ပေါက်ကွဲမှု
Vol. 53 Ch. 737
လွန်ခဲ့သည့် မိနစ် အနည်းငယ်ခန့်က...
တိုက်တန် မျိုးနွယ်ဝင် မိန်းကလေးနှင့် ထိုက်ဟိုတို့မှာ တစ်ယောက်ကို တစ်ယောက် ကျောချင်းကပ်ကာ ရပ်နေခဲ့၏။ သူတို့ နှစ်ယောက်မှာ တပ်စိတ် တစ်ခုတည်းမှ ဖြစ်သည့် အပြင် နှစ်နှစ် နီးပါးခန့် အတူတူ လေ့ကျင့်ထားရာ တစ်ယောက် အပေါ် တစ်ယောက် နားလည်မှုနှင့် ချိန်သားကိုက် လှုပ်ရှားနိုင်စွမ်းတွင် ထိပ်တန်း အဆင့်၌ ရှိကြပေသည်။ သူတို့မှာ တစ်ယောက်ကို တစ်ယောက် မှီခိုရင်း ရန်သူများကို တိုက်ခိုက် နေကြ၏။
သူတို့ နှစ်ယောက်၏ ပတ်လည်တွင်တော့ သံချပ်ကာနှင့် တာအို ဝတ်စုံ ဝတ်ဆင်ထားသည့် လူသား စစ်သည်များမှာ ဝန်းရံ တိုက်ခိုက်နေကြသည်။ သူတို့ တပ်စိတ်ထဲမှ များစွာသော မဟာမိတ်များမှာ တစ်ယောက်ပြီး တစ်ယောက် အတုံးအရုံး လဲပြို သေဆုံးသွားကြပြီ ဖြစ်လေသည်။ သူတို့ နှစ်ယောက်မှာ ဆက်လက် အသက်ရှင်နေကြဆဲ ဖြစ်သည့်တိုင် အသက်ရှူသံများ လေးလံနေကာ နဖူးတွင် ချွေးစေးများဖြင့် စိုရွှဲ နေခဲ့ပြီ ဖြစ်သည်။ သူတို့၏ ထူထဲသော သံချပ်ကာများကတော့ ရန်သူတို့၏ ရောင်စုံသွေးများဖြင့် ရွှဲရွှဲစိုနေ၏။
ထိုက်ဟိုမှာ သတ္တုဒိုင်းကာ တစ်ခုကို ကိုင်ဆောင်ထားကာ ပြေးဝင်လာနေသည့် မြှားများကို ကာဆီးလိုက်၏။ သူ၏ အခြားလက် တစ်ဖက်တွင်တော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် ဓားမြှောင်တစ်ချောင်း ရှိနေခဲ့သည်။
သူ၏ မျက်လုံးများက ပတ်လည်မှ ဝန်းရံထားသည့် စစ်သည် လေးယောက်ကို မျက်ချေမပြတ် အကဲခတ် နေခဲ့၏။ သူတို့၏ ခြေရင်းတွင်တော့ များစွာသော အလောင်းများက လဲပြိုကျနေသည်။ ထိုအခိုက်၌ သူတို့ နှစ်ယောက်စလုံး အလွန် မောပန်းနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လူသား စစ်သည်များကတော့ တက်ကြွ ဖျတ်လတ်ကာ စွမ်းအင် ပြည့်ဝနေဆဲ ဖြစ်ပေသည်။
သူတို့၏ အသက်က မကြာခင် အဆုံးသတ်သွားရတော့မှာ ဖြစ်ကြောင်း ထိုက်ဟို သိရှိပြီး ဖြစ်သည်။ ဤစစ်မြေပြင်ကို လာရောက်ရန် ရွေးချယ်ခဲ့ခြင်း အတွက် သူ စိတ်ထဲမှ နောင်တရနေမိ၏။ သို့တိုင်အောင် သူက အားတင်းကာ အပြုံးမျက်နှာဖုံး တစ်ခုကို တပ်ဆင်လိုက်ရင်း မိန်းကလေးကို ပြောလိုက်၏။
“ကျိဖူ... ငါတို့ တစ်ယောက်စီကိုတော့ အပါ ခေါ်သွားရအောင်...”
ကျိဖူ တစ်ဖြစ်လည်း တိုက်တန် မိန်းကလေး၏ မျက်လုံးများက အရှုံးမပေးလိုသော ဆန္ဒတို့နှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
“နှစ်ယောက်ဆိုရင်ရော ဘယ်လိုလဲ...”
