← Chapters

ကောင်းချီးခံ အမျိုးအစားများ

Vol. 53 Ch. 732

ကောင်းချီးခံ အမျိုးအစားများ

Vol. 53 Ch. 732

လေထုထဲတွင် ပျံ့လွင့်နေသည့် အမှုန်အမွှားများမှ အစ စစ်သား တစ်ယောက်၏ ကြောက်မက်ဖွယ် အော်ဟစ်သံ အဆုံး၊ ဓားသွားတစ်ခု လည်ပြွန်ထဲ ဖောက်ဝင်သွားသည့် အခိုက်အတန့်လေး တစ်ခု အထိ အရာအားလုံးမှာ ရုတ်ချည်း ရပ်တန့် သွား၏။

ကောင်းကင်မှ ဆင်းသက်လာသည့် အော်ရာနှင့် တိမ်တိုက်များ အကြားရှိ လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် ဆံနွယ် တစ်စမျှ လှုပ်ရှားခြင်း မရှိကြတော့ချေ။

ထိုအခိုက်အတန့်၌ ကောင်းကင်တာအို၏ လွှမ်းမိုးမှု စွမ်းအားမှ အဟန့်အတား မရှိ ကင်းလွတ်နေသူ တစ်ယောက်သာလျှင် ကောင်းကင်နှင့် မြေကြီးအောက်၌ ရှိနေခဲ့ပေသည်။ ဝေ့ဝူယင်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

ဝေ့ဝူယင် အတွက် ကောင်းကင်တာအို၏ အေးခဲခြင်း စွမ်းအားကို တကူးတက ခုခံနေရန်ပင် မလိုအပ်ခဲ့ချေ။ လွှမ်းမိုးမှု စတင် အသက်ဝင်လာသည့် အချိန်တည်းက သူ၏ ကြယ်တာရာ ဝိညာဥ် နှစ်ခုဖြစ်သည့် ခရာတိုနှင့် ဧဒင်တို့မှာ အလိုအလျောက်ပင် တုန့်ပြန်ကာ ၎င်းကို ပြင်းထန်စွာ တွန်းလှန်ခဲ့ပြီး ဖြစ်သည်။

“ငါ့ခန္ဓာကိုယ်ပေါ်က ဖိအားတွေကိုပါ အေးခဲ မပစ်နိုင်တာ ကံဆိုးတာပဲ...”

ဝေ့ဝူယင် ဖြူရော်စွာ ပြုံးရင်း ရေရွတ်လိုက်၏။ လက်ရှိ၌ သူက ကြယ်တာရာ ဝိညာဥ် သုံးခု၏ ဝိညာဥ်အင်အားကို အကန့်အသတ်ထိ ရောက်အောင် ထုတ်ဖော်ထားလေရာ သူ့ခန္ဓာကိုယ်ကို အလွန် မြင့်မားသည့် ဖိစီးမှုများကို ခံစား နေရသည်။ အကယ်၍ အစစ်အမှန် နဂါးအသွင်ကိုသာ ဆုံးရှုံးသွားပါက ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲ သွးမည်လားပင် မပြောတတ်ချေ။

ဝေ့ဝူယင် စိတ်မျက်လုံးကို သုံးကာ ကြယ်တာရာ ဝိညာဥ်များကို ကြည့်လိုက်၏။ ဧဒင်နှင့် ခရာတိုတို့မှာ ကောင်းကင် တာအို၏ သက်ရောက်မှုကို တွန်းလှန်ကာ အပြည့်အဝပင် သက်ဝင် လှုပ်ရှား နေကြ၏။ ဆန်းကြယ် ဆေဘာ ကြယ်တာရာ ဝိညာဥ် ဖြစ်သည့် ဘုရင်မှာလည်း ခပ်ဖျော့ဖျော့ စွမ်းအင် တစ်ချို့ကို ထုတ်လွှတ်ကာ လှုပ်ရှားရန် ကြိုးစားနေကို တွေ့ရ၏။ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ကွင်း တစ်ခုလိုပင် ဆေဘာသတ်ဖြတ်ခြင်း အလင်းတန်းများမှာ ကွင်းတစ်ခု သဏ္ဌာန်ဖြင့် ဘုရင်ကို ဝန်းရံနေ၏။

