← Chapters

လေးသည်တော်

Vol. 53 Ch. 729

လေးသည်တော်

Vol. 53 Ch. 729

ဘယ်လိုပဲ ဖြစ်ဖြစ် ဝေ့ဝူယင်မှာ ကြမ်းတမ်း ခက်ထန်သော စစ်မြေပြင် အတွင်းတွင် လုံခြုံ ဘေးကင်းသည့် ကိုယ်ပိုင် နေရာတစ်ခု ဖန်တီးနိုင်လိုက်ပြီ ဖြစ်သည်။ သူ တိုက်တန် နှစ်ယောက်ကို မြေပြင်ပေါ်၌ ပြန်လည် ချပေးလိုက်၏။

တိုက်တန် မိန်းကလေးမှာ ဘေးနားရှိ ရှင်းလင်းနေသည့် နေရာကို ကြည့်ကာ အံ့အားသင့်နေဟန် ရ၏။ သို့သော်လည်း သူမက လျှင်မြန်စွာပင် အသိစိတ်ကို ပြန်လည် ရရှိလာကာ ဝေ့ဝူယင်ကို ဦးတစ်ချက် ညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ...”

ထို့နောက် တိုက်တန် တစ်ကောင် ပိုင်ဆိုင်ခဲ့ဟန် ရသည့် မြေပြင်ရှိ သွေးအလိမ်းလိမ်းနှင့် ဓားတစ်စင်းကို ကောက်ကိုင်ကာ စစ်မြေပြင်ဆီ ပြေးဝင် သွားတော့သည်။ ထို့နောက် သူမမှာ မဟာမိတ် တပ်များနှင့် ပူးပေါင်းကာ ရန်သူများကို အသေအကြေ တိုက်ခိုက်လေတော့၏။

မိန်းကလေး၏ ရဲရင့်မှု ကြည့်ရင်း ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ကာ ချီးကျူး လိုက်မိ၏။ ထိုတိုက်တန် မိန်းကလေး၏ တိုက်ပွဲဝင် စိတ်ဓာတ်မှာ တကယ့်ကို စံထားလောက်ပေသည်။ သို့သော်လည်း... သူမ ဤစစ်မြေပြင်တွင် သေဆုံးကောင်း သေဆုံး သွားနိုင်ကြောင်းလည်း သူ သိထားသည်။ နှမြောစရာ ကောင်းသည့်တိုင် သူ့တွင် သူမကို ကာကွယ်ရန် နည်းလမ်း မရှိချေ။ အလုံးစုံသော ကပ်ဘေးများကို ဖြတ်ကျော်၍ သူမ အသက် ရှင်ကျန်နိုင်စေဖို့ မျှော်လင့်ရန်သာ သူ တတ်နိုင်ပေသည်။

ဘေးနားတွင် ငြိမ်ကုပ်နေသည့် ထိုက်ဟောက်ဟု ခေါ်သော တိုက်တန်ကို ဝေ့ဝူယင် ကြည့်လိုက်၏။

“မင်း သွားမကူဘူးလား...”

ထိုက်ဟောက်၏ ခန္ဓာကိုယ်က တစ်ချက် တုန်ရီသွား၏။ သို့သော်လည်း သူက ခပ်ဖျော့ဖျော့ ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်ကာ အံကို တင်းတင်းကြိတ်လျှက် စစ်မြေပြင်ဆီ ပြေးဝင် သွားလေတော့သည်။

ဘုန်း.... ဝရုန်း... ဒိုင်း....

