← Chapters

လူတိုင်းမှာ လမ်းကိုယ်စီရှိတယ်

Vol. 37 Ch. 518

လူတိုင်းမှာ လမ်းကိုယ်စီရှိတယ်

Vol. 37 Ch. 518

ထန်တိုက်လင်ခေါင်းမာနေသည်ကို မြင်သောအခါ ချိုးထိုသည် သွားစွယ်ဖြူဖြူများပေါ်အောင် ပြုံးနေခဲ့သည်။ သူက သိုင်းဒေသတစ်ခုတွင် ကျင့်ကြံနေစဥ် သူမက ရန်ယွင်မြို့တော်တွင် နေထိုင်မည်ဆိုလျှင် မည်မျှပါရမီရှိပါစေ၊ အရင်းအမြစ်မလုံလောက်သောကြောင့် ကျင့်ကြံဆင့်မြင့်လာနိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် ထန်တိုက်လင်သည် မိန်းမငယ်လေးသာဖြစ်ပြီး အနာဂတ်တွင် အောင်မြင်နိုင်သော စိတ်ထားမျိုးမရှိဟု ကောက်ချက်ချလိုက်သည်။ သူ့ကို ထန်တိုက်လင်၏ခမည်းတော်မှ ဖမ်းချုပ်ခဲ့သောအကြောင်းကို ပြန်စဥ်းစားမိသောအခါ ဒေါသများ အလိပ်လိုက်ထွက်ပေါ်လာခဲ့သည်။ ဖခင်ဖြစ်သူထံမှ ရန်ကြွေးကို သမီးထံ သူက တောင်းယူလက်စားချေရပေလိမ့်မည်။

ထန်တိုက်လင်နှင့် အမွေးပွလေး၏ သဘောထားကြောင့် ယဲ့ချန်၏ရင်ထဲတွင် စိတ်ထိခိုက်သွားရသည်။ အမွေးပွလေး၏ဆုံးဖြတ်ချက်ကို သူက ခန့်မှန်းထားပြီးဖြစ်သော်လည်း ထန်တိုက်လင်က သူ့အတွက် ကိုယ်ကျိုးစွန့်မည်ဟု ထင်မထားပေ။ ရေခဲကဲ့သို့အေးစက်တင်းမာနေသော သူမ၏မျက်နှာထက်တွင် အကြင်နာတရားများလွှမ်းခြုံနေသည်ကို သူက မြင်တွေ့နေရသည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် မြို့ခံများဖြစ်ကြပြီး ယဲ့ချန်ကို မနာလိုဖြစ်နေကြသော်လည်း မိန်းကလေးနှစ်ယောက်၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ခဲ့ကြပေ။

"ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ခုနစ်ဆယ်ကျော်ရင်တောင် သိုင်းဒေသကြီးတစ်ခုမှာ မလေ့ကျင့်ရင် စစ်ဧကရာဇ်တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး"

"နှမြောစရာကောင်းလိုက်တာ။ ဒီပါရမီရှင်နှစ်ယောက်သာ စစ်ဧကရာဇ်ဖြစ်မလာရင် ကောင်းကင်မူလတိုက်ကြီးအတွက် ဆုံးရှုံးမှု ကြီးမားလွန်းတယ်။ သူတို့က ရန်ယွင်မြို့လိုနေရာမှာဆိုရင် အများဆုံး တာအိုနတ်အဆင့်ကိုသာ တက်နိုင်လိမ့်မယ်"

"မင်းတို့ ဒီလောက်မြန်မြန် ဆုံးဖြတ်ချက် မချပါနဲ့ဦး"

