ယဲ့ချန်၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း
Vol. 37 Ch. 517
အမွေးပွလေးသည် ပုံရိပ်ယောင်ပုလဲအတွင်းမှ ဘိုးဘေးများ၏အကြံဉာဏ်ကို လျစ်လျူရှုကာ ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမက ယဲ့ချန်သွားမည့်နေရာသို့ အတူလိုက်ပါပေလိမ့်မည်။
"မင်း ပြန်စဥ်းစားပေးဖို့ မျှော်လင့်ပါတယ်"
မူလဝိညာဥ်သိုင်းဒေသ၏ ကိုယ်စားလှယ်က လက်မလျှော့လိုဟန်ဖြင့် ဖြောင်းဖျနေသည်။ အမွေးပွလေးနှင့် ထိုကိုယ်စားလှယ်က သားရဲဘာသာစကားဖြင့် ဆက်သွယ်နေသောကြောင့် ယဲ့ချန်က အလုံးစုံနားမလည်နိုင်သော်လည်း တစ်ချို့တလေကိုဖြင့် သိရှိနေခဲ့သည်။ အမြှီးဆယ်ချောင်းမြေခွေးများ ပိုင်ဆိုင်ထားသော မူလဝိညာဥ်ဒေသသည် သူမအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သော်လည်း ယဲ့ချန်ကြောင့် တွန့်ဆုတ်နေခဲ့သည်။ ထိုဒေသတွင် နတ်မြေခွေးအမွေအနှစ် တည်ရှိနေသည့်အပြင် အမြှီးဆယ်ချောင်းမြေခွေးများကလည်း သူမ၏ကျင့်ကြံခြင်းကို လမ်းညွှန်ပေးရန် အသင့်ရှိနေကြသည်။ ထို့ကြောင့် ယဲ့ချန်သည် အကျိုးအပြစ်များကိုတွက်ဆ၍ အမွေးပွလေးအား ကိုယ်တိုင်ဖြောင်းဖျရန် ဆုံးဖြတ်လိုက်၏။
အချိန်ခဏအကြာတွင် ချိုးထိုက စမ်းသပ်မှုခံယူခဲ့ပြီး ပေါင်းစပ်နှုန်းက ၃၆ဖြစ်သောကြောင့် ပါရမီမဆိုးလှသော်လည်း ထန်တိုက်လင်၊ အမွေးပွလေး၊ နန်းကုန်းဇီတို့နှင့်ယှဥ်လျှင် မပြောပလောက်တော့ပေ။ နောက်ဆုံးတွင် သူက ချုံးဟိုင်သိုင်းဒေသကိုဝင်ရောက်ရန် ရွေးချယ်ခဲ့ပြီး အမွေးပွလေးနှင့် ထန်တိုက်လင်ကို မလိုလားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးကျန်သော ယဲ့ချန်ထံ လူတိုင်း၏အကြည့်များ ကျရောက်လာကြသည်။ အရှေ့ပိုင်းတိုက်ကြီးရှိ ကျင့်ကြံသူသုံးယောက်၏ပါရမီက ကမ္ဘာတုန်လောက်အောင် မြင့်မားသောကြောင့် သူ့အပေါ် မျှော်လင့်ချက်များထားခဲ့ကြသည်။
ယဲ့ချန်က တည်ငြိမ်စွာ ရှေ့တက်လိုက်သောအခါ ရန်ဟိုင်သည် သူ့အပေါ် မြင့်မြင့်မားမားတွေးထားခဲ့သည်။ သူ၏ကျင့်ကြံနှုန်းက အလွန်မြန်သောကြောင့် ပါရမီကလည်း သေချာပေါက်ထူးခြားပြီး ပေါင်းစပ်နှုန်းက နန်းကုန်းဇီအောက် အနည်းငယ်သာ နိမ့်ကျပေလိမ့်မည်။ လူတိုင်းက ယဲ့ချန်ကိုစောင့်ကြည့်နေကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ ရီရန်က ကြယ်ပုလဲဖြင့် သူ့ကိုစစ်ဆေးလိုက်သောအခါ အချိန်အတန်ကြာသည်အထိ ၎င်းက တုံ့ပြန်မှုမရှိခဲ့ပေ။ လူတိုင်း၏မျက်လုံးများ ပြူးကျယ်လာကာ ရလဒ်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။ ကြယ်ပုလဲက နန်းကုန်းဇီကိုစစ်ဆေးရာတွင်လည်း ဤကဲ့သို့ပင် အချိန်ကြာမြင့်စွာ တည်ငြိမ်နေခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်၏ပေါင်းစပ်နှုန်းသည်လည်း နန်းကုန်းဇီကဲ့သို့ မြင့်မားနေဟန်တူသည်။ မူလတွင် ရန်ယွင်မြို့ရှိ ကျင့်ကြံသူများက အရှေ့ပိုင်းတိုက်ကြီးမှကျင့်ကြံသူများကို အထင်မကြီးသော်လည်း အစွမ်းထက်ပါရမီရှင်သုံးယောက် ထွက်ပေါ်လာခဲ့သောကြောင့် အထင်မသေးရဲတော့ပေ။ သို့သော်လည်း ကြယ်ပုလဲက လေထဲတွင် တိတ်ဆိတ်စွာမျောလွင့်နေပြီး မည်သည့်အလင်းများမှ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။
ယဲ့ချန်သည် ကြယ်ပုလဲထံမှ တွန်းကန်အားတစ်ခုကို ခံစားနေရသဖြင့် မျက်မှောင်ကြုတ်လိုက်၏။ ကြယ်ပုလဲက သူနှင့်နီးကပ်လေလေ ထိုတွန်းအားက ပို၍သန်မာလာလေလေဖြစ်သည်။ နန်းကုန်းဇီသည်လည်း ယဲ့ချန်ကို စိတ်ရှုပ်စွာကြည့်နေမိသည်။ သူ၏တွက်ချက်မှုများအရ ယဲ့ချန်၏ပါရမီသည် သူ့အောက်လုံးဝမနိမ့်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းသည် အနည်းဆုံး ရှစ်ဆယ်နီးပါးရှိရမည်ဖြစ်သော်လည်း ရလဒ်က သူထင်ထားသည်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။
"ဘာတွေဖြစ်ကုန်တာလဲ"
ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏ မျှော်လင့်ချက်များက မယုံနိုင်မှုအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ သူတို့က ဆက်လက်စောင့်ဆိုင်းခဲ့သော်လည်း ကြယ်ပုလဲက လုံးဝတုံ့ပြန်မှုမရှိချေ။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက မည်မျှနိမ့်ကျနေပါစေ၊ ကြယ်ပုလဲက အနည်းဆုံး တုံ့ပြန်မှုတစ်ခုတော့ ရှိရပေလိမ့်မည်။
"သူ့ရဲ့ပေါင်းစပ်နှုန်းက သုည ဖြစ်နေလို့များလား"
ရီရန်ကိုယ်တိုင်ပင် ဤကိစ္စမျိုးမကြုံဖူးသောကြောင့် မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်နေသည်။ ကောင်းကင်မူလတိုက်ကြီး၏ သမိုင်းကြောင်းအတွင်း ပေါင်းစပ်နှုန်း သုညရှိသူဟူ၍ ထွက်ပေါ်မလာဖူးပေ။
