ရင်သွေး
Vol. 37 Ch. 521
ပိုလင်းနှင့်ယှဥ်လျှင် ထန်တိုက်လင်သည် အရှက်သည်းသော မိန်းမပျိုလေးတစ်ယောက်ပမာ ညှင်သာကြောင့် ယဲ့ချန်က သူမအပေါ် သိမ်မွေ့ကြင်နာစွာ ယုယလိုက်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်မိန်းမများသည် တစ်ဘဝလုံးတွင် ယောကျ်ားတစ်ယောက်တည်းအပေါ် သစ္စာရှိကြသည်။
"ထန်တိုက်လင် အခုကစလို့ မင်းက ငါ့မိန်းမဖြစ်သွားပြီ"
ယဲ့ချန်က ထန်တိုက်လင်၏နားသို့ကပ်ကာ တီးတိုးပြောလိုက်ခြင်းဖြစ်သည်။ ပါးနှစ်ဖက်လုံးနီမြန်းနေသော ထန်တိုက်လင်က ရှက်ပြုံးလေးတစ်ချက်ပြုံးကာ ခေါင်းငုံ့သွားခဲ့သည်။ ယဲ့ချန်သည် သူမ၏ဘဝတွင် ပထမဆုံးအကြိမ်ရင်းနှီးသော ယောကျ်ားဖြစ်သည့်အပြင် လက်ရှိအချိန်မှစတင်၍ အရေးကြီးဆုံးယောကျ်ားလည်း ဖြစ်လာခဲ့သည်။ သူမက ယဲ့ချန်အတွက်ဆိုလျှင် ကောင်းကင်ကိုပင် အပေါက်ဖောက်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။ အတိတ်ရှိအေးစက်သော သူမ၏ဘဝက ဇနီးသည်တစ်ယောက်ဖြစ်လာသောအခါ ပြောင်းလဲသွားပြီး သူမ၏ဘဝတွင် ယဲ့ချန်၏အရေးပါမှုက ကြီးမားလာခဲ့သည်။ နောက်ဆုံးတွင် သူမက ဘဝ၏အဓိပ္ပါယ်နှင့် ချစ်ခြင်းမေတ္တာကို ခံစားလိုက်ရပြီဖြစ်သည်။
တားမြစ်အစီအရင်အတွင်း၌ ချစ်ခြင်းအငွေ့အသက်များ ထုံမွှမ်းနေကာ ထန်တိုက်လင်၏မျက်နှာထက်ရှိ ရှက်သွေးလေးများက နီမြန်းနေဆဲပင်ဖြစ်သည်။
"ကလေးလေးမွေးလာရင် သူ့ကို ဘယ်လိုခေါ်ကြမလဲဟင်။ ပင်လယ်မိစ္ဆာတွေက ပထမဆုံးအကြိမ်မှာ ကိုယ်ဝန်ဆောင်ရတယ်။ အခု ငါ့ဗိုက်ထဲမှာ ကလေးလေးရှိနေပြီ။ သူက ယောကျ်ားလေးဆိုတာ အာရုံခံမိတယ်"
ထန်တိုက်လင်သည် ယဲ့ချန်၏ရင်ခွင်အတွင်း မှေးစက်နေရင်း ကျောက်စိမ်းလက်ချောင်းလေးများဖြင့် သူ၏မျက်နှာကို ပွတ်သပ်နေခဲ့သည်။ သူမ၏နှလုံးသားထဲတွင် ငြိမ်းချမ်းမှုများ ခံစားနေရသည်။ သူမ၏စကားကြောင့် ယဲ့ချန်က မင်သက်သွားသောအခါ ခစ်ခနဲရယ်လိုက်မိသည်။
"ငါ အဖေတစ်ယောက် ဖြစ်လာပြီလား"
ယဲ့ချန်က အလွန်အံ့သြသွားပြီး မယုံနိုင်ဖြစ်နေခဲ့သည်။ သို့သော် ခဏအကြာတွင် သူ၏စိတ်ထဲ၌ ပျော်ရွှင်မှုများဖြစ်ပေါ်လာကာ ထန်တိုက်လင်၏လက်ကလေးကို ဆုပ်ကိုင်ပြီး လှပသောမျက်နှာလေးကို စိုက်ကြည့်လိုက်သည်။ ထန်တိုက်လင်၏ခန္ဓာကိုယ်မှ မိခင်တစ်ယောက်၏ဟန်ပန်မျိုး စတင်ဖြစ်ပေါ်လာနေခဲ့သည်။
