ငါတို့နိုင်တယ်
Vol. 53 Ch. 736
“လူသား တစ်ယောက်က တိုက်တန်တွေအတွက် စစ်မြေပြင်မှာ အမှုထမ်း နေတယ်ပေါ့လေ... ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်သလဲ”
ထူးဆန်းသော မျိုးနွယ်ဝင်က အထင်သေးစွာဖြင့် ရေရွတ်လိုက်၏။ ထိုသေမျိုးတစ်ပိုင်း အရှင် အဆင့်မှာ ဝေ့ဝူယင်က သူ့ကိုယ်ပိုင်မျိုးနွယ်ကို ဆန့်ကျင် တိုက်ခိုက်ရန် အတွက် ရန်သူ တိုက်တန်မျိုးနွယ်နှင့် တကူးတက သွားရောက် ပူးပေါင်းလိုက်ခြင်းဟု ထင်နေခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ... မျိုးနွယ်များ ကွဲပြားသည့်တိုင် ထိုလူသားမျိုးနွယ်၊ ကြယ်မျက်လုံး မျိုးနွယ်နှင့် တိုက်တန်တို့ အားလုံးမှာ တူညီသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ လက်အောက်မှ လာကြခြင်း မဟုတ်ချေ။ ပြောရလျှင်... ထိုအထဲမှ တိုက်တန် မျိုးနွယ်၊ ကြယ်မျက်လုံး မျိုးနွယ်နှင့် လူသားမျိုးနွယ် အချို့မှာ တူညီသည့် အင်အားစု တစ်ခုတည်းမှ လာကြခြင်း ဖြစ်သည်။ သို့တိုင်အောင် သူတို့သည် ဤစစ်မြေပြင်တွင်တော့ ရှင်းလင်း တိကျသည့် မျိုးနွယ်စု ကွဲပြားမှု အတိုင်း တိုက်ခိုက်နေကြသည်။
လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သူတို့၏ အငြင်းပွားမှုများကို ဆုံးဖြတ်ရန် မျိုးနွယ်စုများ အကြား ခိုးကြောင်ခိုးဝှက် တိုက်ပွဲများ ဖလှယ်ခဲ့ကြသည်။ ထို့ကြောင့်ပင် နောက်ဆုံး ရလဒ် အပြည့်အစုံ မထွက်မချင်း မည်သူ အနိုင်ရရှိကြောင်း သိသူ မသိရှိချေ။ တကယ်တမ်း ပြောရလျှင်... စစ်မြေပြင်၌ ပါဝင် တိုက်ခိုက်ကြသူ အများစုမှာ ကိုယ်ပိုင် ကံကြမ္မာများ အတွက် တိုက်ခိုက် နေကြခြင်းသာ ဖြစ်သည်။
ကြယ်မျက်လုံး မျိုးနွယ်၏ စကားကို နားထောင်ကာ တပ်ရင်း ကွန်မန်ဒါ ဘောရက်၏ အမူအရာက အကျည်းတန် သွား၏။ လက်ရှိအခိုက်အတန့်၌... နှစ်ယောက် တစ်ယောက် တိုက်ပွဲလိုမျိုး ဖိအားများကို ရင်ဆိုင်နေရရာ ချိုက်လျှို့ယန် ဝေ့ဝူယင်ကို မြန်မြန် လက်စတုံး ပစ်လိုက်ဖို့ သူ မျှော်လင့် နေမိသည်။ တစ်ချိန်တည်း၌ နှမြောဖို့ ကောင်းလွန်းသည့် ပါရမီကြောင့် ဝေ့ဝူယင် လွတ်မြောက်သွားဖို့လည်း သူ ဆုတောင်းမိသည်။ မည်သို့ပင် ဆိုစေ... သူက တိုက်တန် မျိုးနွယ် အုပ်စိုးခဲ့ဖူးသည့် နယ်မြေတစ်ခုမှ လာခဲ့ခြင်း ဖြစ်လေရာ... နောက်တစ်ချိန်တွင် သူ့ကို တိုက်တန် မျိုးနွယ်ထဲ သွတ်သွင်းဖို့ မဖြစ်နိုင်တာ မရှိပါချေ။
“နင် သူ့ကို ဘာလို့ သတ်တာလဲ...”
ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို ချိတ်ပိတ်ပြီးနောက် ချိုက်လျှို့ယန်မှာ အနည်းငယ် စိတ်အေး သွား၏။ အသေမသတ်ခင် ကြောင်က ကြွက်ကို ဆော့ကစားချင်သလိုမျိုး သူမ၏ မူလ ဗီဇ ပြန်လည် ပေါ်လာခဲ့သည်။ မိန်းကလေးမှာ မျက်နှာကလေးက လှပသလောက် မျက်လုံးနှင့် နှုတ်ခမ်းများကတော့ ရက်စက်မှု၊ မုန်းတီးမှု၊ သတ်ဖြတ်လိုမှု အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။
ကျင်းကျူး၏ သေဆုံးမှု နောက်ကွယ်တွင် အကြောင်းတရား အချို့ ရှိရလိမ့်မည်ဟု ချိုက်လျှို့ယန် ယူဆ နေမိသည်။ ဝေ့ဝူယင်က အဘယ်ကြောင့် စစ်မြေပြင်တွင် ပေါ်လာရသနည်း။ တိုက်တန် မျိုးနွယ်ဘက်မှ လူသား တစ်ယောက် ပါဝင် တိုက်ခိုက်တာ သဘာဝ မကျချေ။
ထို့အပြင်... သူက ကျင်းကျူး၏ ရတနာများနှင့် အကာအကွယ် အားလုံးကိုပါ အလွယ်တကူ သိရှိ ဖြတ်ကျော် နိုင်ခဲ့သည်။ သူ့ကို သတ်ဖြတ်ပြီးချိန်တွင်လည်း အချိန် ပြန်လှန်ခြင်း စွမ်းအား အသုံးမပြုနိုင်အောင် ဟင်းလင်းပြင် စွမ်းအင်များဖြင့် ပိတ်ဆို့ခဲ့သေးသည်။ အရာအားလုံးက ကြိုတင်စီစဥ် ထားသည့် အတိုင်းပင်။
ချိုက်လျှို့ယန်၏ လက်ချောင်းများ တင်းကြပ်စွာ ချုပ်ကိုင်ထားမှုနှင့် အတူ ဝေ့ဝူယင်၏ အသံမှာ လည်ချောင်း အောက်ပိုင်းတွင် တစ်ဆို့နေ၏။ တစ်ချိန်တည်း၌ သူ၏ ဝိညာဥ်စွမ်းအင်များမှာလည်း ကုန်ခမ်းသလောက် ဖြစ်နေလေရာ ဝိညာဥ် အာရုံဖြင့်ပင် အသံ ပို့လွှတ်နိုင်စွမ်း မရှိပါချေ။
ထိုအရာကို သတိထားမိလိုက်ရာ ချိုက်လျှို့ယန်က လက်ချောင်းများကို အနည်းငယ် ဖြေလျှော့ပေးလိုက်၏။ သို့သော်လည်း ဝေ့ဝူယင် လွတ်မြောက် မသွားတာ သေချာစေရန် အတွက် သူမက တားမြစ်ခြင်း အစီအရင်ကို နှစ်ထပ် အထိ ထုတ်ဖော် ပိတ်ဆို့လိုက်သည်။ ယခုတစ်ကြိမ်တွင် ဝေ့ဝူယင်နှင့် ပတ်သက်၍ သူမ နည်းနည်းလေးမျှ ပေါ့ဆရဲခြင်း မရှိတော့ချေ။
“ကျုပ်က ဘာလို့ ပြောပြရမှာလဲ...”