ဝေ့ဝူယင်၏ မျက်နှာထက်၌ အံ့အားသင့်သည့် အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ခရာတိုနှင့် ဧဒင်တို့ နှစ်ယောက်သာလျှင် ကောင်းကင်တာအို၏ လွှမ်းမိုးမှုကို ပယ်ဖျက်ကာ အေးခဲမှုမှ လွတ်မြောက်နိုင်ခြင်း ဖြစ်သည်။ ထိုအရာက သူတို့၏ ထူးဆန်းသော သဘာဝ အရ ဖြစ်ကာ ဘုရင်နှင့် အိုရီတို့ကတော့ ဖြစ်စဥ် တစ်ခုလုံး ပြီးစီးသည် အထိ အမြဲ ငြိမ်သက် နေတတ်ကြသည်။

ဝေ့ဝူယင် ဘုရင်ကို ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်၏။ သို့သော်လည်း ၎င်းက မည်သို့မှ မတုန့်ပြန်ချေ။ ထိုအရာက အပြည့်အဝ အသက်ဝင်ခြင်း မရှိသေးဟု ဆိုလိုပေသည်။

ဝေ့ဝူယင် သူ၏ စိတ်မျက်လုံးကို အိုရီထံ ပို့ဆောင်လိုက်၏။ ထိုဆန်းကြယ် ဒြပ်စင် ကြယ်တာရာ ဝိညာဥ်ကတော့ ဆက်လက် အေးခဲက တိတ်ဆိတ်နေဆဲ ဖြစ်ပေသည်။ သူ့ခန္ဓာကိုယ် ပတ်လည်၌ မူလ အလင်းဖြင့် ဖွဲ့စည်းထားသည့် မည်သည့် ထူးဆန်းသော ခါးပတ်ကွင်းကိုမှ မတွေ့ရချေ။ ကွဲပြား ခြားနားမှုကို ဖမ်းဆုပ်နိုင်ခြင်း မရှိလေရာ အကြောင်းရင်းကို နောက်မှသာ စူးစမ်းရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။

ဂျိန်း... ဒလိန်း...

မျက်လုံးများကို မဖွင့်နိုင်သည့်တိုင် အထက် ကောင်းကင်မှ ထစ်ချုန်းသံများကိ ဝေ့ဝူယင် ကြားနေရ၏။

“ငါ ယွမ်လုံရှီကို သတ်တဲ့ အချိန်တုန်းက ကောင်းကင်တာအိုရဲ့ လွှမ်းမိုးမှုကို ဧဒင်နဲ့ ခရာတိုတို့ ချက်ချင်း မချိုးဖျက် နိုင်ခဲ့ကြဘူး... ငါ အသိစိတ်ကို ရတဲ့ အချိန် ကောင်းကင်မှာ မိုးကြိုးတိမ်တိုက်တွေ စုစည်း ပြီးနေပြီ”

ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ ယွမ်လုံရှီမှာ သူ သတ်ဖြတ်ခဲ့သည့် ပထမဆုံး ကောင်းချီးခံ ဖြစ်သည်။ ပထမ၌ အမည်မသိ ဗိုလ်ချုပ်ကိုပါ အဆင့်နိမ့် ကောင်းချီးခံ တစ်ယောက်ဟု သူ ထင်မိခဲ့သေးသော်လည်း နောက်ပိုင်းတွင် အထောက်အထားများ အရ ထိုပုဂ္ဂိုလ်မှာ အပြစ်သား တစ်ယောက် ဖြစ်ကြောင်း သူ သိရှိလာရသည်။

တိမ်တိုက်လိမ့်ဆင်းသံများ၊ မိုးခြိမ်းသံများကို နားစွင့်ရင်း ကောင်းကင်တာအို၏ အပြစ်ပေးမှုမှာ ပထမ တစ်ကြိမ် ယွမ်လုံရှီအား သတ်ဖြတ်စဥ်ကနှင့် သိပ်မခြားနားလှကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်၏။ ကြည့်ရသည်က လေးသည်တော်မှာ ယွမ်လုံရှီနှင့် ကမ္မ အမှတ် သိပ်ကွာခြားခြင်း မရှိသည့် အဆင့်မြင့် ကောင်းချီးခံ တစ်ယောက် ဖြစ်ပုံပေါ်သည်။

“ဒါပေမဲ့ ငါ့ကို အမြဲ နှောက်ယှက်နေတဲ့ တစ်ခုတော့ ရှိသေးတယ်...”

