြစ်ပေလိမ့်မည်။ သို့သော်လည်း ကြယ်ခန်းမ၌ ကျင့်ကြံသူများစွာရှိနေသောကြောင့် ဤကိစ္စက အလွန်တရာခက်ခဲပေသည်။

ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်သည် အနက်ရောင်ဆေးလုံးကို ပြန်လည်သိမ်းဆည်းလိုက်၏။ သူ၏ပါရမီအရ ချီပင်လယ်အဆင့်သို့ရောက်ရန် ၎င်းကို မလိုအပ်ချေ။ ထို့ကြောင့် အခြားကျင့်ကြံသူတစ်ယောက်လိုအပ်လာလျှင် အသုံးပြုရန် သိမ်းဆည်းထားခဲ့သည်။ သို့သော်လည်း သူက တစ်ယောက်တည်းကိုသာ ကူညီပေးနိုင်မည်ဖြစ်ပြီး ကြယ်ခန်းမအဖွဲ့ဝင်များနှင့် ယဲ့မျိုးနွယ်ဝင်များ ဝိညာဥ်သားရဲကပ်ဘေးတွင် သေဆုံးသွားမည်ကို မမြင်ရက်ချေ။

ထိုအချိန်တွင် ယဲ့ချန်နှင့်မနီးမဝေး၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ရန်ဟိုင်ဖြစ်နေခဲ့သည်။

"ငါက မင်းနဲ့ သမာဓိကောင်စီရဲ့တိုက်ပွဲကို စောင့်ကြည့်နေခဲ့တယ်။ ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကိုတောင် မင်းက ကာကွယ်ရေးသားရဲအဖြစ်ရထားမယ်လို့ မထင်ထားဘူး။ ကောင်းကင်မူလတိုက်ကြီးမှာတောင် ဒီလိုကျင့်ကြံသူမျိုး အမှန်တကယ်ရှားပါးတယ်။ သူ့အကူအညီနဲ့ဆိုရင် မင်းက ချီပင်လယ်အဆင့်ကိုရောက်ဖို့ အချိန်မလိုတော့ဘူး။ အနာဂတ်မှာ မင်းက ငါ့ထက် အများကြီးပိုအောင်မြင်ဦးမယ်"

ရန်ဟိုင်က ယဲ့ချန်၏အရည်အချင်းကို လေးစားစွာ ချီးကျူးလိုက်လေသည်။

All Chapters