ချီပင်လယ်အဆင့်သို့ ရောက်ရှိခြင်း
Vol. 37 Ch. 512
ထန်တိုက်လင်သည် ချီပင်လယ်အဆင့်သို့ ပထမဆုံးရောက်ရှိသွားသူဖြစ်ကာ သက်တန့်ရောင်အလင်းများသည် သူမ၏ပင်လယ်နတ်ဘုရားလှံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူမ၏ကျင့်ကြံဆင့် မြင့်တက်လာသောအခါ ၎င်း၏စွမ်းအားသည်လည်း ပြောင်းလဲတိုးတက်လာခဲ့သည်။ ထန်တိုက်လင် အဆင့်တက်ပြီးမကြာခင် သူမအောက်မနိမ့်သော အရှိန်အဝါတစ်ခုက ပင်လယ်အောက်မှထွက်ပေါ်လာ၍ ယှဥ်ပြိုင်နေခဲ့သည်။ ချီပင်လယ်နှစ်ခုက စွမ်းအားချင်းတူညီနေသဖြင့် ပွတ်တိုက်မှုကြောင့် မီးလျှံများပင် ဖြစ်ပေါ်လာသည်။
"ရေသားရဲနဲ့ ထန်တိုက်လင်ကြားမှာ ပြဿနာရှိတာလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ချီပင်လယ်နှစ်ခုက အချင်းချင်းအားပြိုင်နေစဥ် ပို၍ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် အရှေ့ပိုင်းတိုက်ကြီး၏အနောက်ပိုင်းမှ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ ၎င်းချီပင်လယ်က ပြိုင်ဘက်ကင်းဖြစ်နေပြီး ထန်တိုက်လင်နှင့် ရေသားရဲ၏ အရှိန်အဝါများကို ဖိနှိပ်ပစ်လိုက်သည်။
"အစွမ်းထက်လှချည်လား။ ချီပင်လယ်အဆင့်ကို အခုမှရောက်တာတောင် ဒီလောက်ကြောက်စရာကောင်းနေပြီ။ ဒါက နန်းကုန်းဇီဖြစ်ရမယ်"
ယဲ့ချန်က မှတ်ချက်ချလိုက်သည်။ တစ်ဖက်လူ၏ခွန်အားက သူထင်ထားသည်ထက် များစွာကျော်လွန်နေသည်။ ချီပင်လယ်သုံးခုထွက်ပေါ်လာပြီးနောက် သူ၏ဒန်တန်ကလည်း ပြင်းထန်စွာတုန်ခါလာသဖြင့် ကောင်းကင်ကြယ်ပိုင်နက်ကို ထုတ်ဖော်လိုက်ရသည်။ ကြယ်ခန်းမအထက်ရှိကောင်းကင်တွင် ကြယ်ကိုးလုံးနှင့် ပတ်ဝန်းကျင်က စတင်ပြောင်းလဲလာကာ ယဲ့ချန်သည် အခြားချီပင်လယ်များထံမှ ဉာဏ်အလင်းအချို့ ရရှိခဲ့သည်။ မူလတွင် သူ၏အဆင့်နှစ်ပိုင်နက်တွင် ချီစွမ်းအင်များ အလွန်ပေါများနေပြီဖြစ်သောအခါ ချီပင်လယ်သုံးခု၏ပွတ်တိုက်မှုတွင် ယဲ့ချန်က အဆင့်တက်သွားခဲ့သည်။ သူ၏ဒန်တန်အတွင်း ကြယ်ပင်လယ်ကြီးတစ်ခုဖြစ်ပေါ်လာကာ ကြယ်ကြီးကိုးလုံးသည် ထင်ရှားစွာဖြင့်တောက်ပနေပြီး နယ်မြေတစ်ခုလုံးကို အလင်းပေးနေခဲ့သည်။ ချီပင်လယ်က စတင်ဖြစ်ပေါ်လာပြီး နှစ်ရက်မြောက်နေ့တွင် ဘုန်းခနဲမြည်သံတစ်ခု ထွက်ပေါ်လာကာ ယဲ့ချန်ကိုဗဟိုပြု၍ ချီပင်လယ်တစ်ခု ဖြစ်တည်လာသည်။ နောက်ဆုံးတွင် သူက ချီပင်လယ်အဆင့်သို့ရောက်ရှိသွားကာ သူ၏ချီပင်လယ်သည် အခြားကျင့်ကြံသူများနှင့်ယှဥ်လျှင် ကွာခြားပေသည်။
"ဂုဏ်ပြုပါတယ် ယဲ့ချန်။ နောက်ဆုံးမှာ မင်းက ချီပင်လယ်အဆင့်ကို ရောက်သွားပြီ။ ကျင့်ကြံရေးလမ်းစဥ်က အခုမှ အမှန်တကယ်စတင်တာဖြစ်တယ်"
