ကောင်းကင်ကို ဆန့်ကျင်နေသော ပါရမီရှင်
Vol. 37 Ch. 516
အေးစက်တည်ငြိမ်သော ရေခဲအလှနတ်မိမယ်လေးက လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ရီရန်ကဲ့သို့ စိတ်ဓာတ်ခိုင်မာသူပင် ထန်တိုက်လင်ကိုမြင်သောအခါ မျက်လုံးများ တွေဝေသွားခဲ့သည်။ သို့သော် သူက စိတ်ကိုချက်ချင်းပြန်ထိန်းလိုက်ပြီး ကိုးရောင်ခြယ်ပုလဲကို ထန်တိုက်လင်ထံ ကမ်းပေးလိုက်သည်။
"ဒါကို ကြယ်ပုလဲလို့ခေါ်ပြီး လူသားတွေလိုမျိုး အသိဉာဏ်တစ်ခုရှိတယ်။ သူ့ရဲ့ဘာသာစကားကိုတော့ မင်းနားလည်မှာ မဟုတ်ဘူး"
ရီရန်၏စကားကြောင့် ယဲ့ချန်သည် ကြယ်ပုလဲကို အံ့သြစွာကြည့်လိုက်သည်။ အသိဉာဏ်ရှိသော ပုလဲက သက်ရှိသတ္တဝါတစ်မျိုးပင် ဖြစ်နေနိုင်သည်။
ကြယ်ပုလဲ၏အလင်းရောင်များက ထန်တိုက်လင်အပေါ် ဖြာကျလာပြီး ၎င်းက တဆတ်ဆတ်တုန်ခါလာသည်။ ၎င်းက နတ်အလင်းများဖြာထွက် တောက်ပလာသောကြောင့် ကိုယ်စားလှယ်ဆယ့်ခြောက်ယောက်လုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာကြသည်။
"ပေါင်းစပ်နှုန်း၇၂။ အနာဂတ်မှာ ကောင်းကောင်းလေ့ကျင့်ပေးလိုက်ရင် သူမက သေချာပေါက် စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာလိမ့်မယ်။ ကြယ်နတ်ဆေးကို အသုံးပြုလိုက်ရင် နတ်အစေခံဖြစ်လာဖို့ လိုအပ်ချက်ကိုတောင် ပြည့်မီသွားနိုင်တယ်"
စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာနိုင်သော သူမ၏ပါရမီကြောင့် လူတိုင်းက အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။ မည်သည့်သိုင်းဒေသသို့ ပူးပေါင်းသည်ဖြစ်စေ သူမက ပါရမီရှင်တစ်ယောက်ကဲ့သို့ ဖူးဖူးမှုတ်ခံထားရပေလိမ့်မည်။
"ထန်တိုက်လင် ဟုတ်လား။ တော်တော်ထူးချွန်တယ်။ ကောင်းကင်မူလတိုက်ကြီးရဲ့ ဒေသကြီးဆယ်ခုကို သားရဲတွေအုပ်ချုပ်ပြီး ဘယ်ဒေသမဆို မင်းကိုလိုချင်မယ်လို့ ငါ ယုံတယ်"
ရီရန်က ချီးကျူးလိုက်ခြင်းဖြစ်သည်။ ထန်တိုက်လင်က ရန်ယွင်မြို့မှမဟုတ်သော်လည်း ဤမြို့က ကောင်းကင်မူလတိုက်ကြီးတွင် သူမ၏ ပထမဆုံးမှတ်တိုင်ဖြစ်သည်။ ထို့ကြောင့် သူမသာ တစ်နေ့တွင် စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာလျှင် ရန်ယွင်မြို့သည်လည်း လိုက်ပါကျော်ကြားလာပေလိမ့်မည်။ ထန်တိုက်လင်က ခေါင်းညိတ်၍ ကိုယ်စားလှယ်ဆယ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။
"ကျုံးဟိုင်ဒေသမှာ ပင်လယ်မိစ္ဆာမျိုးနွယ်တွေ ရှိတယ်"
