ထွက်ခွာခြင်း
Vol. 37 Ch. 513
ပုံရိပ်ခြောက်ခုသည် အရှေ့ပိုင်းတိုက်ကြီးကို ဖြတ်သန်း၍ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကိုဝတ်ဆင်ကာ လေထဲတွင် မတ်တပ်ရပ်နေသော ရန်ဟိုင်ထံ ဦးတည်လာခဲ့ကြသည်။
"လူတိုင်းရောက်လာကြပြီ။ မကြာခင် ကောင်းကင်မူလတိုက်ကြီးကို ခရီးထွက်ကြမယ်။ မင်းတို့မှာ မေးခွန်းတွေရှိရင် မေးနိုင်တယ်"
ရန်ဟိုင်က ခြောက်ယောက်လုံးကို ကျေနပ်စွာကြည့်၍ ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
ယဲ့ချန်သည် အခြားကျင့်ကြံသူများကို အကဲခတ်လိုက်သောအခါ ကျောက်စိမ်းနန်းတော်အတွင်း မြင်တွေ့ဖူးသည့် နန်းကုန်းဇီကို မြင်လိုက်ရသည်။ သူက အဖြူရောင်ဝတ်ရုံကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားကာ အနက်ရောင်ဆံပင်ရှည်များကို ခေါင်းအနောက်တွင် စည်းနှောင်ထားသဖြင့် ချောမောခန့်ညားသော မျက်နှာက ပေါ်လွင်နေသည်။ လေထဲတွင်မားမားမတ်မတ်ရပ်နေသော သူ့ထံမှ မြင့်မြတ်ကာ သမုဒ္ဒရာကဲ့သို့နက်ရှိုင်းသော အရှိန်အဝါတစ်ခုထွက်ပေါ်နေ၍ ကျင့်ကြံဆင့်ကို အခြားလူများခန့်မှန်းနိုင်ရန် မလွယ်ချေ။ ယဲ့ချန်က နန်းကုန်းဇီကို အမြင်ကောင်းရှိသောကြောင့် တစ်ချက်ပြုံး၍ နှုတ်ဆက်လိုက်သည်။ နန်းကုန်းဇီကမူ တည်ငြိမ်သောမျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်ရုံသာ ဖြစ်သောကြောင့် သူ၏အတွေးများကို ခန့်မှန်းရန် မလွယ်ချေ။
ယဲ့ချန်သည် သူ့အပေါ်ရန်လိုနေသော အကြည့်တစ်ချက်ကို ရုတ်တရက်ခံစားလိုက်ရသည်။ ထိုအကြည့်၏ပိုင်ရှင်သည် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်ဖြစ်ပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်များကို ကျောပေါ်သို့ ဖြန့်ချထားသည်။ သူ၏မျက်နှာက သွေးမရှိဟန်ဖြင့် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်လုံးများအတွင်းရှိ ရွှေရောင်မျက်ဆံများက စက်ဝိုင်းသဏ္ဍာန်မဟုတ်ဘဲ ဒေါင်လိုက်တည်ရှိနေသည်။ ထိုအကြည့်ဖြင့်ရင်ဆိုင်ရလျှင် ကျင့်ကြံသူတိုင်း မသက်မသာဖြစ်သွားကြပေလိမ့်မည်။ ထို့ကြောင့် ယဲ့ချန်သည် တစ်ဖက်လူမှာ ငါးကြိမ်တိုင်တိုင်ပြန်လည်ဝင်စားထားသော ကြေးခွံနက်ဝိညာဥ်မြွေဖြစ်ကြောင်း သိလိုက်ရသည်။ ထိုသားရဲက သူ့ကို အလွန်ရန်လိုစွာစိုက်ကြည့်နေသဖြင့် သူထင်ထားသည့်အတိုင်း အမှန်ဖြစ်နေခဲ့သည်။ သို့သော် သူက ထိုသားရဲကိုလျစ်လျူရှုကာ ရေသားရဲကို ထပ်မံအကဲခတ်လိုက်သည်။
