← Chapters

ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း

Vol. 37 Ch. 515

ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း

Vol. 37 Ch. 515

ရန်ယွင်မြို့၏လမ်းမများပေါ်တွင် ချီပင်လယ်အဆင့်ကျင့်ကြံသူများက သာမန်လူများပမာပေါများလှပြီး လမ်းဘေးဝဲယာတွင် ဆေးဖက်ဝင် သစ်သီးသစ်ဥများနှင့် အဆင့်မြင့်ဝိညာဥ်သားရဲအသားများကို ခင်းကျင်းရောင်းချထားသည်။ အဆင့်ကိုးနှင့် တစ်ဆယ် ဝိညာဥ်လက်နက်များကို နေရာတိုင်းတွင်တွေ့မြင်နိုင်ပြီး ကြီးကျယ်ခမ်းနားစွာ အလှဆင်ထားသဖြင့် တဖိတ်ဖိတ်တောက်နေသော စျေးဆိုင်များထက်တွင် လူသားအဆင့်နှင့် ကောင်းကင်အဆင့် လက်နက်များကိုပင် ရောင်းချနေသည်။ အဝေးတစ်နေရာရှိ လေလံအိမ်ကို နီလာခရမ်းသတ္တုနှင့် ပြုလုပ်ထားသောကြောင့် နေရောင်ခြည်အောက်တွင် ၎င်းက ခရမ်းရောင်မီးလျှံများ တောက်လောင်နေသယောင် ထင်မှတ်ရသည်။

ထိုအချိန်တွင် ခရမ်းရောင်ဝတ်ရုံကိုယ်စီ ဆင်မြန်းထားသော လူနှစ်ယောက်က လမ်းပေါ်သို့ ရောက်လာသောအခါ လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။

"အရှင်ရီရန်ရဲ့ လက်အောက်ခံ ပန်းပဲဆရာနှစ်ယောက်ပါလား"

ကောင်းကင်မူလတိုက်ကြီးတွင် ပန်းပဲဆရာများသည် မြင့်မြတ်သော အလုပ်အကိုင်တစ်ခုဖြစ်ကာ နှစ်ပေါင်းသောင်းချီ သီးခြားနေထိုင်ပြီးနောက် ပန်းပဲပညာက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ လူသားအဆင့်နတ်ဆိုးချပ်ဝတ်တစ်ခုက ချီပင်လယ်အဆင့် ကျင့်ကြံသူများကိုလည်းကောင်း၊ မြေအဆင့်နတ်ဆိုးချပ်ဝတ်တစ်ခုက ရွှမ်အဆင့်ငါးအောက် ကျင့်ကြံသူများကိုလည်းကောင်းနှင့် ကောင်းကင်အဆင့်ချပ်ဝတ်က ရွှမ်အဆင့်တစ်ဆယ်အောက် ကျင့်ကြံသူများကို ခုခံနိုင်သောကြောင့် ကျင့်ကြံသူများကို တပ်မက်စေသည်။ လွန်ခဲ့သောစစ်ပွဲများအတွင်း ပန်းပဲဆရာများ၏ လက်နက်များနှင့် ချပ်ဝတ်များကို အသုံးပြုခဲ့ရပြီး ကြယ်သခင်ရှင်းသည်လည်း ပန်းပဲဆရာတစ်ယောက်ဖြစ်နေသည်။ လမ်းပေါ်တွင် လျှောက်လာသူ ပန်းပဲဆရာနှစ်ဦးမှာ ရွှမ်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။