ရီရန်နှင့်ကိုယ်စားလှယ်များသည် မိန်းကလေးနှစ်ယောက်၏အညှာက ယဲ့ချန်ဖြစ်ကြောင်း နားလည်ကြသည်။ သူတို့က ရန်ဟိုင်နှင့် ဝိညာဥ်ချင်းဆက်သွယ်ပြီး ယဲ့ချန်အနေဖြင့် ထန်တိုက်လင်နှင့် အမွေးပွလေးကို ဖြောင်းဖျပေးရန် တောင်းဆိုခဲ့ကြသည်။ ပါရမီရှင်နှစ်ယောက်က အမှိုက်ကောင်တစ်ယောက်အတွက် အလဟဿဖြစ်သွားမည်ကို လက်မခံနိုင်ကြပေ။ ရန်ဟိုင်သည်လည်း ယဲ့ချန်ကို စိုက်ကြည့်နေပြီး ဤကိစ္စကို ထုတ်ပြောရခက်ခဲနေသည်။

ယဲ့ချန်က အကင်းပါးသောကြောင့် လူတိုင်း၏အတွေးများကို ခန့်မှန်းနိုင်ခဲ့သည်။ သူက ထန်တိုက်လင်နှင့် အမွေးပွလေး၏ ကောင်းကျိုးအတွက် သူ့အနားမှထွက်သွားစေရန် ကြိုတင်စဥ်းစားထားပြီးဖြစ်သည်။

"ထန်တိုက်လင် ဒေသတစ်ခုကို ရွေးချယ်လိုက်ပါ။ အရှေ့ပိုင်းတိုက်ကြီးမှာ နင့်ကိုစောင့်နေကြတဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်တစ်ခု ရှိနေတယ်။ သူတို့ရဲ့မျှော်လင့်ချက်ကို မဖျက်ဆီးပါနဲ့"

သူက ထန်တိုက်လင်ထံ ဝိညာဥ်ဖြင့် ဆက်သွယ်လိုက်ခြင်းဖြစ်သည်။ သူမက မျက်မှောင်ကြုတ်၍ သလင်းကျောက်ပမာကြည်လင်သော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။ အမြဲတစေတင်းမာနေတတ်သော သူမ၏မျက်နှာက ထူးထူးခြားခြား သိမ်မွေ့နေသည်။ မြောက်ပင်လယ်၏ရေခဲဘုရင်မက ယောကျာ်းတစ်ယောက်အပေါ် ဤသို့ပြုမူနေသည်ကိုမြင်လျှင် အရှေ့ပိုင်းတိုက်ကြီးရှိ ကျင့်ကြံသူအားလုံး အံ့သြလွန်းသဖြင့် ကြက်သေသေသွားနိုင်သည်။

"ငါက ဒီနေရာမှာလုံခြုံမှာပါ။ ကောင်းကင်မူလတိုက်ကြီးမှာ ဥပဒေစိုးမိုးတယ်။ ငါကသာ တိုက်ခိုက်လို့ရတဲ့ဘုံတွေကို မသွားဘူးဆိုရင် သေချာပေါက် အန္တရာယ်ကင်းပါတယ်"

သူမ၏စိုးရိမ်စိတ်ကို ခံစားမိသော ယဲ့ချန်က ဖြောင်းဖျလိုက်သည်။

"ဒါဆိုရင် ဂရုစိုက်နော်"

နောက်ဆုံးတွင် မျိုးနွယ်ဝင်များအကြောင်း တွေးမိလိုက်သောအခါ ထန်တိုက်လင်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။

"အမွေးပွလေး မင်းလည်း သိုင်းဒေသတစ်ခုကို ရွေးချယ်ရမယ်နော်။ မင်းက နတ်မြေခွေးမျိုးနွယ်ရဲ့အမွေအနှစ်ကို သင်ယူရမှာမို့ ဒီလိုမြို့ငယ်လေးမှာ နေစရာမလိုဘူး"

ယဲ့ချန်က ခေါင်းတစ်ချက်ညိတ်၍ အမွေးပွလေးဘက်လှည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။ သူမက ခေါင်းကို တသွင်သွင်ခါယမ်း၍ မျက်ရည်များ ဝဲတက်လာခဲ့သည်။ စိတ်ထဲတွင် ယဲ့ချန်က သူမကို မလိုချင်သောကြောင့် မောင်းထုတ်နေခြင်းများလားဟု ခံစားလိုက်ရသည်။