နေပင်လယ်အတွင်း ချုပ်နှောင်ခံခဲ့ရသော ရေသားရဲသည် ကတုံးပြောင်ပြောင်နှင့် လူသန်ကြီးတစ်ယောက် အသွင်ပြောင်းထားသဖြင့် သံမဏိတိုင်လုံးကြီးပမာ ထင်မှတ်ရသည်။ သူက သွေးဆာနေသော မျက်လုံးအစုံဖြင့် ထန်တိုက်လင်ကို ရန်လိုစွာစိုက်ကြည့်နေခဲ့သည်။ သူမက အေးစက်စက်မျက်နှာထားဖြင့် ရေသားရဲကို လုံးဝဂရုစိုက်မနေခဲ့ပေ။
"မင်းတို့အားလုံးက အရှေ့ပိုင်းတိုက်ကြီးမှာ ချီပင်လယ်အဆင့်ကိုရောက်ခဲ့တဲ့ ကျင့်ကြံသူတွေဖြစ်တယ်။ ဘယ်သူမှ ကောင်းကင်မူလတိုက်ကြီးကိုမရောက်ခင် မသေရဘူး။ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ဘူးဆိုရင်တောင် ကောင်းကင်မူလတိုက်ကြီးကိုရောက်မှ ရှင်းကြပေတော့"
ရန်ဟိုင်သည် မည်းနက်သော မျက်နှာထားဖြင့် အေးစက်စက်သတိပေးလိုက်သည်။ သူက ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်သောကြောင့် သူ၏ရှေ့မှောက်တွင် မည်သူမှမတိုက်ခိုက်ရဲပေ။
"ကောင်းကင်မူလတိုက်ကြီးကိုရောက်ရင်တောင် စည်းမျဥ်းတွေကို လိုက်နာရမယ်။ နေရာအနည်းငယ်ကလွဲလို့ သတ်ဖြတ်ခြင်းကို ခွင့်ပြုမထားဘူး။ စည်းကမ်းချိုးဖောက်ရင် အသေးငယ်ဆုံးပြစ်ဒဏ်က ချုပ်နှောင်ခံရတာဖြစ်ပြီး အကြီးဆုံးပြစ်ဒဏ်က သေဒဏ်ဖြစ်တယ်။ မင်းတို့ထက် ကျင့်ကြံသူတိုင်းက အစွမ်းထက်နေမှာဖြစ်လို့ စည်းမျဥ်းတွေကိုချိုးဖောက်ဖို့ မကြိုးစားနဲ့။ တာအိုနတ်အဆင့်နဲ့ စစ်ဧကရာဇ်တွေ မပြောနဲ့၊ ရွှမ်အဆင့်တွေတောင် မင်းတို့ကို လက်ချောင်းလေးနဲ့ သတ်လိုက်နိုင်တယ်"
ရန်ဟိုင်က တစ်လုံးချင်း မှာကြားလိုက်သည်။
"ဒီလိုဆိုရင် ငါက ဘာကြောင့် ကောင်းကင်မူလတိုက်ကြီးကို သွားရမှာလဲ"
ရေသားရဲက ထန်တိုက်လင်ကို ရက်စက်ကြမ်းကြုတ်စွာစိုက်ကြည့်ရင်း စောဒကတက်လိုက်၏။
"ဒါဆိုရင် မင်း နေခဲ့နိုင်တယ်။ မြောက်ပင်လယ်လား နေပင်လယ်လား ကြိုက်တဲ့နေရာ ရွေးလိုက်စမ်း"
ရန်ဟိုင်က အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ကြောက်မက်ဖွယ်ဖိအားတစ်ခုဖြင့် ရေသားရဲကို သင်ခန်းစာပေးလိုက်သည်။
"စိတ်မရှိပါနဲ့။ ကျုပ် ကောင်းကင်မူလတိုက်ကို လိုက်ချင်ပါတယ်"
ရန်ဟိုင်၏ခွန်အားကို လုံးဝမယှဥ်နိုင်သောကြောင့် သူက ခက်ခက်ခဲခဲတောင်းပန်လိုက်ရသည်။
"ကောင်းကင်မူလတိုက်ကြီးကိုရောက်ရင် မင်းတို့အားကိုးနိုင်တဲ့ ကျင့်ကြံသူတွေ ရှာပေးမယ်။ သူတို့က မင်းတို့ကို ရွေးချယ်မရွေးချယ်ကတော့ ကံတရားအပေါ်မူတည်တယ်။ မင်းတို့က ရွေးချယ်မခံရဘူးဆိုရင် မြို့တော်တစ်ခုမှာ အလုပ်လုပ်ရလိမ့်မယ်။ ကောင်းကင်မူလတိုက်ကြီးက အလကားကောင်တွေကို လက်မခံဘူး"