သူမက ဓားကျိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း တုန့်ပြန်လိုက်၏။
“နှစ်ယောက်... ဟဟ မဆိုးဘူး...”
ထိုက်ဟိုမှာ မိန်းကလေး၏ သဘောထားကြောင့် စိတ်ထဲမှ ရယ်မောလိုက်မိသည်။ သေခြင်းတရားနှင့် ရင်ဆိုင် နေရသည် ဆိုသည့် ကြောက်ရွံ့မှုနှင့် ဖိအားများပင် အနည်းငယ် ပေါ့ပါးသွားသလို သူ ခံစားလိုက်ရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူက ကပ္ပတိန်ကြောင့် သေရွာမှ ပြန်ရှင်လာသူ တစ်ယောက် ဖြစ်သည်။ နောက်တစ်ကြိမ် သေသွားရတော့ရော ဘာအရေးနည်း။
ထိုက်ဟိုတို့ တန်ပြန် တိုက်ခိုက်တော့မည် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်နှင့် ဝန်းရံထားသည့် လူသား စစ်သည် လေးယောက်မှာ ဝင်္ကပါကို နေရာများ ပြောင်းလဲ လိုက်ကြကာ တိုက်စစ်အဖြစ် ဦးတည်လိုက်၏။ မတူကွဲပြားသည့် ဝတ်စုံများကြောင့် သူတို့က တပ်ရင်း တစ်ခုတည်းမှ ဖြစ်ပုံ မပေါ်သည့်တိုင် တူညီသည့် မျိုးနွယ် မဟာမိတ် တပ်ပေါင်းစုမှပင် ဖြစ်သည်။ ထို့ကြောင့်ပင်... သူတို့၏ လေ့ကျင့်ပုံများက အတော်လေး ဆင်တူသည်ဟု ဆိုနိုင်ပေသည်။
မည်သို့ပင် ဆိုစေ... ကွဲပြား ခြားနားမှုကလေးများ ရှိစမြဲ ဖြစ်လေရာ သူတို့၏ ပူးပေါင်း လှုပ်ရှားမှုတွင် ချွတ်ယွင်းချက်နှင့် နှောင့်နှေးမှု အချို့ ရှိနေဆဲ ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ကျိဖူနှင့် ထိုက်ဟိုတို့ နှစ်ယောက်စလုံး သေဆုံးသွားလောက်သည်မှာ ကြာမြင့်ခဲ့လောက်ပြီ ဖြစ်သည်။ သူတို့က လျှင်မြန်စွာပင် နေရာများ ပြောင်းလိုက်ကာ စိန်ပွင့် သဏ္ဌာန် တိုက်ခိုက်ရေး ဝင်္ကပါကို စတင်လိုက်၏။
“တိုက်တော့...”
ဝင်္ကပါအား ဦးဆောင်နေသည့် စစ်သည်က အော်ဟစ်လိုက်၏။ ထိုက်ဟိုတို့ နှစ်ယောက်စလုံး၏ အမူအရာ များက မွမ်းကြပ်သွားကာ အကာအကွယ်ကို ပြင်လိုက်သည်။ သို့သော်လည်း မည်သည့် တိုက်ခိုက်မှုမှ ချက်ချင်း ရောက်ရှိလာခြင်း မရှိပါချေ။
ဝူး...
သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ရုတ်တရက် လူသား စစ်သည် တစ်ယောက်မှာ အော်ဟစ်လိုက်၏။ ကျိဖူနှင့် ထိုက်တိုတို့ နှစ်ယောက်မှာ အကာအကွယ်ကို လုံခြုံအောင် ပြင်ဆင်ရင်းမှ ထိုအသံထံ အာရုံရောက် သွားသည်။
“အား...”
ရုတ်ချည်းပင် ဓားမြှောင် တစ်စင်းက သံချပ်ကာကို ဖြတ်၍ တိုးဝင်လာရာ ကျိဖူမှာ နာကျင်စွာ အော်ဟစ် လိုက်မိသည်။ ၎င်းက သူ့အသွေးအသားထဲသို့ တိုက်ရိုက် တိုးဝင်သွာ သွေးများကို စုပ်ယူလေတော့၏။ ထက်ရှမှုနှင့် သွေးများကိုပင် ခမ်းခြောက်စေနိုင်သော စွမ်းရည် အရ... ၎င်းက သာမန် ဓားမြှောင် တစ်ခု မဟုတ်တာ ရှင်းလင်းလှပေသည်။
“ထိုက်ဟို...”