"ကလေးမဆန်ရဘူးလေ။ ကြယ်ခန်းမမှာ ငါတို့ကိုစောင့်နေတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်။ မင်းကသာ ဒေသကြီးတစ်ခုမှာ အဆင့်အတန်းမြင့်လာရင် စစ်ဧကရာဇ်တစ်ယောက်ကို အကူအညီတောင်းပြီး သူတို့ကို ကယ်တင်ပေးနိုင်တယ်။ ရန်ယွင်မြို့မှာလည်း မင်းတို့မျက်နှာကိုထောက်ထားပြီး ဘယ်သူမှ ငါ့ကို အနိုင်ကျင့်မှာမဟုတ်ပါဘူး။ အမကြီးလင်းကိုလည်း စိတ်ချလက်ချ အပ်လိုက်မယ်နော်။ သူမကိုကယ်တင်ဖို့ နည်းလမ်းရှာပေးပါ။ စိတ်ချပါ ငါတို့တစ်နေ့ပြန်ဆုံမယ်လို့ ကတိပေးပါတယ်။ ငါ့ပေါင်းစပ်နှုန်းက သုညဖြစ်နေပေမယ့် နောက်ထပ်အဆင့်မတက်နိုင်ဘူးလို့ မယုံဘူး။ မင်းတို့ကို သေချာပေါက် အမီလိုက်လာခဲ့မယ်"

ယဲ့ချန်က သူမကို ရှည်ရှည်ဝေးဝေးနှစ်သိမ့်၍ ဖြောင်းဖျနေရသည်။ သူ၏စကားကြောင့် မြေခွေးမျိုးနွယ်ဝင်များ၏အသက်ကို ပခုံးပေါ်ထမ်းထားရသော အမွေးပွလေးသည် ကလေးဆန်၍မဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော်လည်း သူမက ယဲ့ချန်ကို ခွဲခွာရမည့်အတွက် စိတ်များလေးလံနေကာ အလွန်ဝမ်းနည်းနေသည်။

"လူတိုင်းမှာ လမ်းကိုယ်စီရှိကြတယ်။ လဆိုတာ ဝင်သွားပြီးရင် ပြန်ထွက်လာစမြဲပါပဲ"

ယဲ့ချန်က ကြင်နာစွာ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏နှလုံးသားထဲတွင် လေးလံနေသော်လည်း လူတိုင်းက ကိုယ်ပိုင်လမ်းတစ်ခုကို လျှောက်လှမ်းရမည်ဖြစ်ကြောင်း နားလည်ထားသည်။ သူတို့က အနည်းဆုံး သက်တမ်းရာချီနေထိုင်နိုင်မည်ဖြစ်သောကြောင့် ခဏတာခွဲခွာရခြင်းကို ပူဆွေးမနေသင့်ပေ။ ခွဲခွာခြင်းနှင့် ပြန်လည်တွေ့ဆုံခြင်းကို ကောင်းကင်ဘုံမှ သတ်မှတ်ပေးပေလိမ့်မည်။ သူ၏စကားလုံးများကြောင့် ထန်တိုက်လင်နှင့် အမွေးပွလေးက ခဏတာတိတ်ဆိတ်သွားပြီး ပြိုင်တူလှည့်ကြည့်လာကြသည်။ သူတို့၏မျက်လုံးထဲတွင် ယဲ့ချန်သည် ပထမဆုံးအကြိမ်တွေ့စဥ်ကထက် များစွာပို၍ရင့်ကျက်လာကြောင်း တွေ့နေရသည်။ သူက ဤလောကကြီးတွင် သူတို့အတွက် နှစ်ယောက်မရှိသော လူစားမျိုးဖြစ်ကာ အနိမ့်အမြင့်အတက်အကျ လောကဓံကို အတူယှဥ်တွဲခံစားဖူးခဲ့သည်။ နှလုံးသားများနှင့် ဝိညာဥ်များက အချင်းချင်းဆက်နွယ်နေကြပြီး အရိုးစွဲလောက်သော ခံစားချက်များက အချစ်ဆိုသည့်အရာပင် ဖြစ်ပေလိမ့်မည်။