ရန်ဟိုင်က ထပ်မံရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်သည် ကောင်းကင်မူလတိုက်ကြီးအပေါ် ပို၍စိတ်ဝင်စားလာခဲ့သည်။ ၎င်းက အခြားတိုက်ကြီးလေးခုနှင့် သီးခြားခွဲထွက်နေသည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်နေပြီဖြစ်သည်။
"သွားကြစို့"
ရန်ဟိုင်သည် ရှေ့ဆုံးမှဦးဆောင်၍ အရှေ့ပိုင်းတိုက်ကြီး၏အနောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ ယဲ့ချန်တို့ခြောက်ယောက်ကလည်း မြှားများပမာ လေအဟုန်ကိုထိုးဖောက်၍ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။
"ငါတို့ခရီးရဲ့ပန်းတိုင်က ကောင်းကင်မူလတိုက်ကြီးရဲ့အရှေ့ပိုင်းမှာရှိတဲ့ ကျိဟွာနတ်တိုင်းပြည်ဖြစ်တယ်။ ဒေသကြီးဆယ့်ခြောက်ခုရှိပြီး ဆယ်ခုကို သားရဲတွေနဲ့ ခြောက်ခုကို လူသားတွေက အုပ်စိုးတယ်။ ဒေသတွေရဲ့လက်အောက်မှာ နတ်တိုင်းပြည်တွေရှိပြီး တိုက်ကြီးတစ်ခုလုံးမှာ အရေအတွက်ခုနစ်ရာကျော်ရှိလို့ ကျိဟွာတိုင်းပြည်က သာမညောင်ညနေရာတစ်ခုသာ ဖြစ်တယ်။ ပြီးတော့ တိုက်ကြီးပေါ်မှာ ကောင်းကင်ဘုံငယ်ထောင်ချီနဲ့ ကောင်းကင်ဘုံကြီးဒါဇင်ချီ ရှိသေးတယ်"
ရန်ဟိုင်က လျင်မြန်စွာပျံသန်းနေရင်း ကောင်းကင်မူလတိုက်ကြီးအကြောင်း သိသင့်သည်များကို ရှင်းပြပေးနေခဲ့သည်။
"ကောင်းကင်ဘုံဆိုတာက ဘာတွေလဲ"
ကြေးခွံနက်ဝိညာဥ်မြွေက မေးလိုက်ခြင်းဖြစ်သည်။
"အချိန်တန်ရင် မင်းတို့ သိလာရလိမ့်မယ်။ သေသေချာချာသိထားရမှာက ကျိဟွာတိုင်းပြည်လိုနေရာမှာတောင် ချီပင်လယ်အဆင့်ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိတယ်။ ရွှမ်အဆင့်ကျင့်ကြံသူတွေက အဆင့်အတန်းတစ်ခုရှိပြီး တာအိုနတ်အဆင့်တွေက အာဏာပိုင်ဆိုင်ကြတယ်။ စစ်ဧကရာဇ်တွေကတော့ ဒေသအရှင်သခင်တွေဖြစ်ကြပြီး တိုက်ကြီးတစ်ခုလုံးမှာ အရေအတွက်ပေါင်း တစ်ရာ့သုံးဆယ်ကျော်ရှိတယ်။ အချို့က ဒေသတွေရဲ့အုပ်ချုပ်သူတွေဖြစ်ပြီး အချို့က တပည့်တွေကိုလက်ခံသင်ကြားတဲ့ ဂိုဏ်းချုပ်တွေဖြစ်တယ်။ ကောင်းကင်မူလတိုက်ကိုရောက်ရင် ကိုယ့်ကိုကိုယ်ထိန်းကျောင်းပြီး မစော်ကားသင့်တဲ့သူကို မစော်ကားမိစေနဲ့။ နတ်အစေခံတွေဆိုတာကတော့ ထိပ်ဆုံးအဆင့်တည်ရှိမှုတွေ ဖြစ်တယ်"
ရန်ဟိုင်၏လေသံက အလွန်တရာအေးစက်နေပြီး ယဲ့တောင်ကြားအတွင်းရှိ ဖော်ရွေသောလေသံနှင့် ကွာခြားနေခဲ့သည်။ တာအိုနတ်အဆင့်များသာ ကျိဟွာတိုင်းပြည်တွင် နေရာရသောကြောင့် ယဲ့ချန်က ဆွံ့အသွားခဲ့၏။ သူက ကောင်းကင်မူလတိုက်ကြီးတွင် ခရီးရှည်ကြီးတစ်ခု ရှေ့ဆက်လျှောက်လှမ်းရဦးမည်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ခြင်္သေ့ကြီးသည်လည်း သူ၏ခေတ်၌ပင် စစ်ဧကရာဇ် ဤမျှများစွာမရှိသောကြောင့် အံ့သြနေခဲ့သည်။