ဝေ့ဝူယင်က လေသံမာမာဖြင့်ပင် မေးလိုက်၏။ သူ ကျင်းကျူးအား သတ်ရသည့် အကြောင်းရင်းကို အဘယ်ကြောင့် ထုတ်ဖော် ပြောရမည်နည်း။ မည်သို့ပင် ဆိုစေ... သူက အနှေးနှင့် အမြန် သေရတော့မည့်သူ ဖြစ်သည်။
ချိုက်လျှို့ယန်မှာ ဝေ့ဝူယင်၏ စကားလုံးများမှ တစ်ဆင့် သူ့ သဘောထားကို နားလည်လိုက်၏။ သူမ၏ မျက်လုံးများက ဒေါသအလင်းများဖြင့် ပြည့်နှက် သွားသည်။ သို့သော်လည်း... ထိုစကားလုံးများ အရ နောက်ကွယ်တွင် အကြောင်းရင်း တစ်ခု ရှိနေနိုင်ကြောင်း သူမ ရိပ်မိသွားခဲ့ပြီ ဖြစ်လေသည်။ ထိုလုပ်ကြံမှု၏ ရည်ရွယ်ချက် အစစ်အမှန်က အဘယ်နည်း။
သူမက ကျောရိုး တစ်ခုလုံး စိမ့်တက်သွားစေမည့် အပြုံးတစ်ခုကို ဖော်ထုတ်လိုက်၏။ သူမ၏ လှပသော မျက်လုံးများက ရက်စက် ကြမ်းကြုတ်သည့် သဘောထားကို ပေါ်လွင်စွာပင် ဖော်ပြနေသည်။
“တကယ်လို့ နင် မပြောဘူး ဆိုရင် သေခြင်းတရားက နင့်အတွက် ဇိမ်ခံစရာ နေရာ တစ်ခုတင် မဟုတ်ဘူး... နင့်ဘဝ တစ်လျှောက်လုံး အကြီးမားဆုံး ဆန္ဒ ဖြစ်လာအောင် ငါလုပ်ပေးမယ်”
မျက်လုံးများ မှိတ်ထားလျှက်ကပင် သူမကို ကြည့်ကာ ဝေ့ဝူယင်၏ အမူအရာက ဖြူရော်သွား၏။ သို့သော်လည်း ထိုဖြူရော်သည့် အမူအရာထက်တွင် လက်မလျှော့လိုသည့် အရိပ်အယောင် တစ်ခုက ခိုအောင်း နေသေးဆဲ ဖြစ်သည်။
ဝေ့ဝူယင်မှာ ယခုအချိန်အထိ မာနကို အစွန်းထင်း မခံလိုသေးကြောင်း ချိုက်လျှို့ယန် သိလိုက်၏။ သို့သော်လည်း ၎င်းက ကျိုးပျက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ချိုက်လျှို့ယန်က သူ့ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ဆွဲကပ်လိုက်ရင်း ညာဘက်နားဆီသို့ ကပ်ကာ အညင်သာဆုံးသော လေသံဖြင့် ပြောလိုက်သည်။
“တကယ်လို့ နင် မပြောဘူး ဆိုရင် ငါ အဲဒါကို နင့်ကို ကျွေးမယ်... တကယ်လို့ သေသွားခဲ့မယ် ဆိုရင်တောင် အချိန် ပြန်လှန်ခြင်း စွမ်းအားကို သုံးပြီး တစ်ကြိမ်ပြီး နောက်တစ်ကြိမ်... နောက်တစ်ကြိမ်... ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး”
“ကျွေးမယ်...”
