ထန်တိုက်လင်၏ တိုက်ခိုက်လိုစိတ်
Vol. 37 Ch. 519
ထန်တိုက်လင်သည် သူမ၏ဝိုင်ကို တစ်ငုံသောက်လိုက်သောအခါ တင်းကျပ်သော အပြာရောင်ဝတ်ရုံလေးကြောင့် ကောက်ကြောင်းများ ထွက်ပေါ်လာသည်။ သူမ၏ အပြစ်ကင်းစင်ဖြူဖွေးသော ပါးပြင်လေးများတွင် သွေးရောင်လွှမ်းနေပြီး ဆံပင်များကို ခါတိုင်းကဲ့သို့ စည်းနှောင်မထားဘဲ ရေတံခွန်ကဲ့သို့ ဖြန့်ချထား၏။ မျက်ဝန်းလေးများ ကြည်လင်တောက်ပနေသဖြင့် သူမက တစ်မျိုးတဖုံသိမ်မွေ့နေပုံပေါ်သည်။ အမွေးပွလေးက လူအသွင်မပြောင်းထားသောကြောင့် ဂုဏ်ပြုပွဲတစ်ခုလုံး၏ အာရုံစိုက်ရာက ထန်တိုက်လင်ဖြစ်လာပြီး မည်သည့်မိန်းမပျိုမှ မယှဥ်နိုင်ခဲ့ပေ။ သူမ၏အလှကြောင့် ယောကျ်ားပျိုများအားလုံး မင်သက်နေကြသော်လည်း အေးစက်လွန်းသောအမူအရာကြောင့် မချဥ်းကပ်ရဲပေ။ ထို့အပြင် သူမ၏ပါရမီကြောင့် ကိုယ့်ကိုကိုယ်နိမ့်ကျသယောင် ခံစားရနေသူများသည် ထန်တိုက်လင်နှင့် ရယ်ရယ်မောမောစကားပြောနေသော ယဲ့ချန်အပေါ် မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်လာကြသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညသာရှိသော အမှိုက်ကောင်က ပြိုင်ဘက်ကင်းပါရမီရှင် အလှကလေးနှင့် ရင်းနှီးနေခြင်းကို သူတို့က လက်မခံနိုင်ပေ။
ယဲ့ချန်၏ပခုံးပေါ်တွင် တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေပြီး အလွန်ချစ်စရာကောင်းသော အမွေးပွလေး ရှိနေခဲ့သည်။ သူမက လူအသွင်မပြောင်းထားသော်လည်း ဂုဏ်ပြုပွဲတွင် သားရဲကျင့်ကြံသူများစွာရှိနေသဖြင့် သူမသာ လူအသွင်ပြောင်းလိုက်လျှင် အလှတရား၌ ထန်တိုက်လင်အောက် နိမ့်မည်မဟုတ်ကြောင်း နားလည်ကြသည်။
ရီရန်သည် သူ၏သေရည်ခွက်ကိုမြှောက်ကာ ပါရမီရှင်များနှင့် သိုင်းဒေသကြီးများ၏ကိုယ်စားလှယ်များကို ဂုဏ်ပြုလိုက်၏။ သူက အလွန်ဖော်ရွေပုံရသည်။ ဂုဏ်ပြုပွဲကျင်းပနေစဥ် ရန်ဟိုင်က ယဲ့ချန်ထံ ရောက်ရှိလာခဲ့သည်။