"ကောင်းကင်မူလတိုက်ကြီးကို နှစ်ပေါင်းများစွာ သီးခြားခွဲထုတ်ထားတဲ့အတွက် မျိုးဆက်သွေးက အလွန်အမင်းသန့်စင်လာကြတယ်။ ကျင့်ကြံသူအများစုက ချီပင်လယ်အဆင့်ကို အလွယ်တကူရောက်ရှိကြပြီး ထိပ်တန်းမျိုးနွယ်တွေဆိုရင် မွေးမွေးချင်း ချီပင်လယ်အဆင့်ကို ရောက်နေကြပြီ။ နတ်အစေခံတွေက တိုက်ကြီးလေးခုအတွက် ရှေ့ရေးကိုဆုံးဖြတ်ကြတဲ့အခါမှာ အချို့က အားလုံးကိုရှင်းလင်းပစ်ဖို့ အကြံပေးခဲ့တယ်။ သူတို့အမြင်မှာ အပြင်တိုက်ကြီးလေးခုရဲ့ မျိုးဆက်သွေးက အလွန်တရာနိမ့်ကျနေတော့ ကောင်းကင်မူလတိုက်ကြီးမှာ သွေးနှောမှာကို လက်မခံနိုင်ကြဘူး။ ဒါပေမယ့် ကြယ်သခင်ရှင်းရဲ့အမိန့်ကို သူတို့က မလွန်ဆန်ရဲတဲ့အတွက် မင်းတို့ ဒီအခွင့်အရေးကို ရလာတာဖြစ်တယ်"
ယဲ့ချန်သည် ရန်ဟိုင်၏စကားကြောင့် အံကြိတ်လိုက်မိသည်။ သူတို့၏အသက်များက နတ်အစေခံအဆင့် ကျင့်ကြံသူများအတွက် မြက်ပင်တစ်ပင်လောက် တန်ဖိုးမရှိပေ။ ကြယ်သခင်ရှင်းသာ နောက်ဆုံးစကားမမှာကြားခဲ့လျှင် တိုက်ကြီးလေးခုမှ ကျင့်ကြံသူများအနေဖြင့် ကောင်းကင်မူလတိုက်ကြီးသို့ ဝင်ခွင့်ရမည်မဟုတ်ပေ။
"နတ်အစေခံတွေကို ရက်စက်လွန်းတယ်လို့ မင်းတို့ ထင်ချင်ထင်ကြလိမ့်မယ်။ ကောင်းကင်မူလတိုက်ကြီးကိုရောက်ပြီး မျိုးခြားတွေနဲ့စစ်ပွဲကို မင်းတို့မြင်ရရင် ရက်စက်မှုအစစ်က ဘာလဲဆိုတာ သဘောပေါက်သွားလိမ့်မယ်"
ရန်ဟိုင်က လူတိုင်း၏မျက်နှာထားကို တစ်ချက်ဝေ့ကြည့်၍ ရှင်းပြလိုက်သည်။ တစ်နာရီအကြာတွင် သူတို့က အရှေ့ပိုင်းတိုက်ကြီး၏ပင်လယ်ပြင်ကို ဖြတ်ကျော်လာကာ ဧရာမတားမြစ်အစီအရင်တစ်ခုထံ ရောက်ရှိလာကြသည်။ ထိုအစီအရင်ကြီးက မီတာသောင်းချီမြင့်မား၍ အလွန်အမင်းထူထဲသည်။ နေရောင်က ၎င်းအပေါ် ဖြာကျနေသောအခါ သက်တန့်ရောင်အလင်းများ ရောင်ပြန်ဟပ်ထွက်ပေါ်လာသည်။ အစီအရင်၏ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်က တည်ငြိမ်နေပုံရသော်လည်း ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။
"ငါ့နောက်က လိုက်ခဲ့ကြ"