ဝေ့ဝူယင်မှ ပေါင်ခြံဆီမှ စွမ်းအင်မှ တဟုန်ထိုး ပေါက်ကွဲသွားသလို ခံစားလိုက်ရ၏။ ချက်ချင်းပင်... သူ၏ အမူအရာက အလွန်အမင်း ဖျော့တော့သွား ရုံသာမက အဆုံးမဲ့ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွားသည်။
ချိုက်လျှို့ယန်က အသာအယာ ပြုံးလိုက်၏။
“နင့်ရဲ့ ခန္ဓာကိုယ်ထဲ အဲဒါ ဝင်လာတဲ့ အရသာကို နင် ခံစားဖူးလား”
ထိုစကားလုံးက နောက်ဆုံး လက်နက်တစ်ခု အလား ဝေ့ဝူယင်၏ လက်ကျန် မာန အားလုံးကို ကျိုးပဲ့ သွားစေခဲ့၏။
“ကျုပ်... ကျုပ် ကို သတ်ဖို့ လွှတ်လိုက်တာ မဟုတ်ပါဘူး... ကျုပ်... မဟုတ်”
သူက ထိတ်လန့် ကြောက်ရွံ့စွာပင် အော်ဟစ်လိုက်၏။ သေမျိုး တစ်ပိုင်း အရှင် အဆင့် သုံးယောက်မှာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုအဖြစ်အပျက် အပေါ် သူတို့၏ စိတ်ဝင်စားမှုက အနည်းငယ် တိုးမြင့် သွားကြ၏။
ချိုက်လျှို့ယန်မှာ ဝေ့ဝူယင်၏ ဝန်ခံမှုကြောင့် အံ့သြသွားသည်။ သူမက ဝေ့ဝူယင်ကို တည့်တည့် စိုက်ကြည့်လိုက်၏။
“နင့်ကို သတ်ဖို့ လွှတ်လိုက်တာ မဟုတ်ဘူး...”
သူမက ကျင်းကျူး၏ အလောင်းကို တစ်ချက် လှမ်းကြည့်လိုက်၏။
“နင်ပြောတာကို ယုံမယ် ထင်နေတာလား...”
သူမက ဝေ့ဝူယင်၏ ပေါင်ခြံဆီသို့ နောက်တစ်ကြိမ် လျှို့ဝှက် စွမ်းအားကို ထပ်မံ ပို့လွှတ်လိုက်၏။ ယခုတစ်ကြိမ် တွင်တော့ ၎င်း၏ အရွယ်အစား၊ အလေးချိန်နှင့် ပုံသဏ္ဌာန်တို့ကို ချိုက်လျှို့ယန် ရှင်းလင်းစွာပင် ခံစားလိုက်ရသည်။ အနည်းငယ် အံ့အားသင့် သွားသည့်တိုင် သူမ၏ အမူအရာက ချက်ချင်း ပြန်လည် တည်ငြိမ်သွား၏။
ဝေ့ဝူယင်က ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
“ကျုပ် တကယ် ပြောတာပါ... ကျုပ် မညာပါဘူးဗျာ... ဘယ်သူလဲ ဆိုတာ ကျုပ် မသိပါဘူး... ဒါပေမဲ့ သူ့ရဲ့ ဝိညာဥ်ကို ဖမ်းပြီး ခေါ်လာဖို့ ကျုပ်ကို ငွေပေးပြီး ငှား...”
“ဘာလဲ...”
ချိုက်လျှို့ယန်သာလျှင် မက လျှို့ဝှက် အာဏာရှင် အဆင့် အားလုံးမှာ အံ့သြ ထိတ်လန့် သွားကြ၏။ အဖြစ်အပျက်က ထိုကဲ့သို့လား။ တိုက်ပွဲများက သိသိသာသာ နှေးကွေးသွားကာ ဝေ့ဝူယင်နှင့် ချိုက်လျှို့ယန်၏ အဖြစ်အပျက်ကို ပိုမို အာရုံစိုက် လာကြ၏။
ချိုက်လျှို့ယန်၏ မျက်လုံးများက ကျင်းကျူး၏ အလောင်းကို လှမ်းကြည့်လိုက်သည်။ သူမ၏ ဝိညာဥ် အာရုံက ဖြန့်ကျက်သွားကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို စစ်ဆေးလိုက်၏။ မကြာခင်မှာပင် သူ့ခန္ဓာကိုယ်ထဲ၌ အဂ္ဂိရတ် အင်အား အကြွင်းအကျန် အချို့ ရှိနေကြောင်း သဘောပေါက် သွား၏။ ထိုလူငယ်က အဂ္ဂိရတ် ရတနာ တစ်ခုခုကို သုံးကာ ကျင်းကျူး၏ ဝိညာဥ်ကို ထုတ်ယူ ခဲ့သည်လား။
“ဘယ်မှာလဲ... သူ ဘယ်မှာလဲ... နင် ဘယ်မှာ ဝှက်ထားလဲ...”
