ကောင်းကင်မူလတိုက်သို့ ဝင်ရောက်ခြင်း
Vol. 37 Ch. 514
"အရှင်တို့ ကျုပ်မှာ ဝင်ခွင့်သုံးနေရာရှိပြီး ချီပင်လယ်အဆင့်မရောက်သေးတဲ့ ကျင့်ကြံသူသုံးယောက်ကို ခေါ်ယူခွင့်ရှိပါတယ်။ ဝင်ခွင့်တစ်နေရာကို ဒီကျင့်ကြံသူအတွက် အသုံးပြုပါရစေ"
ရန်ဟိုင်သည် နတ်မိုးကြိုးမြို့တော်ရှိတိုက်ပွဲတွင် ပိုလင်းက သေလုမျောပါးဒဏ်ရာရသွားပြီး ပုံရိပ်ယောင်ပုလဲအတွင်း ရှိနေသည်ကို သတိရသွားခဲ့သည်။ သူက အစီအရင်အတွင်းရှိ အမှောင်ထုကြီးထံ လေးလေးစားစားဦးညွှတ်ကာ တောင်းဆိုလိုက်ရသည်။ အချိန်ကြာမြင့်သည်အထိ အစောင့်အကြပ် ကျင့်ကြံသူနှစ်ယောက်က တိတ်ဆိတ်နေခဲ့သည်။
"မင်းတို့ ဝင်နိုင်ပြီ"
နောက်ထပ်အသံတစ်ခုက ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ရွှေရောင်ဧရာမတံခါးကြီးတစ်ခုက အမှောင်ထုအတွင်းမှ ထွက်ပေါ်လာ၍ စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာသည်။
"သွားကြစို့"
ရန်ဟိုင်က ဦးဆောင်ကူးခတ်သွားပြီး ကျင့်ကြံသူခြောက်ယောက်က နောက်မှကပ်လိုက်သွားကြသည်။
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ"
ယဲ့ချန်က ရန်ဟိုင်ကိုမီအောင် ကူးခတ်၍ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်သည်။ အကယ်၍ ရန်ဟိုင်ကြောင့်သာမဟုတ်လျှင် ပိုလင်းက ဝင်ခွင့်ရမည်မဟုတ်သောကြောင့် သူက ကောင်းကင်မူလတိုက်သို့ဝင်ရောက်ရန် နောက်ထပ်လဝက်အထိ စောင့်ဆိုင်းရနိုင်ချေရှိသည်။ ရန်ဟိုင်ကမူ ခေါင်းကိုသာညိတ်ပြ၍ စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ကျင့်ကြံသူခုနစ်ယောက်သည် ပင်လယ်အတွင်း ရှေ့သို့ခရီးဆက်နေကြပြီး ရေပြင်အတွင်း၌ ထောင်သောင်းချီသော ရွှေရောင်အလင်းများ တည်ရှိနေသည်။ သူတို့က ကောင်းကင်မူလတိုက်ကြီး၏ တားမြစ်အစီအရင်ကို ဖြတ်သန်းကျော်ဖြတ်နေရခြင်းဖြစ်ကာ နာရီဝက်အကြာတွင်မှ ရွှေရောင်အလင်းများ မှိန်ဖျော့သွားခဲ့ကြသည်။ အစီအရင်အလွှာ၏အထူက သူထင်ထားသည်ထက် များစွာပိုနေသောကြောင့် ယဲ့ချန်က အံ့သြတကြီးဖြစ်နေခဲ့သည်။ သူတို့က အစီအရင်ကိုကျော်ဖြတ်ပြီးသော်လည်း ပင်လယ်ရေနက်အတွင်း ရှိနေဆဲသာဖြစ်သည်။
"ကောင်းကင်မူလတိုက်ကြီးကို ရောက်ပြီလား"
