အရှေ့ပိုင်းတိုက်ကြီး၏ ကျင့်ကြံသူခြောက်ယောက်
Vol. 37 Ch. 511
"အကြီးအကဲရန် ကျုပ်လူတွေကို ကယ်တင်ဖို့ ဘယ်လိုလုပ်ရမလဲ"
ရန်ဟိုင်၏ချီးကျူးစကားကြောင့် ယဲ့ချန်က ပျော်ရွှင်ဝမ်းမြောက်ရမည့်အစား စိတ်များ လေးလံနေသည်။
"ဘယ်သူမှ သေခြင်းတရားကို မလွှဲရှောင်နိုင်ဘူး။ မင်းက သူတို့အားလုံးကို ကောင်းကင်မူလတိုက်ကြီးဆီ ခေါ်ဆောင်သွားဖို့ မဖြစ်နိုင်ဘူး။ အဲ့ဒီမှာ စည်းမျဥ်းတွေက အရမ်းတင်းကြပ်ပြီး မင်းက သူတို့ကို ရတနာတစ်ခုထဲမှာဖွက်ပြီး ခေါ်ဆောင်လာရင်တောင် ခိုးမဝင်နိုင်ဘူး။ တကယ်လို့ ဝင်နိုင်ခဲ့ရင်တောင် ရှာတွေ့သွားရင် အကုန်လုံး အသတ်ခံရလိမ့်မယ်"
ရန်ဟိုင်က ခဏတာတိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်စွာ သတိပေးလိုက်သည်။ သူက ယဲ့ချန်၏အတွေးအချို့ကို ဖောက်ထွင်းမြင်နေပုံပေါ်သည်။
"ဒါဆိုရင် ကျုပ်လူတွေကို ဝိညာဥ်သားရဲတွေသတ်တာ ထိုင်ကြည့်နေရမှာလား"
"ငါတို့ကြယ်ကြီးတစ်ခုလုံး အန္တရာယ်ရှိနေတယ်။ သူတို့က ကောင်းကင်မူလတိုက်ကို ရောက်လာရင်တောင် သေနိုင်တယ်"
ရန်ဟိုင်က သက်ပြင်းတစ်ချက်ချ၍ ဖြေလိုက်သည်။
"ကျုပ်က ယဲ့မျိုးနွယ်ဝင်တွေနဲ့ ကြယ်ခန်းမရဲ့ညီအစ်ကိုတွေကို မစွန့်ပစ်နိုင်ဘူး"
ယဲ့ချန်က လေးနက်စွာပြောကြား၍ လက်သီးကို ခပ်တင်းတင်းဆုပ်ထားခဲ့သည်။ သူက ကောင်းကင်မူလတိုက်ကြီး၏စည်းမျဥ်းများကို ချိုးဖျက်ရမည်ဆိုလျှင်ပင်၊ အခြားအစွမ်းထက်ကျင့်ကြံသူများကို စော်ကားရမည်ဆိုလျှင်ပင် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
"ကောင်းကင်မူလတိုက်ကြီးမှာ ချီပင်လယ်အဆင့် ကျင့်ကြံသူတွေက နွားမွေးတွေလို ပေါများလှတယ်။ မင်းက သူတို့အားလုံးရဲ့ မျက်စိနဲ့နားတွေကို ရှောင်ရှားဖို့ မဖြစ်နိုင်ဘူး။ ကြည့်ရတာ ဒီနည်းကလွဲလို့ မရှိတော့ဘူး"
စိတ်ပိုင်းဖြတ်ထားဟန်ရှိသော ယဲ့ချန်ကို ကြည့်နေသည့် ရန်ဟိုင်က သက်ပြင်းတစ်ချက် လေးတွဲစွာချလိုက်သည်။ သူက ယဲ့ချန်ကိုကြည့်နေရင်း သေဆုံးသွားပြီးဖြစ်သော သားဖြစ်သူကို သတိရနေခဲ့သည်။
"ဘာနည်းလမ်းများလဲ"
ယဲ့ချန်၏မျက်လုံးများက မျှော်လင့်ချက်ကြောင့် အရောင်တောက်ပလာသည်။