ချိုက်လျှို့ယန်မှာ စိတ်လွတ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမက လှပ သွယ်လျသော လက်ချောင်းများက ဝေ့ဝူယင်၏ လည်ပင်းကို ရက်စက် ကြမ်းကြုတ်စွာပင် ဖျစ်ညှစ်လိုက်ကာ အချိန်မရွေး ချိုးဖဲ့ ပစ်လိုက်တော့မည့်ဟန် ရ၏။
ဂစ်... ဂစ်...
ဝေ့ဝူယင်၏ လည်ချောင်းထဲမှ ထူးဆန်းသော အသံများပင် ထွက်ပေါ်လာ၏။ သူ၏ မျက်နှာက အလွန်အမင်း ကြောက်လန့်ခြင်းများနှင့် ပြည့်နှက်နေကာ တုန်တုန်ရီရီဖြင့် ဟင်းလင်းပြင် လက်စွက်ကို ထိတွေ့ရန် ကြိုးပမ်းလိုက်သည်။
“စက်... စက်လုံး...”
ချိုက်လျှို့ယန်က လျှင်မြန်စွာပင် ဝေ့ဝူယင်၏ လက်စွပ်ကို စစ်ဆေးလိုက်၏။ ချက်ချင်းပင် ကျင်းကျူး၏ ဝိညာဥ် အော်ရာ ခိုအောင်းနေသည့် ထူးဆန်းသော စက်လုံး ကလေးကို သူမ တွေ့လိုက်ရသည်။ ၎င်းမှာ ဟင်းလင်းပြင် စွမ်းအင်များက ဝန်းရံကာ ပုံဆောင်ခဲထားပုံ ပေါ်၏။ သူမ၏ မျှော်လင့်ချက်များက လှိုင်းတံပိုးများလို တဟုန်ထိုး ပြန်လည် မြင့်တက်လာသည်။
ချိုက်လျှို့ယန် ညင်သာစွာပင် စက်လုံးကလေးကို ထုတ်ယူလိုက်၏။ သူမ ဝိညာဥ်အာရုံဖြင့် အတွင်းပိုင်းကို စစ်ဆေးချင် နေသော်လည်း မတော်တဆ ဝိညာဥ်အော်ရာကို ဖျက်ဆီးမိမှာ ကြောက်နေခဲ့မိသည်။
သတိထားရမည်။ ဟုတ်သည်။ သူမ သတိထားရမည်။
သူမ ဝေ့ဝူယင်ကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်၏။
“ဒီအထဲက ဝိညာဥ်ကို ဘယ်လိုထုတ်ရမှာလဲ...”
သူမက မေးလိုက်ရင်း လျှို့ဝှက် စွမ်းအင် အချို့ကို ဝေ့ဝူယင်၏ ပေါင်ကြားထံ ပို့လွှတ်ကာ မူလ ခြိမ်းခြောက်မှုကို သိရှိအောင် သတိပေးလိုက်သည်။
ဝေ့ဝူယင်က အလွန်တရာ ကြောက်ရွံ့ ထိတ်လန့်နေသည့် အလား တုန်တုန်ရီရီဖြင့် ကျင်းကျူး၏ ဝိညာဥ်ကို မည်ကဲ့သို့ ထုတ်ယူရမည် ဖြစ်ကြောင်း ရှင်းပြလိုက်သည်။ လျှို့ဝှက် အာဏာရှင် အချို့မှာ ဝေ့ဝူယင်ကို ကြည့်ကာ ခေါင်းခါလိုက်မိကြ၏။ ထိုကောင်လေးကား ရုပ်ရည်နှင့် မလိုက်အောင် သူရဲဘောကြောင်လွန်းလှသည်။
ချိုက်လျို့ယန်က ထိုဟင်းလင်းပြင် စက်လုံးမှာ အာကာသ စွမ်းအင်များ ထည့်သွင်းရသည့် နည်းလမ်းနှင့် ကိုက်ညီမှု ရှိကြောင်း အတည်ပြုလိုက်၏။ ထို့နောက်... သူမက ဝေ့ဝူယင်ကို ရက်စက် ကြမ်းကြုတ်မှု ပြည့်နှက် နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူမ၏ လှပသော လက်ချောင်းများက ပိုမို တင်းကြပ်လာကာ ဝေ့ဝူယင်၏ လည်ချောင်းထဲ နစ်ဝင်သွားသည်။
အသက်ရှူရန် ရုန်းကန်ရင်း ဝေ့ဝူယင်၏ ခြေလက်များက တုန်ရီလာ၏။ သူက ရှိသမျှ ခွန်အား ကလေးနှင့် ချိုက်လျှို့ယန်၏ လက်ချောင်းများကို တွန်းဖယ်ရန် အစွမ်းကုန် ကြိုးစားသည့်တိုင် ထိုအရာက အရာမထင်ပါချေ။
ခရက်...
