← Chapters

ကျင်းကျူး

Vol. 53 Ch. 731

ကျင်းကျူး

Vol. 53 Ch. 731

အပြာရောင် အလင်းတန်းများ ဖြန့်ကျက်လာမှုက အလွန်ပင် မြန်၏။ ၎င်းက အလင်း အမြန်နှုန်းဖြင့် လှုပ်ရှားနေသည့် အလားပင်။ သေမျိုး ကျင့်ကြံသူ တစ်ယောက်အဖို့ ရှောင်တိမ်းရန် အခွင့်အရေး မရှိပါချေ။ လေးသည်တော်မှာ အပြာရောင် အလင်းများ အကြားတွင် မထိမခိုက် ရှိနေဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများက အောင်နိုင်သူ၏ ဂုဏ်ယူ ဝင့်ကြွားမှုများနှင့် ပြည့်နှက်နေကာ တဖြည်းဖြည်း အရည်ပျော်သွားသည့် ဝေ့ဝူယင်၏ ပုံရိပ်ကို ငေးကြည့်နေခဲ့၏။

အလင်းက စက္ကန့်အနည်းငယ် အတွင်းမှာပင် ပြန်လည် ပျောက်ကွယ်သွား၏။ ထိုနေရာ၌ လေးသည်တော် တစ်ယောက်သာလျှင် ဒူးထောက်လျှက် ကျန်ရစ်ခဲ့၏။ ဝေ့ဝူယင်၏ ပုံရိပ်ကတော့ အစအနပင် ရှာမရအောင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

“ပြန်လာကြတော့...”

လေးသည်တော် နှာခေါင်းတစ်ချက် ရှုံ့ကာ အော်ဟစ်လိုက်၏။

ဝှစ်... ဝှစ်...

မကြာခင်မှာပင် ထွက်ပြေးသွားသည့် စစ်သည်များမှာ အပြုံးပွင့်များ ကိုယ်စီနှင့် ပြန်လည် ရောက်ရှိလာကြ၏။ ယောက်ျား စစ်သားများထဲမှ တစ်ယောက်မှာ လက်ထဲရှိ ဓားကို ပွတ်သပ်ရင်း တဟဲဟဲ ရယ်မောနေ၏။

“လီပင်း... နင် ရှေ့ဆုံးက ပြေးတာ အတော် မြန်တာပဲ... နင်က တကယ်ကြီး သူရဲဘောကြောင်တဲ့လူ လို့တောင် ငါ ယုံကြည်လုနီးနီးပဲ”

မိန်းကလေးက အသွားနှစ်ဖက်ပါ လှံကို ဆုပ်ကိုင်ရင်း အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သူမက တုန့်ပြန်ရန် စိတ်ဝင်စားပုံ မရချေ။

“ဆရာ... ကျုပ်တို့ ရှောင်နေကြမလား...”

အခြား စစ်သည် တစ်ယောက်က ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရင်း မေးလိုက်၏။ ဝိညာဥ်သခင်မှာ သူ၏ တည်ရှိမှုဖြင့် ရန်သူ အများအပြားကို ရှင်းထုတ် ပစ်ခဲ့သော်လည်း မကြာခင် ပိုမို များပြားသည့် ရန်သူ စစ်သည်များ ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ အနည်းဆုံး သူ ထိုကဲ့သို့ ယူဆပေသည်။

"ရှောင်ရမယ်... ဘာလို့ ရှောင်ရမှာလဲ... ဘယ်အဖွဲ့မှ ငါတို့ကို စိန်မခေါ်ရဲဘူး... ဝိညာဥ်သခင်တောင် ဆရာ့ လက်ချက်နဲ့ သေသွားရတာ...”

ဓားကိုင် စစ်သားက ယုံကြည်ချက် ပြင်းထန်နေဟန်ဖြင့် ဆိုလိုက်၏။ သူ့အမြင်အရ ဆိုလျှင် ဤနေရာက ကြမ်းတမ်း ခက်ထန်သော စစ်မြေပြင်တွင် အနားယူရန် အလုံခြုံဆုံး နေရာ ဖြစ်သည်။ ထို့အပြင် အနားယူဖို့ အရှားပါးဆုံး အခိုက်အတန့်လည်း ဖြစ်သည်။

မေးခွန်း မေးလိုက်သည့် စစ်သားက လက်ပေါက်ကပ်သည့် ဓားသမား၏ စကားကို လျစ်လျူကာ ခေါင်းဆောင် ဖြစ်သူ၏ အမိန့်ကိုသာ စောင့်နေလိုက်၏။