ပင်လယ်မိစ္ဆာတစ်ယောက်ဖြစ်သော ကိုယ်စားလှယ်တစ်ယောက်က သူမကို ဆွဲဆောင်လိုက်ခြင်းဖြစ်သည်။
"ဘာကြောင့် ကျုံးဟိုင်ဒေသကို သွားနေမှာလဲ။ ငါတို့မှာလည်း ပင်လယ်မိစ္ဆာမျိုးနွယ်တွေရှိတယ်"
အနီရောင်မုတ်ဆိတ်ရှည်ကြီးကို ပိုင်ဆိုင်ထားသော ကိုယ်စားလှယ်တစ်ယောက်က တစ်ချက်ပြုံး၍ ဝင်ဟန့်လိုက်သည်။
"ထန်တိုက်လင် ငါတို့သွေးဒေသမှာ ပင်လယ်မိစ္ဆာမျိုးနွယ်တွေသိပ်မရှိပေမယ့် အစွမ်းထက်အမွေအနှစ်တွေ အများကြီးရှိတယ်။ ပင်လယ်နတ်ဘုရားရဲ့ အမွေအနှစ်တောင် ငါတို့ ပိုင်ဆိုင်ထားတယ်"
လူငယ်တစ်ယောက်နှင့်တူညီသော သွေးဒေသ၏ကိုယ်စားလှယ်က သိမ်မွေ့စွာ ပြောလိုက်သည်။
"ရှင်းဟိုင် ကျုံးဟိုင်နဲ့ သွေးဒေသ သုံးခုလုံးမှာ ပင်လယ်နတ်ဘုရားရဲ့ အမွေအနှစ်ရှိတယ်။ မင်းရဲ့အနာဂတ်အတွက် ဒီသုံးခုက အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မယ်"
ရီရန်က ထန်တိုက်လင် ရွေးချယ်ရလွယ်ကူစေရန် ကူပြောပေးလိုက်သည်။ အခြားဒေသများမှ ကိုယ်စားလှယ်များက မလိုလားသော်လည်း သူတို့တွင် ပင်လယ်မိစ္ဆာအမွေအနှစ်များမရှိသောကြောင့် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရ၏။ သိုင်းဒေသကြီးများက အချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်သော်လည်း စည်းလုံးညီညွှတ်ကြသည်။ ထန်တိုက်လင်အတွက် ကိုက်ညီသော ဒေသတစ်ခုထံမှ သူမကိုလုယူရန်အတွက် မကောင်းသောစိတ်ထားများ လုံးဝမရှိကြပေ။
"ပင်လယ်နတ်ဘုရားအမွေအနှစ်။ ကျေးဇူးပြုပြီး စဥ်းစားဖို့ အချိန်ခဏယူပါရစေ"
ထန်တိုက်လင်သည် မျက်လုံးများ တောက်ပနေသော်လည်း ယဲ့ချန်ကို တစ်ချက်လှည့်ကြည့်၍ တုံ့ဆိုင်းနေခဲ့သည်။
"ရပါတယ်။ မင်းစိတ်ကြိုက် အချိန်ယူစဥ်းစားနိုင်ပါတယ်။ မင်းမှာ မေးခွန်းတွေရှိရင်လည်း လွတ်လွတ်လပ်လပ်မေးပါ။ ဘယ်ဒေသကို ရွေးချယ်တာဖြစ်ဖြစ် မင်းကို အကောင်းဆုံးပျိုးထောင်ပေးမှာပါ"
ကိုယ်စားလှယ်သုံးယောက်က ခေါင်းညိတ်၍ ကိုယ်စီကတိပေးလိုက်ကြသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၇၂က အလွန်ရှားပါးသည်ဟုဆိုနိုင်သည်။ ရန်ယွင်မြို့၏သမိုင်းကြောင်းတွင် ပေါင်းစပ်နှုန်းငါးဆယ်အထက်ရှိသော ပါရမီရှင်တစ်ယောက်တည်းသာ ထွက်ပေါ်လာဖူးသည်။ ထိုလူက စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာခဲ့သော်လည်း အတိတ်မှစစ်ပွဲများတွင် ကျဆုံးခဲ့ပြီး ထန်တိုက်လင်က အပြင်လူတစ်ယောက်ဖြစ်သော်လည်း