ကောင်းကင်မူလတိုက်ကြီးပေါ်ရှိ မိန်းမတိုင်း၏အိပ်မက်က ပန်းပဲဆရာတစ်ယောက်ကို လက်ထပ်ရန်ဖြစ်သည်။ ပန်းပဲဆရာများပြီးလျှင် ဆေးဆရာများကို အဆင့်အတန်းမြင့်သည်ဟု ဆိုနိုင်သော်လည်း သာမန်ဆေးဆရာများကို အလေးမထားပေ။ နတ်ဆေးလုံးမျိုးကို ဖော်စပ်နိုင်သူများသာ လူတိုင်း၏တန်ဖိုးထားခြင်းကို ခံရသည်။ တိုက်ကြီးတစ်ခုလုံးတွင် ငွေကြေးလေးမျိုးအသုံးပြုပြီး ထျန်းယွမ်ငွေပြား၊ ဆည်းဆာရွှေပြား၊ မိစ္ဆာရွှေပြားနှင့် ခရမ်းရောင်ရွှေပြားဟူ၍ဖြစ်ကာ ထျန်းယွမ်ငွေတစ်သောင်းက ဆည်းဆာရွှေတစ်ပြားနှင့် တူညီပြီး ကျန်သုံးမျိုးမှာလည်း ထိုအတိုင်းသာဖြစ်သည်။

လမ်းမပေါ်တွင် သားရဲများစွာလည်း သွားလာလှုပ်ရှားနေကြသည်။ ကောင်းကင်မူလတိုက်ကြီးတွင် သားရဲများနှင့်လူသားများက နှစ်ပေါင်းများစွာ ယှဥ်တွဲနေထိုင်လာကြသဖြင့် လူမှုရေးအဖွဲ့အစည်းတစ်ခုပမာ ဖြစ်တည်လာသည်။ မည်သူ့ကိုမှ ဓားပြတိုက်ခွင့်၊ လူသတ်ခွင့်မပြုထားဘဲ ရာဇဝတ်မှုကျူးလွန်သူများကို တာအိုအိမ်တော်ဟူသည့် အဖွဲ့အစည်းက အရေးယူသည်။ ၎င်းက ကောင်းကင်မူလတိုက်ကြီး၏ဥပဒေကို ထိန်းကျောင်းရန် တာဝန်ယူထားပြီး အထက်တန်းစားများပင် စည်းကမ်းဖောက်ဖျက်ပါက တာအိုအိမ်တော်၏ အရေးယူခြင်းခံရပေလိမ့်မည်။ တိုက်ခိုက်ရန်ခွင့်ပြုထားသည်မှာ ကောင်းကင်ဘုံများနှင့် စစ်ပွဲဘုံများဖြစ်ကာ ၎င်းတို့ကို ကြယ်သခင်နှစ်ယောက်က သီးခြားနယ်မြေများအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

ရန်ဟိုင်သည် အရှေ့ပိုင်းတိုက်ကြီး၏ ကျင့်ကြံသူခြောက်ယောက်ကိုဦးဆောင်၍ ကြီးများကျယ်ပြန့်သော ရင်ပြင်တစ်ခုထံ ရောက်ရှိလာခဲ့သည်။ ကြီးကျယ်မြင့်မြတ်သော ရုပ်တုတစ်ခုက ရင်ပြင်အလယ်တွင်ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် ကြယ်သခင်ထျန်းယွမ်ဖြစ်ကြောင်း ပြောနိုင်သည်။ မီတာနှစ်ဆယ်ကျော်မြင့်သော ရုပ်တုသည် လူတိုင်း၏ရိုသေလေးစားခြင်းကိုခံရပြီး အစွမ်းထက်အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေသည်။

"ဒီရုပ်တုကို ရန်ယွင်မြို့က ကြယ်သခင်ထျန်းယွမ်ကိုအရိုအသေပေးဖို့ ဆောက်လုပ်ထားတာဖြစ်တယ်။ ကောင်းကင်မူလတိုက်ကြီးရဲ့မြို့တွေမှာ ကြယ်သခင်နှစ်ယောက်ရဲ့ ရုပ်တုတွေရှိတယ်။ ဒါကိုကြည့်လိုက်ရင် ကောင်းကင်မူလတိုက်က သူတို့ကို ဘယ်လောက်အလေးထားလဲ မင်းတို့ သိနိုင်မှာပါ"