ပြင်းထန်သော တိုက်ပွဲကတော့ အဆက်မပြတ် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ခေါင်းကို မော့ကြည့်လိုက်တော့ ကောင်းကင်တွင်လည်း ကြယ်တာရာ သခင် အဆင့် အထက် ကျင့်ကြံသူများ ရှိနေကြောင်း ဝေ့ဝူယင် တွေ့ရ၏။ သူတို့က မှိုပွင့်ကြီးများ ကဲ့သို့ အထပ်ထပ် ဖြစ်နေသည့် တိမ်စိုင်များထက်တွင် ရပ်တည်နေကြကာ အဖျက်စွမ်းအား ပြင်းထန်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော် နေကြသည်။ ထိုပုံရိပ်များကား လျှို့ဝှက် အာဏာရှင် အဆင့်များပင် ဖြစ်လေသည်။

မရေမတွက်နိုင်အောင် များပြားလှသည့် ထိုအထဲတွင် ဒုတိယ ဗိုလ်မှူးကြီး ကျွင်းတိုဂျား၏ အော်ရာကိုပင် သူ အာရုံခံစား၍ ရ၏။ မြေပြင်က သေမျိုးများ အတွက် ဖြစ်ကာ ကောင်းကင်ကတော့ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် ဖြစ်သည်။ ထိုခွဲခြားမှုက အတော်လေး ရှင်းလင်းလှသည်။

ချွင်... ချွင်...

ရွှစ်... အား...

လက်နက်ချင်း ဆုံတွေ့သံများ၊ နောင်တရ ငိုကြွေးသံများကို နားထောင်ရင်း ဝေ့ဝူယင် ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ် လိုက်မိ၏။ အချိန်များက နှစ်ကာလပေါင်း များစွာ နောက်ဆုတ်သွားသလို ခံစားလိုက်ရကာ ပြင်းထန်သည့် နှလုံးခုန်သံများကို သူ ကြားလိုက်ရသည်။

ထိုကြယ်တာရာ သခင် အားလုံးမှာ သေမျိုးအကန့်အသတ် အထွတ်အထိပ်တွင် ရပ်တည်နေသည့် ကျင့်ကြံသူကြီးများ ဖြစ်သည်။ သို့တိုင်အောင် သူတို့မှာ ပိုမို ကြီးကျယ်သော ခွန်အားနှင့် အလိုရှိသည့် ဘဝများ အတွက် အသက်များကို ရင်းနှီးကာ တိုက်ခိုက်နေကြသည်။

“အချိန် အတန်ကြာခဲ့ပြီပဲ...”

ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှု စသည့် ခံစားချက်များမှာ နောက်တစ်ကြိမ် သူ့ အတွေးအတွင်း ရစ်ဝဲ လာခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ် နီးပါး နေသွေးနီနီဂိုဏ်း နေ့ရက်များတွင် ကျင့်ကြံခြင်း လောက၏ ရက်စက် ကြမ်းကြုတ်သော သဘာဝကို သူ အကောင်းဆုံး တွေ့ကြုံ ခံစားခဲ့ရသည်။

ကြီးကျယ် ခမ်းနားသည့် ခွန်အား၏ နောက်ကို လိုက်ရန် အတွက် အချိန်တိုင်း နေ့ရက်တိုင်း သူ အသက်ကို ရင်းနှီးခဲ့ရသည်။ အခွင့်အရေး တိုင်းကို တိုက်ခိုက်ခဲ့သည်။

မိသားစု မရှိ၊ မဟာမိတ် မရှိ၊ ယုံကြည်ရသည့်သူ မရှိ...။

အမွေခံ အပြစ်သား တစ်ယောက် ဖြစ်လာပြီး နောက်ပိုင်းမှသာ သူ၏ ကျင့်ကြံခြင်း လမ်းစဥ်က လုံးဝ ပြောင်းလဲ သွားခဲ့သည်ဟု ဆိုနိုင်ပေသည်။ အဂ္ဂိရတ် လမ်းစဥ်တွင် အထွတ်အထိပ် ပါရမီကို ရှာဖွေ တွေ့ရှိခဲ့သည်။ ကမ္မ အခွင့်အရေးများကို ပိုမို လွယ်ကူစွာ သူ လက်ခံ ရရှိလာခဲ့သည်။ ဆယ်စုနှစ် သုံးခုမျှ ကြာအောင် သူ ဘဝကို အခက်အခဲ မရှိသလောက် ဖြတ်သန်းနိုင်ခဲ့သည်။