"ကြယ်ပုလဲက တစ်ခုခုမှားနေတာလား"
"ကောင်းကင်မူလကြယ်ပေါ်မှာ မွေးဖွားတဲ့သူဆိုရင် ပေါင်းစပ်နှုန်းက သုညဖြစ်နေစရာ အကြောင်းမရှိဘူး။ ဒီကောင်က မျိုးခြားတစ်ယောက်လား"
လူတိုင်းက ယဲ့ချန်ကို ရန်လိုစွာ ဝိုင်းကြည့်နေကြသည်။ ရီရန်နှင့် ကိုယ်စားလှယ်များက တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သော်လည်း ယဲ့ချန်က အမှန်တကယ် လူသားတစ်ယောက်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
"သူကမျိုးခြားဆိုရင် ကြယ်ပုလဲက သေချာပေါက်တိုက်ခိုက်လိမ့်မယ်"
"ဒါဆိုရင် ဘာဖြစ်တာလဲ"
"ပေါင်းစပ်နှုန်းက သုညဆိုရင် သူက တစ်သက်လုံး ချီပင်လယ်အဆင့်ကနေ တက်နိုင်မှာ မဟုတ်တော့ဘူး"
ယဲ့ချန်ကိုယ်တိုင်လည်း သူက ပြန်လည်ဝင်စားသူတစ်ယောက်ဖြစ်သောကြောင့် ပေါင်းစပ်နှုန်းက သုညဖြစ်နေခြင်းလားဟု တွေးနေမိသည်။
"ယဲ့ချန် ဒီပုလဲက တစ်ခုခုမှားနေတာဖြစ်ရမယ်။ မင်းရဲ့ပေါင်းစပ်နှုန်းက သုညဆိုရင်တောင် ဒါက ငါ့ရဲ့ပေါင်းစပ်နှုန်းကို အာရုံခံမိမှာ သေချာတယ်။ မင်းနဲ့ ငါက တစ်ယောက်တည်းအဖြစ် ပေါင်းစပ်ပြီးနေပြီ။ မင်းရဲ့ကျင့်စဥ်ကထူးခြားတော့ ဒီပုလဲရဲ့ဆုံးဖြတ်ချက်ကို ဂရုစိုက်နေစရာမလိုဘူး"
ခြင်္သေ့ကြီး၏စကားသံက ယဲ့ချန်၏ခေါင်းအတွင်း ထွက်ပေါ်လာသည်။
ပေါင်းစပ်နှုန်းသုညဟူသော သတင်းက ကြားလိုက်ရသူတိုင်းကို မင်သက်သွားစေသည်။ ရှေးခေတ်မှ ယနေ့အချိန်အထိတိုင် အနိမ့်ကျဆုံးကျင့်ကြံသူမှာ ပေါင်းစပ်နှုန်းတစ်ဖြစ်သောကြောင့် သုညရရှိသည့် ပထမဆုံးကျင့်ကြံသူမှာ ယဲ့ချန်ဖြစ်နေခဲ့သည်။
"ဒါက ဒဏ္ဍာရီလာအမှိုက်ကောင်များလား"
ယဲ့ချန်သည် ပေါင်းစပ်နှုန်းသုညဖြင့် ချီပင်လယ်အဆင့်သို့ မည်သို့ရောက်ရှိလာကြောင်းကို ကျင့်ကြံသူများက စဥ်းစားနေကြသည်။
"တော်တော်ရှားပါးတဲ့ ပါရမီရှင်ပါလားဟေ့။ ပေါင်းစပ်နှုန်းသုညက ရှစ်ဆယ်ထက်တောင် ပိုရှားသေးတယ်"
လူအုပ်အတွင်းမှ လှောင်ရယ်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏အမြင်တွင် ပေါင်းစပ်နှုန်းသုညရှိသူသည် ရွှမ်အဆင့်သို့ရောက်ရန်ပင် မဖြစ်နိုင်ချေ။ ပေါင်းစပ်နှုန်းကိုးသာရှိသော ချန်းယွမ်က ယဲ့ချန်ကို အထင်သေးရန်လိုစွာ ကြည့်နေခဲ့သည်။ နန်းကုန်းဇီတို့သုံးယောက်နှင့်ယှဥ်လျှင် သူက အရှုံးသမားဖြစ်ပြီး ချိုးထိုကိုပင် မယှဥ်နိုင်သော်လည်း