"နည်းလမ်းကတော့ မင်းက ချီပင်လယ်အဆင့်ကို အမြန်ဆုံးရောက်အောင်ကြိုးစားပြီး ငါနဲ့အတူ ကောင်းကင်မူလတိုက်ကို လိုက်ခဲ့ရမယ်။ မင်းက ကောင်းကင်မူလတိုက်ကိုရောက်ရင် စည်းမျဥ်းတွေကို လေ့လာရမယ်။ မင်းရဲ့လူတွေကို ကောင်းကင်မူလတိုက်ဆီခေါ်ဆောင်နိုင်ဖို့ နည်းလမ်းသုံးခု ရှိတယ်ဆိုပေမယ့် အားလုံးက အရမ်းခက်ခဲတယ်။ ပြီးတော့ မင်းမှာ အချိန်၂နှစ်ပဲရှိတယ်။ ၂နှစ်ကြာရင် သွေးဆာချပ်ဝတ်ဝိညာဥ်သားရဲတွေ အကုန်လုံးက ချီပင်လယ်အဆင့်ကို ရောက်သွားကြမှာဖြစ်လို့ အောင်မြင်နိုင်မအောင်မြင်နိုင်က မင်းရဲ့ကြိုးစားမှုနဲ့ ကံအပေါ်မှာ မူတည်နေတယ်"
ရန်ဟိုင်က တစ်လုံးချင်း ပြောလိုက်သည်။
"ကျုပ်ထင်ထားတာက ဒီကောင်တွေ ချီပင်လယ်အဆင့်ကိုရောက်ဖို့ ငါးနှစ် လိုသေးတယ်မလား"
ယဲ့ချန်က အနည်းငယ်ရင်ထိတ်သွားခဲ့သည်။
"သွေးဆာချပ်ဝတ်သားရဲတွေကို ကြယ်သခင်ရှင်းက အဆင့်မြှင့်တင်ထားတဲ့အတွက် အရင်ကထက် ပိုပြီးအစွမ်းထက်နေကြတယ်"
ရန်ဟိုင်က ခေါင်းယမ်းပြလိုက်သည်။ ယေဘူယျသဘောပြောရလျှင် လူပေါင်းများစွာသေရမည့်အရေးအတွက် ကြယ်သခင်ရှင်းကို ယဲ့ချန်က အပြစ်တင်ရမည်ဖြစ်သော်လည်း မုန်းတီးစိတ် လုံးဝမရှိချေ။ ရှင်းရွှမ်သည် ဖြစ်ပျက်သမျှအားလုံးအတွက် သူ့ကိုယ်သူ အပြစ်သားတစ်ယောက်အဖြစ်ခံယူကာ ကောင်းကင်မူလကြယ်ကိုကယ်တင်ရန် အစွမ်းကုန်ကြိုးစားပေးခြင်းဖြစ်သည်။ သူက ကြယ်ကြီးတစ်ခုလုံး၏ သေရေးရှင်ရေးနှင့်ပတ်သက်၍ ရွေးချယ်စရာရှိခဲ့ပုံ မရချေ။ အကယ်၍ ယဲ့ချန်သည် သူဂရုစိုက်လိုသူများကို ကောင်းကင်မူလတိုက်သို့ ၂နှစ်အတွင်း ခေါ်ဆောင်မသွားနိုင်ခဲ့လျှင် အားလုံးက သွေးဆာချပ်ဝတ်သားရဲများစွာ၏အစာ ဖြစ်သွားပေလိမ့်မည်။
"ဒါဆိုရင် ကျုပ်က ကောင်းကင်မူလတိုက်ကြီးကနေရော ပြန်လာခွင့်ရှိပါ့မလား"
ယဲ့ချန်က အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် ပြောလိုက်ခြင်းဖြစ်သည်။
"တာဝန်တစ်ခုအတွက် မဟုတ်ဘူးဆိုရင် ချီပင်လယ်အဆင့်ကျင့်ကြံသူတစ်ယောက်က ကောင်းကင်မူလတိုက် အဝင်အထွက်အနေနဲ့ ဆည်းဆာရွှေဆယ်သန်းစီပေးဆောင်ရင် ဝင်ထွက်ခွင့်ရှိတယ်။ ရွှမ်အဆင့်နဲ့ တာအိုနတ်အဆင့်တွေဆိုရင်တော့ ပိုပြီးစျေးကြီးတယ်"
ရန်ဟိုင်က ဖြေလိုက်သည်။ ဆည်းဆာရွှေပြားဆယ်သန်းက ချီပင်လယ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကြွယ်ဝမှုဖြင့်ယှဥ်လျှင် လက်ခံနိုင်သော အတိုင်းအတာဖြစ်သည်။ လက်ရှိတွင် ယဲ့ချန်၌ ဆည်းဆာရွှေသိန်းချီပိုင်ဆိုင်ထားသော်လည်း အရှေ့ပိုင်းတိုက်ကြီး၌ ဆယ်သန်းအထိစုဆောင်းရန် အလွန်တရာခက်ခဲနေသည်။ များစွာသော ကြယ်ခန်းမအဖွဲ့ဝင်များနှင့် ယဲ့မျိုးနွယ်ဝင်အားလုံးကို ခေါ်ဆောင်သွားနိုင်ရန်အတွက် ဤနည်းလမ်းက လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ကောင်းကင်မူလတိုက်သို့သွားရောက်၍ စည်းမျဥ်းများကိုလေ့လာကာ နည်းလမ်း ရှာဖွေရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူ၏မျိုးနွယ်ဝင်များနှင့် နောက်လိုက်များကို ဝိညာဥ်သားရဲကပ်ဘေးတွင် အသေမခံနိုင်ပေ။
"ဒါဆိုရင် ကျုပ်က ချီပင်လယ်အဆင့်ကိုရောက်ဖို့ အစွမ်းကုန်ကြိုးစားမယ်။ အချိန်ကျလာရင် ကောင်းကင်မူလတိုက်ဆီခေါ်သွားပေးဖို့ အကြီးအကဲရန်ကို ဒုက္ခပေးရတော့မှာပဲ"
ယဲ့ချန်က စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ရန်ဟိုင်ကို လေးနက်စွာ ပြောကြားလိုက်သည်။
"ကောင်းပြီ။ မင်းက ချီပင်လယ်အဆင့်ကိုရောက်ပြီဆိုရင် ငါကိုယ်တိုင် လာခေါ်ပေးမယ်။ အရှေ့ပိုင်းတိုက်ကြီးမှာ ချီပင်လယ်အဆင့်ကိုရောက်နိုင်တာ မင်းအပါအဝင် ခြောက်ယောက်ရှိတယ်။ ဘယ်တစ်ယောက်က ပထမဆုံးဖြစ်မလဲ ငါ စိတ်ဝင်စားမိတယ်"
ရန်ဟိုင်က ခေါင်းညိတ်၍ ကတိပေးလိုက်သည်။
"ခြောက်ယောက်တောင်လား။ ဘယ်သူတွေလဲ"
ဤအရေအတွက်က သူထင်ထားသည်ထက် ပိုများနေသောကြောင့် ယဲ့ချန်က မျက်ခုံးပင့်လိုက်မိသည်။ သူမသိထားသော အစွမ်းထက်ကျင့်ကြံသူများလည်း ထွက်ပေါ်လာပုံပေါ်သည်။
"မင်းနဲ့ ဒီမြေခွေးမလေးက ဝိညာဥ်ချင်းပေါင်းစပ်မှုမှာ အဆင့်တစ်ခုကို ရောက်နေပြီ။ မင်းက အဆင့်နှစ်ပိုင်နက်ကို နားလည်နိုင်ခဲ့တဲ့အခါ သူမကလည်း လျင်မြန်စွာ နားလည်နိုင်စွမ်းရှိလာခဲ့တယ်။ နောက်ထပ်တစ်ယောက်ကိုတော့ မင်း ရင်းနှီးပါတယ်။ မြောက်ပင်လယ်က ထန်တိုက်လင်ဖြစ်တယ်"
ရန်ဟိုင်က ယဲ့ချန်၏ပခုံးပေါ်ရှိ အမွေးပွလေးကိုတစ်ချက်ကြည့်၍ ရှင်းပြလိုက်သည်။ ယဲ့ချန်က သူနှင့် ဝိညာဥ်ချင်းပေါင်းစပ်နိုင်သော အမွေးပွလေးကို ကြည့်လိုက်သည်။ သူမသည် ပုံရိပ်ယောင်ပုလဲနှင့် မျိုးဆက်သွေး၏ကူညီမှုကြောင့် အဆင့်နှစ်ပိုင်နက်ကို နားလည်စပြုလာခဲ့သည်။ ထန်တိုက်လင်ပါဝင်မည်ကိုမူ သူက ခန့်မှန်းထားပြီးဖြစ်ကာ သူမက အဆင့်နှစ်ပိုင်နက်အား သူ့အရင် နားလည်နိုင်ခဲ့သူဖြစ်သည်။ သူမက ခေါင်းသုံးလုံးမိစ္ဆာမြွေနှင့်တိုက်ပွဲတွင် ဉာဏ်အလင်းအချို့ရရှိခဲ့သည့်အပြင် ပါရမီရှင်တစ်ယောက်ဖြစ်သောကြောင့် ချီပင်လယ်အဆင့်သို့ရောက်ရန်မှာ အဆန်းမဟုတ်ပေ။