သို့သော်လည်း ယနေ့တွင်တော့ ကြယ်တာရာ သခင်တို့၏ စစ်မြေပြင်မှာ ကျင့်ကြံခြင်း လမ်းစဥ် မည်မျှ ခက်ခဲကြောင်း သူ့ကို ပြန်လည် သတိပေးလိုက်ပြီ ဖြစ်သည်။

ဝေ့ဝူယင် အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများကို အောက်သို့ နှိမ့်လိုက်၏။ သူ့ခြေထောက်အောက်ရှိ မြေပြင်က ပင့်ကူအိမ်များ ကဲ့သို့ အက်ကွဲကြောင်းများနှင့် ပြည့်နှက်သွားသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ ဝေဝါးလာ၏။

ဤသည်က စစ်မြေပြင်မှာ မည်သည်ကို ခေါ်ဆိုကြောင်း လေ့လာရမည့် အချိန် ဖြစ်သည်။ သူ၏ ဝိညာဥ် အာရုံက အဝေးတစ်နေရာတွင် မြှားများကို အဆက်မပြတ် ထုတ်လွှတ်ရင်း တိကျသေချာမှုဖြင့် တိုက်တန် တစ်ကောင်၏ အသက်ကို ချွေနေသည့် လေးသမားထံသို့ ရောက်ရှိသွားသည်။

ဘုန်း...

ဝေ့ဝူယင် အတောင်ပံကို စတင် ခတ်လိုက်သည်နှင့် ဟင်းလင်းပြင်က တုန်ရီသွားကာ အနီးအနားရှိ စစ်သားများမှာ လေပြင်းမုန်တိုင်းများ လာရောက်ရိုက်ခတ် သလို ခံစားလိုက်ရ၏။

သူတို့က ဝေ့ဝူယင်ကို လှမ်းကြည်လိုက်ကြ၏။ သို့သော်လည်း သူတို့၏ အမူအရာများက ဝေ့ဝူယင်၏ ထူးဆန်းသော အသွင်အပြင်ထက် ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ဝိညာဥ်အင်အားကိုသာ အံ့အားသင့် နေကြဟန် ရလေသည်။

“တကယ်ကြီး ဝိညာဥ်သခင်ဟ...”

ထူးဆန်းသော မျိုးနွယ်ဝင် စစ်သား တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ် လိုက်၏။ ထို့နောက် သူက ချက်ချင်းပင် တိုက်တန် တစ်ကောင်ကို တိုက်ခိုက်နေရာမှ နောက်သို့ ခုန်ဆုတ်လိုက်သည်။

ထိုအခိုက်၌.... တိုက်တန် မျိုးနွယ်မှာ ထူးဆန်းသော မျိုးနွယ်ဝင် စစ်သား၏ သတ်ဖြတ်မှုကို ခံရလုနီးနီး အခြေအနေထိ ရောက်ရှိနေခြင်း ဖြစ်ကာ ဓားမြှောင်ချက်များ အောက်တွင် သူ၏ အရွတ်အားလုံး ပြတ်တောက် နေခဲ့ပြီ ဖြစ်သည်။ လည်စင်း အသေခံရုံမှ တစ်ပါး သူ လုပ်နိုင်သည့် အရာ မရှိတော့သလောက်ပင်။

သို့သော်လည်း မျက်လုံးကို ဖွင့်လိုက်သော အခိုက်၌ သူ အသက်ချမ်းသာရာ ရသွားပြီ ဖြစ်ကြောင်း တိုက်တန်မျိုးနွယ်မှာ သဘောပေါက် လိုက်၏။ တစ်ဆက်တည်းပင် ခန္ဓာကိုယ်ပေါ် ပိကျလာသည့် ဝိညာဥ်အင်အားကို သူ ခံစားလိုက်ရ၏။ သူက ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ အတောင်ပံများကို ဖြန့်၍ ရပ်နေသည့် ဝေ့ဝူယင်ကို တွေ့လိုက်ရ၏။

“ဝိညာဥ်သခင်...”