"သိပ်မကြာခင် ငါ ထွက်သွားရတော့မယ်။ ရီရန်က ထန်တိုက်လင်နဲ့ မြေခွေးမလေးကို မျက်နှာသာပေးမှာဖြစ်လို့ မင်း ကောင်းကောင်းအသက်ရှင်နေနိုင်မှာပါ။ ရန်ယွင်မြို့တော်မှာ မင်းဘဝ အဆင်ပြေပါစေ။ တချို့ကိစ္စတွေက အတင်းအကြပ်လုပ်ယူလို့ ရတာမဟုတ်ဘူး"
ရန်ဟိုင်သည် ယဲ့ချန်၏ပခုံးကို လက်ဖြင့်ပုတ်၍ နှုတ်ဆက်စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ရန်ဟိုင်သည် သူ့ကို များစွာကူညီခဲ့သောကြောင့် လေးစားထိုက်သူတစ်ယောက်ဖြစ်၍ ယဲ့ချန်က ရိုသေစွာပြောလိုက်သည်။ သူက ယဲ့ချန်အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ပြီး ဝိညာဥ်ပေါင်းစပ်နှုန်းသုညဖြစ်နေခဲ့သော်လည်း သဘောထားမပြောင်းလဲသောကြောင့် လူမှန်တစ်ယောက်ဟု ဆိုနိုင်သည်။ ရန်ဟိုင်သည် ရန်ယွင်မြို့တော်တွင် အဆင့်အတန်းမမြင့်သောကြောင့် ချက်ချင်းထွက်ခွာသွားခဲ့သည်။ ရီရန်က သူ့ကို ဂုဏ်ပြုပွဲထံဖိတ်ကြားခဲ့ခြင်းမှာ ပါရမီရှင်များကို ခေါ်ဆောင်လာပေးသောကြောင့်ဖြစ်သည်။ သို့မဟုတ်လျှင် တာအိုနတ်အဆင့်ကျင့်ကြံသူများက ချီပင်လယ်အဆင့်တစ်ဆယ် ရန်ဟိုင်ကို များစွာဂရုစိုက်နေစရာ အကြောင်းမရှိပေ။
ဂုဏ်ပြုပွဲအပြီးတွင် ရီရန်သည် ယဲ့ချန်၊ ထန်တိုက်လင်နှင့် အမွေးပွလေးတို့ အနားယူနိုင်ရန်အတွက် သူ၏အိမ်တော်၌ အခန်းများ စီစဥ်ပေးခဲ့သည်။ နှစ်ရက်အကြာတွင် ထန်တိုက်လင်နှင့် အမွေးပွလေး ထွက်ခွာရမည်ဖြစ်သောကြောင့် ယဲ့ချန်သည်လည်း မြို့ဝန်အိမ်တော်မှထွက်ခွာပြီး ဘဝသစ်စရပေလိမ့်မည်။ သူက ရန်ယွင်မြို့၏လမ်းများပေါ်တွင် လမ်းသစ်တစ်ခု ဆက်လျှောက်ရပေလိမ့်မည်။ သူ၏မျိုးနွယ်ဝင်များအတွက် အချိန်များစွာမရသောကြောင့် ရင်ထဲတွင် ခဲဆွဲထားသကဲ့သို့ လေးလံနေသည်။ သူက မြို့ဝန်၏စာကြည့်တိုက်ထံမှ ကောင်းကင်မူလတိုက်ကြီး၏ စည်းမျဥ်းစာအုပ်တစ်အုပ်ကို ငှားယူခဲ့သည်။ သူက အခန်းအတွင်း၌ လက်သုံးလုံးခန့်အထူရှိသော စာအုပ်ကို သဲကြီးမဲကြီးလေ့လာနေသည်။ စာအုပ်အတွင်း၌ စည်းမျဥ်းများကို အသေးစိတ်ကျကျရေးသားထားပြီး စာရွက်တိုင်းတွင် စာလုံးများ ပြည့်နှက်နေသည်။ အမွေးပွလေးသည်လည်း ခေါင်းငုံ့၍ စာအုပ်ကိုဖတ်ရှုနေကာ ညအလင်းပုလဲအောက်တွင် သူမ၏ခန္ဓာကိုယ်လေးက တောက်ပနေသည်။ သူမက မိန်းမငယ်လေးတစ်ယောက်ပမာ ချစ်စရာကောင်းနေပြီး အကြောင်းအရင်းအချို့ကြောင့် လူအသွင်မပြောင်းခဲ့ပေ။