လူတိုင်းက ချီပင်လယ်ကိုထုတ်ဖော်၍ ပတ်ဝန်းကျင်ကို စစ်ဆေးချင်သော်လည်း ချီစီးဆင်းမှုက အေးခဲနေသယောင် ခံစားလိုက်ရသည်။ ချီပင်လယ်များ၏အစွမ်းက ကိုးဆယ်ရာခိုင်နှုန်းလျော့နည်းသွားကာ အရှေ့ပိုင်းတိုက်ကြီးရှိ အဆင့်နှစ်ပိုင်နက်လောက်ပင် မသန်မာတော့ပေ။ ပိုင်နက်များကိုထုတ်ဖော်ရာတွင် လောကကြီး၏ချီများကို အသုံးချရသော်လည်း ဤနေရာတွင် ၎င်းတို့က အလွန်အမင်းအားနည်းနေခဲ့သည်။
"ဒါက ကောင်းကင်မူလတိုက်ကြီးရဲ့နယ်စပ်ဖြစ်ပြီး အဓိကကုန်းမြေကိုရောက်ရင် ဖိနှိပ်မှုက တိုးလာမှာဖြစ်လို့ သာမန်လူတစ်ယောက်အတိုင်း ခံစားရလိမ့်မယ်။ မင်းတို့က ကောင်းကင်ဘုံတွေထဲမှာရှိနေရင်တော့ ပုံမှန်ခွန်အားကို ထုတ်ဖော်နိုင်မှာဖြစ်တယ်"
ရန်ဟိုင်က မျက်မှောင်ကြုတ်နေသော လူတိုင်းကို ရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်သည် ကောင်းကင်မူလတိုက်ကြီးအပေါ် စပ်စုလိုစိတ်များ ပို၍ဖြစ်ပေါ်လာကာ ချီစီးဆင်းမှုကို မည်ကဲ့သို့ဖိနှိပ်ထားကြောင်း အတွေးများနေသည်။
"သွားကြမယ်"
ရန်ဟိုင်က ရှေ့ဆုံးမှကူးခတ်သွားကာ သူ၏အလျင်က ခါတိုင်းထက် ပို၍နှေးကွေးနေခဲ့သည်။ ယဲ့ချန်တို့ခြောက်ယောက်သာမက သူ၏ချီပင်လယ်သည်လည်း ဖိနှိပ်ခံထားရ၏။
ကြည်လင်သော အပြာရောင်ရေအောက်တွင် အလွန်လှပသော သန္တာကျောက်တန်းများကြား၌ ငါးမျိုးစုံ ကူးခတ်နေကြသည်။ ရေအောက်ကြမ်းပြင်ရှိ သဲများပေါ်တွင် ကြယ်ငါးများရွေ့လျားနေကာ ရေအောက်မြက်ပင်များကြားတွင် ရေခူများ ကူးခတ်နေခဲ့သည်။ လှိုင်းများအောက်တွင် အလွန်သာယာသော ရေအောက်ကမ္ဘာတစ်ခု ဖြစ်ပေါ်နေသည်။
"ခရမ်းရွှေရောင်နတ်ငါးလား"
ယဲ့ချန်သည် သူ၏ခေါင်းအထက်တွင် မီတာတစ်ရာကျော်ရှည်လျားသော ငါးကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်းက ရေထဲတွင် သိမ်မွေ့စွာကူးခတ်နေပြီး တန်ချီအလေးချိန်ရှိပေလိမ့်မည်။ ကတ်တီတစ်ဆယ်ကျော် အလေးချိန်ရှိသော ခရမ်းရွှေရောင်နတ်ငါးတစ်ကောင်ကပင် အလွန်ရှားပါးကြောင်း သိထားသည့် ယဲ့ချန်က အလွန်အံ့သြနေခဲ့သည်။ အဝေးရှိရေအောက်တွင် ဧရာမအနက်ရောင် ဝေလငါးကြီးတစ်ကောင် ကူးခတ်နေသည်။ မီတာထောင်ချီရှည်လျားသော ငါးကြီးက ဧရာမပါးစပ်ကြီးကိုဟ၍ စုပ်ယူလိုက်သောအခါ တစ်မီတာနှစ်မီတာကျော်ရှည်လျားသော ပုစွန်ကြီးများ ဝါးမျိုခံလိုက်ရသည်။ ပင်လယ်ကြမ်းပြင်တွင် ဧရာမဂုံးကြီးတစ်ကောင်က ၎င်း၏အခွံကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်နေသည်။ ၎င်းအထဲတွင် အချင်းခြောက်မီတာကျော်ရှိသော ပုလဲကြီးတစ်လုံးက နေမင်းပမာ အလင်းရောင်များ တောက်ပဖြာထွက်နေခဲ့လေသည်။