တိုက်တန်မျိုးနွယ်၏ အမူအရာက ပြောင်းလဲသွား၏။ သို့သော်လည်း... ထူးဆန်းသော မျိုးနွယ်နှင့် ခြားနားစွာပင် သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု၊ ဝမ်းသာမှုတို့နှင့် ပြည့်နှက်နေပေသည်။

ဝှစ်... ဝှစ်...

ဝေ့ဝူယင်ထံမှ ဝိညာဥ်အာရုံကို ခံစားမိသည်နှင့် တိုက်တန် မဟုတ်သည့် များစွာသော စစ်သည်များမှာ ညီညွှတ်စွာပင် နောက်သို့ ဆုတ်ခွာ သွားကြသည်။ သူတို့၏ လှုပ်ရှားမှုများက ညီညာကာ လွဲချော်မှု တစ်ခုတစ်လေပင် မရှိချေ။ ဝိညာဥ်သခင် ဆိုသည့် ယူဆချက်တစ်ခု ထွက်ပေါ်လာသည်နှင့် မည်ကဲ့သို့ တုန့်ပြန်ရမည်ကို အကြိမ်ကြိမ်အခါခါ လေ့ကျင့်ထားကြသည့် အတိုင်းပင်။

ခရုပတ် တပ်ရင်းမှ တိုက်တန်များမှာ ဝေ့ဝူယင်ကို သတိထားမိသည်နှင့် အသက်ရှူ ချောင်သွားဟန် ပင့်သက်များ ရှိုက်လိုက်ကြ၏။ အခြား တိုက်တန်များမှာ အံ့အားသင့် နေကြသည့်တိုင် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အုပ်စုများ ပြန်ဖွဲ့လိုက်ကြသည်။

ဝေ့ဝူယင် ကယ်တင်ခဲ့သည့် တိုက်တန် မိန်းကလေးမှာ ကြီးကြီးမားမား ဒဏ်ရာများ ရရှိနေကာ လည်ပင်းတွင်ပင် ဒဏ်ရာကြီး တစ်ခု ရှိနေခဲ့သည်။ သို့တိုင်အောင် သူမမှာ ကိုယ့်ကိုယ်ကို ထိန်းထားနိုင်ဆဲ ဖြစ်ကာ မျက်လုံးများမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

အခြား မျိုးနွယ်ဝင်များ လျှင်မြန်စွာ ဆုတ်ခွာသွားသည်ကို သတိထားမိသော အခိုက်၌ သူမက လက်သီးကို ခပ်ဖွဖွ ဆုပ်ကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။

ဝေ့ဝူယင်မှာ ဘုရင်နှင့် ခရာတို့ထံမှ ဝိညာဥ်အင်အားကို အကန့်အသတ် အထိ ထုတ်သုံးကာ အဝေးရှိ လေးသမားကို လိုက်ကြည့်နေခဲ့၏။ သို့သော်လည်း... ချက်ချင်း ဆိုသလိုပင် များစွာသော စစ်သားများ ဆုတ်ခွာ သွားသည်ကို မြင်ရသော အခိုက်၌ သူ အံ့အားသင့်သွားခဲ့သည်။ ထို့အပြင်... နေရာတိုင်းရှိ တိုက်တန်များမှာ စိတ်လှုပ်ရှား နေကြပုံ ပေါ်သည်။ ထိုအထဲ၌ ခရုပတ် တိုက်တန် တပ်ရင်းမှ မဟုတ်သည့် စစ်သည်များပင် ပါဝင်နေပေသည်။

ဝေ့ဝူယင် အနည်းငယ် စိတ်ရှုပ်ထွေး သွား၏။ တိုက်တန်များတွင် မဟာမိတ်နှင့် ရန်သူကို ခွဲခြားရန် နည်းလမ်းများ ရှိနေသလော။ သူကတော့ ဘယ်လို ခွဲရမှန်း မသိတာ အမှန်ပင် ဖြစ်သည်။