ယဲ့ချန်၏ပေါင်းစပ်နှုန်းသုညကြောင့် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်။ သူက ရွှမ်အဆင့်ထိရောက်အောင်ကျင့်ကြံ၍ အထက်တန်းစားတစ်ယောက် ဖြစ်လာနိုင်သော်လည်း သူ၏ရန်သူက အမှိုက်ကောင်ဖြစ်နေခဲ့သည်။ သူက ယဲ့ချန်နှင့် ဆက်ဆံရေးတစ်ခုရှိပုံပေါ်သော ထန်တိုက်လင်နှင့် အမွေးပွလေးကို အေးစက်စက်ကြည့်လိုက်သည်။
"မင်းက မိန်းမတွေနဲ့ပတ်သက်ရင် ဘယ်လောက်ကံကောင်းကောင်း၊ ပေါင်းစပ်နှုန်းသုညနဲ့ဆိုရင် သူတို့ကပစ်ပယ်သွားမှာ သေချာတယ်။ လူတိုင်းက မင်းကို သိပ်မကြာခင် စွန့်ခွာသွားကြလိမ့်မယ်"
ချန်းယွမ်က နှာခေါင်းရှုံ့၍ အေးစက်စက်ကဲ့ရဲ့လိုက်ခြင်းဖြစ်သည်။
ယဲ့ချန်၏ရလဒ်ကြောင့် ထန်တိုက်လင်က မျက်မှောင်ကြုတ်လိုက်၏။ သူ၏ပါရမီအရ ပေါင်းစပ်နှုန်းက သုညအထိ နိမ့်ကျနေမည်ဟု လုံးဝထင်မထားခဲ့ပေ။ အမွေးပွလေးသည်လည်း သူမအတိုင်း ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။ အမြဲတစေတည်ငြိမ်နေတတ်သော နန်းကုန်းဇီသည်ပင် ဤရလဒ်ကြောင့် အံ့သြနေပြီး ရန်ဟိုင်လည်း တည်ငြိမ်မနေနိုင်ခဲ့ပေ။ ပေါင်းစပ်နှုန်းသုညသည် ရွှမ်အဆင့်သို့ တစ်သက်လုံးမရောက်နိုင်ခြင်းကို ဆိုလိုသည်။
"ရလဒ်ကို ဘယ်သူမှမပြောင်းလဲနိုင်ပေမယ့် စိတ်ဓာတ်မကျပါနဲ့။ မင်းရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် ရန်ယွင်မြို့မှာ ကောင်းကောင်းနေထိုင်လို့ရပါတယ်။ အရှေ့ပိုင်းတိုက်ကြီးကိုတော့ ပြန်ဖို့ မစဥ်းစားနဲ့"
ရန်ဟိုင်က စိတ်ပျက်သွားခဲ့သော်လည်း ယဲ့ချန်ကို ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်က ပြန်ဖြေလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း သူ၏မျိုးနွယ်ဝင်များနှင့် နောက်လိုက်များကို ကယ်တင်ရဦးမည်ဖြစ်သောကြောင့် ရန်ဟိုင်၏အကြံကို လက်မခံနိုင်ပေ။ သူက ရန်ယွင်မြို့မှ မထွက်ခွာနိုင်လျှင်ပင် နည်းလမ်းတစ်ခုခုရှာဖွေ၍ အားလုံးကိုကယ်တင်ရန် ဆုံးဖြတ်ထားသည်။ ပေါင်းစပ်နှုန်းသုညဖြစ်နေသောကြောင့် လူသားသိုင်းဒေသကြီးများ၏ ကိုယ်စားလှယ်များကလည်း ယဲ့ချန်ကို လျစ်လျူရှုလိုက်ကြသည်။
"မင်းတို့နှစ်ယောက် ရွေးချယ်ပြီးပြီလား"