လေးသည်တော် တစ်ဖြစ်လည်း ကျင်းကျူးမှာ ချောင်းအနည်းငယ် ဆိုးလိုက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှု လိုက်၏။ လက်ရှိ သူတို့၏ တည်နေရာက ကွက်လပ် တစ်ခု သဖွယ် ဖြစ်နေကာ အခြားလူများမှာ အနားကိုပင် ချဥ်းကပ်လာခြင်း မရှိပါချေ။ သူက ခေါင်းတစ်ချက် ညိတ်ကာ ဆုံးဖြတ်ချက် ချလိုက်၏။

“ကုယွမ် ပြောတာ မှန်တယ်... ငါတို့ ဒီနေရာမှာ မိနစ်ပိုင်းလောက် နားရအောင်... ပြီးမှ အခြားလူတွေနဲ့ ပြန် အုပ်စုဖွဲ့တာပေါ့”

ထိုကဲ့သို့ ပြောပြီးနောက် သူက ရင်ဘတ်ထဲရှိ ကျောက်စိမ်း ပုလင်းလေး တစ်ခုကို ထုတ်ယူလိုက်၏။ ထိုအထဲ၌ သေမျိုးအဆင့်ကို ကျော်လွန်နေသည့် ဆေးသုံးလုံး ပါရှိနေပေသည်။ သူက ဖြည်းညင်းစွာပင် အဖုံးကို ဖွင့်ကာ ဆေးတစ်လုံးကို ထုတ်ယူလိုက်ည်။

မိန်းကလေး အပါအဝင် ဘေးနားရှိ စစ်သည်များ၏ အမူအရာများက ပြောင်းလဲ သွားကာ သူတို့၏ မျက်လုံးများမှာ လောဘ အငွေ့အသက်များဖြင့် ပြည့်နှက်သွား၏။

လျှို့ဝှက်မြေကြီး အဆင့် ပြန်လည် ကုသရေး အဂ္ဂိရတ် ထုတ်ကုန်...

ယခုလို ကြမ်းတမ်း ခက်ထန်ကာ အချိန်မရွေး သေမင်းနှင့် ကြုံတွေ့နိုင်သည့် စစ်မြေပြင်မျိုးတွင် ကြယ်တာရာ သခင်များ အတွက် ထိုကဲ့သို့ ထုတ်ကုန်များ သာလျှင် အသုံးဝင် ပေသည်။

“မင်းမှာ လျှို့ဝှက် ရတနာတွေ၊ ဆေးတွေ၊ လေးတွေ၊ မြှားတွေ၊ အဆောင်တွေ အများကြီး ရှိနေတာပဲ... အံ့အားသင့်စရာပဲ”

ရုတ်တရက် ထူးဆန်းသော အသံတစ်ခုမှာ သူတို့ ဖန်တီးထားသည့် အကာအကွယ် ဝင်္ကပါ အတွင်းမှ ထွက်ပေါ်လာ၏။ သူတို့၏ အမူအရာများ ပြောင်းလဲ သွားကြချိန်တွင်ပင် ငွေရောင် အကြေးခွံများနှင့် အတောင်ပံပါ ပုံရိပ် တစ်ခုမှာ ကျင်းကျူး၏ ရှေ့တွင် တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ ထိုပုံရိပ်ကို မှတ်မိသည်နှင့် အားလုံး၏ မျက်လုံးများက သရဲတစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသည့် အလား ပြူးကျယ် သွားတော့၏။

“ဝိညာဥ်သခင် အသက်ရှင်နေသေးတယ်...”

အချက်ပေးသံများကို ကြားလိုက်ရသည့် အလား ကုယွမ်တို့ ငါးယောက်မှာ နောက်တစ်ကြိမ် ထွက်ပြေးရန် ပြင်လိုက်၏။ သို့သော်လည်း ခြေတစ်လှမ်း နောက်မဆုတ်နိုင်ခင်မှာပင် အလွန်ပြင်းထန်သည့် ဝိညာဥ်အင်အားက စုပြုံ ပြိုဆင်းလာကာ သူတို့ အားလုံး၏ ဝိညာဥ်များကို ချုပ်နှောင်လိုက်သည်။

ဘုန်း...