ခြင်္သေ့ကြီးက ယဲ့ချန်ကို ဝမ်းမြောက်ဝမ်းသာ ချီးကျူးလိုက်ခြင်းဖြစ်သည်။ အရှေ့ပိုင်းတိုက်ကြီးတွင် ချီပင်လယ်အဆင့်က ပြိုင်ဘက်ကင်းဖြစ်သော်လည်း အစစ်အမှန်ကျင့်ကြံသူများ၏အမြင်တွင် ကျင့်ကြံခြင်း၏အစသာ ဖြစ်သည်။
"နောက်ထပ်နှစ်ယောက်လည်း သိပ်မကြာခင် ချီပင်လယ်အဆင့်ကို ရောက်တော့မယ်။ ခြောက်ယောက်လုံး အဆင့်တက်သွားပြီဆိုရင် ငါ့တာဝန်အတိုင်း ကောင်းကင်မူလတိုက်ကြီးဆီ ခေါ်သွားလိုက်မယ်"
အရှေ့ပိုင်းတိုက်ကြီးကိုစောင့်ကြည့်နေသော ရန်ဟိုင်က တစ်ချက်ပြုံးလိုက်ပြီး ခပ်တိုးတိုးရေရွတ်ကာ ကောင်းကင်မူလတိုက်ကြီးထံ အကြည့်လွှဲလိုက်သည်။ ငါးရက်မြောက်နေ့တွင် ယဲ့ချန်အောက်နိမ့်ကျသော ချီပင်လယ်တစ်ခုဖြစ်ပေါ်လာသဖြင့် ဝိညာဥ်မြွေဖြစ်ကြောင်း သိနိုင်သည်။
ထိုအချိန်တွင် သူက အမွေးပွလေး၏ဝိညာဥ်နှင့်ပေါင်းစပ်ကာ ချီပင်လယ်အဆင့်သို့ရောက်စေရန် လမ်းညွှန်ပေးနေခဲ့သည်။ အချိန်က တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားကာ ဆယ်ရက်မြောက်နေ့တွင် သူမ၏ဒန်တန်က လျင်မြန်စွာကျယ်ပြန့်လာကာ ချီပင်လယ်က ပုံသဏ္ဍာန်စတင်ဖြစ်တည်လာသည်။ သူမ၏ချီပင်လယ်က ယဲ့ချန်၏ချီပင်လယ်နှင့် အပြည့်အဝပေါင်းစပ်နေပြီး တစ်ခုနှင့်တစ်ခု ခွဲခြား၍မရပေ။ ပုံရိပ်ယောင်အရာတွင်လည်း သူမ၏ခွန်အားက လင်းမိုင်၏ အကြွင်းအကျန်ဝိညာဥ်အောက် မနိမ့်ကျတော့ပေ။ သူမ၏နောက်ကျောဘက်မှ အမြှီးတစ်ခုထပ်မံထွက်ပေါ်လာကာ ရှေးခေတ်ဟောင်းတွင် လင်းမိုင်ပင်လယ်မိစ္ဆာအောက် မနိမ့်ကျသော အမြှီးဆယ်ချောင်း နတ်မြေခွေးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ယဲ့ချန်က တစ်ချက်ပြုံး၍ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေသော အမွေးပွလေးကို စိုက်ကြည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ်လေးက ကျောက်စိမ်းဖြူရောင်တောက်ပနေကာ အမြှီးဆယ်ချောင်းက လှပသောဝတ်ရုံလေးပမာ ရစ်ပတ်နေခဲ့သည်။ သူ၏အကြည့်ကိုခံစားရသောအခါ အမွေးပွလေးကလည်း ချစ်ခင်စွာ ပြန်ကြည့်လာခဲ့သည်။ အကယ်၍ ယဲ့ချန်ကြောင့်သာမဟုတ်လျှင် သူမက ဤအဆင့်အထိရောက်လာရန် မဖြစ်နိုင်ကြောင်း နားလည်ထားသည်။ ထို့အပြင် သူမ၏မိဘများ၊ အစ်ကိုနှင့် မျိုးနွယ်ဝင်များက ဝံပုလွေတိုင်းပြည်လက်ချက်ကြောင့် အသတ်ခံရပြီးဖြစ်ပေလိမ့်မည်။ လက်ရှိတွင် သူမ၌လည်း မျိုးနွယ်ဝင်များကို ကောင်းကင်မူလတိုက်သို့ခေါ်ဆောင်သွားရမည့် တာဝန်ကြီးတစ်ခု ထမ်းပိုးထားရသည်။
"အမွေးပွလေး အတူတူကြိုးစားကြမယ်"