ရန်ယွင်မြို့၏ဒုတိယမြောက်ပါရမီရှင်ဟု ခေါ်ဆိုနိုင်ပေသည်။ ရေခဲအလှမယ်လေးကိုစိုက်ကြည့်နေသော ကျင့်ကြံသူများ၏အကြည့်က ပို၍စူးရှတောက်ပလာခဲ့သည်။ ဤကမ္ဘာကြီးတွင် အလှတရားထက် ပါရမီနှင့်ကျင့်ကြံဆင့်က ပို၍အရေးပါသည်။ ထန်တိုက်လင်သည် ပြိုင်ဘက်ကင်းလောက်အောင် လှပနေရုံသာမက အံ့လောက်ဖွယ်ပါရမီကို ပိုင်ဆိုင်ထားသောအခါ လူတိုင်း၏အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူမက မရေမတွက်နိုင်သော လူများ၏စံပြပါရမီရှင်ဖြစ်လာကာ အနာဂတ်တွင် ရန်ယွင်မြို့၏ ဒဏ္ဍာရီတစ်ခုဖြစ်လာပေလိမ့်မည်။
ထန်တိုက်လင်ကိုစိုက်ကြည့်နေသော ချိုးထို၏မျက်လုံးများတွင် ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။သူက ၎င်းကို ချက်ချင်းဖုံးကွယ်လိုက်သော်လည်း ယဲ့ချန်က သတိပြုမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"နောက်တစ်ယောက်"
ထန်တိုက်လင်၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကြောင့် အရှေ့ပိုင်းတိုက်ကြီး၏ ကျင့်ကြံသူများအပေါ် ရီရန်က ပို၍စိတ်ဝင်စားလာခဲ့သည်။
"ငါလုပ်မယ်။နာမည်က နန်းကုန်းဇီလို့ ခေါ်တယ်"
လက်နှစ်ဖက်နောက်ပစ်ထားသော နန်ကုန်းဇီက တည်ငြိန်သောဟန်ပန်ဖြင့် မြင့်မြတ်သူတစ်ယောက်ပမာရှေ့ ထွက်လာခဲ့သည်။ ရီရန်နှင့်ကိုယ်စားလှယ်များသည် သူ၏ထူးခြားသောအရှိန်အဝါကို အချိန်အတန်ကြာတည်းက သတိထားမိသောကြောင့် စိတ်ဝင်စားမှုဒီဂရီ မြင့်တက်လာကြသည်။
ကိုးရောင်ခြယ်ပုလဲသည် နန်းကုန်းဇီထံ ပျံသန်းလာပြီး အလင်းရောင်များ ထုတ်ဖော်လိုက်သည်။ သို့သော်လည်း ၎င်းက အချိန်ခဏတာတည်ငြိမ်နေပြီး လှုပ်ရှားမှု လုံးဝမရှိခဲ့ပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပေါင်းစပ်နှုန်းက အရမ်းနိမ့်နေလို့များလား"
ရီရန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ နန်းကုန်းဇီ၏အရှိန်အဝါက ထူးခြားနေသော်လည်း ပေါင်းစပ်နှုန်းနိမ့်ကျနေခြင်းက မဖြစ်နိုင်ပေ။
ထိုအချိန်၌ ကြယ်ပုလဲက မျက်စိများကျိန်းစပ်လောက်အောင် တောက်ပလာပြီး ထန်တိုင်လင်ထက် ပို၍လင်းထိန်နေခဲ့သည်။ ၎င်းက အဆက်မပြတ်တုန်ခါလာပြီး ကုချင်းတီးခတ်သံကဲ့သို့ သာယာသော ဂီတသံတစ်ခု ထွက်ပေါ်လာသည်။ နန်းကုန်းဇီက တည်ငြိမ်သောမျက်နှာထားဖြင့် လက်ဝါးကို ဆန့်ထုတ်လိုက်သောအခါ ကြယ်ပုလဲက အသိဉာဏ်ရှိသည့်အလား လက်ဝါးပေါ်သို့ ဆင်းသက်လာခဲ့၏။ သူက လက်ဝါးပေါ်ရှိ ကြယ်ပုလဲကို တည်ငြိမ်သောမျက်လုံးများဖြင့်စို က်ကြည့်နေခဲ့သည်။