"ဟုတ်တယ်။ ဒါပေမယ့် လူသားတွေလို ဆယ်လတည်း ကိုယ်ဝန်ဆောင်ရမှာ မဟုတ်ဘူး။ ငါက ၂နှစ်တိတိ ကိုယ်ဝန်ဆောင်ရလိမ့်မယ်"
ထန်တိုက်လင်က သူမ၏ဝမ်းဗိုက်လေးကို လက်ဖြင့် ကြင်နာစွာပွတ်သပ်၍ ဖြေလိုက်သည်။ သူမ၏ချီပင်လယ်ထံမှ အာဟာရအချို့ကို ဖြစ်တည်ကာစသန္ဓေသားလေးက စုပ်ယူနေကြောင်း ခံစားလိုက်ရသည်။ ၎င်းက သူမနှင့် ယဲ့ချန်၏ အသွေးအသားဖြစ်သောကြောင့် မိခင်မေတ္တာများ စတင်ဖြစ်ပေါ်လာခဲ့သည်။ ဤကား ချစ်ခြင်းမေတ္တာနှင့် မိသားစု၏အဓိပ္ပါယ် ဖြစ်ပေလိမ့်မည်။ အမြဲတစေ ခံစားချက်ကင်းမဲ့၍ အေးစက်နေတတ်သော ထန်တိုက်လင်သည် သူမ၏ရင်သွေးကြောင့် တာအိုအပေါ် နားလည်မှုအသစ်တစ်ခု တိုးပွားလာသည်။
ပင်လယ်မိစ္ဆာမျိုးနွယ်၏ သဘောသဘာဝကြောင့် အံ့သြနေသော ယဲ့ချန်က ထန်တိုက်လင်၏ဝမ်းဗိုက်လေးကို ညာလက်ဖြင့် ထိကပ်လိုက်သည်။ အတွင်း၌ အသက်ဓာတ်တစ်ခု စတင်ဖြစ်ပေါ်လာကာ ၎င်းက သူနှင့်ထန်တိုက်လင်၏ ရင်သွေးလေးဖြစ်ပေသည်။ သူက ဘဝနှစ်ခုလုံးတွင် ဖခင်တစ်ယောက်ဖြစ်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။ ဖခင်တစ်ယောက်အနေဖြင့် စိုးရိမ်စိတ်နှင့် ပျော်ရွှင်မှုက ရုတ်တရက် ပြိုင်တူထွက်ပေါ်လာကြသည်။
"ဒါဆိုရင် ရှင်းဟိုင်ဒေသကိုမသွားဘဲ ငါနဲ့ အတူနေမလား"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် မေးလိုက်ခြင်းဖြစ်သည်။ သူက ဇနီးသည်နှင့် ရင်သွေးလေးကို ကောင်းကောင်းဂရုစိုက်ပေးနိုင်ကြောင်း ယုံကြည်ချက်ရှိနေသည်။
"ရှင်းဟိုင်ဒေသကို သွားမှဖြစ်လိမ့်မယ်။ အပြင်မှာ ငါတို့မိသားစုလိုမျိုး မိသားစုတွေအများကြီး ငါပြန်အလာကို စောင့်မျှော်နေကြတယ်။ သူတို့ရဲ့မျှော်လင့်ချက်ကို ဖျက်ဆီးလို့မဖြစ်ဘူး။ ဘယ်လိုဖြစ်ဖြစ် ငါက သိုင်းဒေသကို ရောက်နေရင်တောင် ငါ့ကလေးမမွေးသေးသရွေ့ အန္တရာယ်များတာတွေ မလုပ်ပါဘူး"
ထန်တိုက်လင်က ခေါင်းယမ်း၍ ယဲ့ချန်ကို လေးနက်စွာ ကတိပေးလိုက်၏။ ယဲ့ချန်က စိုးရိမ်နေသော်လည်း သူမ၏စကားကအဓိပ္ပါယ်ရှိကြောင်း လက်ခံလိုက်ရသည်။ ထန်တိုက်လင်သည် သိုင်းဒေသသို့သွားရောက်၍ အမွေအနှစ်များ ဆက်ခံရုံသာဖြစ်သောကြောင့် ပြဿနာများစွာ မရှိနိုင်ချေ။ ရင်သွေးလေး၏အသက်ကြောင့် မိခင်တစ်ယောက်ဖြစ်သော သူမက စွန့်စားမှုများ ပြုလုပ်မည်မဟုတ်ပေ။