ကျိဖူမှာ စိုးရိမ်စွာဖြင့် အော်ဟစ်လိုက်မိ၏။ စောစောက စူးစူးဝါးဝါး အသံမှာ သူတို့ကို အာရုံ ပြောင်းအောင် လုပ်သည့် နည်းဗျူဟာ တစ်ခု ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်ပြီ ဖြစ်လေသည်။
ဝှစ်...
ထိုအခိုက်တွင် နောက်ထပ် ဓားတစ်စင်းမှာ သူမ နှလုံးသား တည့်တည့်ဆီ တိုးဝင်လာ၏။ သူမက လက်ထဲမှ ဓားကျိုးဖြင့် ထိုဓားကို တားဆီးလိုက်၏။
“အား...”
နောက်ဖက်ဆီမှ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရရာ ကျိဖူ၏ နှလုံးသားမှာ တင်းမာသွား၏။ သူမက နောက်သို့ လှည့်ကြည့်လိုက်ရာ ထိုက်ဟို၏ ဓားမြှောင်မှာ သွေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။
သူ့အရှေ့တွင်တော့ မျက်နှာ တစ်ခုလုံး သွေးများနှင့် ပေကျံနေသည့် စစ်သည် တစ်ယောက် ရှိနေခဲ့၏။ သူက တုန်လှုပ် ချောက်ချားစွာဖြင့် လည်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ သွေးများက လက်ချောင်းများ အကြားမှ စီးကျနေသည်။ သူ့မျက်နှာထက်ရှိ သွေးများက သူ့သွေးများ မဟုတ်ပါချေ။
ထိုက်ဟိုတစ်ယောက် သူ၏ သွေးပမာဏ အမြောက်အများကို သုံးကာ ရန်သူကို မျက်လုံးကန်းစေလျှက် အသေသတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ကျိဖူ ချက်ချင်း သဘောပေါက် လိုက်သည်။ သူမ အထင်ကြီးစွာဖြင့် နောက်ကို ပြန်လှည့်ကာ မူလ ရန်သူကို ပြန်လည် မျက်နှာချင်း ဆိုင်လိုက်သည်။
ထိုက်ဟိုက သွေးထွက်နေသည့် သူ့ ဒဏ်ရာကု လက်ဖြင့် ပိတ်ကာ ကျန် ရန်သူများကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက ကြမ်းတမ်း ခက်ထန်သော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
“ငါ့တော့ တစ်ယောက်ပဲ ကျန်တော့တယ်... နင်ရော...”
သူက နောက်ကျောဘက်ရှိ ကျိဖူကို လှည့်မကြည့်ပဲ မေးလိုက်သည်။ စကားလုံးများနှင့် ဆန့်ကျင်ဘက်ပင် သူ၏ အသံက ဖြူရော်ကာ အားနည်းနေ၏။
“မကြာခင် လာမှာပေါ့...”
ကျိဖူက အားကျမခံ ပြန်ဖြေလိုက်၏။ သူမက လက်ထဲရှိ ဓားကျိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရာ ရန်သူကို အပြင်းထန်ဆုံး ထိုးနှက်ရန် ပြင်လိုက်သည်။
ဘုန်း...
ထိုအခိုက်တွင်ပင် အစွမ်းထက် ဝိညာဥ်အင်အား တစ်ခုမှာ စစ်မြေပြင် တစ်ခုလုံးကို ဖြန့်ကျက်လာ၏။ ရန်သူ သုံးယောက်မှာ ချက်ချင်းပင် ရပ်တန့်သွားကာ ပြူးကျယ်နေသည့် မျက်လုံးများနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
“ဝိညာဥ်သခင်...”
သူတို့က သေအံ့မူးမူး ဖြစ်နေသည့် တိုက်တန် နှစ်ယောက်ကို လျစ်လျူကာ မတုန့်မဆိုင်းပင် နောက်သို့ ဆုတ်ခွာ သွားကြသည်။
ကျိဖူနှင့် ထိုက်ဟိုတို့မှာလည်း အလားတူပင် ဝိညာဥ်အာရုံကို ခံစားလိုက်မိကြသည်။ တစ်ချိန်တည်း၌ ထိုအော်ရာ အလွန်အမင်း ရင်းနှီးနေသည်ဟု သူတို့ တွေးလိုက်မိကြသည်။ ထို့နောက်း... ကောင်းကင်ကို မော့ကြည့်လိုက်သော အခိုက်၌ အလွန် ပြင်းထန်သည့် အရှိန်အဟုန်နှင့် ပျံသန်းနေသည့် ဝေ့ဝူယင်၏ အစစ်အမှန် နဂါးအသွင်ကို တွေ့မြင်လိုက်ကြရ၏။ သူက သူတို့ အပေါ်တည့်တည့်မှ နေ၍ စွမ်းအားမြင့် ဟင်းလင်းပြင် သင်္ဘောတစ်စင်းလို ဖြတ်ကျော်သွားသည်။
“နောက်ဆုတ်ကြမယ်...”