ဝိညာဥ်အာရုံကို အကန့်အသတ်ထိ ထုတ်လွှတ်ထားသည့်တိုင် မျိုးနွယ် အော်ရာများမှ လွဲ၍ မည်သည့် ကွဲပြားမှုကိုမှ သူ အာရုံမခံနိုင်ချေ။ ထို့အပြင်... သူက တိုက်တန် အော်ရာကို ပိုင်ဆိုင်ထားသူ တစ်ယောက် မဟုတ်ချေ။ ဤသို့ဆိုလျှင်... သူတို့က အဘယ်ကြောင့် သူ့ကို မဟာမိတ်ဟု သတ်မှတ်နေကြပုံ ပေါ်သနည်း။ စောစောပိုင်းက ထိုက်ဟောက်တို့ နှစ်ယောက်ကို ကယ်တင်ခဲ့တာ မြင်ခဲ့ကြ၍လော။

ဘယ်လိုမှ စဥ်းစား၍ မရလေရာ လောလောဆယ် ထိုအရာကို ဘေးဖယ်ထားဖို့ ဝေ့ဝူယင် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင် ဆိုစေ... သူ့တွင် ရှင်းလင်းသည့် ခွဲခြားနည်း တစ်ခု ရှိနေပြီ မဟုတ်ပါလော။

ရပ်ကျန်ခဲ့သူများက မဟာမိတ် ဖြစ်ကာ ထွက်ပြေးသူများက ရန်သူ ဖြစ်သည်။ ဝိညာဥ်အင်အားကို အလွန်အကျွံ အသုံးပြုမှုကြောင့် ခန္ဓာကိုယ်ထဲမှ နာကျင်မှု အရိပ်အငွေ့ အချို့ကို ဝေ့ဝူယင် ခံစားလိုက်ရ၏။

ဟူး... ဟူး...

ဟင်းလင်းပြင် အတောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်ရင်း ဝေ့ဝူယင် လေထဲကို ပျံတက် လိုက်၏။ ထို့နောက် ပေါက်ကွဲသော အရှိန်အဟုန်နှင့် အတူ လေးသမားဆီသို့ ဦးတည် ပျံသန်း လိုက်လေတော့သည်။

လေးသမားမှာ အလွန် ပါး၏။ ထူးဆန်းသော ဝိညာဥ်အာရုံက သူ့ထံ ဦးတည်နေမှန်း ရိပ်မိကတည်းက သူက ပြေးပေါက်ရှာပြီး ဖြစ်သည်။ ယခုဆိုလျှင် ဝေ့ဝူယင်နှင့် သူ့ အကြားတွင် အတော်လေးပင် အလှမ်းကွာ နေခဲ့ပြီ ဖြစ်သည်။

“ဘာလဲ...”

ရုတ်တရက် ဝိညာဥ်အာရုံက အဆပေါင်းများစွာ ပိုမို အားကောင်းလာကြောင်း သတိထားမိသော အခိုက်၌ သူ၏ မျက်နှာက ဖြူရော်သွား၏။ နောက်ကို လှည့်ကြည့်လိုက်မိသော အခိုက်၌ မီးခိုးရောင် အကြေးခွံများနှင့် သတ္တဝါက သူ့ထံ ဦးတည်ကာ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။

လေးသမား၏ အနီးအနား ဧရိယာ၌ ရှိနေသည့် စစ်သည်များမှာလည်း တုန်လှုပ် ချောက်ချား သွားကြ၏။ အထူးသဖြင့် သူ၏ ခေါင်းဆောင်မှု အောက်ရှိ အဖွဲ့ဝင်များပင်။ ဝေ့ဝူယင် ကဲ့သို့ပင် ထိုလေးသည်တော်မှာလည်း တပ်စိတ် ခေါင်းဆောင် တစ်ယောက်ပင် ဖြစ်လေသည်။

“အားလုံး ဝိညာဥ်တန်ပြန် အလံတွေတွေ ပြင်ထားတော့...”

All Chapters