ယဲ့ချန်က သူမ၏ခေါင်းကို ညှင်သာစွာပွတ်သပ်လိုက်၏။ အမွေးပွလေးက ဆုံးဖြတ်ချက်ပြတ်သားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမအဆင့်တက်ပြီးနောက် ခဏအတွင်း ပိုမိုအစွမ်းထက်သော ရန်ဟိုင်၏ချီပင်လယ်သည် သတင်းစကားတစ်ခုကို သယ်ဆောင်၍ ရောက်ရှိလာခဲ့သည်။
"မြန်မြန် အဆင်သင့်ပြင်ထားကြ။ နာရီဝက်အတွင်း ထွက်ခွာမယ်"
ချီပင်လယ်အဆင့်ခြောက်ယောက်လုံးက ဤသတင်းစကားကို တပြိုင်နက် ရရှိလိုက်ကြသည်။
"စီနီယာ ဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ"
ယဲ့ချန်က ပြန်လည်မေးခွန်းထုတ်လိုက်၏။
"ကောင်းကင်မူလတိုက်ကြီးရဲ့ ဝင်ပေါက်က လဝက်မှာ တစ်ကြိမ်သာပွင့်ပြီး အချိန်က အလွန်တိုတောင်းတယ်။ ငါတို့အမြန်မလုပ်ဘဲ နောက်ကျနေရင် နောက်ထပ်လဝက် ထပ်စောင့်ရလိမ့်မယ်။ မင်းအတွက် အချိန်ကအရေးကြီးတယ် မဟုတ်ဘူးလား"
ရန်ဟိုင်က ဖြေလိုက်သည်။
"ကောင်းပြီ။ ဒါဆိုရင် ချက်ချင်း အဆင်သင့်ပြင်လိုက်ပါမယ်"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ အမွေးပွလေး၏မျက်ဝန်းများတွင်လည်း မျက်ရည်ဝဲနေပြီး လက်ရှိတွင် မျိုးနွယ်ဝင်များကို နှုတ်ဆက်ရပေလိမ့်မည်။ ဤနှုတ်ဆက်ခြင်းက ထာဝရကြာမြင့်သွားနိုင်ပေသည်။
"ငါတို့သေချာပေါက်ပြန်လာပြီး သူတို့ကို ခေါ်သွားကြမယ်"
ယဲ့ချန်က တည်ငြိမ်စွာနှစ်သိမ့်၍ ချီပင်လယ်ဖြင့် ကြယ်ခန်းမတစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်သည်။ ယဲ့မျိုးနွယ်ဝင်များ၊ ရှောင်ရိ၊ ခြင်္သေ့ဘုရင်ထုံတန်၊ ရွှမ်းယီ၊ နန်ရှင်းတစ်စသော ပုံရိပ်များကြောင့် သူက ဝမ်းနည်းစိတ်အချို့ကို ခံစားနေရသည်။ သို့သော် သူက အားလုံးကို ဝိညာဥ်သားရဲကပ်ဘေးတွင် အသေမခံနိုင်သောကြောင့် ကောင်းကင်မူလတိုက်သို့ခေါ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ ရန်ဟိုင်က သူ့ကိုကူညီပေးခဲ့သကဲ့သို့ ယဲ့ချန်သည်လည်း ချီပင်လယ်ဖြင့် ထူးကဲအဆင့်ရောက်လုနီးပါး ကျင့်ကြံသူများကို ပိုင်နက်အား ဆင်ခြင်စေကာ အဆင့်တက်စေရန် ကူညီပေးခဲ့သည်။
"ညီလေးယဲ့ မင်းက ကောင်းကင်မူလတိုက်ကို သွားတော့မှာလား"
ထုံတန်က ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်၍ မေးလာခြင်းဖြစ်သည်။
"ဟုတ်တယ်။ ကြယ်ခန်းမကို အစ်ကိုထုံက ကျေးဇူးပြုပြီး စောင့်ရှောက်ပေးထားပါ"
"စိတ်ချပါ"
ထုံတန်က ကတိပေးလိုက်၏။
"အစ်ကိုကြီး ကျွန်တော်လည်း အတူတူလိုက်ချင်တယ်"
ရှောင်ရိက ငိုကြီးချက်မဖြင့် ပူဆာနေခဲ့သည်။
"ရှောင်ရိ ကြိုးကြိုးစားစားကျင့်ကြံပြီး ချီပင်လယ်အဆင့်ကိုရောက်အောင် ကျင့်ကြံထား။ အချိန်ကျလာရင် အစ်ကိုကြီးက မင်းကို လာခေါ်မယ်"
