← Chapters

လိုက်တမ်းပြေးတမ်း

Vol. 53 Ch. 734

လိုက်တမ်းပြေးတမ်း

Vol. 53 Ch. 734

ဝေ့ဝူယင် အစွမ်းကုန် ပျံသန်းရင်း သူ အမှုထမ်းနေသည့် တိုက်တန်မျိုးနွယ်ဘက်မှ သေမျိုး တစ်ပိုင်း အရှင် တစ်ယောက် အဘယ်ကြောင့် ပေါ်မလာရသေးသည်ကို စိတ်ထဲမှ မေးခွန်းထုတ်လိုက်မိ၏။ သို့သော်လည်း မကြာခင်မှာပင် စစ်မြေပြင်၌ သေမျိုး တစ်ယောက်၏ အသက်က ပမွှားသာ ဖြစ်ကြောင်း သူ သဘောပေါက် လိုက်သည်။

မည်သို့ပင် ဆိုစေ... ကျင်းကျူး၏ မှတ်ဉာဏ်များ အရ ဆိုလျှင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်မှာ အခြား လျှို့ဝှက် အာဏာရှင် အဆင့်များကို သတ်မှသာ ဆုလာဒ်များ ရရှိနိုင်သည်။ သေမျိုး အရေအတွက် သန်းထောင်ချီကို သတ်ဖြတ်လျှင်ပင် မည်သည်ကိုမှ လက်ခံ ရရှိလိမ့်မည် မဟုတ်ချေ။

“နင့်မှာ ပြေးစရာမြေ မရှိတော့ဘူး... “

လျှို့ဝှက် အာဏာရှင် အဆင့်၏ အသံက ကြောက်လန့်ဖွယ် ကောင်းအောင် အလွန်အမင်း တည်ငြိမ်နေကာ စစ်မြေပြင် တစ်ခုလုံးကို ပျံ့နှံ့လာ၏။

ဝေ့ဝူယင်၏ အမူအရာကတော့ တည်ငြိမ်နေသေးဆဲ ဖြစ်သည်။ သူ၏ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများက နောက်တစ်ကြိမ် ပေါက်ကွဲသွားကာ ရှစ်ဆယ့်တစ်မီတာ အထိ ရောက်ရှိသွား၏။ ပြီးသည်နှင့် ဝေ့ဝူယင်က စစ်မြေပြင် အထက်နားတွင်ပင် ပျံသန်းခြင်း မပြုတော့ပဲ ကောင်းကင်ဆီ ထိုးတက်လိုက်လေတော့သည်။

ဘုန်း...

လျှို့ဝှက် စွမ်းအင် အလင်းတန်း တစ်ခုမှာ သူ ရှိနေခဲ့သည့် မြေပြင်ကို ထိမှန်သွား၏။ ၎င်းက ဝေ့ဝူယင်၏ ခြေချောင်းများနှင့်ပင် ကပ်သီလေး လွဲသွားခြင်း ဖြစ်ကာ အကယ်၍ ဦးတည်ရာသာ မပြောင်းလိုက်ပါက သေဆုံး၍ပင် သွားလောက်ပြီ ဖြစ်သည်။

ဘုန်း...

ဝေ့ဝူယင်၏ အောက်ရှိ မြေထုမှာ ပြိုကျကာ ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်သွား၏။ တိုက်ခိုက်မှု တစ်ခု အောက်တွင်ပင် အနီးအနားရှိ စစ်သည် သောင်းပေါင်းများစွာ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ ထိုလျှို့ဝှက် အာဏာရှင် အဆင့်ကား ရူးသွပ်နေချေပြီ ဖြစ်လေသည်။

ဟူး... ဟူး...

