လေးသည်တော် (၂)
Vol. 53 Ch. 730
“အားလုံး ဝိညာဥ်တန်ပြန် အလံတွေတွေ ပြင်ထားတော့...”
ကြောက်ရွံ့ ထိတ်လန့်နေသည့်တိုင် လေးသည်တော်က အော်ဟစ်လိုက်၏။ လက်အောက်ငယ်သားများမှာ ပထမ၌ ကြောင်အ နေကြသေးသော်လည်း အမိန့်ပေးမှုကို ရရှိသည်နှင့် စတင် လှုပ်ရှား လာခဲ့တော့သည်။ သူတို့က အရေအတွက်အားဖြင့် စုစုပေါင်း ငါးယောက်ရှိကာ ယောက်ျားရော၊ မိန်းမရောပါ ပါဝင်ပေသည်။ သူတို့ အားလုံးမှာ လေးသမားနှင့် ကွာခြားစွာပင် အစိမ်းရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။
သူတို့က ပဥ္စဂံ ပုံသဏ္ဌာန် နေရာယူလိုက်ကြကာ ချဥ်းကပ်လာသည့် ဝေ့ဝူယင်ဘက်ကို ဦးတည်၍ လက်ဟန် ချိပ်စည်း တစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။ သူတို့ တစ်ယောက်ချင်းစီက လက်နှစ်မခန့် ရှိသည့် စိမ်းပြာရောင် အနားသတ်နှင့် အနက်ရောင် အလံများကို ကိုင်ဆောင်ထားကြသည်။
လေးသည်တော်မှာ ဗဟို၌ နေရာယူထားကာ မြှားတစ်စင်းကို ကိုင်ဆောင်ထား၏။ တိုက်ပွဲဝင်လိုသည့် မီးတောက်များက သူ့မျက်လုံး အတွင်း ပြင်းထန်စွာ လောင်ကြွမ်းနေသည်။
“ဒီဝိညာဥ်သခင် ရန်သူကို သတ်နိုင်ရင် စစ်ဝိညာဥ်က အများကြီး ဆုချမှာ သေချာတယ်”
သူက လေးညှို့ကို ဆွဲကာ မြှားကို ပြင်လိုက်သည်။ မြှားတံ၏ အရိုးမှာ ငွေရောင် ဖြစ်ကာ စိတ်ဝင်စားဖို့ ကောင်းသည့် အာကာသလှိုင်းများကို ထုတ်လွှတ်နေ၏။ သို့သော်လည်း ၎င်း၏ အသွားကတော့ ဆန့်ကျင်ဘက်ပင် မဟူရာ အနက်ရောင် ဖြစ်၏။
ဝှစ်... ဝှစ်...
ဝေ့ဝူယင်မှာ မျိုးနွယ် သုံးခုလုံးကို ဖြတ်ကျော်ကာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းနေ၏။ အချို့က ထိတ်လန့်တကြားဖြင့် ထွက်ပြေးနေကြချိန်တွင်ပင် တိုက်တန်များကတော့ လက်များကို မြှောက်ကာ အော်ဟစ် အားပေး နေကြသည်။ ဝိညာဥ်သခင်များမှာ အလွန်ပင် အစွမ်းထက်လှကာ သူတို့နှင့် ရင်ဆိုင်ရခြင်းက အမှန်တကယ် အန္တရာယ်များသော အလုပ် ဖြစ်သည်။
ဝေ့ဝူယင်မှာ လေးသမားကို အလယ်ဗဟိုတွင် ထားကာ နေရာယူထားသည့် ပဥ္စဂံ သဏ္ဌာန် ဝင်္ကပါကို တွေ့လိုက်ရ၏။ နောက်ဆုတ်မည့်ဟန် မရသည့် ပြတ်သားသော အကြည့်များကို သတိထားမိသော အခိုက်၌ ဝေ့ဝူယင်၏ အမူအရာက မည်းမှောင်သွားသည်။
သူတို့က သူ့ကို မကြောက်တော့လျှင် ပြင်ဆင်ထားသည့် နည်းလမ်း အပေါ် ကျိန်းသေ ယုံကြည်ချက် ရှိနေ၍ ဖြစ်ပေလိမ့်မည်။
နေဦး... ငါက တကယ် ဝိညာဥ်သခင်မှ မဟုတ်တာ...