ယဲ့ချန်၏စကားကို တစ်ယောက်ယောက်ကသာ သေချာခွဲခြမ်းစိတ်ဖြာမည်ဆိုလျှင် တာအိုသဘောတရားတစ်ခု ပါဝင်နေကြောင်း တွေ့ရပေလိမ့်မည်။ သာမန်ကျင့်ကြံသူများက ၎င်းကိုနားလည်ရန် မလွယ်သော်လည်း အမွေးပွလေးနှင့် ထန်တိုက်လင်သည် နှလုံးသား၏ အချုပ်အနှောင်များကို ဖြေလျော့ထားသင့်သည်ဟု သဘောပေါက်သွားကြသည်။ နောက်ဆုံးတွင် ယဲ့ချန်၏ဖြောင်းဖျမှုဖြင့် ထန်တိုက်လင်သည် ရှင်းဟိုင်ဒေသနှင့် အမွေးပွလေးသည် မူလဝိညာဥ်ဒေသကို အသီးသီးရွေးချယ်လိုက်ကြသည်။ ထိုအချိန်တွင်မှ ရီရန်နှင့် ကိုယ်စားလှယ်များက စိတ်အေးသွားကာ သက်ပြင်းကိုယ်စီချနိုင်ခဲ့သည်။

"မင်းတို့အတွက် ရန်ယွင်မြို့က ဂုဏ်ပြုပွဲတစ်ခု လုပ်ပေးချင်ပါတယ်။ တက်ရောက်ဖို့ စိတ်ဝင်စားလား မသိဘူး"

ရီရန်သည် အစွမ်းထက်ပါရမီရှင်များဖြစ်သော နန်းကုန်းဇီ၊ ထန်တိုက်လင်နှင့် အမွေးပွလေးကို ရင်းနှီးလိုသောကြောင့် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

"ငါက ဒါမျိုးတွေ စိတ်မဝင်စားဘူး။ ကျင့်ကြံဖို့အတွက် ခြံဝန်းတစ်ခုစီစဥ်ပေးရင် ရပြီ"

နန်းကုန်းဇီသည် ရီရန်ကို ခေါင်းယမ်းပြလိုက်ပြီး ယဲ့ချန်က အရှုံးသမားမဖြစ်နိုင်ဟူသော အပြုံးမျိုးဖြင့် တစ်ချက်လှည့်ကြည့်လာခဲ့သည်။ ယဲ့ချန်၏ ထက်ရှသော အာရုံက ထိုအပြုံး၏အဓိပ္ပါယ်ကို ခန့်မှန်းလိုက်သည်။

"ကောင်းပါပြီ။ ငါ ချက်ချင်းစီစဥ်ပေးပါမယ်"

နန်းကုန်းဇီသည် လက်ရှိတွင် ချီပင်လယ်အဆင့်ကျင့်ကြံသူဖြစ်သော်လည်း အနာဂတ်တွင် နတ်အစေခံတစ်ယောက်ဖြစ်လာနိုင်သောကြောင့် ဖိတ်ကြားချက်ကို အေးတိအေးစက်ငြင်းပယ်ခဲ့သော်လည်း ရီရန်က အပြစ်မယူခဲ့ပေ။ သူက မြို့ဝန်၏အိမ်တော်အတွင်း နန်းကုန်းဇီကျင့်ကြံရန်အတွက် ခြံဝန်းတစ်ခုကို အလျင်အမြန် စီစဥ်ပေးလိုက်သည်။