ဝေ့ဝူယင်မှာ အတောင်ပံများကို ခတ်ရင်း ကောင်းကင် လမ်းကြောင်း တစ်လျှောက် မီးခိုးရောင် အလင်းတန်း တစ်ခုလို ပျံသန်းနေ၏။ သို့သော်လည်း... နောက်တစ်မိုင်ခန့် အကွာမှ ထပ်ချပ်မကွာ လိုက်လာသည့် အော်ရာကို သူ ရှင်းလင်းစွာပင် ခံစား၍ ရပေသည်။

တိမ်တိုက်များ ကြား၌ ဝေ့ဝူယင်အား တွေ့မြင်သည့် လျှို့ဝှက် အာာဏာရှင် အဆင့် အချို့မှာ စုံစမ်း စစ်ဆေးရန် ပျံသန်း လာကြသည့်တိုင် သေမျိုးတစ်ပိုင်း အရှင် အဆင့် အော်ရာကို ခံစားမိသည်နှင့် ချက်ချင်းပင် အလောတကြီး ဆုတ်ခွာ သွားကြသည်။ အခြားလူများ၏ ပြဿနာထဲတွင် ရောနှော အသတ်ခံရရန် သူတို့ မလိုလားပါချေ။

ဝှစ်... ဝှစ်...

ဝေ့ဝူယင်၏ အစစ်အမှန် နဂါးအသွင်မှာ တိုက်ခိုက်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ အကြားမှ ဖြတ်သန်းကာ ပျံသန်းသွား၏။

အကယ်၍ တိုက်တန်မျိုးနွယ်ဘက်မှ သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ယောက် လှုပ်ရှားလာကာ ဒေါသထွက်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့်ကို ကြားဝင် ဟန့်တားပါက ထိုအရာက သူ့အတွက် အကျိုးအမြတ် ဖြစ်လာလိမ့်မည် ဖြစ်သည်။ ကောင်းကင် စစ်မြေပြင်ထက်၌ တူညီသည့် အော်ရာ သုံးခုကို ခံစားမိသည့်တိုင် သူတို့က ငြိမ်သက်စွာသာ သူ့ကို လှမ်းကြည့် နေကြသည်။

အဆုံးသတ်၌ ဝေ့ဝူယင် သက်ပြင်းတစ်ချက်သာ ချလိုက်မိ၏။ သူက ခန္ဓာကိုယ်ကို တစ်ချက် လှည့်၍ ရပ်တန့်ကာ သူ့ဆီ တိုးဝင်လာနေသည့် လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာကိုသာ ကြည့်လိုက်သည်။ သူ၏ ခြေထောက်များက သွေးတိမ်တိုက်များ၏ အထက်ရှိ တန်ခိုးရှင်တို့၏ စစ်မြေပြင်တွင် ခိုင်မာစွာ တွယ်ကုပ် ထား၏။

“ကျုပ်ကို မထင်မရှား ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်ကို သတ်ဖို့ ကြိုးစားနေတာ လွန်လွန်းတယ်လို့ မထင်ဘူးလား...”

“ဝှစ်...”

အပြာရောင် အလင်းတန်းကား သူနှင့် မီတာ ရာဂဏန်းခန့် အကွာ၌ ရပ်တန့် သွားခဲ့ပြီ ဖြစ်သည်။ အံ့အားသင့်ဖွယ်ပင် ၎င်းက ကျင်းကျူး၏ အလောင်းကို ပွေ့ပိုက်ထားဆဲ ဖြစ်သည်။ မကြာခင်မှာပင် အပြာရောင် အလင်းတန်းများမှာ တဖြည်းဖြည်း ကြဲပါးသွားကာ ပုံရိပ်က ထင်ရှားစွာပင် ပေါ်လာခဲ့၏။

ဝေ့ဝူယင်၏ ဝိညာဥ်အာရုံမှာ ဝိညာဥ်အကာအကွယ်ကို ထိုးဖောက်၍ ထိုပုံရိပ်အား စစ်ဆေးနိုင်စွမ်း မရှိသည့်တိုင် သူမက မည်သို့မည်ပုံ ရှိကြောင်း သူ သိရှိပြီး ဖြစ်သည်။ သူမက အံ့သြမှင်သက်စရာ ကောင်းလောက်အောင် လှပသည့် ဘုံကြိုးပြတ် နတ်သက်ကြွေ မိန်းကလေး တစ်ယောက်ပင် ဖြစ်သည်။ သူမ၏ ရုပ်ရည်နှင့် ပါရမီက ခြွင်းချက် မရှိချေ။