ရုပ်တု၏အောက်တွင် စုဝေးနေကြသော ကျင့်ကြံသူများက ရန်ဟိုင်တို့လူစုရောက်ရှိလာသည်ကို မြင်သောအခါ တီးတိုးဆွေးနွေးလိုက်ကြသည်။

"ဒီခြောက်ယောက်က အရှေ့ပိုင်းတိုက်ကြီးက ဖြစ်လိမ့်မယ်"

"အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးမှာ ခြောက်ယောက်တည်း ချီပင်လယ်အဆင့်ကို ရောက်ခဲ့တာလား"

"ကျန်တဲ့တိုက်ကြီးသုံးခုကကျင့်ကြံသူတွေမရောက်သေးဘူးထင်တယ်။သူတို့ကရောအရှေ့ပိုင်းတိုက်ကြီးကိုယှဥ်နိုင်ပါ့မလား"

"ဟိုပင်လယ်မိစ္ဆာမလေးကို ကြည့်စမ်း။ ကောင်းကင်မူလတိုက်ကြီးမှာတောင် ဒီလိုအလှမျိုး ရှားတယ်"

"အမြှီးဆယ်ချောင်းမြေခွေးမလေးကလည်း လူအသွင်ပြောင်းလိုက်ရင် သေချာပေါက်လှမှာ"

လူအုပ်၏အလယ်တွင် ထိုင်ခုံများတန်းစီချထားပြီး အဝတ်အစားမျိုးစုံ ဝတ်ဆင်ထားသူများ နေရာယူထားကြသည်။ သူတို့က တည်ငြိမ်စွာထိုင်နေသော်လည်း အထက်တန်းကျကာ မြင့်မြတ်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ ထိုင်ခုံများ၏အလယ်တွင် ရွှေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်ရှိနေကာ သူက ယဲ့ချန်တို့အားလုံးကို အကဲခတ်နေခဲ့သည်။ သူ၏အကြည့်က တောင်တစ်လုံးပမာလေးလံသော အရှိန်အဝါမျိုးပေးစွမ်းနေပြီး မျက်နှာကချောမောသော်လည်း ဘယ်ဘက်မျက်လုံးအထက်တွင် အမာရွတ်ကြီးတစ်ခုရှိနေသည်။ အစွမ်းထက်ကျင့်ကြံသူများတွင် အမာရွတ်ဖြစ်ရန် မလွယ်သောကြောင့် သူက အစွမ်းထက်ရန်သူတစ်ယောက်ယောက်နှင့် တိုက်ခိုက်ခဲ့ပုံပေါ်သည်။ ထိုင်ခုံများတွင် ထိုင်နေသူအားလုံးက တာအိုနတ်အဆင့်များဖြစ်ကြပြီး စုစုပေါင်း ၁၇ယောက်ဖြစ်သည်။

ထိုကျင့်ကြံသူများ၏ခွန်အားကြောင့် ယဲ့ချန်က အံ့သြနေသည်။ ကောင်းကင်မူလတိုက်ကြီးတွင် အစွမ်းထက်ကျင့်ကြံသူများပြည့်နှက်နေပြီး ကံကောင်းသည်မှာ တိုက်ကြီးတစ်ခုလုံးက ဥပဒေဖြင့် အုပ်ချုပ်ခံထားရခြင်းဖြစ်သည်။ ကောင်းကင်ဘုံများနှင့် စစ်ပွဲဘုံမှလွဲလျှင် အခြားနေရာများ၌ တာအိုနတ်အဆင့်များပင် စိတ်ရှိတိုင်း လူသတ်၍မရပေ။