ဝေ့ဝူယင် အပြစ်သား ကျမ်းစာကို ပြန်လည် သတိရလိုက်မိ၏။ ကောင်းကင်တာအိုမှာ ကမ္မအပြစ်ကို သန့်စင်ပေးသူများ ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းက အဘယ်ကြောင့် ကမ္မ အပြစ်ကို အခြားလူများထံ သက်ရောက်စေသနည်း။ ကောင်းချီးခံများအား သတ်ဖြတ်ခြင်းကို ဆိုးရွာသည့် အဖြစ်အပျက် တစ်ခုဟု မြင်လျှင် အဘယ်ကြောင့် အပြစ်တစ်ခုဟု ပညတ်တော် သုံးထောင်ထဲတွင် ပြဋ္ဌာန်း မထားသနည်း။

အကယ်၍ ကောင်းကင်တာအို မဟုတ်လျှင် မည်သူက ကမ္မအပြစ်ကို ဖန်တီးသနည်း။ ကမ္မအပြစ်နှင့် ကမ္မ ကံကောင်းမှုတို့က မည်သည့် အရာများနည်း။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အနက်ရောင် အရိုးစုမှာ အခြားလူများထံမှ ကမ္မ အမှတ်များကို ခိုးယူကာ သူ့ထံ လွှဲပြောင်း ပေးခဲ့သည်။ သူမက ပထမ အပြစ်သား၏ တမန်တော် ဖြစ်ကောင်း ဖြစ်နိုင်သလို ပထမ အပြစ်သား ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပေသည်။ ဤသို့ဆိုလျှင် ကမ္မအပြစ်နှင့် ကမ္မ ကံကောင်းမှုကို ခွဲခြား၍ ရနိုင်သလော။

ပို၍ တွေးလေလေ သံသရာက ပိုမို၍ ရှုပ်ထွေးလာလေလေ ဖြစ်သည်။ ထိုဖြစ်စဥ်ကြီး တစ်ခုလုံးကို ဆက်စပ်မိရန် အရေးကြီးသည့် တစ်စုံတစ်ရာက ပျောက်ဆုံးနေသည်ဟု ဝေ့ဝူယင် ခံစားရသည်။ ထိုအရာက အလွန် ရိုးရှင်းသည့် တစ်စုံတစ်ရာလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။

ဝေ့ဝူယင် တိမ်စိုင်တိမ်တိုက်များ၏ အသံများကို နားစွင့်လိုက်၏။ ၎င်းတို့က အခြေတည်နေတုန်း ဖြစ်ကာ မိုးကြိုး ကျဆင်းလာရန် အချိန်အခိုက်အတန့် တစ်ခုမျှ လိုအပ်နေသေးဆဲ ဖြစ်သည်။

ဝေ့ဝူယင် မြေပြင်တွင် လဲကျနေသည့် ကျင်းကျူးကို ကြည့်လိုက်၏။ သူ့ဘဝ တစ်လျှောက်လုံးတွင် လုံချန်၊ ယွမ်လုံရှီ၊ လင်းမင်၊ ကျင်းကျူး ဟူသော ကောင်းချီးခံ လေးယောက်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့ရပြီး တစ်ယောက်နှင့် တစ်ယောက် ဘဝ ဖြစ်စဥ်က ကွဲပြား ခြားနားကြောင်း သတိထားမိခဲ့သည်။

လင်းမင်မှာ လျှို့ဝှက် ဆန်းကြယ်သည့် အမျိုးသမီးကို နောက်ကွယ်၍ ပိုင်ဆိုင်ထားကာ ကံကောင်းမှုများကို တစ်ခုပြီး တစ်ခု ရယူ ပိုင်ဆိုင်နိုင်ခဲ့သည်။ ယွမ်လုံရှီကတော့ ပင်ကိုယ် ပါရမီအား အလွန်ပင် မြင့်မားကာ ဘဝ တစ်လျှောက်လုံး မယုံနိုင်စရာ ဒဏ္ဍာရီများကို တည်ထောင်၍ အဆက်မပြတ် ပဋိပက္ခများ ကြားမှပင် မြင့်တက် လာခဲ့သူ တစ်ယောက် ဖြစ်သည်။