ကျင်ကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင် ထိုမိန်းကလေးမှာ သူ အချစ်ရဆုံး တစ်ယောက် ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ သက်တူရွယ်တူ ဖြစ်ကာ ငယ်ရွယ်စဥ်တည်းက အတူ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သို့သော်လည်း ချီပျစ်ခဲခြင်း အဆင့်ကိုးကို ဝင်ရောက်ပြီးနောက်တွင် အလွန် အစွမ်းထက်သည့် နည်းလမ်းတစ်ခုကို ကျင့်ကြံရင်း ကျင်းကျူး၏ ကျင့်ကြံခြင်း အခြေခံမှာ ရာစုနှစ် နှစ်ခုစာခန့် နှောင့်နှေးသွားခဲ့သည်။ ဤသို့နှင့် အသက်ခြောက်ရာ ပြည့်ပြီးနောက်... သူမ သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို ရောက်ရှိချိန်တွင် သူကတော့ ကြယ်တာရာ အမြုတေ အဆင့်ကိုးတွင်သာ သောင်တင် နေခဲ့ခြင်း ဖြစ်သည်။

ထိုထက် ပိုမို၍ ရှုပ်ထွေးသည့် ဇာတ်လမ်း တစ်ခု သူတို့ ကြားတွင် ရှိသည့်တိုင် ဝေ့ဝူယင်ကတော့ ဂရုမစိုက်ပါချေ။ သူတို့က ကလေးဘဝ သူငယ်ချင်းများ ဖြစ်သလို နှလုံးထဲမှ အရင်းနှီးဆုံး မိတ်ဆွေများလည်း ဖြစ်သည်။ ထိုအခိုက်၌ သူမ၏ စိတ်က ပေါက်ကွဲခါနီး ဗုံးတစ်လုံးလို ဖြစ်မှာ သေချာသည်။

“နင့်ဘာသာနင် ဂျူနီယာ ဖြစ်ဖြစ်... နတ်ဘုရား ဖြစ်ဖြစ် ဂရုမစိုက်ဘူး... သူ ဒီနေ့ သေခဲ့ရတဲ့ အတွက် နင်လည်း သေရမယ်”

မိန်းကလေး၏ အသံက အလွန်အမင်း အေးစက်နေ၏။ အကယ်၍ ဝေ့ဝူယင်သာ မျက်လုံး မြင်နိုင်ပါက သူမထံမှ အရာအားလုံး လုယူသွားသလို အမုန်းတီးဆုံး မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် သူမအား တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

"...”

ထိုအယူအဆက ဘယ်လောက်တောင် အကျိုးအကြောင်း မဆီလျော်သလဲ ပြန်လည် ချေပချင်သည့်တိုင် ဝေ့ဝူယင်က ဖြူရော်စွာသာ ပြုံးလိုက်မိသည်။ အဘယ်ကြောင့် ကောင်းချီးခံတိုင်းက ပါရမီ မြင့်မားကာ အလွန် လှပ ဉာဏ်ကောင်းသည့် မိန်းကလေး အဖော်များကို ပိုင်ဆိုင်ထားရသနည်း။ မိန်းကလေး ကောင်းချီးခံများတွင်ရော အလားတူ ဖြစ်စဥ်မျိုး ရှိသလော။

“ကောင်းပြီလေ...”

ဝေ့ဝူယင်က အရှုံးပေးသည့် လေသံဖြင့် ရေရွတ်လိုက်၏။

“ဒီတော့ကာ ကျုပ်မှာ ရွေးချယ်စရာ မရှိတော့ဘူးပေါ့...”

စကားဆုံးသည်နှင့် သူက ကျင့်ကြံခြင်း အကန့်အသတ်များကို ချိုးဖျက် ပစ်လိုက်၏။

ဘုန်း...