အမွေးပွလေး၏ဆန္ဒမပါလျှင် ယဲ့ချန်က ဖိအားမပေးလို့သည့်အပြင် သူမ၏မြေခွေးအသွင်နှင့် အသားကျနေပြီဖြစ်သည်။ နှစ်ရက်အကြာတွင် ထန်တိုက်လင်နှင့် အမွေးပွလေး ထွက်ခွာသွားမည့်အကြောင်း တွေးမိသောအခါ ယဲ့ချန်၏စိတ်ထဲတွင် ဝမ်းနည်းနေခဲ့သည်။ ထိုအချိန်တွင် ထန်တိုက်လင်က တံခါးခေါက်၍ ရောက်ရှိလာခဲ့ပြီး အဝတ်အစားများပြောင်းလဲ ဝတ်ဆင်ထားသည်။ သူမက အပြာဖျော့ရောင်ဝတ်ရုံရှည်ကို လွှမ်းခြုံထားကာ လရောင်အောက်တွင် သိမ်မွေ့ယဥ်ကျေးသော အလှနတ်မိမယ်လေးတစ်ယောက်နှင့် တူညီနေသည်။
"ယဲ့ချန် ငါနဲ့ လိုက်လာခဲ့"
သူမက ယဲ့ချန်ကို တစ်ချက်ကြည့်၍ ချိုသာစွာ ပြောလိုက်ခြင်းဖြစ်သည်။
"ဘာကိစ္စလဲ"
ယဲ့ချန်က မတ်တပ်ရပ်၍ ပြန်မေးလိုက်သော်လည်း သူမက တစ်ခွန်းမှပြန်မဖြေဘဲ လှည့်ထွက်သွားခဲ့သည်။ သူက ထန်တိုက်လင်၏သဘောထားကို မသိသော်လည်း ခေါင်းကုတ်၍ နောက်မှလိုက်ပါသွားခဲ့သည်။ အမွေးပွလေးသည် ထွက်ခွာသွားသော ယဲ့ချန်နှင့် ထန်တိုက်လင်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း လိုက်မသွားခဲ့ပေ။ သူမက ထန်တိုက်လင်၏ခံစားချက်များကို ရိပ်မိသည့်အပြင် ပိုလင်း၏အဖြစ်ဆိုးပြီးသည့်နောက်တွင် လက်ခံနိုင်စွမ်းရှိလာခဲ့သည်။ ထန်တိုက်လင်က အပြင်ပန်းတွင် အေးစက်သော်လည်း အမှန်တကယ်၌ နှလုံးသားလှသူ တစ်ယောက်ဖြစ်သည်။
"ဝှစ် ဝှစ်"
ပုံရိပ်နှစ်ခုသည် မြို့ဝန်အိမ်တော်၏ အနောက်ဘက်ခြံဝန်းရှိ မီတာတစ်ထောင်ကျော်ကျယ်ဝန်းသော မြေကွက်လပ်တစ်ခုသို့ ရောက်ရှိလာကြသည်။ ဤနေရာက ရန်ယွင်မြို့၏ လေ့ကျင့်ရေးကွင်းဖြစ်ကာ တိုက်ပွဲများဖြစ်ပျက်ခဲ့ဖူးသော ခြေရာလက်ရာများ တည်ရှိနေသည်။ အလယ်တည့်တည့်တွင် ခြောက်မီတာမြင့်ပြီး ဖောင်းကြွရုပ်ပုံများထွင်းထားသော တိုင်လုံးတစ်ခု ရှိနေသည်။
"ဒါက ရီရန်ရဲ့ သိုင်းလေ့ကျင့်ရေးကွင်းဖြစ်ပြီး ငါ သူ့ဆီကနေ ငှားလာတာပဲ"