သားရဲကိုယ်စားလှယ်များက ထန်တိုက်လင်နှင့် အမွေးပွလေးကို မေးလိုက်ခြင်းဖြစ်သည်။ နှစ်ယောက်လုံးက ပါရမီရှင်များဖြစ်သည့်အပြင် ပူးပေါင်းမည့်အင်အားစုကို လက်ရှိအချိန်အထိ မရွေးချယ်ရသေးပေ။ တစ်ယောက်က ပေါင်းစပ်နှုန်း၇၁ဖြစ်၍ နောက်တစ်ယောက်က ၇၂အထိပိုင်ဆိုင်ထားသောအခါ စစ်ဧကရာဇ်ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲသောကြောင့် အလွန်တန်ဖိုးထားခံနေရသည်။
"ငါ မဆုံးဖြတ်ရသေးဘူး"
ထန်တိုက်လင်က သာမန်ကိစ္စတစ်ခုပမာ ပေါ့ပေါ့ပါးပါးပြော၍ ယဲ့ချန်ကို လှည့်ကြည့်လိုက်သည်။ ချုံးဟိုင်ဒေသ၊ ရှင်းဟိုင်ဒေသနှင့် သွေးဒေသက ပင်လယ်နတ်ဘုရားအမွေအနှစ်ကို ထောက်ပံ့ပေးနိုင်သော်လည်း သူမက ယဲ့ချန်အနားမှ မခွာလိုပေ။ မည်သည့်ဒေသကိုရွေးချယ်သည်ဖြစ်စေ သူမက ရန်ဟိုင်မြို့မှ အချိန်ကြာမြင့်စွာ ထွက်ခွာသွားရပေလိမ့်မည်။ ယဲ့ချန်ကမူ ဤနေရာတွင် သောင်တင်ကျန်ရစ်ခဲ့မည်ဖြစ်သည်။
"အစ်ကိုကြီးယဲ့ချန်နဲ့ အတူနေဖို့ ဆုံးဖြတ်ထားတယ်"
အမွေးပွလေးက ပြတ်သားစွာ ဖြေလိုက်သည်။ သူတို့၏စကားများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားကာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းသုညကိုသာ ပိုင်ဆိုင်ထားသော လူငယ်လေးတစ်ယောက်အတွက် ပြိုင်ဘက်ကင်းပါရမီရှင်နှစ်ယောက်က ကိုယ်ပိုင်အနာဂတ်များကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကိုယ်စားလှယ်များမှာလည်း မည်သို့လုပ်ရမှန်းမသိဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
"မင်းတို့နှစ်ယောက် သေချာစဥ်းစားပါဦး"
"သိုင်းဒေသတစ်ခုကို ပူးပေါင်းလိုက်ရင် အစွမ်းထက်ကျင့်ကြံသူတွေ ဖြစ်လာလိမ့်မယ်။ ခံစားချက်တွေကြောင့် ကိုယ့်အနာဂတ်ကို မဖျက်ဆီးကြပါနဲ့"
ကိုယ်စားလှယ်များက လက်မလျှော့လိုဟန်ဖြင့် ထန်တိုက်လင်ကိုတလှည့်၊ အမွေးပွလေးကိုတလှည့် ဖြောင်းဖျနေကြသည်။
"ခွေးကောင် ဘယ်လိုလှည့်ကွက်တွေသုံးထားလို့ ဒီကောင်မတွေက အရမ်းသစ္စာရှိနေရတာလဲ"
ချန်းယွမ်က မနာလိုဝန်တိုစွာဖြင့် စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။ ယဲ့ချန်ကို လူတိုင်းကစွန့်ပစ်မည်ဟု သူက တထစ်ချတွေးထားသော်လည်း ရလဒ်က ကွဲပြားနေသည်။ သူ့ဘက်တွင်သာ ဤမိန်းကလေးမျိုးရှိနေပါက အနာဂတ်တွင် ထင်ရာစိုင်းနိုင်သောကြောင့် ဣသာမစ္ဆိရိယစိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။