ချက်ချင်းပင် အိုရီ၏ ဝိညာဥ်စွမ်းအင်က အလုံးအရင်းနှင့် ဧဒင်၊ ဘုရင်နှင့် ခရာတိုတို့ဆီ ပေါင်းစည်းလာသည်။ အားလုံး၏ အကြည့်များ အောက်တွင်ပင် ဝေ့ဝူယင်၏ ဝိညာဥ်အင်အားမှာ တုန်ရီလာကာ ဆထက်ထမ်းပိုး တိုးတက်လာခဲ့၏။

အနီးအနားရှိ လျှို့ဝှက် အာဏာရှင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ် သွားကြသည်။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်က ထိုပြင်းထန်သည့် ဝိညာဥ်စွမ်းအင်ကို ထုတ်ဖော်နိုင်သည်လား။ ထို့အပြင် ၎င်းက ရပ်တန့်မည့်ပုံစံ မရသေးချေ။

“ဝိညာဥ်သခင်လား...”

ကြယ်မျက်လုံးများ ပိုင်ဆိုင်ထားသည့် ထူးဆန်းသော မျိုးနွယ်ဝင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က မသေချာ မရေရာစွာဖြင့် ရေရွတ်လိုက်၏။ သူက အားနည်းသည့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပဲ သန့်စင်မှုနှင့် အော်ရာတို့တွင် မိန်းကလေးထက်ပင် ကျော်လွန်နေသည်။ ရှင်းလင်းစွာပင် သူက နှစ်ပေါင်းများစွာ အခြေခံ ခိုင်မာအောင် ကျင့်ကြံထားသည့် သေမျိုး တစ်ပိုင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေသည်။

ထိုအခိုက်အတန့်၌ သူက ရန်သူ နှစ်ယောက်နှင့် မျက်နှာချင်း ဆိုင်နေကာ အော်ရာများဖြင့်သာ တစ်ယောက်ကို တစ်ယောက် ဖိနှိပ်နေကြသည်။ ထိုအော်ရာများက လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် အလွန် သေးငယ်သည့် ခွန်အား ပမာဏသာ ဖြစ်သည့်တိုင် သေမျိုးတို့၏ စစ်မြေပြင်ကိုတော့ ဖျက်ဆီးပစ်ရန် လုံလောက်သည့် ပမာဏ ဖြစ်သည်။

သူ၏ ရန်သူ နှစ်ယောက်မှ တစ်ယောက်မှာ အရပ် မီတာ တစ်ရာကျော် မြင့်မားသည့် တိုက်တန်ကြီး တစ်ယောက်ပင် ဖြစ်သည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ကိုယ်ပိုင် မြေဆွဲအား ဗဟိုထု တစ်ခုကို ထုတ်လွှတ်နေကာ အခြားလူများကို ဆွဲယူနိုင်သည့် ကိုယ်ပိုင် ပတ်လမ်း တစ်ခုကို ဖန်တီးထားသည်။

ရှင်းလင်းစွာပင် ထိုတိုက်တန်မျိုးနွယ်မှာ သွေးမျိုးဆက်၏ အကန့်အသတ်ကို ထုတ်ဖော်ကာ ပြီးပြည့်စုံသည့် တိုက်တန် ဟန်ပန်ကို သရုပ်ဖော်နေခြင်း ဖြစ်သည်။ သူ့ထံမှ ထွက်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာ အော်ရာမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းကာ အလွန်ကြီးမားသည့် ဂြိုဟ်ကြီး တစ်လုံးနှင့် ရင်ဆိုင် နေရသလို ခံစားရစေသည်။

သူက ဝေ့ဝူယင် စတင် ရောက်ရောက်ချင်း တွေ့ခဲ့ရသည့် တပ်ရင်း ကွန်မန်ဒါ ဘောရက်မှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။ သူသည်လည်းပဲ ဤစစ်မြေပြင်၌ တာဝန်ပေးခံထားရပုံ ပေါ်သည်။ သို့သော်လည်း... သူက မတူကွဲပြားသော အင်အားစု တစ်ခုကို ဦးဆောင်နေကာ ဝေ့ဝူယင်တို့ အဖွဲ့နှင့် နီးစပ်ပုံ မရချေ။