ထန်တိုက်လင်က ကျောက်တိုင်ကို လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်သောအခါ ၎င်းကိုဗဟိုပြု၍ အစီအရင်တစ်ခုက ဘက်ပေါင်းစုံသို့ပြန့်ထွက်လာပြီး လေ့ကျင့်ရေးကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ၎င်းက အစွမ်းထက်လွန်းသောကြောင့် အခြားကျင့်ကြံသူများ မထိုးဖောက်နိုင်ပေ။ အတွင်းမှကြည့်လိုက်လျှင် ကောင်းကင်ကြီးနှင့် ကြယ်ရောင်စုံတောက်ပနေသည်ကို မြင်နိုင်သော်လည်း အပြင်ဘက်မှ အတွင်းသို့ မမြင်ရပေ။ ထို့အပြင် အစီအရင်က သီးခြားဘုံတစ်ခုကဲ့သို့ဖြစ်နေပြီး ကောင်းကင်မူလတိုက်ကြီးတွင် ဖိနှိပ်ခံထားရသော ချီပင်လယ်အဆင့်ခွန်အားက ပြန်လည်ထွက်ပေါ်လာသည်။ ရီရန်က ဤအစီအရင်ကို ခင်းကျင်းရန် များစွာအကုန်အကျ ခံထားရပုံပေါ်သည်။
"နင်နဲ့ ငါ့ကြားမှာ ငါးနှစ်ကြာရင် တိုက်ခိုက်ဖို့ ကတိပေးထားတာရှိတယ်။ ဒါပေမယ့် နင့်ကျင့်ကြံဆင့်က ငါ့ကိုမီလာပြီဆိုတော့ ငါးနှစ်မလိုတော့ဘူး။ ယဲ့ချန် ဒီနေ့ ငါတို့ကြားက အနိုင်ရသူကို ဆုံးဖြတ်လိုက်ရအောင်"
ထန်တိုက်လင်၏ညာလက်တွင် ပင်လယ်နတ်ဘုရားလှံထွက်ပေါ်လာကာ အဖြူရောင်ပိုးထည်စက တလူလူလွင့်ပျံနေသည်။ သူမ၏မျက်နှာက တိုက်ခိုက်ရန် ဆုံးဖြတ်ထားဟန်ဖြင့် တင်းမာနေသည်။ သူမ၏တိုက်ခိုက်လိုစိတ်ကြောင့် ယဲ့ချန်ပင် ကြောင်အသွားခဲ့သည်။ သူမက လက်ရှိအချိန်တွင် မည်သည့်အတွက် သူနှင့် တိုက်ခိုက်ချင်နေကြောင်း မစဥ်းတတ်တော့ပေ။
"အခု မတိုက်ခိုက်ချင်ဘူး။ ကတိအတိုင်း ငါးနှစ်ပြည့်အောင် စောင့်ကြမယ်"
ယဲ့ချန်က ခေါင်းယမ်း၍ ငြင်းဆန်လိုက်သည်။ အတိတ်တွင် သူက ထန်တိုက်လင်နှင့် ငါးနှစ်ကြာအချိန်းအချက်ပြုလုပ်ခဲ့ခြင်းမှာ အသတ်ခံရမည်ကို စိုးရိမ်သောကြောင့် အချိန်ဆွဲရန် ဉာဏ်သုံးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သူတို့နှစ်ယောက်က မိတ်ဆွေများထက်ပင် ရင်းနှီးနေပြီဖြစ်သောကြောင့် ငါးနှစ်တိုက်ပွဲကတိကို အလေးအနက်မထားတော့ပေ။
"မရဘူး။ ငါ နင့်အစွမ်းကို သိချင်တယ်"