"မင်းတို့ရော ဂုဏ်ပြုပွဲတက်ချင်ကြလား"

သူက ထန်တိုက်လင်၊ အမွေးပွလေးနှင့် ယဲ့ချန်ထံ မေးမြန်းလိုက်သည်။ ပေါင်းစပ်နှုန်းသုညဖြစ်သော ယဲ့ချန်ကို သူက ဂရုမစိုက်သော်လည်း စစ်ဧကရာဇ်အလောင်းအလျာနှစ်ယောက်နှင့် ရင်းနှီးသူဖြစ်သောကြောင့် မျက်နှာသာပေးခဲ့သည်။

"ကောင်းပြီ"

ထန်တိုက်လင်က ခဏတာစဥ်းစား၍ လက်ခံလိုက်သည်။ သူမ၏အကျင့်စရိုက်အရ ဤပွဲမျိုးကို စိတ်မဝင်စားသော်လည်း ယဲ့ချန်က ရန်ယွင်မြို့တွင် နေခဲ့ရမည်ဖြစ်သောကြောင့် ရီရန်ထံ ကူညီစောင့်ရှောက်ပေးရန် တောင်းဆိုရပေဦးမည်။ အမွေးပွလေးသည်လည်း ခေါင်းညိတ်၍ သဘောတူခဲ့သည်။ သူမက လူအသွင်သို့ လုံးဝပြောင်းလဲခြင်းမရှိဘဲ ယဲ့ချန်၏ပခုံးထက်တွင်သာ အမြဲကပ်တွယ်နေခဲ့သည်။ ယဲ့ချန်နှင့်အတူရှိနေရခြင်းက သူမကို စိတ်အေးချမ်းစေပြီး ခွဲခွာရမည့်အကြောင်းကို တွေးမိလိုက်သောအခါ ဝမ်းနည်းစိတ်များဖြစ်ပေါ်လာသည်။ ထန်တိုက်လင်နှင့် အမွေးပွလေး သဘောတူလိုက်သောအခါ ကိုယ်စားလှယ်များကလည်း ရီရန်၏ဖိတ်ကြားချက်ကို မငြင်းပယ်ခဲ့ပေ။ သူတို့က တာအိုနတ်အဆင့်များဖြစ်ကြသော်လည်း စစ်ဧကရာဇ်အလောင်းအလျာနှစ်ယောက်နှင့် ရင်းနှီးရမည့် အခွင့်အရေးကို လက်လွှတ်ခံစရာအကြောင်း မရှိပေ။ ချိုးထိုနှင့် ချန်းယွမ်ကလည်း လက်ခံလိုက်ကြပြီး ဂုဏ်ပြုပွဲကို ရန်ယွင်မြို့တော်ဝန်၏အိမ်တော်အတွင်း ကျင်းပခဲ့သည်။

အရှေ့ပိုင်းတိုက်ကြီး၏ ကျင့်ကြံသူများအကြောင်းက ရန်ယွင်မြို့ခံများအကြား လျင်မြန်စွာပျံ့နှံ့သွားပြီး အစွမ်းထက်ပါရမီရှင်သုံးယောက်နှင့် ပေါင်းစပ်နှုန်းသုညပိုင်ရှင်က ဆွေးနွေးစရာခေါင်းစဥ်များ ဖြစ်လာကြသည်။ များစွာသောကျင့်ကြံသူများက နန်းကုန်းဇီ၊ ထန်တိုက်လင်နှင့် အမွေးပွလေးထံ လက်ဆောင်ပဏ္ဏာများပေးပို့၍ ရင်းနှီးမှုရယူရန် ကြိုးစားခဲ့ကြသည်။ ရန်ယွင်မြို့တော်၏ အထက်တန်းစားများကလည်း ဂုဏ်ပြုပွဲသို့တက်ရောက်လာကာ ဒေသကြီးများ၏ရွေးချယ်ခြင်းမခံရသော ချန်းယွမ်က မျိုးနွယ်တစ်ခုနှင့် ပူးပေါင်းလိုက်သည်။