တတိယမြောက် တစ်ယောက်ကတော့ ရွှေရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မီးခိုးရောင် မုတ်ဆိတ်နှင့် လူအိုကြီး တစ်ယောက် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ ရေဘဝဲ လက်တံ ကဲ့သို့ ကြက်သွေးရောင် အော်ရာများ ထွက်ပေါ်နေ၏။ ၎င်းတို့၏ အော်ရာက အလွန်ပင် ရက်စက် ကြမ်းကြုတ်ကာ နေသွေးနီနီတောင်၏ အော်ရာနှင့်ပင် တူညီနေပေသည်။

“ဦးနှောက် မရှိတဲ့ တိုက်တန်ကောင်တွေက ဒီနေရာကို ဝိညာဥ်သခင် တစ်ယောက် ခေါ်လာတယ်ပေါ့ ဟုတ်လား... မွေးနှုန်း ကျဆင်းမှုနဲ့ မျိုးနွယ်စု ပဋိပက္ခတွေ ကြုံနေရတာတောင် ဘယ်အချိန် သွားရှာလိုက်တာလဲ”

လူအိုကြီးက အန္တရာယ် မရှိသည့် ပုံစံဖြင့် ပြုံးရင်း ပြောလိုက်၏။ သို့သော်လည်း သူ၏ စကားလုံးများက တိုက်တန် မျိုးနွယ် တစ်ခုလုံးကို တိုက်ရိုက်ပင် စော်ကားလိုက်ခြင်း ဖြစ်သည်။

ကြယ်မျက်လုံးနှင့် သေမျိုး တစ်ပိုင်း အရှင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ မျက်မှောင်ကြုတ် လိုက်၏။ သူ၏ ကြယ်မျက်လုံးများက ပိုမို တောက်ပလာကာ အော်ရာများက ပိုမို ပြင်းထန်လာသည်။ ၎င်းတို့ထဲမှ အများစုမှာ တပ်ရင်း ကွန်မန်ဒါ ဘောရက်ထံသို့ ဦးတည်ကာ စီးဆင်းသွား၏။

ဟား... ဟား...

လူအိုကြီးက သဘောကျစွာဖြင့် ရယ်မောလိုက်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူနှင့် ထူးဆန်းသော မျိုးနွယ်ဝင် အကြား နှုတ်အားဖြင့် သဘောတူညီချက် တစ်ခု ရရှိပြီး ဖြစ်သည်။ သူက ရေဘဝဲ ကဲ့သို့ လက်တံများ၏ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်ကို ဘောရက်ဆီသို့ ပို့လွှတ်လိုက်၏။

တကယ်တမ်း သူတို့က မဟာမိတ်များ မဟုတ်ပါချေ။ သို့သော်လည်း... ဝိညာဥ်သခင်များမှာ စစ်မြေပြင်တွင် အလွန် အန္တရာယ်များသည့် ဖြစ်တည်မှုများ ဖြစ်သည်။ တိုက်တန်မျိုးနွယ်ဘက်မှ ဝိညာဥ်သခင် တစ်ယောက် ဆုံးရှုံးသွားပါက ထိုအရာက အမြတ် ဖြစ်သည်။ ထို့ကြောင့်ပင် ဘောရက် ဝင်မနှောက်ယှက်နိုင်အောင် ဟန့်တား လိုက်ကြခြင်း ဖြစ်သည်။

ဘောရက်မှာ ထိုအရာကို ရိပ်မိလေရာ အမူအရာက ပြောင်းလဲ သွား၏။ သူက ချက်ချင်းပင် ပိုမို ပြင်းထန်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော်ကာ လူအိုကြီးကို တိုက်ခိုက်လိုက်သည်။ လူအိုကြီး၏ နှုတ်ခမ်းများက အန္တရာယ် ကင်းစွာ ပြုံးနေဆဲ ဖြစ်သည့်တိုင် မျက်လုံးများက သက်တောင့်သက်သာ မရှိသည့် အလင်း အချို့နှင့် ပြည့်နှက်သွား၏။ သူက မိန်းကလေးကို မြန်မြန်လုပ်စေလိုသော ဆန္ဒဖြင့် လှမ်းကြည့်လိုက်လေသည်။

All Chapters