ယဲ့ချန်၏ငြင်းဆန်မှုကြောင့် ထန်တိုက်လင်က မျက်မှောင်ကြုတ်၍ အေးစက်စက်ပြောလိုက်သည်။ မင်သက်နေသော ယဲ့ချန်က အချိန်အတန်ကြာစဥ်းစားပြီးနောက် သူမ၏ရည်ရွယ်ချက်ကို သဘောပေါက်နားလည်သွားခဲ့သည်။ သူမက တိုက်ပွဲအတွင်း သူ၏စွမ်းရည်ကို စမ်းသပ်လိုသည့်အပြင် တိုက်ခိုက်ရင်း ကျင့်ကြံဆင့်မြင့်တက်သွားစေရန် ကူညီပေးလိုခြင်းဖြစ်သည်။ နှစ်ရက်အကြာတွင် သူမက ထွက်ခွာရမည်ဖြစ်သောကြောင့် ယဲ့ချန်အပေါ် အစိုးရိမ်လွန်နေခြင်းဖြစ်သည်။ သို့သော်လည်း ကျင့်ကြံသူများက သေရေးရှင်ရေးတိုက်ပွဲ၌သာ အလားအလာများပေါက်ကွဲ ထွက်ပေါ်လာတတ်ခြင်းဖြစ်သည်။ သူက ထန်တိုက်လင်နှင့် တိုက်ခိုက်လျှင် သူသေကိုယ်သေတိုက်ခိုက်မည် မဟုတ်သောကြောင့် အဆင့်တက်နိုင်စရာ အကြောင်းမရှိပေ။ တိုက်ခိုက်ခြင်းတစ်ခုတည်းက ကျင့်ကြံဆင့်ကို မြင့်တက်စေနိုင်မည်ဆိုလျှင် ကျင့်ကြံသူများက အခြားလုပ်ငန်းဆောင်တာများကိုပစ်ပယ်ပြီး အမြဲတမ်း တိုက်ခိုက်နေရပေလိမ့်မည်။
ထန်တိုက်လင်ကမူ ခေါင်းမာစွာဖြင့် ယဲ့ချန်ကို ငြင်းဆန်ခွင့်မပေးခဲ့ပေ။ သူမက ကောင်းကင်ချီများကို လှံအတွင်း ထည့်သွင်းလိုက်သောအခါ သက်တန့်ရောင်နတ်အလင်းများ ဖြာထွက်လာပြီး အရှိန်အဝါတစ်ခုနှင့် ယဲ့ချန်ကို ဖိအားပေးလိုက်သည်။ ထိုအရှိန်အဝါတွင် သတ်ဖြတ်လိုစိတ်တစ်ခု ပါဝင်နေသည်ကိုပင် သူက အာရုံခံနိုင်ခဲ့သည်။
"တကယ်ကြီးလား"
ယဲ့ချန်သည် ထန်တိုက်လင်၏ ခေါင်းမာမှုကြောင့် ကူကယ်ရာမဲ့နေခဲ့သည်။ သူမ၏မျက်နှာထားအရ ဤတိုက်ပွဲကို အလွန်အလေးထားနေကြောင်း သိသာသည်။ သူမ၏လမ်းစဥ်က သေခြင်းရှင်ခြင်းတိုက်ပွဲများ ဖြတ်သန်း၍ သိုင်းပညာအထွတ်အထိပ်ကို ရှာဖွေခြင်းဖြစ်သည်။ သို့သော် ယဲ့ချန်၏အမြင်တွင် သိုင်းပညာသင်ကြားခြင်းက ချစ်ခင်ရသူများကို ကာကွယ်ရန်သာဖြစ်ပြီး အမြင်ချင်းကွဲပြားနေခဲ့သည်။
"ငါတို့အချင်းချင်း တိုက်ခိုက်ရမှာ ပျင်းစရာကောင်းပါတယ်။ ငါက ငါးနှစ်ကြာရင် နင့်ကိုမယှဥ်နိုင်ဘူးလို့ ထင်နေတာလား။ မစိုးရိမ်ပါနဲ့ ငါ့ကျင့်ကြံဆင့်က ဒီနေရာမှာ ရပ်တန့်နေမှာမဟုတ်ဘူး။ ငါးနှစ်ကြာမှ တိုက်ခိုက်ကြမယ်"