ကျင်းကျူး၏ မှတ်ဉာဏ်များကို လေ့လာတော့ အတိအကျကြီး မတူညီသည့်တိုင် ယွမ်လုံရှီ၏ ဘဝ ဖြစ်စဥ်နှင့် ဆင်တူ သယောင်ယောင် အချက် များစွာ ရှိကြောင်း တွေ့ရှိရသည်။ သူတို့က သေခြင်းရှင်ခြင်း တိုက်ပွဲများ အကြားမှ အခွင့်အရေးများကို ဆုပ်ကိုင်၍ ကံကြမ္မာကို မြှင့်တင်ကြသူများ ဖြစ်သည်။ အခြားတစ်ဖက်၌ လုံချန်ကတော့ မိန်းကလေးများနှင့် ပတ်သက်သည့် ကံကောင်းမှုများ၊ ထိုမှ တစ်ဆင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ ကြားတွင် လုံးလည်ချာပတ်ရမ်းနေသူ ဖြစ်သည်။

ဝေ့ဝူယင်က ကျင်းကျူးနှင့် ယွမ်လုံရှီတို့လို ကောင်းချီးခံများကို စစ်ပွဲ ကောင်းချီးခံ ဟု ခေါ်ရန် ဆုံးဖြတ်လိုက်၏။ သူတို့က ကံကြမ္မာကို အဆက်မပြတ် ပဋိပက္ခများကြားတွင် တည်ဆောက်ရကာ မကြာခဏ ဆိုသလို အခြား လူများ၏ အလောင်းများမှ အကျိုးအမြတ်များကို လက်ခံ ရရှိလေ့ ရှိသည်။

ဥပမာအားဖြင့် ယွမ်လုံရှီ ဆိုလျှင် သွေးပန်းပဲဖို လျှို့ဝှက် ကျင့်စဥ်ကို သူ့ အမုန်းဆုံး ရန်သူအား သတ်ဖြတ်ခြင်းမှ လက်ခံ ရရှိထားခြင်း ဖြစ်သည်။ အလားတူပင် ကျင်းကျူးသည်လည်း ဤစစ်မြေပြင်မှ အကျိုးအမြတ် များစွာကို ရရှိခဲ့သည်။ ကြည့်ရသည်က ကောင်းကင် တာအိုမှာ ထိုကဲ့သို့ ကောင်းချီးခံများကို သတ်ဖြတ်ခြင်းမှ တစ်ဆင့် အခွင့်အရေးများ ပေးရန် သတ်မှတ်ထားသည့်ဟန် ရသည်။

အခြားတစ်ဖက်၌ လုံချန်ကတော့ ထိပ်သီး ပါရမီရှင်များ၊ မိန်းမလှများ၊ ပုန်းကွယ်နေသည့် နဂါးများနှင့် တိုက်ရိုက် ချိတ်ဆက်နေသည့် ကံကြမ္မာကို ပိုင်ဆိုင်ထားသည်။ သူက သူတို့နှင့် ပုံမှန်ထက် ပိုသည့် ဆက်ဆံရေး တစ်ခုကို တည်ထောင်ကာ ထိုဆက်နွယ်မှုမှ တစ်ဆင့် အခွင့်အရေးများ လက်ခံ ရရှိသည်။

သို့သော်လည်း ကံကြမ္မာတန်ဖိုး တဖြည်းဖြည်း လျော့နည်းလာသည်နှင့် အမျှ လုံချန်နှင့် ကံကြမ္မာချင်း ချိတ်ဆက်နေသည့် ရေစက်ကြိုးများမှာလည်း တစ်ခုပြီး တစ်ခု ထိခိုက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ပထမဆုံး တစ်ယောက်က ဝူကျိုး ဖြစ်သည်။ ဒုတိယမြောက် တစ်ယောက်ကတော့ လင်းကျိရန် ဖြစ်ကာ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံး ပျက်စီးလုနီးပါး ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရသည်။ တတိယ တစ်ယောက်ကတော့ လျဲ့ယု ဖြစ်ကာ သူ့လက်ပေါ်တွင် သေဆုံးသွားခဲ့သည်။