ကျိုးအက်သံ တစ်ခုနှင့် အတူ ဝေ့ဝူယင်၏ လည်ပင်းမှာ သဘာဝ မကျစွာ လိမ်ကွေးသွား၏။ လျှို့ဝှက် စွမ်းအင် အပိုင်းအစ တစ်ခုက အသိစိတ် ပင်လယ်ကို ရှင်းလင်း ပစ်လိုက်သည်။ ချိုက်လျှို့ယန် ဝေ့ဝူယင်ထံမှ အသက်အင်အားများ လျှင်မြန်စွာ ဆုတ်ယုတ်သွားသည်ကို ငြိမ်သက်စွာပင် ကြည့်နေလိုက်၏။
အရာအားလုံးကို အဆုံးသတ်ပြီးနောက် သူမ၏ မျက်လုံးများက စက်လုံးလေးထံ ရောက်ရှိသွား၏။ ကျင်းကျူး၏ ဝိညာဥ်ကိုသာ ပြန်လည် ရရှိပါက သူမ လွယ်ကူစွာ ပြန်လည် အသက်သွင်း နိုင်လိမ့်မည် ဖြစ်သည်။ သူမ ဝေ့ဝူယင် ပြောသည့် နည်းလမ်း အတိုင်း အာကာသ စွမ်းအင်များကို စက်လုံးကလေး အတွင်း ဖြည့်သွင်းလိုက်၏။
သူမ ထိုကဲ့သို့ ပြုလုပ်လိုက်သည့် အခိုက်အတန့်ကလေးတွင်ပင် ဝေ့ဝူယင်၏ မျက်လုံးများမှာ ဖျပ်ခနဲ ပွင့်လာခဲ့၏။ သူ၏ မျက်လုံး တစ်ဖက်က ဆေဘာအလင်းများဖြင့် ပြည့်နှက်နေကာ အခြား တစ်ဖက်က ဒြပ်စင် အလင်းတို့နှင့် လွှမ်းခြုံနေသည်။ ပထမ မျက်လုံးက ရက်စက် ကြမ်းကြုတ်နေသော်လည်း ဒုတိယ မျက်လုံးက ကစားလိုသည့် အရိပ်အယောင်တို့နှင့် ပြည့်နှက်နေ၏။
“ကလန့်...”
"ဟီး... ဟီး... ဟီး...”
အသံ နှစ်ခုက ဝေ့ဝူယင်၏ အသက်မဲ့ အလောင်းထံမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာရာ ချိုက်လျှို့ယန်မှာ တုန်လှုပ်သွား၏။
“ငါတို့နိုင်တယ်...”
သူမ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် စက်လုံးမှာ ပွင့်ထွက်သွားကာ သန်းပေါင်း ဆယ်နှင့်ချီသည့် အရာ ဝတ္ထုများ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့အားလုံးကား ဆေးတောင့်များပင် ဖြစ်လေသည်။
ထို့နောက် မျက်တောင်တစ်ခပ်၊ လျှပ်တစ်ပြက်စာ အတွင်းမှာပင် ၎င်းတို့ အားလုံးမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲ သွားခဲ့တော့၏။
ဘုန်း...