"ငါက စည်းမျဥ်းတွေကိုလေ့လာပြီး ငါတို့လူတွေကိုခေါ်ဆောင်နိုင်ဖို့ နည်းလမ်းသုံးခု ရှာတွေ့ခဲ့တယ်။ ပထမဆုံးနည်းလမ်းက စစ်ဧကရာဇ်တစ်ယောက်ကို အကူအညီတောင်းခြင်းဖြစ်တယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ မြို့တော်တစ်ခုမှာ ကိုယ်ပိုင်နယ်မြေတစ်ခုဝယ်ယူပြီး အိမ်ထောင်စုတွေကို စာရင်းသွင်းရမယ်။ ဒါဆိုရင် သူတို့က ပြောင်းရွှေ့လာနိုင်ပေမယ့် ပိုင်နက်တစ်ခုဝယ်ယူနိုင်ဖို့ လိုအပ်တဲ့စျေးနှုန်းက ကြောက်စရာကောင်းလောက်အောင် များတယ်။ နောက်ဆုံးနည်းလမ်းကတော့ ကျင့်ကြံသူတစ်ယောက်ရဲ့ဝင်ခွင့်ကို ဆည်းဆာရွှေပြားဆယ်သန်းနဲ့ ဝယ်ယူရမှာဖြစ်တယ်။ ဒါပေမယ့် သူတို့က ဝင်ခွင့်ရပြီးရင်တောင် မြို့အစွန်အဖျားတွေမှာ နေထိုင်ရလိမ့်မယ်။ သေသေချာချာစဥ်းစားပြီးတဲ့နောက်မှာ ပထမဆုံးနည်းလမ်းက အသင့်တော်ဆုံးလို့ ငါ ထင်တယ်။ ဒါကြောင့် စစ်ဧကရာဇ်တစ်ယောက်ကို အကူအညီတောင်းဖို့ဆိုရင် သိုင်းဒေသတစ်ခုကို သွားရောက်ပူးပေါင်းဖို့ လိုအပ်တယ်"
ထန်တိုက်လင်က အသေးစိတ်ရှင်းပြလိုက်သည်။ စည်းမျဥ်းများကိုဖတ်ရှုထားသော ယဲ့ချန်ကလည်း နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်၏။ နည်းလမ်းသုံးခုတွင် ပထမဆုံးနည်းလမ်းကသာ အရိုးရှင်းဆုံးနှင့် လက်တွေ့အကျဆုံးဖြစ်သည်။
"မင်း ဂရုစိုက်ရမယ်နော်"
ယဲ့ချန်က ထန်တိုက်လင်ကို တင်းကျပ်စွာဖက်၍ ကြင်နာစွာ မှာကြားလိုက်သည်။ ကောင်းကင်မူလတိုက်ကြီးတွင် စည်းမျဥ်းများ တင်းကြပ်သောကြောင့် သူက စိတ်ချနိုင်သော်လည်း စိုးရိမ်နေဆဲပင်ဖြစ်သည်။ စည်းမျဥ်းစည်းကမ်းများက မည်မျှတင်းကြပ်ပါစေ၊ ချိုးဖျက်သူများက အမြဲတမ်းရှိနေတတ်သည်။ ကံကောင်းသည်မှာ စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာနိုင်သော ထန်တိုက်လင်၏ပါရမီကြောင့် ရှင်းဟိုင်ဒေသက သူမ၏လုံခြုံရေးကို ဂရုစိုက်ပေးပေလိမ့်မည်။ လက်ရှိတွင် အမြဲတမ်းအေးစက်တင်းမာနေတတ်သော ထန်တိုက်လင်၏မျက်နှာက ပို၍သိမ်မွေ့နေခဲ့သည်။ သူမ၏အလှက မြင်ရသူအပေါင်းကို အချစ်စိတ်များ ယိုဖိတ်လာစေနိုင်သည်။