ရန်ဟိုင်က ကောင်းကင်တွင်ပျံသန်းနေရာမှ ပင်လယ်အတွင်း ထိုးဆင်းလိုက်၏။ ကျန်ခြောက်ယောက်ကလည်း နောက်မှလိုက်ပါသွားပြီး ပင်လယ်အောက်တွင်တည်ဆောက်ထားသော အစီအရင်၏ဝင်ပေါက်ထံ ဦးတည်သွားခဲ့ကြသည်။ ပင်လယ်အတွင်းရောက်သောအခါ ယဲ့ချန်သည် ငါးသဏ္ဍာန်ဝိညာဥ်သားရဲများစွာကို တွေ့လိုက်ရသည်။ ၎င်းတို့က အရေအတွက်သန်းချီသည့်အပြင် အနည်းဆုံး ထူးကဲအဆင့်ခုနစ် ကျင့်ကြံသူများဖြစ်ကြသည်။ ချီပင်လယ်အဆင့်ကျင့်ကြံသူများသာ ဤပတ်ဝန်းကျင်သို့ ချဥ်းကပ်နိုင်စွမ်းရှိပြီး မည်သည့်ထူးကဲအဆင့်ကျင့်ကြံသူမဆို ဤမျှများပြားသော ဝိညာဥ်သားရဲများ၏တိုက်ခိုက်ခြင်းကို ခုခံနိုင်မည်မဟုတ်ပေ။ သူတို့က မီတာထောင်ချီငုပ်လျှိုးလာပြီးနောက် ရေအောက်ချောက်နက်တစ်ခုထံ ရောက်ရှိလာကြသည်။ ပိန်းပိတ်အောင်မှောင်မည်းနေသော ချောက်နက်ထဲတွင် အဆင့်နှစ်ပိုင်နက်ကို နားလည်ထားသော ဝိညာဥ်သားရဲများ ခြေချင်းလိမ်နေကြသည်။ အပြင်ပိုင်းတိုက်ကြီးလေးခုအတွက် ကံကောင်းသည်မှာ ၎င်းတို့က ရေထဲတွင်နေထိုင်ကြသော ဝိညာဥ်သားရဲအမျိုးအစား ဖြစ်နေခဲ့ကြသည်။
ထိုအချိန်၌ ကြောက်မက်ဖွယ်အရှိန်အဝါကြီးနှစ်ခု ကျဆင်းလာကာ ယဲ့ချန်တို့အားလုံးကို နေရာတွင်လှုပ်မရအောင် ချုပ်နှောင်ထားလိုက်ကြသည်။ ၎င်းတို့က အစွမ်းထက်လွန်းသဖြင့် ခုခံမည့်အတွေးများပင် ဖြစ်ပေါ်လာခြင်း မရှိချေ။ ထိုကျင့်ကြံသူများရှေ့မှောက်တွင် ယဲ့ချန်သည် ကိုယ့်ကိုကိုယ် ပုရွက်ဆိတ်တစ်ကောင်ပမာ ခံစားလိုက်ရသည်။
"ဘယ်သူတွေလဲ"
အသံတစ်ခု ခပ်သြသြထွက်ပေါ်လာသည်။
"အရှင် ကျုပ်က ရန်ဟိုင်ပါ။ အရှေ့ပိုင်းတိုက်ကြီးရဲ့ ချီပင်လယ်အဆင့်ကျင့်ကြံသူတွေကို ခေါ်ဆောင်လာတာပါ။ သူတို့က ကောင်းကင်မူလတိုက်ကို ဝင်ခွင့်ရှိပါတယ်"
ရန်ဟိုင်က ရိုရိုသေသေ လေးလေးစားစား လျှောက်တင်လိုက်၏။
"ဒီခြောက်ယောက်ကတော့ ချီပင်လယ်အဆင့်ကို ရောက်နေပြီဆိုတော့ ဝင်ခွင့်ရှိတယ်။ ဒါပေမယ့် ချီပင်လယ်အဆင့်မဟုတ်တဲ့ ကျင့်ကြံသူတစ်ယောက် ပါနေတယ်။ ဝင်ခွင့် မပေးနိုင်ဘူး"
အသံပိုင်ရှင်က အေးစက်စက်တားမြစ်နေခဲ့သည်။ ရန်ဟိုင်က အနည်းငယ်မင်သက်သွားကာ တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် ယဲ့ချန်ထံ လှည့်ကြည့်လိုက်မိသည်။
ယဲ့ချန်သည် အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်ပြောနေသည်မှာ ပုံရိပ်ယောင်ပုလဲအတွင်းရှိ ပိုလင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သူမက သေခြင်းနှင့် ရှင်ခြင်းအကြားတွင် ရုန်းကန်နေရသောကြောင့် ချီပင်လယ်အဆင့်သို့ မရောက်ခဲ့ပေ။ အစီအရင်ကိုစောင့်ကြပ်နေသော ကျင့်ကြံသူနှစ်ယောက်က အလွန်တရာအစွမ်းထက်နေပြီး ပုံရိပ်ယောင်ပုလဲအတွင်းရှိနေသည့် ပိုလင်းကိုပင် အာရုံခံနိုင်ခဲ့လေသည်။