ကျိဖူက ထိုက်ဟို၏ လက်ကို ဆုပ်ကိုင်ကာ ဝေ့ဝူယင်နှင့် ဆန့်ကျင်ဘက် အရပ်ကို ဦးတည်လိုက်သည်။ မကြာခင်မှာပင်... သူတို့မှာ အခြား တိုက်တန်များနှင့် ပြန်လည် ပေါင်းစည်းမိသွား၏။
ထိုက်ဟိုက ဒဏ်ရာကို လက်တစ်ဖက်ဖြင့် ပိတ်ရင်း စစ်မြေပြင် အခြား တစ်ဖက်သို့ တဟုန်ထိုး ဆက်လက် ပျံသန်းနေသည့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အနည်းငယ် မှေးမှိန်နေသည့်တိုင် အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်နေ၏။
“လူသား မျိုးနွယ်ဝင် တစ်ယောက်က ဘယ်လိုလုပ်ပြီး တိုက်တန် စခန်းဆီ ရောက်လာသလဲ ဆိုတာ ငါ အခုထိ နားမလည်နိုင်သေးဘူး”
ထိုအခိုက်၌ ထိုက်ဟို တစ်ယောက်တည်းသာ မက တိုက်တန် မျိုးနွယ်ဝင် အားလုံး နီးပါးမှာ ထိုကဲ့သို့ တွေးတော နေမိကြခြင်း ဖြစ်သည်။ သို့သော်လည်း... သူတို့ မကြောက်လန့် မိကြပါချေ။ စစ်မြေပြင်မှာ အဆုံးမဲ့ သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသည့်တိုင် စစ်ဝိညာဥ်မှာ မဟာမိတ်နှင့် ရန်သူ ဖြစ်တည်မှုများကို ခွဲခြား ပေးနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင်... သူ၏ ဝိညာဥ်အင်အားက သူတို့အားလုံး အပေါ် ဖိအားများ မဖြစ်ပေါ် စေပါချေ။
လူသား ဝိညာဥ်သခင် တစ်ယောက်က တိုက်တန် မျိုးနွယ် အတွက် အလုပ်လုပ်ပေးနေခြင်း...
ထိုလူသားက တိုက်တန် မျိုးနွယ် မိန်းကလေး တစ်ယောက်ကို လက်ထပ် ထားခြင်းကြောင့်လော။ သို့တည်းမဟုတ်... လူသား မျိုးနွယ်နှင့် ကောင်းကင်မျိုးနွယ်မှ ရန်သူ တစ်ယောက်ယောက်ကို သတ်ဖြတ်ချင် သောကြောင့်လော။
အချိန်နှင့် အဖြစ်အပျက်များက လျှင်မြန်စွာပင် ဖြတ်ကျော်နေ၏။ ကောင်းကင် တိမ်တိုက်များ အကြားတွင် ပျံသန်းကာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် တိုက်ခိုက် နေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း ကျိဖူ လက်သီးများကို တင်းတင်း ဆုပ်လိုက်မိ၏။ ဝိညာဥ်သခင် တစ်ယောက် ဖြစ်ရခြင်းက မည်မျှ ကောင်းလိုက်သနည်း။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ဖြင့်ပင် သူက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် မျက်နှာချင်း ဆိုင်နေနိုင်ပြီ ဖြစ်လေသည်။
ဝိညာဥ် သခင် တစ်ယောက် ဖြစ်လာရန်မှာ သူမ၏ ရှည်လျားသော အိပ်မက် တစ်ခု ဖြစ်သည်။ သို့သော်လည်း... ထိုအရာက စျေးကြီးသော အိပ်မက် တစ်ခု ဖြစ်ကာ ရင်းမြစ်နှင့် နည်းလမ်းများက အကန့်အသတ်နှင့် တည်ရှိနေပေသည်။ ထို့ကြောင့်ပင်... ကံကြမ္မာကို ပြောင်းလဲရန် အတွက် သူမ အသက်နှင့် အရင်းအနှီး လုပ်ကာ စစ်မြေပြင်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
“ဒါပေမဲ့လည်း နောက်ဆုံးတော့...”