"နင်လည်း ဂရုစိုက်ရမယ်နော်"
ထန်တိုက်လင်ကလည်း ယဲ့ချန်၏လုံခြုံရေးကို စိတ်မချနိုင်ဟန်ဖြင့် မှာကြားလိုက်သည်။ ညကား မည်းနက်နေပြီး မြို့တော်ဝန်၏အိမ်တော်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။အချိန်တစ်ခုအကြာတွင် ထန်တိုက်လင်သည် အပြာရောင်ဝတ်ရုံရှည်တစ်ထည်ကို ပြောင်းလဲဝတ်ဆင်ပြီး ဆံပင်များကို ခေါင်းအနောက်တွင် စည်းနှောင်လိုက်သည်။ သူမ၏မြင့်မြတ်သော အသွင်သဏ္ဍာန်က နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ အတိတ်မှထန်တိုက်လင်နှင့်ယှဥ်လျှင် လက်ရှိထန်တိုက်လင်က အနည်းငယ်ပြောင်းလဲလာသောကြောင့် ယဲ့ချန်က ဝမ်းသာမဆုံးဖြစ်နေခဲ့သည်။
"ငါးနှစ်ကတိက အခုထိ အသက်ဝင်နေတုန်းနော်။ ဒီနေ့ ငါတို့ကြားမှာ ဘယ်သူမှအနိုင်မရခဲ့ဘူး။ ငါးနှစ်ကြာရင် နောက်တစ်ကြိမ် တိုက်ခိုက်ကြမယ်"
ထန်တိုက်လင်က ခပ်ညစ်ညစ်ပြုံး၍ ယဲ့ချန်ကို သတိပေးလိုက်သည်။
"နင်က တိုက်ခိုက်ချင်သေးတာလား"
ငါးနှစ်အကြာတွင် သူတို့၏ရင်သွေးလေး မွေးဖွားပြီးဖြစ်သောကြောင့် ယဲ့ချန်က ဆွံ့အနေခဲ့သည်။ သူ၏အမူအရာကြောင့် ထန်တိုက်လင်၏မျက်နှာထက်တွင် ပန်းလေးတစ်ပွင့်ကဲ့သို့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထန်တိုက်လင်၏ မြင်ရခဲသောအပြုံးကြောင့် ယဲ့ချန်၏နှလုံးသားထဲတွင် အချစ်စိတ်များ ဖြစ်တည်လာခဲ့သည်။ သူမက ပြုံးလိုက်တိုင်း လောကတစ်ခွင်ရှိ အလှတရားများ မှေးမှိန်ပျောက်ကွယ်သွားကြရသည်။
"အခု နင်အာကိုပြန်ပြီး နှစ်သိမ့်ပေးလိုက်ဦး။ နှစ်ရက်ကြာရင် နင်အာလည်း နင်နဲ့ခွဲရမယ်ဆိုတော့ ဝမ်းနည်းနေလိမ့်မယ်"
ထန်တိုက်လင်သည် ကျောက်တိုင်ကို လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်သောအခါ လေ့ကျင့်ရေးကွင်း၏ တားမြစ်အစီအရင်က ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ဤညတွင် အစီအရင်အတွင်းဖြစ်ပျက်ခဲ့သမျှကို ကာယကံရှင်နှစ်ယောက်မှလွဲ၍ မသိနိုင်ကြပေ။ ထန်တိုက်လင်က ယဲ့ချန်ကို လေးနက်စွာတစ်ချက်ကြည့်လိုက်ပြီး