"နတ်ကျောက်စိမ်းဂုံးကောင်"
ယဲ့ချန်တို့အားလုံး အံ့သြဘနန်း ဖြစ်နေကြသည်။ ဤနေရာရှိသားရဲတိုင်းက ဒဏ္ဍာရီလာဖြစ်တည်မှုများဖြစ်နေကြပြီး အပြင်ကမ္ဘာတွင် အလွန်ရှားပါးပြီး တစ်ကိုက်စားလိုက်ရုံဖြင့် သာမန်လူများ၏ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်သည်။ ဤနေရာက လူတိုင်း၏မျက်လုံးများကို လောဘကြောင့် ရဲရဲနီသွားစေနိုင်သည့် ရတနာနယ်မြေမျိုးဖြစ်သည်။
"သူတို့ကိုရန်သွားမစတာ ကောင်းလိမ့်မယ်။ သူတို့က အေးအေးဆေးဆေးနေတတ်တယ်ဆိုပေမယ့် ရွှမ်အဆင့်နဲ့ တာအိုနတ်အဆင့်တွေတောင် သူတို့နဲ့ မတိုက်ခိုက်ဝံ့ဘူး။ မင်းတို့က ရန်မစသရွေ့ သူတို့ကလည်း တိုက်ခိုက်မှာမဟုတ်ဘူး"
ကြေးခွံနက်ဝိညာဥ်မြွေနှင့် ရေသားရဲက ခရမ်းရွှေနတ်ငါးကိုသတ်ရန် တိုင်ပင်နေကြသဖြင့် ရန်ဟိုင်က အေးစက်စက်တားမြစ်လိုက်ခြင်းဖြစ်သည်။ ရေသားရဲ၏အမည်က ချိူးထိုဖြစ်ပြီး ဝိညာဥ်မြွေက ချန်းယွမ်ဟု ခေါ်တွင်သည်။ ယဲ့ချန်၊ အမွေးပွလေးနှင့် ထန်တိုက်လင်က ရင်းနှီးကြသောအခါ ရန်သူ၏ရန်သူများဖြစ်သောကြောင့် သူတို့က မိတ်ဆွေများဖြစ်လာကြ၏။ သူတို့က နန်းကုန်းဇီကိုပါ ပူးပေါင်းရန် ဆွဲဆောင်ခဲ့သော်လည်း သူက လျစ်လျူရှုထားခဲ့သည်။ ရန်ဟိုင်၏စကားကြောင့် ချိုးထိုနှင့် ချန်းယွမ်က သူတို့၏အကြံကို စွန့်လွှတ်လိုက်ကြသည်။
"ဒီနှစ်ယောက်ကို သတိထား"
ထန်တိုက်လင်၏စကားသံက ယဲ့ချန်၏နားအတွင်း ဝင်ရောက်လာခဲ့သည်။
"ငါသိပြီ။ နင်ရော ဂရုစိုက်ဦး"
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ပြန်ဖြေလိုက်သည်။ ချိုးထိုနှင့် ချန်းယွမ်တွင် ကောင်းသောအကြံမရှိကြောင်း သူက ပြောနိုင်သည်။
ပင်လယ်ရေအောက်တွင် မီတာရာချီမြင့်ကာ မီတာထောင်ချီကျယ်ဝန်းသော ရေမှော်တောကြီးတစ်ခု ရှိနေပြန်သည်။ ရေနတ်ဘုရားကျင့်စဥ်ကို အသက်သွင်းထားသော ယဲ့ချန်က ရေအောက်တွင် ငါးတစ်ကောင်ပမာကူးခတ်သွားလာနေပြီး သုံးနာရီအကြာတွင် သူတို့အားလုံးက ကမ်းခြေသို့ ရောက်ရှိလာခဲ့ကြသည်။ ကမ်းခြေအနီးသို့ ချဥ်းကပ်လာသောအခါ ယဲ့ချန်သည် ကောင်းကင်မူလတိုက်ကြီး၏ ကောင်းကင်ချီက အရှေ့ပိုင်းတိုက်ကြီးထက် များစွာပို၍ကြွယ်ဝကြောင်း အာရုံခံနိုင်ခဲ့သည်။ သန့်ရှင်းလတ်ဆတ်သော ပတ်ဝန်းကျင်က သူ့ကို အေးမြသွားစေသော်လည်း ချီပင်လယ်အပေါ်ဖိနှိပ်မှုက ပို၍သန်မာလာခဲ့သည်။ ကမ်းရိုးတန်းတလျှောက်တွင် တောင်တန်းကြီးများက နဂါးကြီးများကဲ့သို့ သွယ်တန်းတည်ရှိနေသည်။ မြေပြင်ထက်တွင် ဖြောင့်ဖြူးကျယ်ဝန်းသော လမ်းမကြီးများယှက်သန်းနေပြီး ထိုလမ်းများကြောင့် နယ်မြေတစ်ခုလုံးကို ညီညီညာညာကန့်သတ်ထားသကဲ့သို့ ထင်မှတ်ရသည်။ ယဲ့ချန်တို့အားလုံးက လောကအသစ်ကို စပ်စုလိုစိတ်ဖြင့် စူးစမ်းနေကြသည်။
"မင်းတို့ ငါ့နောက်ကကပ်လိုက်ပြီး လျှောက်မသွားကြနဲ့။ ဒီလမ်းတွေရဲ့အပြင်ဘက်မှာ ကိုယ်ပိုင်နယ်မြေတွေရှိတယ်။ မင်းက ဒီနယ်မြေတစ်ခုကို ကျူးကျော်လိုက်မိရင် နယ်မြေပိုင်ရှင်က သတ်ဖြတ်ခွင့်ရှိတယ်"
ရန်ဟိုင်က လေးနက်စွာသတိပေး၍ ကမ်းခြေမှတဆင့် လမ်းမကြီးပေါ်သို့ ခြေလျင်ခရီးဆန့်လိုက်၏။ နန်းကုန်းဇီက ရန်ဟိုင်၏နောက်တွင် စကားတစ်ခွန်းမှမပြောဘဲ လိုက်ပါလာခဲ့ပြီး တိတ်ဆိတ်စွာဖြင့် ကျင့်ကြံနေပုံပေါ်သည်။ ချိုးထိုနှင့် ချန်းယွမ်က သူ့ကိုလန့်နေသဖြင့် အဝေးမှလိုက်ပါလာကြသည်။ နောက်ဆုံးတွင် ယဲ့ချန်၊ အမွေးပွလေးနှင့် ထန်တိုက်လင်တို့ဖြစ်ပြီး ယဲ့ချန်သည် လမ်းဘေးဝဲယာရှိနယ်မြေများကို စပ်စုနေခဲ့သည်။ ထိုနယ်မြေများတွင် အလွန်အဖိုးတန်သော ဆေးပင်များ စိုက်ပျိုးထားသဖြင့် အရောင်အသွေးစုံလင်လှသည်။ အချို့တွင် မီတာရာချီမြင့်သော သားရဲကြီးများကို မွေးမြူထားပြီး ၎င်းတို့က အပင်စားသတ္တဝါများဖြစ်၍ အလွန်တရာသိမ်မွေ့နူးညံ့ကြသည်။ အချို့နယ်မြေများတွင် နန်းတော်ကြီးများနှင့်တူညီသော ကြီးကျယ်ခမ်းနားသည့် အဆောက်အအုံများ တည်ဆောက်ထားကြသည်။
"ဂီး ဂီး ဂီး"
ထိုနယ်မြေများ၏ အထက်ကောင်းကင်တွင် မိုးပျံသားရဲကြီးများ ကင်းလှည့်နေကြသည်။ ၎င်းတို့က အလွန်ကြီးမားပြီး တောင်ပံများကိုဖြန့်လိုက်လျှင် မီတာရာချီရှိသောကြောင့် ဖိအားကြီးများ ပေးစွမ်းလျက်ရှိသည်။ ၎င်းတို့အားလုံးသည် အနည်းဆုံး ချီပင်လယ်အဆင့်ငါး ဖြစ်ကြပေလိမ့်မည်။
"ငါတို့က ကျိဟွာနတ်တိုင်းပြည်ရဲ့ပိုင်နက်ကို ရောက်နေပြီ။ လမ်းဘေးနှစ်ဖက်မှာ ကျိဟွာတိုင်းပြည်ရဲ့ အထက်တန်းစားအခွင့်ထူးခံတွေ ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေရှိတယ်။ သူတို့ကိုရန်စမိရင် အပြင်းအထန် အပြစ်ပေးခံရနိုင်တယ်။ မင်းတို့က ကြယ်သခင်နှစ်ယောက်ကိုလည်း စကားနဲ့တောင် စော်ကားလို့မရဘူး။ သူတို့ကွယ်လွန်သွားပြီဆိုပေမယ့် ကောင်းကင်မူလတိုက်ကြီးမှာ အလေးစားခံရဆုံးဖြစ်တယ်။ သူတို့ကြောင့်သာမဟုတ်ရင် ငါတို့အားလုံး သေဆုံးသွားပြီးပြီ"