"ပေါင်းစပ်နှုန်း ၈၂။ နောက်ထပ်နတ်အစေခံတစ်ယောက် ထွက်ပေါ်လာတော့မယ်"
နန်းကုန်းဇီ၏ပါရမီကြောင့် ရီရန်ရော ကိုယ်စားလှယ်များပါ ပါးစပ်အဟောင်းသားဖြစ်သွားကာ ပြိုင်တူအော်ဟစ်လိုက်ကြသည်။
"ယုံနိုင်စရာကိုမရှိဘူး။ အပြင်လူတစ်ယောက်ရဲ့ ပေါင်းစပ်နှုန်းက ၈၂ဖြစ်နေတယ်"
စောင့်ကြည့်နေကြသော ကျင့်ကြံသူများက ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်အားပေးနေကြသည်။ လူတိုင်းက နန်းကုန်းဇီကို လေးစားစွာစိုက်ကြည့်နေကြပြီး အနာဂတ် နတ်အစေခံကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့ရသည့်အတွက် ကံကောင်းသည်ဟု ခံစားနေကြရသည်။ ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံး၌ပင် နတ်အစေခံဆယ်ယောက်သာ ရှိသည်။ သူတို့က ကောင်းကင်မူလကြယ်ကို စောင့်ရှောက်ပေးနေကြပြီး နတ်အစေခံများသာမရှိလျှင် ကြယ်ကြီးတစ်ခုလုံး မျိုးခြားလက်ချက်ဖြင့် ကျရှုံးသွားပြီးဖြစ်ပေလိမ့်မည်။ နတ်အစေခံများက ကြယ်တစ်ခုလုံး၏ ကာကွယ်သူနတ်ဘုရားများ ဖြစ်ကြပေသည်။
"နတ်အစေခံတစ်ယောက် မပြောနဲ့။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ရှစ်ဆယ်ကျော်တဲ့ ပါရမီရှင်တောင် နှစ်သောင်းချီအတွင်းမှာ တစ်ယောက်မှ ထွက်ပေါ်မလာဖူးဘူး။ ဒီနေ့ နောက်ထပ်တစ်ယောက်ကို မြင်ရမယ်လို့ မထင်ထားဘူး"
"ကြယ်သခင်ရှင်းရဲ့ ဆုံးဖြတ်ချက်က မှန်ပုံပဲ။ ဒီလိုပါရမီရှင်မျိုးရဖို့အတွက် ဘာဖြစ်ဖြစ် ထိုက်တန်ပါတယ်"
"အနာဂတ်ရဲ့ နတ်အစေခံအဆင့်ကျင့်ကြံသူကို ငါတို့တွေ့ခွင့်ရတာ ကံကောင်းတယ်"
"ကောင်းကင်မူလတိုက်ကြီးမှာ နောက်ထပ်ကာကွယ်သူတစ်ယောက် ထွက်ပေါ်လာတော့မယ်"
ကျင့်ကြံသူတိုင်းက ပျော်ရွှင်စွာဖြင့် အားပေးနေကြသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၈၂ ပိုင်ဆိုင်ထားသော နန်းကုန်းဇီကို အရင်းအမြစ်များ လုံလောက်စွာထောက်ပံ့ပေးလိုက်လျှင် သေချာပေါက် နတ်အစေခံတစ်ယောက် ဖြစ်လာပေလိမ့်မည်။ ပေါင်းစပ်နှုန်း ဤမျှမြင့်မားသော ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံခြင်းတွင် အလွန်မြန်ဆန်ပြီး ထမင်းစားရေသောက်ကဲ့သို့ ပုံမှန်အလုပ်မျိုးဖြစ်ပေသည်။ ကောင်းကင်မူလတိုက်ကြီးတွင် ကျင့်ကြံသူများစွာရှိပြီး အရင်းအမြစ်များက အကန့်အသတ်ရှိ၍ ရွှမ်အဆင့်နှင့် တာအိုနတ်အဆင့်များပင် စိတ်တိုင်းကျ အသုံးမပြုနိုင်ချေ။ သို့သော် နတ်အစေခံတစ်ယောက်ဖြစ်လာနိုင်သော ပါရမီရှင်တစ်ယောက်အတွက် မည်သည့်သိုင်းဒေသကြီးမဆို အရင်းအမြစ်များကိုပုံအော အသုံးပြုပေလိမ့်မည်။