အရှိန်လျှော့လုနီးပါး ဖြစ်သွားပြီးမှ ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ရယ်မောလိုက်ကာ အရှိန်ကို နှစ်ဆ အထိ ထပ်တင် လိုက်သည်။ တစ်ခဏ အတွင်းမှာပင် သူနှင့် ထိုအုပ်စုမှာ မီတာတစ်ရာမျှသာ ကွာဝေးပေတော့သည်။ ရုတ်ချည်း ဆိုသလိုပင် သူ၏ လက်သည်းများမှာ ဆေဘာအလင်းများနှင့် တောက်ပလာခဲ့လေတော့၏။
“အသက်သွင်း...”
ဝေ့ဝူယင် မီတာ ငါးဆယ်ခန့် အကွာသို့ ရောက်သည့် အခိုက်၌ လေးသည်တော်က အော်ဟစ် အမိန့်ပေး လိုက်၏။ စစ်သားများက ပြိုင်တူ ညာသံပေး ဟိန်းဟောက်လိုက်ကြကာ မသန့်စင်ရသေးသည့် ဝိညာဥ် အင်အားများကို အလုံးလိုက်အရင်းလိုက် ထုတ်ဖော် လိုက်ကြသည်။ ၎င်းတို့က သူတို့ကို ဝိုင်းပတ်၍ စက်ဝိုင်းတစ်ခု သဏ္ဌာန်ဖြင့် ဖွဲ့စည်းသွားကာ ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးကို မှောင်မည်းသွားစေ၏။
ချက်ချင်းပင် ဝေ့ဝူယင်မှာ သူ၏ ဝိညာဥ်အာရုံ ဖြတ်တောက် ခံလိုက်ရကြောင်း သဘောပေါက် သွား၏။ သူတို့၏ တည်ရှိမှုနှင့် ပတ်သက်၍ မည်သည့် အချက်အလက်ကိုမျှ သူမြင်နိုင်စွမ်း မရှိတော့ချေ။ ဝေ့ဝူယင်၏ မျက်နှာ အမူအရာက ပြောင်းလဲကာ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွား၏။ သူတို့တွင် ဝိညာဥ်အာရုံကို တားဆီးနိုင်သည့် နည်းလမ်း ရှိနေသည်လော။
ဝေ့ဝူယင် အံ့အားသင့်နေစဥ်မှာပင် ရုတ်ချည်း ပြင်းထန်သည့် အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။
ဝှစ်...
မတုန့်မဆိုင်းပင် သူက လက်ကို မြှောက်ကာ ဖမ်းဆုပ်လိုက်သည်။ ဟင်းလင်းပြင်လှိုင်းများက ကြမ်းတမ်း ခက်ထန်စွာဖြင့် သူ့ မျက်နှာကို ရိုက်ခတ်သွားသည်။
အကယ်၍ သူ့နေရာတွင် သာမန် ကျင့်ကြံသူ တစ်ယောက် ဆိုပါက ထိုဟင်းလင်းပြင် စွမ်းအင်များ၏ ရိုက်ခတ်မှု အောက်တွင် မျက်နှာတစ်ခုလုံး အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... အစစ်အမှန် နဂါး အသွင် အတွက်တော့ ၎င်းက လေပြည်လေညင်းကလေးလိုပင် ဖြစ်လေသည်။
“မြှား...”
ဝေ့ဝူယင် လက်ထဲတွင် ဖမ်းမိသည့် အရာဝတ္ထုကို ငုံ့ကြည့်ရင်း ရေရွတ် လိုက်၏။ ၎င်းက တစ်နည်းနည်းဖြင့် ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ သူ့ထံ တိုက်ရိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
အကယ်၍ အားကောင်းသည့် အာကာသ ပဲ့တင်သံလှိုင်းများနှင့် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကြောင့်သာ မဟုတ်ပါက သူ၏ ဦးခေါင်းမှာ ထိုမြှားတံ၏ ထွင်းဖောက်မှုကို ခံနေရလောက်ပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်အောက်တွင် ၎င်းကို ဟန့်တားနိုင်သူ ရှိလိမ့်မည် မထင်ချေ။
“သူ... သူ မြှားကို ဖမ်းလိုက်တယ်...”