"ကောင်းကင်မူလတိုက်ကြီးကနေ ကြိုဆိုပါတယ် ကျင့်ကြံသူတို့။ ငါက ရန်ယွင်မြို့တော်ဝန် ရီရန်ပါ။ ဒါတွေက သိုင်းဒေသအသီးသီးရဲ့ ကိုယ်စားလှယ်တွေဖြစ်ပြီး မင်းတို့အတွက် ကောင်းကင်မူလတိုက်မှာရှင်သန်နိုင်ဖို့ သော့ချက်လည်းဖြစ်တယ်။ မင်းတို့မှာ ပါရမီလုံလုံလောက်လောက်ရှိရင် သိုင်းဒေသတွေကရွေးချယ်ပြီး ပျိုးထောင်ပေးလိမ့်မယ်။ ကောင်းကင်မူလတိုက်ကြီးမှာ သိုင်းဒေသ၁၆ခု ရှိပြီး တစ်ခုချင်းစီက အစွမ်းထက်အင်အားစုတွေဖြစ်တယ်။ မင်းတို့ရှေ့မှောက်က အခွင့်အရေးကို ဖမ်းဆုပ်နိုင်အောင် ကြိုးစားကြ"

ရွှေရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူက လေးနက်စွာ အမှာစကားပြောကြားလိုက်သည်။

"သိုင်းဒေသတစ်ခုကို ပူးပေါင်းတာက မင်းတို့အတွက် အကျိုးရှိလိမ့်မယ်။ မင်းတို့ရဲ့ပါရမီကို အဆင့်မြင့်အကြီးအကဲတွေ မျက်စိကျရင် အရင်းအမြစ်တွေပိုရလိမ့်မယ်။ မင်းရဲ့ကျင့်ကြံဆင့်က အဆင့်တစ်ခုကိုရောက်ရင် စစ်ဧကရာဇ်တစ်ယောက်ဆီမှာ မင်းတို့လူတွေကိုခေါ်ဆောင်ပေးဖို့ တောင်းဆိုနိုင်တယ်။ စစ်ဧကရာဇ်တစ်ယောက်မှာသာ ဒီလိုအခွင့်အာဏာမျိုး ပိုင်ဆိုင်တယ်"

ရန်ဟိုင်က ယဲ့ချန်တို့ဘက်လှည့်၍ ရှင်းပြလိုက်သည်။ ယဲ့ချန်နှင့် ထန်တိုက်လင်၏မျက်လုံးများက အရောင်တောက်ပလာခဲ့သည်။ သူတို့က သိုင်းဒေသဟူသော အဖွဲ့အစည်းများအကြောင်း ပို၍သိလိုနေခဲ့သည်။ ချိုးထိုနှင့် ချန်းယွမ်သည်လည်း ထိုအင်အားစုများနှင့်ပူးပေါင်းရန် ဆုံးဖြတ်ထားကြသည်။ ကောင်းကင်မူလတိုက်ကြီး၏ ကျင့်ကြံသူများက အစွမ်းထက်လွန်းသောကြောင့် သူတို့က မောက်မာမှုများကို ခဝါချထားလိုက်ရသည်။ နန်းကုန်းဇီကမူ သူ၏ဝသီအတိုင်း တည်ငြိမ်စွာ ရပ်နေဆဲပင်ဖြစ်သည်။

"လူတိုင်း ကျုပ် အခုစတင်ပါတော့မယ်"