ပေါက်ကွဲသံ တစ်ခုနှင့် အတူ အချိန်ကာလ သတ်မှတ်ချက် တစ်ခုထဲတွင် ပိတ်မိသွားသည့် အလား သူတို့ အားလုံး၏ ခန္ဓာကိုယ်များမှာ အေးခဲ သွားကြ၏။

အားလုံးထဲ၌ ကျင်းကျူး၏ မျက်လုံးများက အကျယ်ဆုံး ဖြစ်ကာ ဝေ့ဝူယင် အသက်ရှင် လွတ်မြောက်လာသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ သို့သော်လည်း စိတ်အတွင်းတွင်တော့ သူက တည်ငြိမ်နေဆဲ ဖြစ်ကာ နောက်ဆုံး အသက်ကယ် ဝှက်ဖဲနှင့် ချိတ်ဆက်ဖို့ ကြိုးစားလိုက်သည်။

“ဘာလဲ...”

ချက်ချင်းပင် သူ့ မျက်လုံးများမှာ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွား၏။ အရာအားလုံးမှာ ထူးဆန်းစွာပင် အေးခဲ နေခဲ့ချေပြီ ဖြစ်သည်။ စိတ်၊ ရုပ်၊ ဝိညာဥ်၊ အမတေ... မည်သည့် စွမ်းအင်ကိုမှ သူ အသက်သွင်း၍ မရတော့ချေ။ အန္တရာယ် အချက်ပေးသံများမှာ သူ့ ဦးနှောက် အတွင်း အဆက်မပြတ် မြည်ဟီးလာ၏။

“မဟုတ်ဘူး...”

ကျင်းကျူးက မလိုလားစွာပင် စိတ်ထဲမှ အော်ဟစ်လိုက်ရင်း ကျင့်ကြံခြင်း အခြေခံကို အခြား ထူးဆန်းသည့် အင်အား အချို့နင့် ပေါင်းစပ်လိုက်၏။ သူ၏ ခွန်အားက လျှင်မြန်စွာပင် ပြန်လည် မြင့်တက်လာကာ ဝေ့ဝူယင်၏ တားမြစ်ခြင်း အစီအရင် သက်ရောက်မှုကို ပြန်လည် လွှမ်းမိုးရန် ကြိုးပမ်းလာခဲ့သည်။ အကယ်၍ နောက်ထပ် စက္ကန့်ပိုင်းလောက်သာ အချိန်ရပါက သူ လွတ်မြောက်နိုင်တော့မည် ဖြစ်သည်။ မျှော်လင့်ချက် အငွေ့အသက်များက သူ့ အစိမ်းရောင် မျက်လုံးများထဲတွင် တငွေ့ငွေ့ မြင့်တက်လာခဲ့၏။

ရွှင်း...

ရုတ်တရက် ဝေ့ဝူယင်၏ လက်သည်းများက ကန့်လန့်ဖြတ် လှုပ်ရှားသွားသည်။ ကျင်းကျူး၏ ဘေးရှိ စစ်သည် ငါးယောက်မှာ တအိအိနှင့် မြေပြင်ပေါ် လဲပြိုကျသွား၏။ သူတို့၏ နဖူးများတွင်တော့ ဆေဘာ သွေးစင်းကြောင်းများက နေရာယူလျှက်...။

ထိုနေရာ အနီးတစ်ဝိုက်၌ ကျင်းကျူး တစ်ယောက်သာလျှင် အသက်ရှင်လျက် ကျန်ရှိတော့၏။ သို့သော်လည်း သူ့ မျက်လုံးများထဲရှိ အလင်းတန်းများက အားကောင်းနေဆဲ ဖြစ်ကာ လွတ်မြောက်ခါနီး နောက်ဆုံး အခိုက်အတန့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် ကျင်းကျူးကို ကြည့်လိုက်၏။ သူ ချက်ချင်းပင် ဧဒင်၏ ဝိညာဥ်အင်အားကို အကန့်အသတ်ထိ ထုတ်ဖော်ကာ ဝိညာဥ် တားမြစ်ခြင်း အစီအရင်ကို နှစ်ဆ မြှင့်တင်လိုက်သည်။ ကျင်းကျူး၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော စွမ်းအင်က တိုက်ဖျက်ခံလိုက်ရသည့် အလား ရပ်တန့်သွားကာ မျက်လုံးများမှာ သွေးကြောများ ပေါက်ထွက်လု မတတ် နီရဲလာ၏။

ထိုအခိုက်အတွင်ပင် အထက်မှ လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာ တစ်ခု ဆင်းသက်လာကြောင်း ဝေ့ဝူယင် ခံစားလိုက်ရ၏။