သူမ၏အခန်းထံသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။ ညအမှောင်တွင် ပျံသန်းသွားသော သူမကိုကြည့်နေသည့် ယဲ့ချန်၏မျက်လုံးများက တောက်ပလင်းလက်နေသည်။ သူ၏ပခုံးထက်ရှိ တာဝန်များက ပို၍လေးလံလာပြီး ချစ်ခင်ရသူများကို ကာကွယ်ရန်အတွက် ပို၍အစွမ်းထက်လာရမည်ဟု သံဓိဋ္ဌာန်ချလိုက်သည်။
"ငါ့ရင်သွေးလေးမွေးလာရင် ပင်လယ်မိစ္ဆာ ဖြစ်နေမှာလား၊ လူသား ဖြစ်နေမှာလား"
ယဲ့ချန်သည် ထန်တိုက်လင်၏ ဝမ်းဗိုက်အတွင်းရှိ ရင်သွေးလေးအကြောင်း စဥ်းစားနေခဲ့သည်။ သို့သော် မည်သည့်မျိုးနွယ်ဖြစ်ပါစေ သူ၏ရင်သွေးသာဖြစ်သည်။ ထို့အပြင် ဤလောကကြီး၌ သားရဲများနှင့် လူသားများကြားတွင် ကွဲပြားမှုမရှိဘဲ လက်ထပ်ထိမ်းမြားနိုင်ကြသည်။ သူနှင့် ထန်တိုက်လင်၏ အသွေးအသားဖြစ်သောကြောင့် ရင်သွေးလေး၏ပါရမီက နိမ့်ကျနေစရာ အကြောင်းမရှိပေ။ သားဖြစ်သူအကြောင်းတွေးလိုက်သောအခါ ယဲ့ချန်၏ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
"တကယ်လို့ ငါ့မှာ ပင်လယ်မိစ္ဆာ၊ မိုးကြိုးသားရဲ၊ နတ်မြေခွေးနဲ့ လူသားဆိုတဲ့ ကလေးလေးတွေရှိလာရင် ဘဝတစ်ခုလုံး ပြည့်စုံသွားမယ်ထင်တယ်"
ပုံရိပ်ယောင်ပုလဲအတွင်း မေ့မျောနေသော ပိုလင်းပြ န်လည်ကောင်းမွန်လာစေရန် သူက မျှော်လင့်နေသည်။ ယဲ့လော့နှင့်လည်း တစ်နေ့နေ့တွင် သေချာပေါက်ပြန်ဆုံရမည်ဟု ယုံကြည်ထားသည်။ ထို့နောက် ယဲ့ချန်သည် စိတ်အားတက်ကြွစွာဖြင့် လေ့ကျင့်ရေးကွင်းမှထွက်ခွာ၍ သူ၏အခန်းထံ ဦးတည်လိုက်သည်။
မြို့ဝန်အိမ်တော်၏ အနောက်ဘက်ခြံဝန်းအတွင်း ထန်တိုက်လင်က တစ်ကိုယ်တည်းမတ်တပ်ရပ်၍ အတွေးနက်နေသည်။ လရောင်အောက်တွင် အလွန်လှပနေသော နတ်မိမယ်လေးက ခေါင်းမော့၍ ကောင်းကင်သို့ စိုက်ကြည့်နေခဲ့သည်။
"ခမည်းတော် သမီးမှာ ရင်သွေးလေးရှိနေပြီ"
သူမက ဝမ်းဗိုက်ကို ညာလက်ဖြင့်ပွတ်သပ်ရင်း ဖခင်ဖြစ်သူကို လွမ်းဆွတ်သတိရနေသည်။ ယဲ့ချန်အကြောင်း စဥ်းစားမိလိုက်သောအခါ လှပသောအပြုံးလေးတစ်ခု ဖြစ်ပေါ်လာ၍ နှလုံးသားထဲရှိ အေးစက်မှုများအားလုံး အရည်ပျော်ကျသွားခဲ့သည်။
"ဘယ်သူလဲ"
ထိုအချိန်တွင် သူမက သစ်ပင်များ၏နောက်ကွယ်ရှိ အမှောင်ထုအတွင်းမှ တစ်ခုခုကို အာရုံရလိုက်သဖြင့် အော်ဟစ်လိုက်သည်။