ရီရန်၏စကားအဆုံးတွင် ရင်ပြင်ပေါ်ရှိကျင့်ကြံသူများက ရှဲခနဲဖြစ်သွား၍ စက်ဝိုင်းသဏ္ဍာန်ကွက်လပ်တစ်ခု ဖြစ်ပေါ်လာသည်။ ရီရန်က အရှေ့ပိုင်းတိုက်ကြီး၏ ကျင့်ကြံသူခြောက်ယေက်အပေါ် စမ်းသပ်မှုပြုလုပ်မည်ဖြစ်သောကြောင့် သူတို့၏မျက်လုံးများက သိလိုစိတ်ဖြင့် တောက်ပနေကြသည်။ အရှေ့ပိုင်းတိုက်ကြီး၏ကျင့်ကြံသူများက မည်မျှပါရမီရှိကြောင်းနှင့် သိုင်းဒေသများ၏ ရွေးချယ်ခြင်းခံရမခံရကို တီးတိုးခန့်မှန်းနေကြသည်။ ကောင်းကင်မူလတိုက်ကြီးတွင် ပါရမီကို ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းဖြင့် ဆုံးဖြတ်ပြီး အဆင့်ပိုမြင့်လေလေ အရင်းအမြစ်များ ပိုရလေလေဖြစ်သည်။ ပေါင်းစပ်နှုန်းက အလွန်မြင့်နေလျှင် ဒေသကြီးများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်ဖြစ်ကာ ပါရမီရှင်များအဖြစ် ပျိုးထောင်ခံရပေလိမ့်မည်။ ပေါင်းစပ်နှုန်းက အမြင့်ဆုံးသို့ရောက်လျှင် အလွန်အစွမ်းထက်သော အမွေအနှစ်များကို ရယူနိုင်ပြီး ကြယ်သခင်ရာထူးအတွက်ပင် ယှဥ်ပြိုင်နိုင်လေသည်။

"ဘယ်သူ အရင်လာမလဲ"

ရီရန်၏အကြည့်က ကျင့်ကြံသူခြောက်ယောက်ထံ ကျဆင်းလာသည်။

"ကျုပ် အရင်လုပ်မယ်"

ချန်းယွမ်က ချက်ချင်းရှေ့တက်လာခဲ့ပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်မြင့်မားနေသည်။ သူက ငါးကြိမ်တိုင်တိုင် ပြန်လည်ဝင်စားထားပြီး တစ်ကြိမ်ဝင်စားလိုက်တိုင်း ပါရမီက တိုးတက်လာသောကြောင့် သူ၏ပါရမီအပေါ် အဆင့်မြင့်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနေခဲ့သည်။

"သူ့နာမည်က ချန်းယွမ်လို့ ခေါ်ပါတယ်"

ရန်ဟိုင်က မိတ်ဆက်ပေးလိုက်သည်။

"ကောင်းပြီ။ ဒါဆိုရင် မင်းက ပထမဆုံးပေါ့"

ရီရန်က ခေါင်းညိတ်၍ ညာလက်ကိုယမ်းလိုက်သောအခါ ကိုးရောင်ခြယ်ပုလဲတစ်လုံး ထွက်ပေါ်လာခဲ့သည်။ ၎င်းက ကြည်လင်စွာတောက်ပနေပြီး အလင်းရောင်များကို ချန်းယွမ်၏ခန္ဓာကိုယ်အပေါ် ဖြာကျစေလိုက်သည်။ ကိုးရောင်ခြယ်ပုလဲက လူတစ်ယောက်၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို အလင်းရောင်များဖြင့် စစ်ဆေးနိုင်နေသည်။

"ပေါင်းစပ်နှုန်းကိုး။ ဒါက သိပ်တော့မဆိုးပါဘူး။ အနာဂတ်မှာ ကောင်းကောင်းကြိုးစားရင် ရွှမ်အဆင့်ကိုရောက်ပြီး ရန်ယွင်မြို့မှာ အထက်တန်းစားတစ်ယောက်အဖြစ် နေထိုင်နိုင်မယ်"

ပုလဲထံမှ အသံတစ်ခုထွက်လာပြီးနောက် ရီရန်၏မျက်နှာထက်တွင် စိတ်ပျက်မှုများ ဖြစ်ပေါ်လာသည်။ သူ၏ကောက်ချက်ကို ကြားသောအခါ ကိုယ်စားလှယ်များကလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ ပေါင်းစပ်နှုန်းကိုးဟူသည် သူတို့အတွက် ဤခရီးကို လာရကျိုးမနပ်စေခဲ့ပေ။ ကောင်းကင်မူလတိုက်ကြီးတွင် ရွှမ်အဆင့်များ လက်ညှိုးထိုးမလွဲ ပေါများနေသည်။