"ကျန်သုံးယောက်က ဘယ်သူတွေလဲ"
ယဲ့ချန်က စပ်စုလိုက်ပြန်သည်။
"အစွမ်းအထက်ဆုံးကတော့ ငါတောင် သူ့ကိုသေချာမမြင်ရတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူသာ အဆင့်နှစ်ပိုင်နက်ကို အသက်မသွင်းလိုက်ရင် ငါ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ သူ့ရဲ့ရုပ်ခန္ဓာက အလွန်ထူးခြားပြီး အဆင့်တက်ဖို့က ထမင်းစားရေသောက်သလိုမျိုး လွယ်ကူလွန်းတယ်။ တကယ်လို့ သူသာ ကျင့်ကြံဆင့်ကို အတင်းအကြပ်ဖိနှိပ်ထားတာမဟုတ်ရင် ချီပင်လယ်အဆင့်ကို ရောက်နေတာကြာလောက်ပြီ။ သူက အနာဂတ်မှာ ပိုပြီးတိုးတက်နိုင်ဖို့အတွက် ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတာဖြစ်တယ်။ သူ့မှာ ငါတောင်မယှဥ်နိုင်တဲ့ ကျင့်စဥ်တွေ နည်းစနစ်တွေပို င်ဆိုင်ထားတယ်။ ကောင်းကင်မူလတိုက်ကြီးမှာတောင် သူ့လိုပါရမီရှင်မျိုး ရှားပါးတယ်"
ရန်ဟိုင်က စိတ်အားတက်ကြွစွာဖြင့် ချီးကျူးနေခဲ့သည်။ သူ့ထက် အလွန်တရာပို၍သန်မာသူတစ်ယောက် ရှိနေသောကြောင့် ယဲ့ချန်လည်း အံ့သြသွားခဲ့သည်။ ရန်ဟိုင်ကိုယ်တိုင် ချီးကျူးရလောက်သော ပါရမီရှင်သည် အမှန်တကယ်ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ပေလိမ့်မည်။
"သူ့နာမည်က နန်းကုန်းဇီလို့ ခေါ်တယ်"
ရန်ဟိုင်က ထိုပါရမီရှင်၏နာမည်ကို ထုတ်ပြောလိုက်သောအခါ ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။ သူက ကျောက်စိမ်းနန်းတော်အတွင်း တွေ့ဆုံဖူးသော ထိုလူငယ်အကြောင်းနှင့် အသုံးပြုသော ကျင့်စဥ်များအကြောင်း သတိရလိုက်သည်။ ထိုကျင့်စဥ်များက အလွန်ရှားပါးသောကြောင့် နန်းကုန်းဇီသည် ဆန်းကျယ်သော လူတစ်ယောက်ဖြစ်နေခဲ့သည်။ နန်းကုန်းဇီကဲ့သို့ပါရမီရှင်မျိုးက ကောင်းကင်မူလတိုက်၌ပင် ကျော်ကြားပေလိမ့်မည်။
"နောင်တစ်ချိန်မှာ ပြန်ဆုံရင် ငါပိုင်ဆိုင်တာကို ပြန်ယူမယ်"
ယဲ့ချန်က နန်းကုန်းဇီ၏နှုတ်ဆက်စကားကို ပြန်လည်အမှတ်ရသွားခဲ့၏။ မူလတွင် သူက နန်းကုန်းဇီအကြောင်း မေ့လျော့နေသော်လည်း လက်ရှိတွင် အလေးအနက်ထားရပေတော့မည်။
"နောက်ထပ်နှစ်ယောက်ကရော ဘယ်သူတွေများလဲ"