ရှောင်ရိကို မိသားစုဝင်တစ်ယောက်အဖြစ် သတ်မှတ်ထားသောကြောင့် ယဲ့ချန်၏ရင်ထဲတွင် ဝမ်းနည်းနေခဲ့သည်။
"ဟုတ်ကဲ့"
ရှောင်ရိက နာခံမှုရှိစွာ ခေါင်းညိတ်လိုက်၏။
"ဝမ်အာ မင်းရော အခုလိုက်လာမှာလား"
ရန်ဟိုင်သည် ဝမ်အာကို ခေါ်ဆောင်လာနိုင်သောကြောင့် ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ညီမလေးက ရှောင်ရိနဲ့အတူ လာခဲ့လိုက်မယ်။ ဆရာပြောတာက အချိန်ကျရင် သူက ဒီကိုပြန်လာပြီး ညီမလေးနဲ့ရှောင်ရိကို ကောင်းကင်မူလတိုက်ဆီ ခေါ်သွားပေးမယ်တဲ့"
ဝမ်အာက လူကြီးတစ်ယောက်ပမာ တည်ကြည်စွာ ဖြေလိုက်သည်။ ယဲ့ချန်အနေဖြင့် ရှောင်ရိနှင့် ဝမ်အာ၏လုံခြုံရေးကို စိတ်ချလက်ချနေနိုင်ပြီဖြစ်သည်။ ရန်ဟိုင်ဆိုလိုသော အချိန်သည် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး ဝိညာဥ်သားရဲများလက်အောက် ကျရောက်သွားမည့်အချိန် ဖြစ်ပေလိမ့်မည်။ ထိုအချိန်တွင် လူသားများ၊ မှော်သားရဲများနှင့် ကောင်းကင်သားရဲများ လုံးဝကျန်ရစ်မည် မဟုတ်ချေ။
"ချန်အာ ငါတို့အဆင်ပြေမှာပါ။ မစိုးရိမ်ပါနဲ့"
ယဲ့ကျန့်တန်းသည် ယဲ့ချန်ကို ကြင်နာစွာကြည့်၍ နှစ်သိမ့်ပေးလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ယဲ့ချန်၏တိုးတက်မှုက သူထင်ထားသည်ထက် ပို၍ကျော်လွန်နေခဲ့သည်။ ဂုဏ်ယူရသော သားတစ်ယောက်ရှိခြင်းအတွက် သူက သေရမည်ဆိုလျှင်ပင် နောင်တရမည်မဟုတ်ပေ။
"အဖေ စိတ်ချပါ။ ကျွန်တော် အားလုံးကို လာခေါ်ပါ့မယ်"
ယဲ့ချန်က လေးနက်စွာ ကတိပေးလိုက်သည်။ ယဲ့မျိုးနွယ်ဝင်အားလုံးက ယဲ့ချန်အပေါ် အသက်နှင့်ထပ်တူ ယုံကြည်သောကြောင့် ကြင်နာစွာ ပြုံးပြလိုက်သည်။
"ချန်အာ ကောင်းကင်မူလတိုက်ကြီးကိုရောက်ရင် မင်းကိုယ်မင်း ဂရုစိုက်ရမယ်နော်။ ငါတို့သေတာက ကိစ္စမရှိပေမယ့် မင်းကတော့ ယဲ့မျိုးနွယ်ရဲ့ မျှော်လင့်ချက်ဖြစ်တယ်"
ယဲ့ချိန်ရွှမ်းက လေးနက်စွာ မှာကြားလိုက်သည်။ သူ၏မျက်လုံးများတွင် ယဲ့ချန်အပေါ် ဂုဏ်ယူစိတ်များ ထင်ဟပ်နေသည်။
"အစ်ကိုကြီး ကျုပ်တို့အတွက် မစိုးရိမ်ပါနဲ့။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ"
ယဲ့မုန့်၊ ယဲ့ရွှမ်းနှင့် အခြားလူငယ်များက ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။
"ဆရာ ကျုပ်တို့ သွားသင့်ပြီ"