သေမျိုးတစ်ပိုင်း အရှင်၏ လက်ချောင်းများ အောက်တွင် တဖြည်းဖြည်း ပျော့ခွေသွားသည့် ဝေ့ဝူယင်ကို ကြည့်ကာ ကျိဖူ၏ လက်သီးဆုပ်က တဖြည်းဖြည်း ပြေလျော့သွား၏။ သူမ၏ နှလုံးသား တစ်ခုလုံးက တင်းကြပ်နေကာ အမျိုးအမည် မသိသော ခံစားချက်များနှင့် ပြည့်နှက်နေသည်။ သူမ လက်ထဲရှိ ဓားကျိုးကို ကိုင်ကာ နောက်တစ်ကြိမ် တိုက်ပွဲဝင်ရန် အဆင်သင့် ပြင်လိုက်၏။
ထိုအခိုက်အတန့်... အလွန်သေးငယ်သည့် အခိုက်အတန့် ကလေးတွင်ပင် သူတို့ အားလုံး တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။ ချက်ချင်းပင် သူတို့၏ နှလုံးသားများက တင်းကြပ်သွားကာ လည်ချောင်းများမှာ ခြောက်ကပ်သွား၏။ နှေးသည် မြန်သည် ဖြစ်စေ... သူတို့ အားလုံး၏ အကြည့်များက အရပ် မျက်နှာ တစ်ခုဆီကို ဦးတည် ရောက်ရှိသွားသည်။
ဘုန်း...
လျှပ်တစ်ပြက် အတွင်းမှာပင် ကောင်းကစ် ထစ်ချုန်းသံ၊ သေမင်း တံခါး ခေါက်သံ ကဲ့သို့ တော်လဲသံကြီး တစ်ခုကို သူတို့ ကြားလိုက်ရ၏။ မိုးကုပ်စက်ဝိုင်းဆီမှ မီးရှူးမီးပန်းများက အရိုင်းဆန်သည့်တိုင် အလွန်တရာ လှပလွန်း၏။ ထိုအခိုက်၌ မည်သူမှ အကြည့် မလွှဲနိုင်ခဲ့ချေ။
အားလုံး၏ အကြည့်များ အောက်တွင်ပင် မီးတောက်မီးလျှံများမှာ မြေပြင်ပေါ်ကို တအိအိ လျှံကျလာ၏။ မြေပြင်က အင်အားပြင်း ငလျင် တစ်ခုလို တသိမ့်သိမ့် လှုပ်ခါလာသည်။ တရိပ်ရိပ် ချဥ်းကပ်လာသည့် အပူချိန်ကို အားလုံး ခံစားမိကြပေသည်။
“အဲဒါက ဘာလဲ...”
ကျိဖူက အော်ဟစ်လိုက်၏။ ရှေ့ပြေး ဖုန်မှုန့်နှင့် လေပြင်များ တိုးဝင် တိုက်ခတ်မှု အောက်တွင် သူမ၏ အင်္ကျီစများက တဖျပ်ဖျပ် လွင့်ခါနေခဲ့ပြီ ဖြစ်သည်။
“မီးမုန်တိုင်းလား... အဲဒါက ဒီကို လာနေတာလား...”
ရုတ်ချည်းပင် သူမ တစ်စုံတစ်ရာကို သဘောပေါက်လိုက်၏။ သူမ၏ မျက်လုံးများက အလွန် လျှင်မြန်သော နှုန်းဖြင့် ချဥ်းကပ်လာနေသည့် မီးတောက်မီးလျှံများကို ကြည့်ရင်း လက်မခံလိုခြင်းများနှင့် ပြည့်နှက်ာသည်။
“ငါ ဒီမှာ သေရတော့မှာလား... ဒီလိုမျိုး ပုံစံနဲ့...”
ထိုအရာက သူမတို့ တပ်စိတ် တစ်ခုလုံးကို မီးတောက်မီးလျှံများ ဖုံးလွှမ်း မသွားခင် နောက်ဆုံး ဖြစ်ပေါ်လာခဲ့သည့် အတွေးပင် ဖြစ်လေတော့သည်။