လေးသည်တော် အုပ်စုထဲရှိ မိန်းကလေး စစ်သည် တစ်ယောက်က မယုံကြည်နိုင်သည့် အသံဖြင့် အော်ဟစ်လိုက်၏။
ဟင်းလင်းပြင် ပစ်ခွင်းခြင်း မြှားမှာ သေမျိုးများ မဆိုထားနှင့် လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် ရှောင်တိမ်းရန် မလွယ်ကူသည့် မြှား ဖြစ်သည်။ ၎င်း၏ ပစ်မှတ်ထားခြင်း ခံရသည့် မည်သည့် လျှို့ဝှက် အာဏာရှင် အဆင့်အောက်ဆို သေဆုံးသွားရသည်ချည်းသာ ဖြစ်သည်။
ထို့အပြင် မြှားပစ်လွှတ်သည့် လှုပ်ရှားမှုကို ရန်သူ မတွေ့မြင်စေရန် အတွက် သူတို့မှာ ဝိညာဥ်ခွင်း အလံများကို အသုံးပြုခဲ့ကြသေးသည်။ ၎င်းတို့မှာ လျှို့ဝှက် အဆင့် တစ်ခါသုံး အဆောင်များ ဖြစ်ကာ မည်သည့် ဝိညာဥ်အာရုံကို မဆို တားဆီးပေးနိုင်စွမ်း ရှိသည်။ စစ်ဆင်ရေး အောင်မြင်တာ သေချာစေရန် အတွက် သူတို့ ခြောက်ခုကိုပင် တစ်ပြိုင်နက်တည်း သုံးခဲ့ခြင်း ဖြစ်သည်။
လက်ထဲရှိ အလံငယ် ဖုန်မှုန့် အဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း မိန်းကလေးမှာ အလွန်ပင် ကြောက်ရွံ့ ထိတ်လန့် သွားခဲ့၏။ ထို့နောက်... ဆုတ်ခွာရန် အမိန့်ကိုပင် မစောင့်ဆိုင်း နိုင်တော့ပဲ သူမ ထိုနေရာမှ ကဆုန်ဆိုင်း ထွက်ပြေးလေတော့သည်။ ယခုအချိန်၌ ခြေလေးချောင်းသာ ရှိလျှင် ပို၍ ကောင်းလိမ့်မည် ဟု သူမ ခံစားနေခဲ့ရသည်။
အခြား စစ်သည်များကတော့ အံ့အားသင့်မှုနှင့် အတူ တုန့်ဆိုင်း နေကြဆဲ ဖြစ်သည်။ သူတို့က ဝေ့ဝူယင် မြှားအား ဖမ်းဆီးသွားခဲ့သည်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြဆဲ ဖြစ်သည်။ ဝိညာဥ်သခင်များက ထိုမျှ ကြောက်မက်ဖွယ် ကောင်းသလော။ အကြီးအကဲများက ဝိညာဥ်သခင် တွေ့သည်နှင့် “ပြေး” ဟု အမိန့်ပေးထားခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
ပြန်လည် သတိဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့က မတူညီသည့် အရိပ် မျက်နှာများကို ခွဲကာ ထွက်ပြေးဖို့ ကြိုးစားလိုက်ကြတော့သည်။
သို့သော်လည်း ခေါင်းဆောင်ဖြစ်သည့် လေးသည်တော်ကတော့ မူလ နေရာတွင်ပင် ရပ်ကျန်ခဲ့၏။ သူ၏ အသက်ရှူသံများ လေးလံ နေကာ အမူအရာက အလွန်အမင်း ဖျော့တော့နေသည်။ ယခုလို ပတ်ဝန်းကျင်မျိုးတွင် ဟင်းလင်းပြင် ပစ်ခွင်းခြင်းမြှားကို ထုတ်လွှတ်ပြီးနောက် သူ့ ခွန်အား အားလုံးမှာ ခမ်းခြောက်လုနီးနီး အထိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့ကိုပါ အတူ ခေါ်သွားရန် လက်အောက်ငယ်သားများကို အမိန့်ပေးချင် နေသည့်တိုင် ထိုမျှ စကားပြောရန်ပင် သူ့တွင် ခွန်အား မရှိတော့ချေ။