ယဲ့ချန်က အဝေးရှိခြင်္သေ့ကြီးထံ ဝိညာဥ်ဖြင့် ဆက်သွယ်လိုက်သည်။ သူက ကိုယ်လုပ်တောင်ခြင်္သေ့မများကို နှုတ်ဆက်နေခြင်းဖြစ်သည်။ ယဲ့တောင်ကြားသို့ပြန်ရောက်သောအခါ သူက ခြင်္သေ့မများကို ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်းမှထုတ်၍ အတူပျော်ပါးခဲ့သည်။ လက်ရှိတွင် သူက ယဲ့ချန်နှင့် ကောင်းကင်မူလတိုက်သို့ လိုက်လာရမည်ဖြစ်သောအခါ ကျင့်ကြံဆင့်မလုံလောက်သော ကိုယ်လုပ်တော်များကို ချန်ထားရစ်ခဲ့ရပေလိမ့်မည်။ ခြင်္သေ့ကြီးက ကိုယ်လုပ်တော်များနှင့် ခဏတာပျော်ပါးပြီးနောက် ခရမ်းရောင်မီးတောက်များအဖြစ် ပြောင်းလဲကာ ယဲ့ချန်၏ကျောထက်တွင် ဆေးမင်ကြောင်အဖြစ် နေရာယူလိုက်သည်။
ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်၏ခြောက်ထပ်သို့ သွားရောက်ကာ နတ်ဆိုးချပ်ဝတ်အားလုံးကို သိမ်းယူချင်သော်လည်း အချိန်မရခဲ့ပေ။ သူက ကြယ်ခန်းမ၏အဖွဲ့ဝင်များတွင် ထူးကဲအဆင့်များဖြစ်ပေါ်လာစေရန် ကူညီပေးခဲ့သောကြောင့် ဝိညာဥ်သားရဲများကို အနည်းဆုံးတစ်နှစ်အထိ ခုခံနိုင်ပေလိမ့်မည်။ သူက တစ်နှစ်အတွင်းပြန်လာရန် ကြိုးစားရမည်ဖြစ်သည်။ ကောင်းကင်မူလတိုက်ကြီး၏အခြေအနေကို သူက သေချာစွာမသိထားသော်လည်း အပြန်ခရီးအတွက် ဆည်းဆာရွှေဆယ်သန်း လိုအပ်သည်။ သူက ၎င်းအတွက် လိုအပ်သမျှကိုရောင်းချရန် ဆုံးဖြတ်ထားပြီး စိတ်သန့်စင်ကျောက်မျက်ကဲ့သို့ ရတနာများစွာ ပါဝင်နေသည်။
ယဲ့ချန်နှင့် အမွေးပွလေးသည် မျိုးနွယ်ဝင်များကိုနှုတ်ဆက်ပြီးနောက် ကောင်းကင်ထက်သို့ပျံတက်ကာ ရန်ဟိုင်ထံ အလင်းတန်းနှစ်ခုအဖြစ် ဦးတည်လိုက်ကြသည်။ ကြယ်ခန်းမအတွင်းရှိ ကျင့်ကြံသူတိုင်းက ယဲ့ချန်၏နောက်ကျောကို အချိန်ကြာမြင့်စွာ ငေးမောနေခဲ့သည်။
"နှုတ်ဆက်ပါတယ်။ ငါ သေချာပေါက်ပြန်လာခဲ့မယ်"
ယဲ့ချန်က နောက်ပြန်လှည့်၍ ကြယ်ခန်းမကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်သည်။ အချိန်ခဏအကြာတွင် သူတို့အနီးသို့ အပြာရောင်ပုံရိပ်လေးတစ်ခု ပူးပေါင်းလာခဲ့သည်။ အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ထန်တိုက်လင်ဖြစ်သည်။ ထန်တိုက်လင်နှင့် ယဲ့ချန်က အချင်းချင်းနားလည်သောကြောင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
"ရေသားရဲက နင့်ကို ဘာလို့ရန်လိုနေတာလဲ"
ယဲ့ချန်က စိုးရိမ်စွာ မေးလိုက်ခြင်းဖြစ်သည်။ ထန်တိုက်လင် အဆင့်တက်ပြီးချိန်တွင် ချီပင်လယ်အဆင့်သို့ရောက်လာသော ရေသားရဲက သူမကိုရန်လိုနေကြောင်း သိသာသည်။
"ရေခဲပြာမျိုးနွယ်ရဲ့ ရန်သူဟောင်းတစ်ယောက်ပါ"
ထန်တိုက်လင်က သူမ၏ပုံစံအတိုင်း အေးစက်စက်ပြန်ဖြေလိုက်သည်။
"သတိထားဦး"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ မှာကြားလိုက်သည်။ ရေသားရဲ၏ခွန်အားက ထန်တိုက်လင်အောက်မနိမ့်ကြောင်း သူက ခံစားလိုက်ရသဖြင့် တစ်ဖက်လူကို အထင်သေး၍မရချေ။