"တစ်ယောက်က ငါးကြိမ်တိုင်တိုင် ပြန်လည်ဝင်စားထားတဲ့ ကြေးခွံနက်ဝိညာဥ်မြွေတစ်ကောင် ဖြစ်တယ်။ သူက ထူးခြားတဲ့ ပြန်လည်ဝင်စားခြင်းကျင့်စဥ်ကို ကျင့်ကြံပြီး လွန်ခဲ့တဲ့နှစ်သောင်းချီအကြာတည်းက ချီပင်လယ်အဆင့်ကို ရောက်ခဲ့ပြီးပြီ။ သူက ဘဝတိုင်းမှာ ချီပင်လယ်အဆင့်ကိုရောက်ရင် ကျင့်စဥ်နဲ့ပြန်လည်ဝင်စားပြီး အစအဆုံးကျင့်ကြံတာဖြစ်လို့ ဒီဘဝမှာ ချီပင်လယ်အဆင့်ကိုရောက်ဖို့ အလွန်လွယ်ကူတယ်။ ဒါပေမယ့် ဒီကောင်က နန်းကုန်းဇီအောက် အများကြီးအားနည်းပါတယ်။ သူက အစွမ်းထက်ပေမယ့် မျိုးဆက်သွေးက တယ်အဆင့်မမြင့်လှပေဘူး"
ရန်ဟိုင်၏စကားကြောင့် ယဲ့ချန်၏ရင်ထဲတွင် သတိပေးသံများ ဆူညံလာသည်။ သူက ကြေးခွံနက်ဝိညာဥ်မြွေများ၏အသိုက်ကို ဖျက်ဆီးခဲ့သဖြင့် အကယ်၍ ထိုမြွေကသာ ဤအသိုက်နှင့်ဆက်စပ်နေမည်ဆိုလျှင် ပြန်လည်လက်စားချေလာမည်ကို သတိထားရပေလိမ့်မည်။
"နောက်ဆုံးတစ်ယောက်က နေပင်လယ်နဲ့ အရှေ့ပိုင်းတိုက်ကြီး ဆက်စပ်နေတဲ့ ပင်လယ်တစ်နေရာမှာ သံကြိုးတွေနဲ့တုပ်နှောင်ခံထားရတဲ့ ပင်လယ်သားရဲဖြစ်တယ်။ ပင်လယ်သားရဲတွေက ဉာဏ်ရည်သိပ်မမြင့်ပေမယ့် သူက နှစ်ပေါင်းတစ်ထောင်လောက် ချုပ်နှောင်ခံရပြီးချိန်မှာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာခဲ့တယ်။ သူက ချီပင်လယ်အဆင့်ကို ရောက်တာနဲ့တပြိုင်နက် အချုပ်အနှောင်က လွတ်သွားလိမ့်မယ်"
နန်းကုန်းဇီ၊ ယဲ့ချန်၊ အမွေးပွလေး၊ ထန်တိုက်လင်၊ ကြေးခွံနက်ဝိညာဥ်မြွေနှင့် နေပင်လယ်မှ ပင်လယ်သားရဲ၊ ဤခြောက်ယောက်တွင် မည်သူက ချီပင်လယ်အဆင့်သို့ အမြန်ဆုံးရောက်မည်နည်း။ အကယ်၍ အခြားတစ်ယောက်သာ ယဲ့ချန်ထက်အရင် အဆင့်တက်သွားနိုင်လျှင် သူ၏အသက်ကို ထိုကျင့်ကြံသူက ဆုံးဖြတ်နိုင်စွမ်းရှိသွားပေလိမ့်မည်။ သူက သမာဓိကောင်စီကိုဖြေရှင်းပြီးနောက် အရှေ့ပိုင်းတိုက်ကြီးတွင် ရန်သူမရှိတော့ဟု ထင်မှတ်ထားသော်လည်း ငါးကြိမ်တိုင်တိုင်ပြန်လည်ဝင်စားထားသော ကြေးခွံနက်ဝိညာဥ်မြွေက ခေါင်းကိုက်စရာဖြစ်လာခဲ့သည်။
"မင်းက အချိန်ကို အကျိုးရှိရှိအသုံးချပြီး ကျင့်ကြံပါ။ အတွေးမများစေနဲ့"
ရန်ဟိုင်က ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
"စီနီယာရဲ့သင်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်က ခေါင်းညွှတ်၍ အရိုအသေပေးလိုက်သည်။
"မင်းက အဆင့်မြင်မြန်တက်နိုင်ဖို့ မျှော်လင့်ပါတယ်။ မင်းသာ ကောင်းကင်မူလကြယ်အတွက် ကောင်းကောင်းစွမ်းဆောင်နိုင်ရင် ကြယ်သခင်တွေရဲ့အားထုတ်မှုက အလဟဿမဖြစ်တော့ဘူး"