"ငါက စစ်ဧကရာဇ်လင်းရဲ့တပည့် ယိရန်ပါ။ မြို့တော်ဝန်အိမ်တော်ထဲမှာ လမ်းလျှောက်ရင်း ဒီနေရာကို မတော်တဆဖြတ်သွားမိတာပါ။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့"
အရိပ်တစ်ခုက သစ်ပင်များနောက်မှ လမ်းလျှောက်ထွက်လာပြီး အသက်နှစ်ဆယ်ကျော်အရွယ် ချောမောသော လူငယ်တစ်ယောက် ဖြစ်နေခဲ့သည်။ အညိုရောင်ဝတ်စုံဝတ်လူငယ်က ယဥ်ကျေးသိမ်မွေ့စွာပြုံး၍ တောင်းပန်စကားဆိုလိုက်သည်။
ယိရန်သည် တာအိုနတ်အဆင့်ကျင့်ကြံသူဖြစ်ပြီး စစ်ဧကရာဇ်တစ်ယောက်၏ တပည့်ဖြစ်သောကြောင့် အဆင့်အတန်းမြင့်မားသည်။ ထို့အပြင် သူက အနာဂတ်တွင် စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာနိုင်သောကြောင့် ရန်ယွင်မြို့တော်၏ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဟု ဆိုနိုင်သည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း စမ်းသပ်သောနေရာတွင် သူက ရှိမနေခဲ့သော်လည်း ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် သူက ထန်တိုက်လင်၏အလှကြောင့် ဆွဲဆောင်ခံလိုက်ရပြီး တစ်ဖက်လူ၏ပေါင်းစပ်နှုန်းကြောင့် အံ့သြခဲ့ရသည်။ သူ၏ပေါင်းစပ်နှုန်းက ငါးဆယ်သာဖြစ်သော်လည်း ဧကရာဇ်၏တပည့်များကြားတွင် အကောင်းဆုံးများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသည်။
ထန်တိုက်လင်သည် ရေခဲပမာအေးစက်သော်လည်း အလွန်လှပသောကြောင့် ဂုဏ်ပြုပွဲတက်ရောက်လာသူများက စကားစမြည်ပြောရန် ကြိုးစားခဲ့ကြသည်။ သို့သော် လူတိုင်း ကျရှုံးခဲ့ရသောကြောင့် ယိရန်က မကြိုးစားခဲ့ပေ။ သူက မြင့်မြတ်သူတစ်ယောက်ဖြစ်သောကြောင့် လူပုံအလယ်တွင် ပြက်ရယ်ပြုခံရခြင်းကို လက်မခံနိုင်ပေ။ လက်ရှိတွင် လရောင်အောက်၌ ထန်တိုက်လင်၏အလှကို ဖြတ်ခနဲမြင်လိုက်ရသောအခါ အကြည့်တစ်ချက်သာဖြစ်သော်လည်း ရင်ခုန်သံ မြန်လာခဲ့သည်။ သူ၏ဘဝတွင် လှပသောမိန်းမချောများစွာ မြင်ဖူးသော်လည်း မည်သူမှ ထန်တိုက်လင်ကဲ့သို့ သူ့ကို စိတ်လှုပ်ရှားလာအောင် မစွမ်းဆောင်နိုင်ပေ။ သိမ်မွေ့မြင့်မြတ်လှသော ထန်တိုက်လင်၏ပုံရိပ်သည် ယိရန်၏နှလုံးသားထဲတွင် ဖျောက်ဖျက်မရအောင် စွဲထင်သွားခဲ့လေသည်။