"သခင်လေးနန်းကုန်း ဒီကိုယ်စားလှယ်ခြောက်ယောက်က လူသားကျင့်ကြံသူတွေရဲ့ သိုင်းဒေသကြီးတွေကဖြစ်တယ်။ ခြောက်ခုလုံးမှာ လူသားမျိုးနွယ်ရဲ့ ထိပ်တန်းအမွေအနှစ်တွေ ပိုင်ဆိုင်ထားတဲ့အတွက် မင်းစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်"
ရီရန်က ကိုယ့်ကိုကိုယ်တည်ငြိမ်စေရန် ထိန်းချုပ်၍ ပြောလိုက်ခြင်းဖြစ်သည်။ ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးသည် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၈၂နှင့် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသော ရန်ယွင်မြို့အပေါ် အာရုံစိုက်လာကြတော့မည်ဖြစ်သည်။ နန်းကုန်းဇီ၏အရှိန်အဝါဖြင့် အစွမ်းထက်ကျင့်ကြံသူများက ရန်ယွင်မြို့ကို ပြဿနာရှာကြတော့မည် မဟုတ်ချေ။
ကိုယ်စားလှယ်ခြောက်ယောက်က သူတို့၏အခြေအနေများကို ဖော်ပြပြီးနောက် နန်းကုန်းဇီသည် ခဏတာစဥ်းစားကာ မြင့်မြတ်ဝိညာဥ်ဒေသကို ရွေးချယ်လိုက်၏။ ထိုဒေသ၏ကိုယ်စားလှယ်က ပျော်ရွှင်လွန်းသဖြင့် စကားမပြောနိုင်လောက်အောင် ဆွံ့အနေခဲ့သည်။ ကျန်ကိုယ်စားလှယ်ငါးယောက်ကမူ နတ်အစေခံဖြစ်လာနိုင်သော ပါရမီရှင်ကို လက်လွှတ်လိုက်ရသည့်အတွက် စိတ်ဓာတ်ကျနေကြသည်။
ထို့နောက် ရီရန်သည် အမွေးပွလေးကို ကြယ်ပုလဲဖြင့် စစ်ဆေးလိုက်ပြီးနောက် သူမ၏ပေါင်းစပ်နှုန်းက ၇၁ဖြစ်သည်။ ထို့ကြောင့် သားရဲဒေသများ၏ ကိုယ်စားလှယ်များက ထပ်မံလှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး စစ်ဧကရာဇ်အဆင့်ရောက်နိုင်သော ပါရမီရှင်ကို လုယူရန် ပြင်ဆင်နေကြသည်။
"ဒီနေ့ ဘာတွေဖြစ်နေတာလဲ"
"အရှင်ရှင်းရဲ့အကြံကို အခုမှ သေချာနားလည်တယ်။ သူ့ကြောင့်သာမဟုတ်ရင် အပြင်ပိုင်းတိုက်ကြီးတွေမှာ ဒီလိုပါရမီရှင်တွေရှိနေတာကို သိရမှာမဟုတ်ဘူး"
ကိုယ်စားလှယ်ဆယ်ယောက်က ရက်ရက်ရောရောပေးကမ်း၍ အမွေးပွလေးကို ဆွဲဆောင်နေကြသည်။ ၎င်းတို့အနက်မှ ဒေသတစ်ခုတွင် အမြှီးဆယ်ချောင်းနတ်မြေခွေးများ ကိုယ်တိုင်ရှိနေပြီး အမွေးပွလေးအတွက် ဆရာအဖြစ် သင်ကြားပေးနိုင်စွမ်းရှိနေသည်။ ထို့အပြင် သူတို့က နတ်မြေခွေးမျိုးနွယ်၏ အမွေအနှစ်များကို ပိုင်ဆိုင်ထားလေသည်။