ပေါင်းစပ်နှုန်းက ငါးအထက်ဆိုလျှင် ရွှမ်အဆင့်သို့ရောက်နိုင်ပြီး အထက်တန်းစားတစ်ယောက်အဖြစ် နေထိုင်နိုင်သည်။ နှစ်ဆယ်အထက်ဆိုလျှင် တာအိုနတ်အဆင့်သို့ရောက်နိုင်ပြီး ငါးဆယ်အထက်ဆိုလျှင် စစ်ဧကရာဇ်အဆင့်အထိ ကျင့်ကြံနိုင်သည်။ ၎င်းက ခုနစ်ဆယ့်ငါးအထက်ဆိုလျှင် နတ်အစေခံတစ်ယောက် ဖြစ်လာနိုင်သည့်အပြင် ကြယ်သခင်ရာထူးအတွက်ပါ မျှော်လင့်ချက်ရှိပေသည်။ ထျန်းယွမ်နှင့် ရှင်းရွှမ် ငယ်စဥ်က ပါရမီစစ်ဆေးခဲ့ရာတွင် ပေါင်းစပ်နှုန်းက ကိုးဆယ်ကျော်ဖြစ်သည်။ ကြယ်သခင်တစ်ယောက်ဖြစ်လာလျှင် ပေါင်းစပ်နှုန်းက တစ်ရာဖြစ်လာပြီး အထွတ်အထိပ်တည်ရှိမှုများ ဖြစ်လာကြသည်။

"ငါက ဆက်တိုက်ပြန်လည်ဝင်စားနေရင် ပိုမြင့်တဲ့အဆင့်ကို သေချာပေါက်ရောက်လိမ့်မယ်။ ဒီပုလဲလေးတစ်လုံးက ငါ့ပါရမီကို ဘယ်လိုလုပ်ဆုံးဖြတ်နိုင်မှာလဲ"

ချန်းယွမ်က သူ၏ပါရမီကို လက်မခံနိုင်ဟန်ဖြင့် စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်၏။ သို့သော်လည်း သူမသိသည်မှာ သူ၏သွေးမျိုးဆက်က ကောင်းကင်မူလတိုက်ကြီးတွင် သာမန်ဖြစ်ကြောင်းကိုပင်ဖြစ်သည်။ သူက နှစ်ထောင်ပေါင်းများစွာ ပြန်လည်ဝင်စားလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။

"နောက်တစ်ယောက် ဘယ်သူလာမလဲ"

ရီရန်၏အကြည့်က ကျန်ငါးယောက်ထံ ကျဆင်းလာသည်။ ဤကား တိုက်ကြီးလေးခု၏ကျင့်ကြံသူများထံမှ ပါရမီရှင်များကိုဆွဲထုတ်ရန် ကြယ်သခင်ရှင်း၏ အစီအမံဖြစ်သည်။

"ငါ လုပ်ပါရစေ။ ပင်လယ်မိစ္ဆာမျိုးနွယ်က ထန်တိုက်လင်"

ထန်တိုက်လင်၏ အေးစက်စက်စကားသံလေးက ကြည်လင်သော စမ်းရေကျသံလေးပမာ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သူမက လူအသွင်ပြောင်းထားပြီး အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့် လှပသောအသွင်ကိုဆောင်သည်။ သူမက ဖြောင့်စင်းသွယ်လျသော ခြေတံအစုံဖြင့် ရှေ့တက်လာသောအခါ ခြေကျင်းဝတ်တွင်ဝတ်ဆင်ထားသော ကျောက်စိမ်းခြေကျင်းလေးများက လှုပ်ခတ်နေခဲ့လေသည်။

All Chapters