"ချန်းယွမ်က နင့်ကို သေချာပေါက် ပစ်မှတ်ထားလာလိမ့်မယ်။ သတိထားဦး"

ချန်းယွမ်သည် ယဲ့ချန်အပေါ် သိသိသာသာရန်လိုနေသောကြောင့် ထန်တိုက်လင်က စိုးရိမ်စွာ သတိပေးလိုက်သည်။

"ဒီကောင်က ငါ့ကို မကြံစည်ဝံ့ပါဘူး"

ယဲ့ချန်သည် ချန်းယွမ်၏ရန်လိုမှုကို သိထားသော်လည်း သူ့ကိုရန်စလာပါက အလောင်းကောင်အဖြစ် ပြောင်းလဲပေးလိုက်ရန် လက်တွန့်နေမည်မဟုတ်ပေ။

"မြို့ဝန်ရီရန်ကို ငါ စကားပြောပြီးပြီ။ နင်ပြဿနာတစ်ခုခုတက်ရင် သူ့ကို အကူအညီတောင်းလို့ရတယ်။ ဒါပေမယ့် သူက ဘယ်အတိုင်းအတာအထိ ကူညီနိုင်မယ်ဆိုတာကတော့ ပြောရခက်တယ်"

ထန်တိုက်လင်သည် သူမနှင့် အမွေးပွလေးထွက်ခွာသွားလျှင် ယဲ့ချန်အတွက် အခြေအနေမကောင်းနိုင်သောကြောင့် ပူပန်နေခဲ့သည်။ သူ၏ဝိညာဥ်ပေါင်းစပ်နှုန်းက သုညဖြစ်ပြီး ရန်ယွင်မြို့တွင် အစွမ်းထက်မျိုးနွယ်များစွာ ရှိနေခဲ့သည်။ ကောင်းကင်မူလတိုက်ကြီးက စည်းမျဥ်းစည်းကမ်းတင်းကျပ်၍ ယဲ့ချန်သည် ကောင်းကင်ဘုံများနှင့် စစ်ပွဲဘုံအတွင်း ဝင်ရောက်မသွားလျှင် အသက်အန္တရာယ်ကင်းနိုင်သော်လည်း ဤနေရာတွင် သူက တစ်ကိုယ်တော်ကျင့်ကြံသူပင်ဖြစ်သည်။

"ငါ့အတွက် အရမ်းစိုးရိမ်စရာ မလိုပါဘူး"

ယဲ့ချန်က ယုံကြည်မှုရှိစွာ ဖြေလိုက်သည်။ ထန်တိုက်လင်၏နှလုံးသားက သူ့အပေါ်တွင် ထင်သလောက် မအေးစက်ကြောင်း နားလည်ခဲ့သည်။

"ဘာဖြစ်ဖြစ်လျှောက်ပြီး မစွန့်စားနဲ့။ ငါတို့နှစ်ယောက် ပြန်လာတာကို စောင့်နေနော်"

ထန်တိုက်လင်က လေးလေးနက်နက် မှာကြားလိုက်သည်။ ယဲ့ချန်သည် တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သော်လည်း သူက မိန်းမတစ်ယောက်၏အကာအကွယ်အောက်တွင် ပုန်းကွယ်နေမည့် လူစားမျိုးမဟုတ်ပေ။ သို့သော် ထန်တိုက်လင်၏စေတနာကို နားလည်သောကြောင့် ခွန်းတုံ့ပြန်မနေခဲ့ပေ။ သူ့ထံတွင် ထန်တိုက်လင်နှင့် အမွေးပွလေးကို အမီလိုက်ရန် ကိုယ်ပိုင်နည်းလမ်းများရှိကာ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းလည်း ရှိလေသည်။

All Chapters