ရန်ဟိုင်က လေးနက်စွာ မှာကြားပြီးနောက် နေရာတွင် ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ချန်သည် သိမ်းဆည်းထားသော အနက်ရောင်ဆေးလုံးကို အသုံးပြုရန် ထုတ်ယူလိုက်သည်။ အရေးအကြီးဆုံးမှာ သူ၏ကျင့်ကြံဆင့်ကို ချီပင်လယ်အဆင့်သို့ မြှင့်တင်ရန်ဖြစ်သည်။ ဆေးစွမ်းအင်များက သူ၏လက်ဝါးကိုဖြတ်သန်း၍ ကိုယ်တွင်းသို့ ရေလှိုင်းပမာ စီးဝင်လာခဲ့သည်။ ဤဆေးလုံးတွင် အဖိုးအတန်ဆုံးအပိုင်းမှာ ချီပင်လယ်အဆင့် စွမ်းအင်တစ်စိတ်တပိုင်း ပါဝင်နေခြင်းဖြစ်သည်။ ၎င်းတို့ကိုစုပ်ယူခြင်းဖြင့် ယဲ့ချန်အတွက် ချီပင်လယ်တည်ဆောက်ရာတွင် များစွာအကျိုးရှိပေသည်။ သူက ကျင့်ကြံနေစဥ်အတွင်း ဝိညာဥ်အသိစိတ်ကိုထုတ်လွှတ်၍ ကြယ်ခန်းမတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ ကောင်းကင်ထက်တွင် ကြယ်ကြီးကိုးလုံးထွက်ပေါ်လာကာ သူက ကောင်းကင်မူလတိုက်သို့ခရီးမထွက်ခင် ဝိညာဥ်ချီများထုတ်လွှတ်၍ ကြယ်ခန်းမအဖွဲ့ဝင်များနှင့် ယဲ့မျိုးနွယ်ဝင်များကို ကူညီလိုခြင်းဖြစ်သည်။ သို့မှသာ ပိုမိုကြမ်းတမ်းလာမည့် ဝိညာဥ်သားရဲကပ်ဘေးတွင် သူတို့၏အသက်ရှင်သန်နိုင်စွမ်းက ပိုမြင့်လာပေလိမ့်မည်။
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားကာ နှစ်လအကြာတွင် ဆေးစွမ်းအင်များစွာနှင့် ခြင်္သေ့ကြီး၏စွမ်းအင်များကို စုပ်ယူထားသော ယဲ့ချန်သည် ထူးကဲအဆင့်တစ်ဆယ်သို့ ရောက်ရှိသွားခဲ့သည်။ ကောင်းကင်ကြယ်ပိုင်နက်သည်လည်း ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေါ်လာ၍ ချီပင်လယ်ကအသွင်သဏ္ဍာန် ဖြစ်တည်လာသည်။ ချီပင်လယ်သည် အဆင့်သုံးပိုင်နက်နှင့် သဘောတရားချင်းတူညီသော်လည်း များစွာပို၍အစွမ်းထက်ကာ မည်သည့်အဆင့်နှစ်ပိုင်နက်ကိုမဆို အလွယ်တကူဖျက်ဆီးပစ်နိုင်သည်။ သူက ဉာဏ်အလင်းပွင့်သော အခြေအနေတစ်ခုသို့ ဝင်ရောက်နေကာ ကြယ်ခန်းမက အလွန်တိတ်ဆိတ်နေသည်။ ကောင်းကင်က အချိန်တိုင်းကြည်လင်နေပြီး အဖြူရောင်တိမ်တိုက်များ ရွေ့လျားနေသည်။
"ဝုန်း"
လောကကြီးတစ်ခုလုံး ရုတ်တရက်တုန်ခါသွားကာ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ မြောက်ပင်လယ်မှ စွမ်းအားလှိုင်းကြီးတစ်ရပ် ပြန့်ထွက်လာကာ သက်တန့်ရောင်နတ်အလင်းများက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။