ထိုကဲ့သို့ ကောင်းချီးခံများမှာ ပတ်ဝန်းကျင်ရှိ လူများ အပေါ် အလွန်ပင် အန္တရာယ် များကာ ကမ္မတန်ဖိုး နည်းသည်နှင့် အမျှ အနာဂတ် အစီအစဥ် အတွက် စတေးခံရခြင်းမျိုးပင် ဖြစ်ကောင်း ဖြစ်နိုင်ချေ ရှိသည်။ သို့သော်လည်း ထိုအရာက ယူဆချက် တစ်ခုမျှသာ ဖြစ်ကာ ဝေ့ဝူယင် ကိုယ်တိုင်လည်း မသေချာချေ။

သူ့ကိုယ်သူတော့ အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက် ဖြစ်သည်ဟု ဝေ့ဝူယင် ယူဆ မိသည်။ ထိုကဲ့သို့ ကောင်းချီးခံများ၏ ရည်ရွယ်ချက်မှာ ကံကြမ္မာ ဖြစ်ရပ်များ... ဥပမာအားဖြင့် လူများ၊ အရာဝတ္ထုများ၊ အဖြစ်အပျက်များမှ တစ်ဆင့် အမြတ်ထုတ်ခြင်းပင် ဖြစ်သည်။ အပေါ်ရှိ ကောင်းချီးခံ နှစ်မျိုးနှင့် ခြားနားစွာပင် သူ၏ အခွင့်အရေးက ရှင်းလင်းခြင်း သိပ်မရှိလှချေ။ ဘာတစ်ခုမှ မရတာကို ဦးတည် သွားနိုင်သလို အလုံးစုံ ရရှိခြင်းကိုလည်း ဦးတည် သွားစေနိုင်သည်။

လင်းမင်၏ ကောင်းချီးခံ အမျိုးအစားကိုတော့ ဝေ့ဝူယင် မဆုံးဖြတ်တတ်ချေ။ သူက စစ်ကောင်းချီးခံ မဟုတ်သလို ကမ္မရေစက်ကြိုး ကောင်းချီးခံလည်း မဟုတ်ချေ။ သူ့ကို အမြတ်ထုတ် ကောင်းချီးခံလည်း မဟုတ်ပြန်ချေ။ သူက ထိုသုံးခုလုံးကို ပေါင်းစပ်ထားခြင်း ဖြစ်နိုင်သလို တစ်ခုနှင့်မှ ဆက်နွယ် မနေတာလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင် ဆိုစေ... ကောင်းချီးခံ အားလုံးမှာ သူတို့ အနားရှိ လူများ အတွက် အကျိုးအမြတ်များ ယူဆောင် ပေးနိုင်တာကတော့ ဘုံညီမျှမှု တစ်ခု ဖြစ်သည်။ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် နေထိုင်ခဲ့စဥ်က ရွှယ်ရီဖေးမှာ ယွမ်လုံရှီထံမှ အကျိုးအမြတ်များ ရရှိခဲ့သလို ပိုင်လင်နှင့် တရှန်းတို့မှာလည်း ဝေ့ဝူယင်ထံမှ ကံကောင်းမှု တစ်ချို့တစ်ဝက်ကို ခွဲဝေ ရရှိခဲ့သည်။ လုံချန်နှင့် သူ၏ မဟာမိတ်များမှာလည်း အတူတူပင် ဖြစ်သည်။

ယခုလိုမျိုး အေးခဲနေသည့် အခြေအနေတွင် ကောင်းကင်တာအို အပေါ် နားလည်မှုများက ပိုမို၍ ရှင်းလင်းသယောင် ဝေ့ဝူယင် ခံစားလိုက်ရ၏။ ထိုအရာက ကောင်းကင်ကပ်ဘေး အောက်တွင် ရည်ရွယ်ချက်များအား နည်းလည်စဥ်တုန်းကနှင့်ပင် ဆင်တူ သယောင် သူ တွေးလိုက်မိ၏။ ထိုအရာက မည်ကဲ့သို့သော အခြေအနေနည်း။