ယဲ့ချန်က ထန်တိုက်လင်၏အရှိန်အဝါကို လျစ်လျူရှု၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ သူ၏ရှေ့တွင်ရပ်နေသည့် ရေခဲကဲ့သို့အေးစက်သော မိန်းမလှကလေးသည် သူနှင့်အတူ သေခြင်းရှင်ခြင်းအခြေအနေများစွာကို ကျော်ဖြတ်ခဲ့သည်။ ထို့ကြောင့် သူမက သူ၏နှလုံးသားအတွင်း ဝင်ရောက်လာပြီး လက်ရှိတွင် ခွဲခွာရမည်ဖြစ်ကာ မရေရာသောအနာဂတ်ကြောင့် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာသည်။ လရောင်အောက်တွင် ထန်တိုက်လင်က မားမားမတ်မတ်ရပ်နေပြီး အပြာရောင်ဝတ်ရုံက လေထဲတွင် လွင့်ပျံနေသည်။ သူမ၏လှပသော ကောက်ကြောင်းလေးများနှင့် နတ်အလင်းများတောက်ပနေသော ပင်လယ်နတ်ဘုရားလှံကြောင့် နတ်မိမယ်လေး ဆင်းသက်လာသည့်ပမာ ထင်မှတ်ရသည်။ ကျောပေါ်တွင်ဖြန့်ချထားသော ဆံပင်ရှည်များကြောင့် အေးစက်မှုအစား မြင့်မြတ်ကာသိမ်မွေ့သော အရှိန်အဝါမျိုး ပေးစွမ်းနေသည်။
"ဘာဖြစ်ဖြစ် ဒီနေ့ တိုက်ခိုက်ရလိမ့်မယ်"
ထန်တိုက်လင်သည် သူမက လေးနက်စွာပြောနေသော်လည်း ယဲ့ချန်က ဆက်တိုက်ငြင်းနေသဖြင့် စိတ်ဆိုးစပြုလာသည်။ သူမက သူ့ကိုကူညီရန်အတွက် ရီရန်ထံမှ ဤလေ့ကျင့်ရေးကွင်းကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။
"ရွှစ်"
သက်တန့်ရောင်နတ်အလင်းတစ်ခုက ယဲ့ချန်ထံ တိုးဝင်လာသည်။ ၎င်းထံမှ ထက်ရှကာပြိုင်ဘက်ကင်းသော အရှိန်အဝါမျိုး ပေါက်ကွဲထွက်ပေါ်လာသည်။ အကယ်၍ သူကသာ ရှောင်တိမ်းခြင်းမရှိလျှင် ဤတိုက်ကွက်ကြောင့် မီးကင်ခံလိုက်ရသော ငါးတစ်ကောင် ဖြစ်သွားနိုင်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူက အလွန်အမင်းထက်ရှပြီး မိစ္ဆာဝံပုလွေဆေဘာဖြင့်ပင် မခုခံနိုင်လောက်သော ပင်လယ်နတ်ဘုရားလှံကို ရင်ဆိုင်ရန် ကောင်းကင်တုန်ခါဆေးအိုးကို ဆင့်ခေါ်လိုက်ရသည်။ ၎င်းက သူ၏လက်အတွင်းမှ ပြေးထွက်သွားကာ နတ်အလင်းကို ဖျက်ဆီး၍ ပင်လယ်နတ်ဘုရားလှံနှင့် ထိမှန်သွားခဲ့သည်။
"ဘုန်း"
လေ့ကျင့်ရေးကွင်းအတွင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ပြင်းထန်သော တန်ပြန်လှိုင်းများ ပြန့်ထွက်လာခဲ့လေသည်။