ကိုယ့်အတွက် အသေခံပေးမည့် တပ်ဖွဲ့ တစ်ခု တည်ဆောက်ရမည့် အလား ထိပ်သီး ကြေးစားများကို ငှားမိသည့် အတွက် သူ နောင်တရလာမိ၏။ သို့သော်လည်း နောင်တဆိုသည်က ကုရာနတ္ထိ ဆေးမရှိပါချေ။ ထို့အပြင်... သူ့အတွက် ကိုယ့်အသက်ကို စတေးနိုင်သည့် ကြယ်တာရာ သခင် ငါးယောက်ကို ပြုစုပျိုးထောင်ပေးဖို့ ဆိုသည်မှာလည်း လွယ်ကူသည့် ကိစ္စ တစ်ရပ် မဟုတ်ပါချေ။
ဝှစ်...
မကြာခင်မှာပင် ဝေ့ဝူယင်မှာ သူ့အရှေ့ ငါးမီတာခန့် အကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
“ငါ ဒီလိုပဲ သေသွားရတော့မှာလား... ဒီပစ္စန္ဓရာဇ် စစ်မြေပြင်မှာ... ဟားဟား...”
လေးသည်တော်က ခါးသီးစွာဖြင့် ရယ်မောလိုက်၏။ သူ၏ ဒူးများက ခွေယိုင်ကာ မြေပြင်ပေါ် ယိုင်လဲ ပြုတ်ကျသွားသည်။ သူ၏ မျက်လုံးများက မှုန်ရီဝေနေကာ အားလျှော့သည့် အရိပ်အငွေ့များနှင့် ပြည့်နှက် နေသည်။
ဝေ့ဝူယင်က ဟင်းလင်းပြင် အတောင်ပံများကို ရုတ်သိမ်းလိုက်ရင်း မြေပြင်ပေါ်သို့ ဆင်းသက်ကာ သူ့ကို ကြည့်လိုက်၏။ သူတို့ အကြား၌ ငါးမီတာ ကွာဝေးနေသေးဆဲ ဖြစ်သည်။ ဝေ့ဝူယင် ငြိမ်သက်ကာ တစ်ခဏမျှ စဥ်းစားလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွား၏။
ဝေ့ဝူယင် စတင် လမ်းလျှောက်လာကာ မကြာခင် လေးသည်တော် အရှေ့သို့ ရောက်ရှိလာသည်။ သူ၏ ချွန်မြသော လက်သည်းများက ဆေဘာဓားအလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။
လေးသည်တော်က ဝေဝူယင်ကို မော့ကြည့်လိုက်သည်။ သူ့ ချောမောသော မျက်နှာက ထင်မှတ် မထားလောက်အောင် တည်ငြိမ်နေကာ အစိမ်းရောင် မျက်လုံးများမှာ ပြတ်သားသော ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်နေသည်။ ၎င်းတို့က ကြောက်ရွံ့မှု ကင်းမဲ့နေကာ မည်သည့် အားနည်းမှု၊ စိုးရွံ့မှုတို့ကိုမှ ထုတ်ဖော်ထားခြင်း မရှိချေ။
“ငါနိုင်တယ်...”
သူက သုံးလက်မခန့် ရှိသည့် အလံကို ဆုပ်ကိုင်လိုက်ရင်း ဝေ့ဝူယင်ကို ပြုံးပြလိုက်၏။ ထို့နောက် ၎င်းကို အသက်သွင်းလိုက်ရာ ပတ်လည် နှစ်မီတာခန့် ဧရိယာမှာ အပြာရောင် အလင်းများနှင့် ပြည့်နှက်သွားတော့သည်။