ဝေ့ဝူယင် ထိုအရာကို လျစ်လျူလိုက်ရင်း ကျင်းကျူး၏ ရတနာများနှင့် နည်းလမ်းများကို ပြန်လည် စဥ်းစားကြည့်လိုက်၏။ ဝိညာဥ်အင်အားကိုပင် ဖြတ်တောက်ပစ်နိုင်သည့် ဝိညာဥ်တန်ပြန် အလံများကိုတော့ သူ တကယ် အံ့အားသင့်မိတာ အမှန် ဖြစ်သည်။ အလားတူပင် အဇူရာ နတ်ဘုရားသတ် အဆောင်မှာလည်း တကယ် ကြောက်မက်ဖွယ် ကောင်းသည့် ဖြစ်တည်မှု ဖြစ်သည်။ ၎င်း၏ နယ်ပယ် အတွင်း ရောက်ရှိသွားပါက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ပင် ကျိန်းသေ အသတ်ခံရလိမ့်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာပင် ကျင်းကျူးနှင့် ငါးမီတာခန့် အကွာသို့ ရောက်သည်နှင့် ခရာတိုက မူမမှန်သည့် ဟင်းလင်းပြင်လှိုင်း လှုပ်ရှားမှု အချို့ ရှိနေကြောင်း သတိပေးခဲ့သည်။ ထိုစဥ်ကတည်းက ကျင်းကျူး၏ လှုပ်ရှားမှုတွင် ထောင်ချောက် တစ်ခု ရှိနေမှန်း သူ သတိထားမိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် တိုက်ရိုက် ခန္ဓာ အစား ဟင်းလင်းပြင် ပုံရိပ် တစ်ခုကိုသာ ဝေ့ဝူယင် ကျင်းကျူးထံသို့ စေလွှတ်ခဲ့သည်။ ကံကောင်း ထောက်မစွာပင် ထိုအရာက ကျင်းကျူးကို လှည့်စားရန် လုံလောက် ခဲ့ပေသည်။

ဘုန်း...

ဝေ့ဝူယင် အတွေးနက် နေစဥ်မှာပင် အလွန် ကျယ်လောင်သည့် ထစ်ချုန်းသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ပြစ်ဒဏ်က စတင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။ သူ နေရာတွင်ပင် ငြိမ်သက်စွာ ရပ်ရင်း စောင့်ဆိုင်းနေလိုက်၏။

ဝမ်... ဝမ်...

အပြစ်သား သွေးမျိုးဆက်မှာ နောက်တစ်ကြိမ် အသက်ဝင်လာကာ သူ့ခန္ဓာကိုယ် တစ်ခုလုံး အနီရင့်ရောင် သင်္ကေတများနှင့် ဖုံးလွှမ်း သွားသည်။ ရွှေရောင် အလင်းတန်းများမှာ သူ့နဖူးတွင် လင်းလက်လာကာ အပြစ်သား မျက်လုံးတစ်ခု ဖြစ်ပေါ်လာ၏။

ဂျိန်း...

ကောင်းကင်ရှိ လျှပ်စီးတန်းမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထက်သို့ ရွှေရောင် အလင်းတန်း တစ်ခု အဖြစ် ပြိုကျ လာခဲ့ပြီ ဖြစ်လေသည်။ ၎င်းက သူ့ခန္ဓာကိုယ် ပတ်လည်ကို လွှမ်းခြုံကာ ကိုယ်ပိုင် သင်္ကေတများ အဖြစ် အသွင်ပြောင်းလဲ သွား၏။ ထိုအခိုက်၌ ဝေ့ဝူယင် ခံစားနိုင်သည့် တစ်ခုတည်းသော အတွေ့အကြုံက လက်မောင်းဆီမှ စူးရှရှ ခံစားချက်ပင် ဖြစ်လေသည်။

ကမ္မတန်ဖိုး... ၄၃၀၅၃.၀

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိကပ်ဘေး တားဆီးခြင်း... ၄၃ နှစ်

ဝေ့ဝူယင် စိုက်ကြည့်နေစဥ်မှာပင် အပြစ်သား တက်တူးမှာ မှိန်ဖျော့ ပျောက်ကွယ်သွားကာ စကားလုံး အသစ်များ ပြန်လည် ပေါ်လာခဲ့လေ၏။

ကမ္မတန်ဖိုး... ၄၃၀၅၂.၄

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိကပ်ဘေး တားဆီးခြင်း... ၁၆ နှစ်

All Chapters