ရန်ဟိုင်က ခရီးဆက်နေရင်း စည်းမျဥ်းအချို့ကို ရှင်းပြနေသည်။ အကြီးအကဲတျန်းယွမ်က ကောင်းကင်မူလတိုက်ကြီးတွင် အလွန်အဆင့်အတန်းမြင့်မည်ဟု ယဲ့ချန်က ထင်မထားပေ။ သူ၏အတွေးများက ကျောက်စိမ်းနန်းတော်အတွင်းတွေ့ခဲ့ရသော တျန်းယွမ်၏ဝိညာဥ်အပိုင်းအစကို ပြန်လည်အမှတ်ရလိုက်သည်။ လမ်းမကြီးအတိုင်း တစ်နာရီကျော် ဆက်လက်လျှောက်လှမ်းလာပြီးနောက် အဝေးတွင် မြို့တစ်ခု ဘွားခနဲထွက်ပေါ်လာသည်။ ၎င်းက ကြီးကျယ်ခမ်းနားခြင်းမရှိဘဲ မြို့ရိုးများကဟောင်းနွမ်းနေပြီး ရေညှိများ ကပ်တွယ်နေသည်။ ကောင်းကင်မူလတိုက်ကြီး၏ ကျင့်ကြံသူများအတွက် ထိုမြို့ရိုးများကိုပြင်ဆင်ရန် အရေးမကြီးသောကြောင့် ဤအတိုင်းသာ ပစ်ထားလိုက်ကြပုံပေါ်သည်။
"ဒီမြို့က ကျိဟွာနတ်တိုင်းပြည်မှာ ရှေးအကျဆုံးမြို့တွေထဲက တစ်ခုဖြစ်တဲ့ ရန်ယွင်မြို့ဖြစ်တယ်။ ဒါက မြို့ဝန်အသစ်ရီရန်ရဲ့ အုပ်ချုပ်မှုအောက်မှာ သိပ်မကြာခင်နှစ်တွေက တိုးတက်လာခဲ့တယ်။ ဒါပေမယ့် ရန်ယွင်မြို့က ကျိဟွာတိုင်းပြည်ထဲက သာမန်မြို့တစ်ခုသာဖြစ်တယ်။ ဒီမြို့အနီးမှာ တာအိုနတ်အဆင့်တွေနေထိုင်တဲ့ တောင်သုံးလုံးရှိပြီး အကျော်ကြားဆုံးကျင့်ကြံသူကတော့ စစ်ဧကရာဇ်ဘစ်ယောက်ရဲ့ တပည့်ဖြစ်တဲ့ ယိရန်ပဲ"
"ရန်ယွင်မြို့ထဲမှာ ကိုယ်ပိုင်နယ်မြေတွေပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေနဲ့ အထက်တန်းစားတွေ နေထိုင်တယ်။ သူတို့ကို ရန်မစမိစေနဲ့"
"ကောင်းကင်မူလတိုက်ကြီးမှာ ဆရာတပည့်ဆက်ဆံရေးက အလွန်အရေးပါတယ်။ တစ်ရက်တာဆရာက တစ်သက်တာအတွက်အဖေပဲ။ ကျင့်ကြံသူတစ်ယောက်က လုံလောက်အောင် အစွမ်းထက်လာပြီဆိုရင် အဓိကအင်အားစုတွေကို ပူးပေါင်းမယ် မဟုတ်ရင် ကိုယ်ပိုင်အင်အားစုတည်ထောင်ပြီး တပည့်တွေ စုဆောင်းကြတယ်။ လူတစ်ယောက်က ဆရာဖြစ်သူကို သစ္စာဖောက်ရင် ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံး လိုက်သတ်တာ ခံရလိမ့်မယ်"
"သာမန်ကျင့်ကြံသူတစ်ယောက်က မြို့ထဲမှာ နေထိုင်ချင်ရင် ဆည်းဆာရွှေသန်းချီကုန်ကျလို့ အလွန်ခက်ခဲတယ်။ မြို့အစွန်အဖျားနေရာတွေမှာတော့ ထျန်းယွမ်ငွေပြားရာချီနဲ့တင် တည်းခိုနိုင်တယ်"
ရန်ဟိုင်က အရှေ့ပိုင်းတိုက်ကြီး၏ကျင့်ကြံသူများအား ရန်ယွင်မြို့အကြောင်းအားလုံးကို အသေးစိတ်ရှင်းပြနေခဲ့လေသည်။