သူ အနည်းငယ်ပင် ဆက်လက် တုန့်ဆိုင်းဝံ့ခြင်း မရှိတော့ချေ။ စက္ကန့်မခြားပင် သူ၏ နဂါးလက်သည်းများက ကျင်းကျူး၏ ဦးခေါင်းခွံ အပေါ်ယံလွှာကို ဖောက်ဝင်သွားကာ ဧဒင်အင်အားများမှာ အလုံးအရင်းလိုက် အသိစိတ် ပင်လယ်ထဲ စီးဝင်သွား၏။

ကျင်းကျူးမှာ သူ၏ စိတ်တစ်ခုလုံး ဖောက်ထွင်း ဝင်ရောက်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ၏ အစိမ်းရောင် မျက်လုံးများက ပြင်းထန်သော ထိတ်လန့်မှုများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်လေသည်။ ထိုဝိညာဥ်သခင်က သူ့ အတွေးများကို ဖတ်နိုင်သည်လော။

သို့သော်လည်း မကြာခင်မှာပင် ထိုအရာက အတွေးများကို ဖတ်ခြင်း တစ်ခုတည်းသာ မဟုတ်ကြောင်း ကျင်းကျူး သဘောပေါက်လိုက်သည်။ ထိုထူးဆန်းသော စွမ်းအားက သူ့လျှို့ဝှက်ချက်၊ သူ့မှတ်ဉာဏ်၊ သူ့ အတွေး၊ သူ့အတွေ့အကြုံ အားလုံးကို ထွင်းဖောက်ကာ ယူဆောင်သွားခြင်း ဖြစ်သည်။ ကျင်းကျူး၏ မျက်လုံးများထဲရှိ သွေးကြောများမှာ ပေါက်ထွက်ကုန်ကာ သွေးမျက်ရည်များ စီးကျ လာခဲ့၏။

ထိုအရာက သူ သေရမည့် ပုံစံလား။ ကောင်းကင်နှင့် မြေကြီး၊ နတ်ဘုရားများနှင့် မိစ္ဆာများကို ဆန့်ကျင်မည် ဆိုသည့် သူ့ ရည်ရွယ်ချက်က ပျောက်ဆုံးသွားတော့မည်လား။

အဖြစ်မှန်က ရှင်းလင်းနေသည့်တိုင် သူ လက်မခံနိုင်ချေ။ သူ အဘယ်ကြောင့် သေရမည်နည်း။ အစစ်အမှန်ဆုံးသော ခံစားချက်များ အကြောင်း သူမကိုပင် သူ ဝန်မခံရသေးချေ။ ကျိန်ဆိုထားသည့် ရန်သူကိုလည်း သူ မသတ်နိုင်သေးချေ။

သူ့တွင် အဖြေရှာစရာ လျှို့ဝှက်ချက်များ ရှိနေသေးဆဲ ဖြစ်သည်။ မရှင်းလင်းနိုင်သေးသည့် နောင်တတရားများ ကျန်ရှိ နေသေးဆဲ ဖြစ်သည်။

သူ သေလို့ မဖြစ်သေးချေ။

ခရက်...

ရုတ်တရက် သူ့ ဦးခေါင်းက ပေါက်ကွဲသွားကာ ဦးနှောက်နှင့် သွေးများမှာ မြေပြင်ပေါ် ပြန့်ကျဲသွား၏။ ကျင်းကျူး၏ အသက်မဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ် ဖြည်းညင်းစွာပင် လဲပြိုကျသွားသည်။

ဝေ့ဝူယင် လက်တွင် ပေကျံနေသည့် သွေးနှင့် ဦးနှောက်စများကို ခါထုတ်လိုက်၏။ သူ ကျင်းကျူး၏ အလောင်းကို မကြည့်သလို ကောင်းကင်မှ ဆင်းသက်လာသည့် လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာကိုလည်း ဂရုမစိုက်ပါချေ။ မျက်လုံးများကို မှိတ်ရင်း နေရာတွင် ငူငိုင်နေခဲ့၏။

“သူက ကောင်းချီးခံ တစ်ယောက်ပေါ့...”

ကောင်းကင်နှင့် မြေကြီး အကြားရှိ ကမ္ဘာကြီး တစ်ခုလုံး အေးခဲကာ မှောင်မည်း မသွားခင် အချိန် အထိ ထိုအရာက သူ တွေးမိသည့် နောက်ဆုံး အကြောင်းအရာပင်။

All Chapters